မာတိကာကြည့်ရန်

(ဃ)

ညဉ့်နက်လာပြီ။

ခြံထဲက မီးရောင်အတော်များများက တစ်ခုပြီးတစ်ခု ငြိမ်းကုန်ကြပြီ။ အနောက်တိုက်ရဲ့ အစည်းအဝေးခန်းထဲမှာတော့ မီးရောင်က ထွန်းလင်းနေဆဲပဲ။

ရုတ်တရက် ပန်းခြံထဲမှာ သေနတ်သံတွေ စီစီညံသွားတယ်။

စူးစူးဝါးဝါး သေနတ်သံတွေ အကြားထဲမှာ လူတွေရဲ့ အာခေါင်ခြစ်အော်သံတွေ၊ ပုတ်ခတ်ရုန်းကန်သံတွေ၊ ခြေသံတွေ ပူးကပ်တွဲညှပ်နေကြတယ်။ … ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့် ဆိုတာကို အစည်းအဝေးခန်းထဲက လူတွေ မသိလိုက်ခင်မှာပဲ မျက်နှာဖုံးထားတဲ့ လူနှစ်ယောက်က ပစ်ကန်လိုက်တဲ့ ဘောလုံးတစ်လုံးလို ပြတင်းပေါက်ကို ဖောက်ဝင်လာပြီး အော်ပြောလိုက်တယ်။

“မလုပ်နဲ့။ အကုန် လက်မြှောက်ထားကြ”

ဘယ်သူမှ ထင်မထားကြဘူး။ ကွန်မြူနစ်သူပုန်တွေက မြွေပွေးကို သက်စွန့်ဆံဖျား လာကယ်ဝံ့ကြပါလား။

ဦးဟန်ထွန်းက သေနတ်ကို ဆွဲထုတ်မလို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမယ့် တံခါးမကြီးကနေ အပြေးအလွှား ဝင်လာတဲ့ မျက်နှာဖုံးနဲ့ လူနှစ်ယောက်ကို မြင်လိုက်ရတော့ အသာတကြည်ပဲ လက်မြှောက်နေလိုက်ရတော့တယ်။

မဲနက်နေတဲ့ သေနတ်ပြောင်းက မျက်နှာကို တည့်တည့်ချိန်လာတော့ လက်တွေလည်း တစ်စုံပြီးတစ်စုံ မိုးပေါ်ကို မြောက်တက်ကုန်ကြတော့တာပေါ့။

“မြွေပွေး၊ ကျုပ်တို့နဲ့ အမြန်လိုက်ခဲ့”

“အမြန်လုပ်လေ၊ မြွေပွေး။ ခင်ဗျားကို ကယ်ဖို့ ကျုပ်တို့ကို ကျားကြီး လွှတ်လိုက်တာ”

ဟိဟာရက သေသွားတာတောင် မြွေပွေးကို မသိမမြင်လိုက်ရမှာ စိုးရိမ်နေတဲ့အလား လက်နှစ်ဖက် မြှောက်လျက်က ဘေးဘီဝန်းကျင်ကို ခေါင်းလှည့်ကြည့်တယ်။ ဘယ်သူ မြွေပွေး ဖြစ်မလဲပေါ့။ ခက်တာက လူအားလုံးက သူ့တို့ရဲ့ လက်နှစ်ဖက်ကို ခြွင်းချက်မရှိ မြှောက်ထားကြတယ်။ နိမ့်တာနိမ့်၊ မြင့်တာမြင့်၊ ဆန့်တာဆန့်၊ ကွေးတာကွေး။ ဒါပေမယ့် ဟိဟာရ သတိထားမိတာ တစ်ချက်ရှိတယ်။ ဒီလူတွေထဲမှာ ချိုမာနဲ့ ဦးဟန်ထွန်းက တစ်ဘာသာ ကွဲထွက်နေတယ်။ အခြေအနေကို သွေးအေးအေးနဲ့ စောင့်ကြည့်နေတဲ့ အထာမျိုး။ ကျန်တဲ့လူတွေကတော့ တစ်နည်းတစ်ဖုံစီ ကြောက်ရွံ့ထိတ်လန့်နေကြတယ်။ ဗိုလ်လေးထွန်းမြင့် ဆိုရင် အကြောက်လွန်ပြီး သွားရည်တွေတောင် ထွက်ကျလို့။ တကယ့် ရှက်စရာ မြင်ကွင်းပဲ။

