Show contents

(ခ)

ဗိုလ်ကြီးအောင်သူက ပထမဆုံး အခေါ်ခံရတဲ့ လူပဲ။ တစ်နေရာရာကနေ ခိုးနားထောင်နေလိမ့်မယ်လို့ သူခမျာ မသိရှာခဲ့ဘူး (ဗိုလ်လေးထွန်းမြင့်လည်း သိတာမဟုတ်ဘူး)။ ဒီတော့ ရောက်တာနဲ့ အရင်ဆုံး ပတ်ဆဲနေတော့တာပေါ့။ ဟိုးအောက်ဆုံးကနေ ဆဲသွားလိုက်တာ သူ့အထက်အရာရှိတောင် အလွတ်မပေးဘူး။ ချိုမာကိုတော့ ထိပ်ဆုံးကပေါ့။ ကွန်မြူနစ်တွေကိုရော၊ မြေအောက်သူပုန်တွေကိုရော၊ ပြီးတော့ ဗိုလ်မှူးမောင်ကိုကိုရောပဲ။ ဗိုလ်မှူးကို ထည့်ဆဲရတဲ့ အကြောင်းအရင်းက သူ့ကို မယုံကြည်ဘဲ ဘေးလူစကားကို ယုံလွယ်နေလို့တဲ့။ အင်မတန်မှ စိတ်တိုနေတာဆိုတော့ ဘယ်သူဘယ်ဝါရယ်လို့ ဂရုစိုက်မနေဘဲ သာတူညီမျှ ပတ်ဆဲပစ်လိုက်တာ အကုန်ကုန်ရော။ ဒါက သဘာဝကျပါတယ်။ ခက်တာက သူ ဟန်ဆောင်နေတာလား၊ ဘာလား ဆိုတာကိုတော့ ဘယ်သူမှ အတပ် ပြောနိုင်မှာ မဟုတ်ဘူး။ ကံကောင်းတဲ့အချက်ကတော့ ဗိုလ်မှူး ရှိမနေခြင်းပဲ။ သူ မကြားနိုင်တော့ဘူးပေါ့လေ။

ဟိဟာရနဲ့ ဦးဟန်ထွန်းကတော့ ရှင်းရှင်းပြတ်ပြတ်ကြီးကို ကြားနေရတယ်။ ရာသီဥတုက သာယာပြီး နေလုံးကြီးက အနှောင့်အယှက်ကင်းနေတယ်။ မိုးမရွာဘူး။ လေမတိုက်ဘူး။ ဓာတ်ကြိုးပေါ်မှာ ဘာအထစ်အငေါ့မှ မရှိလေတော့ ဂျစ်ဂျစ်ဂျိဂျိ ဆိုတဲ့ ဆူညံသံတောင် လုံးဝ မကြားရဘူး။ စကားလုံး တစ်လုံးချင်းစီက အလုံးလိုက် အလုံးလိုက် သူတို့ဆီ ရောက်ရှိလာကြတယ်။ တကယ့်ကို ပြစ်မျိုးမှဲ့မထင်ပါပဲ။ ကောက်ကျစ်ယုတ်မာတဲ့ လူ့ဘီလူးနှစ်ကောင်က မီတာတစ်ရာအကွာမှာ ရှိနေကြတယ် ဆိုပေမယ့် အနားနားထိုင်ပြီး နားထောင်နေကြရသလို၊ မျက်နှာချင်းဆိုင်ပြီး နားထောင်နေကြရသလို အသံတွေအားလုံးကို နှာမှုတ်သံကအစ ကြားနေရတယ်။

ဗိုလ်လေးထွန်းမြင့်က အခါခါ အထပ်ထပ် ချော့မော့ပြောဆိုတော့မှ ဗိုလ်ကြီးအောင်သူလည်း တဖြည်းဖြည်းနဲ့ စိတ်တည်ငြိမ်လာတယ်။ အဲဒီအခါကျမှ မနေ့ညနေတုန်းက ချိုမာနဲ့အတူ မြသန္တာရဲ့ အခန်းထဲကနေ ဘယ်ပုံဘယ်နည်း ထွက်ခွာလာခဲ့ကြတယ် ဆိုတာကို အသေးစိတ် ရှင်းပြလာနိုင်တယ်။ ပြီးတော့ သူတို့နှစ်ယောက် လျှောက်လမ်းပေါ်မှာ အလ္လာပသလ္လာပ ပြောဖြစ်ခဲ့ကြတဲ့အကြောင်းနဲ့ ပြောပြီး လမ်းခွဲခဲ့ကြလို့ ချိုမာရဲ့ ရုံးခန်းဘက်ကို မရောက်ဖြစ်ခဲ့တဲ့အကြောင်း ဆက်ပြောတယ်။ နောက်ဆုံး သူက လေးပင်တဲ့ လေသံနဲ့ ဗိုလ်လေးကို ပြောတယ်။

“ခင်ဗျားပဲ စဉ်းစားကြည့်ဗျာ။ ကျုပ်က သူ့ရုံးထဲကိုတောင် ခြေချခဲ့တာ မဟုတ်ဘူးလေ။ ဘယ်ကလာပြီး ကြေးနန်းဝှက်စာအကြောင်း သိရမှာလဲ။ အဲဒါအကုန်လုံး လိမ်ပြောနေတာဗျ။ ချောက်ချနေတာ။ တခြား ဘာသက်သေအထောက်အထားမှ ထပ်မလိုဘူး။ အဲဒီအချက်တစ်ချက်တည်းနဲ့တင် ကျုပ် အပိုင်ပြောလို့ရတယ်။ သူက ကျုပ်ကို ချောက်ချနေတယ် ဆိုမှတော့ သူက မြွေပွေးပဲဆိုတာ သိပ်ကို သေချာလွန်းနေပြီ။