“မြွေပွေး၊ သွားမယ်လေ။ ကျုပ်တို့နဲ့ လိုက်ခဲ့။ နောက်ကျလို့ မကောင်းဘူး”

“မြန်မြန်လုပ်၊ မြွေပွေး။ ရန်သူ့စစ်ကူတွေက ရောက်လာကြတော့မယ်”

သို့ပေမယ့် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ အရှေ့ထွက်လာပြီး သူတို့နဲ့ လိုက်မသွားဘူး။

မျက်နှာဖုံးထားတဲ့ လူတွေထဲက တစ်ယောက်က ခြေလျင်တပ်ရင်းအတွက် ချုပ်ပေးထားတဲ့ သားရေဘွတ်ဖိနပ်ကြီး ဝတ်ထားတာကို ဟိဟာရ မထင်မှတ်ဘဲ တွေ့ရှိသွားတယ်။ ဒါဆို မြွေပွေးလည်း အဲဒီအချက်ကို သတိထားမိသွားပြီ နေမှာလို့ တွေးလိုက်မိတော့ အတော်ကို ဒေါသထွက်သွားတယ်။ လက်ကိုတောင် အောက်ပြန်မချရသေးဘဲ အားရပါးရ အော်ဆဲပစ်လိုက်တယ်။

“သွား၊ မင်းတို့အကုန်လုံး အခုချက်ချင်း ထွက်သွား”

သူ ဘယ်လောက်တောင် ခံပြင်းသွားမလဲ၊ တွေးတာ တွေးကြည့်ပေတော့။

တကယ်တော့ ဒီဟာက ဒီညအတွက် ဟိဟာရ အထူးတလည် စိတ်ကူးကြံစည်ထားတဲ့ လုပ်ဇာတ်တစ်ခုပေါ့။ အချိန်အကြာကြီး အစည်းအဝေး လုပ်ရတဲ့ အကြောင်းအရင်းက လူတွေအားလုံးကို ညဉ့်နက်သထက် နက်အောင် အချိန်ဆွဲသွားဖို့ပဲ။ အတော်လေး ညဉ့်နက်သွားပြီ ဆိုမှ ကွန်မြူနစ်တွေ ဝင်ကယ်တယ် ဆိုတဲ့ ပုံစံနဲ့ မြွေပွေးကို ထောင်ဖမ်းဖို့ စိတ်ကူးထားတာ။ ဒါပေမယ့် မြွေပွေးက မြွေပွေးပဲ မဟုတ်လား။ အတွေ့အကြုံရင့်လို့ အံတိုနေပြီလေ။ ဒီလို ငမြောက်ငခြောက်တွေ လှိမ့်ရုံလောက်နဲ့ လည်ထွက်သွားမယ့် အစားမှ မဟုတ်တာ။ သူတို့ ဝတ်ထားတဲ့ ဘွတ်ဖိနပ်က တစ်မျိုးတစ်စားတည်းပဲ။ ကိုင်ထားတဲ့ သေနတ်ကလည်း တစ်မော်ဒယ်တည်းပဲ။ မြွေပွေးရဲ့ ရဲဘော်တွေက ဘယ်နှယ့်လုပ်ပြီး ဒါမျိုး ဝတ်နိုင် ကိုင်နိုင်မှာတဲ့လဲ။ မြွေပွေးရဲ့ ရဲဘော်တွေက ပုဆိုးကွင်းသိုင်းပြီး ရရာလက်နက် တုတ်ဓားကိုင်စွဲပြီး တိုက်ခိုက်နေကြရတာ မဟုတ်လား။

ပြောစရာတောင် လိုမယ် မထင်ဘူး။ ဒီတစ်ခေါက်လည်း ဟိဟာရခမျာ လက်ဗလာ ပြန်ရပေဦးမယ်။ လက်ဗလာတင် ဘယ်ကမလဲ။ သောက်ကျိုးနည်း အရှက်တောင် ကွဲလိုက်သေးတယ်။

ပြီးတော့ ဗိုလ်မှူးလည်း ဘယ်တုန်း ဘယ်အခါကမှ ဒီလောက် မျက်နှာမငယ်ခဲ့ဖူးဘူး။ ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေရဲ့ အရှေ့မှာ မျက်နှာ ငါးပြားစေ့လောက်နဲ့ လက်နှစ်ဖက် မြှောက်ထားခဲ့ရတာ မဟုတ်လား။ ဟိဟာရက ဒီလောက်ကြီး ပြင်ဆင်လုပ်ကိုင်ထားတာတောင် သူ့ကို တစ်စိုးတစ်စိလေးမှ အသိမပေးခဲ့ဘူး။ သူ့ကို လူပုံအလယ်မှာ ဒီလို အရှက်ခွဲတာတော့ အတော် တရားလွန်တယ်။ သူ သည်းမခံနိုင်တော့ဘဲ မျက်နှာကြောတင်းတင်းနဲ့ ဟိဟာရကို ဒေါမာန်ပါပါ မေးချလိုက်တယ်။ “မာစတာ၊ ခင်ဗျား ဘာတွေ အရူးထနေတာလဲဗျာ”

ဟိဟာရကိုယ်နှိုက်ကလည်း ရှူးရှူးရှားရှား ဖြစ်နေတာ မဟုတ်လား။ ဒီတော့ အားမနာတမ်း ပြန်ပြောလိုက်တယ်။ “မေးဖို့ လိုသေးလားဗျာ။ မြွေပွေးကို ထောင်ဖမ်းနေတာပေါ့။ ခင်ဗျားရဲ့ ဘေးနားမှာ ရှိနေတဲ့ မြွေပွေးက အတော်ကို မာယာများတယ်လို့ ခင်ဗျား မခံစားရဘူးလား။ ကျုပ်လုပ်တာ မဟုတ်ဘူးလို့ ခင်ဗျား ယူဆရင် အကြံကောင်း ဉာဏ်ကောင်းလေးများ မ,စပါဦးလား”

ဖားဖိုကြီးလို ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတဲ့ ဟိဟာရကို မြင်တော့ သူ့ဒေါသကို မျိုသိပ်လိုက်ပြီး နှစ်သိမ့်စကား ဆိုတယ်။ “ကျွန်တော့်အမြင်ကတော့ မနက်ဖြန်အထိ စောင့်လိုက်ကြရင် ပိုကောင်းမယ်။ မနက်ဖြန် ဒီလိုအချိန်ဆိုရင် ဖိုးစီရော၊ ကျားကြီးရော၊ မြွေပွေးရော ပုန်းချင်လို့တောင် ပုန်းနေလို့ မရတော့ဘူး။ အကုန်လုံး ကိုယ်ထင်ပြလာကြလိမ့်မယ်”

ဟိဟာရက ချိုမာအရှေ့ကို လျှောက်သွားတယ်။ “ကျုပ်အထင်တော့ အခုကိုပဲ ကိုယ်ထင်ပြနေပြီ။ ဒေါ်ချိုမာ၊ ခင်ဗျားရော ဘယ်လို ထင်လဲ။ စောစောက ခင်ဗျားကို ကြည့်ရတာ အတော်ကြီးကို တည်ငြိမ်နေတယ်။ ခင်ဗျား ဘာကြောင့် အဲဒီလောက် တည်ငြိမ်နေရတာလဲ။ ကျုပ်ကို ပြောပြနိုင်မလား”

ချိုမာက ဟိဟာရကို စိုက်ကြည့်ပြီး အေးအေးဆေးဆေး ပြောတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အခုလို မျက်နှာငယ်နဲ့ အောက်ကျနောက်ကျ နေနေရတာနဲ့ စာရင်၊ ကျွန်မကို ကွန်မြူနစ်သူပုန်ပါလို့ အဓိပ္ပာယ်မဲ့ စွပ်စွဲခံနေရတာ၊ ဖြဲခြောက်ခံနေရတာနဲ့ စာရင် သေသွားလိုက်ရတာမှ ကောင်းဦးမယ်လို့ တွေးနေမိလို့ပဲ”

ဟိဟာရက တဟားဟား အော်ရယ်တယ်။ “သေရမှာတောင် မကြောက်မှတော့ ဘာကြောင့် ဝန်ခံရမှာကို ကြောက်နေရသေးတာလဲ။ ခင်ဗျား မြွေပွေးဆိုတာကို ကျုပ် သိတယ်”

ချိုမာက ပြောတယ်။ “ရှင့်အတွက် ဘာများ ရယ်စရာ ရှိနေလို့လဲ။ ကျွန်မ မြွေပွေး မဟုတ်ဘူး။ အခု တကယ် ရယ်နေမယ့်သူက မြွေပွေးပဲ။ ရှင်က ကြောင်တောင်ကန်း ဖြစ်နေတာကိုး”

“ဟင့်အင်း၊ ခင်ဗျားပဲ” ဟိဟာရက ပြောတယ်။ “ကျုပ် သိတယ်။ ကျုပ်ရဲ့ ခံစားချက်ကို ကျုပ် ယုံတယ်။ ခင်ဗျားက မြွေပွေးပဲ”

“အဲဒီလိုဆိုရင်လည်း” ချိုမာက ပြောတယ်။ “ဘယ်နှယ့်ကြောင့် ဒီလောက် လေကုန်ခံနေရတာလဲ။ ကျွန်မကို ဖမ်းလိုက်ရောပေါ့”

“သက်သေအထောက်အထားကို ကျုပ် ရအောင် ရှာမယ်” ဟိဟာရက ပြောတယ်။ “တကယ်တော့ သက်သေ မရှိလည်း ခင်ဗျားကို ဖမ်းလို့ရတာပါပဲ။ ဒါပေမယ့် ကျုပ် အဲဒီလို မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲ။ ကျုပ် ခင်ဗျားနဲ့ ကစားချင်သေးတယ်။ ကြောင်က ကြွက်ဖမ်းတာကို မြင်ဖူးတယ် မဟုတ်လား။ ကြောင်က ကြွက်ကို ဖမ်းမိရင် ချက်ချင်း စားပစ်ရတာကို သဘောကျလေ့ မရှိဘူး။ သူနဲ့ ကစားလိုက်ရမှ ကျေနပ်တာ။ ကြွက်ကို လွှတ်လိုက်မယ်။ ပြီးတော့ ပြန်ဖမ်းမယ်။ ဖမ်းပြီးတော့ ပြန်လွှတ်မယ်။ အဲဒီ စိတ်ပျော်ရွှင်မှုက စားလိုက်ရတဲ့ စိတ်ပျော်ရွှင်မှုထက် အပုံကြီး ပိုသာတယ်လေ။ ကျုပ် အခု ခင်ဗျားနဲ့ ဂိမ်းကစားနေတာပဲ။ နောက်ဆုံးမှာ ကျုပ်ထောင်ထားတဲ့ ထောင်ချောက်ထဲကို ဘယ်လို ဝင်လာမလဲ ဆိုတာ ကျုပ် ကြည့်ချင်တယ်။ အဲဒီလိုဆိုရင် ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သေမလောက် ရွံမုန်းသွားမယ်။ အဲ … ကျုပ်ကကျတော့ အမြိုက်အရသာကို ခံစားရတာပေါ့။ သဘောပေါက်ပြီလား”

ဟိဟာရ အဲဒီလို ပြောနေစဉ်အတွင်းမှာ ချိုမာရဲ့ ဦးခေါင်းပြင်က ဦးရေတွေအကုန်လုံး ထကြွပုန်ကန်လာကြတဲ့အတိုင်း တဆစ်ဆစ် တဆစ်ဆစ်နဲ့ ထုံထိုင်းလာကြတယ်။ ဦးနှောက်ထဲမှာလည်း အပူလုံးတစ်လုံးက တအုံးအုံးနဲ့ ဆောင့်တွန်းနေပြီး အပြင်ကို တိုးထွက်ဖို့၊ ဦးခေါင်းကို လောင်မြှိုက်ဖို့၊ ဖောက်ခွဲပစ်ဖို့ ကြိုးစားနေတယ်။ … အဲဒီအခိုက်အတန့် … အဲဒီတဒင်္ဂလေးမှာ သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတောင် မသိနိုင်တော့ဘဲ လူက မိုးပေါ်ကို ဝဲကနဲ လွင့်ပျံသွားပြီးတော့ ဟိဟာရကို ကြမ်းပြင်ပေါ် တွန်းချပစ်လိုက်တယ်။ လက်နှစ်ဖက်ကလည်း သူ့ရဲ့ လည်ပင်းကို တင်းတင်းဆုပ်ပြီး ဝူးဝူးဝါးဝါး အော်ဟစ်နေတော့တယ်။

“ငါ မြွေပွေး မဟုတ်ဘူး။ ငါ မြွေပွေး မဟုတ်ဘူး။ ဘာကြောင့် နင်က ငါ့ကို မြွေပွေးလို့ ပြောရတာလဲ။ ငါ နင့်ကို သတ်မယ်။ လူပါး သိပ်ဝတဲ့ကောင်၊ ငါ နင့်ကို သတ်မယ် …”

သွားပြီ။ လုံးဝ ရူးသွားပြီ။

မြသန္တာနဲ့ ဗိုလ်လေးထွန်းမြင့်က ချိုမာကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားကြတယ်။ ဘယ်မှာလာပြီး ဆွဲထုတ်လို့ ရမှာတဲ့လဲ။ သူက မီးတောင်ကြီးတစ်လုံးလို ဟိဟာရရဲ့ ကိုယ်ပေါ်မှာ ဖိထားတယ်။ လက်နှစ်ဖက်ကလည်း ပြုတ်တူတစ်ချောင်းလို ဟိဟာရရဲ့ လည်ပင်းကို အားရပါးရ ညှပ်ထားတယ်။ တော်ရုံ ဆွဲလားယမ်းလား လုပ်ရုံနဲ့တော့ အလုပ်မဖြစ်ဘူး။ နောက်ဆုံးတော့ ဦးဟန်ထွန်းက ကုလားထိုင်တစ်လုံး ကောက်ကိုင်ပြီး ချိုမာရဲ့ ကျောပြင်ကို အားနဲ့ လွှဲရိုက်ချပစ်လိုက်တယ်။ အဲဒီအခါကျမှ ချိုမာကို ကြမ်းပြင်ပေါ် ကျသွားအောင် တွန်းဖယ်ပစ်လို့ ရသွားတော့တယ်။

ဟိဟာရရဲ့ ကိုယ်က သေးသေးညပ်ညပ်မို့၊ စကားပြောတာ ကနွဲ့ကလျမို့ အထင်တော့ မသေးလိုက်နဲ့ဦး။ သူ ငယ်စဉ်ကတည်းက တိုက်ကွမ်ဒို၊ အာကီဒို၊ ကရာတေးဒို စတဲ့ ဒိုသုံးဒိုကို သင်ထားခဲ့ဖူးတော့ သိုင်းတတ်ထားပြီးသား။ စောစောကတော့ အခြေအနေက သိပ်ကို ရုတ်ချည်း ဖြစ်ပျက်သွားတာမို့ ချိုမာရဲ့ လက်ဦးမှုကို ခံရပြီး ချက်ကောင်းကို အညှစ်ခံထားခဲ့ရတယ်။ ဒေါသအပါအဝင် အသိစိတ်အကုန်လုံးက လည်ပင်းကိုပဲ အာရုံစိုက်မိနေတော့ သူ့အဖို့ ပြန်လည် တွန်းလှန်ဖို့ အားမရှိရှာတော့ဘူးပေါ့။

အခုအချိန်မှာတော့ ချိုမာက ကြမ်းပြင်ပေါ်မှာ မှောက်လို့။ လုံးဝ သတိမလည်တော့ဘူး။ ဟိဟာရက သူ့အနား ပြေးကပ်သွားပြီး သူ့ကို ခြေထောက်နဲ့ ကန်ကြောက်တယ်။ သူ့ကို မတ်တတ်ထရပ် ခိုင်းတယ်။ ချိုမာက ကုန်းကပ်ထပြီး ခါးကိုမှ မတ်မယ် မကြံရသေးဘူး။ ဟိဟာရရဲ့ လက်သီးတစ်လုံးက သူ့ရဲ့ မျက်နှာပေါ်ကို အရှိန်နဲ့ ပြေးကပ်သွားတယ်။ အဲဒီလက်သီးရဲ့ ပြင်းအားက ကြီးလွန်းလို့၊ အရှိန်က မြန်လွန်းလို့ လေကို ခွင်းထွက်သွားတဲ့ အသံကိုတောင် ကြားနေရတယ်။ ချိုမာခမျာ ကြမ်းပြင်ပေါ် ဗုန်းဗုန်းလဲကျပြီး သွေးတွေ ဒရဟော ယိုစီးလို့။

“ထစမ်း”

“သတ္တိရှိရင် ထလိုက်စမ်းပါ …”

ချိုမာက ကုပ်ကပ်ပြီး ထလာပြန်တယ်။ ဟိဟာရဆီက နောက်ထပ် လက်သီးတစ်လုံး ပြေးဝင်လာပြန်တယ်။ ဘယ်ဝိုက်၊ ညာဝိုက်။ ပင့်ထိုး၊ ဆောင့်ထိုး။ … ဟိဟာရက သူ့ကိုယ်သူ လက်သီးရေး ပြနေတယ်လို့များ အောက်မေ့နေသလား မဆိုနိုင်ဘူး။ ခမျာမှာတော့ ဟိုဘက်လည်ထွက်သွားလိုက်၊ ဒီဘက်လည်ထွက်သွားလိုက်နဲ့ တစ်မျက်နှာလုံး ရစရာ မရှိအောင် သွေးအလူးလူး ပေကျံနေတော့တယ်။ ဘယ်လိုမှ ကုန်းကပ်ပြီး ထမလာနိုင်တော့ဘူး။ ကိုယ့်ဟာကိုယ် မထနိုင်တော့ ဟိဟာရက ဦးဟန်ထွန်းကို ဆွဲထူခိုင်းပြီး ထပ်ထိုးပြန်တယ်။ နောက်ဆုံး ချိုမာရဲ့ ကိုယ်ပေါ်မှာ အကောင်းပကတိ ရှိသေးတဲ့ အရိုးတွေ တစ်ချောင်းမှ မကျန်လောက်တော့ဘူးလို့ မှတ်ယူရလောက်အောင် ပျော့ခွေနွမ်းဖပ်သွားတော့မှ ဗိုလ်မှူးမောင်ကိုလည်း သနားစိတ်ဝင်လာပြီး ဟိဟာရကို ရပ်တန်းကရပ်ဖို့ နားချတော့တယ်။ အဲဒီအခါကျတော့ မောင်မင်းကြီးသားလည်း အားရသွားလို့ ထင်ပါရဲ့။ ရပ်တန့်သွားတယ်။

အဲဒီအချိန်မှာ ချိုမာရဲ့ မျက်နှာက ဖူးဖူးယောင်နေပြီမို့ စကားပြောချင်တောင် ပြောလို့ မရတော့တဲ့ အခြေအနေမျိုး ဖြစ်နေပြီ။ လူကသာ ပျော့ဖပ်နေတာ ခေါင်းကတော့ မာသေးတုန်းပဲ။ သူက ဟိဟာရကို ထပ်ထိုးဖို့ ပြောနေသေးတယ်။ “လုပ် … လုပ်လေ … ငါ့ကို သေအောင် … လုပ်လေ … နင် … ငါ့ကို … သေအောင် … မလုပ်နိုင်ပါဘူး … ငါ နင့်ကို … စစ်ခုံရုံးမှာ … တိုင်မယ် … နင် … ထင်ရာစိုင်းပြီး … ငါ့ကို … နှိပ်စက်တယ် … ငါ နင့်ကို … တိုင်မယ် … သူတို့အားလုံးက … မျက်မြင်သက်သေတွေပဲ”

ဟိဟာရက အေးစက်စက် ပြုံးရင်း ပြောတယ်။ “နင်က ငါ့ကို တိုင်မယ်၊ ဟုတ်လား။ ဘယ်မှာ တိုင်မှာလဲ။ စစ်ခုံရုံး … အဲဒါ နင် သွားလို့ရတဲ့ နေရာမို့လို့လား။ နင့်ကိုယ်နင် ဘာများ အောက်မေ့နေတာလဲ။ ငါ နင့်ကို ပြောပြမယ်။ နင်က မြွေပွေး ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ငါ နင့်ကို ခွေးတစ်ကောင်လို ရိုက်သတ်ပစ်လို့ ရတယ်။ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး”

ချိုမာက အဲဒီစကားကို ကြားလိုက်ရတော့ စောစောက အထိုးခံခဲ့ရတဲ့ လက်သီးချက်တွေထက်တောင် ချက်ခေါင်းကို ပိုထိသွားပုံ ရတယ်။ ပိုပြီး နာကြည်းသွားပုံ ရတယ်။ ကြမ်းပြင်ပေါ်ကနေ ကုန်းထပြီး ပါးစပ်ကနေလည်း ဗလုံးဗထွေးနဲ့ ပြောနေတယ်။ “ငါက ခွေးတစ်ကောင် … ဟုတ်လား … ငါက ခွေးတစ်ကောင် … ဟုတ်လား”

သူ့အနားမှာ ရှိနေကြတဲ့ လူတွေကိုလည်း အာရုံစိုက်မိပုံ မပေါ်တော့ဘူး။ ကြက်သေသေနေပြီး တစ်ခဏနေကျတော့ ပွစိပွစိ ရွတ်နေရာကနေ ငိုသံ၊ ရှိုက်သံ၊ လှိုက်သံ၊ ညည်းသံတွေနဲ့အတူ အော်ဟစ်ကြွေးကြော်သံတွေပါ ထွက်ပေါ်လာတယ်။ “ဪ … ငါက ခွေးတစ်ကောင်ကိုး။ သေသွားရင်တောင် ဘယ်သူကမှ ငါ့ကို ဂရုစိုက်ကြမှာ မဟုတ်ဘူး။ … ငါက ခွေးတစ်ကောင်ကိုး။ သေလိုက်ဖို့ပဲ ကောင်းတော့တယ် … ”

ပြောပြီး အနားမှာ ရှိတဲ့ နံရံတစ်ခုကို ခေါင်းနဲ့ ပြေးဝင်ဆောင့်လိုက်တာ အားလုံး မျက်လုံးမျက်ဆန်တွေ ပြူးထွက်ကုန်ကြရော။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *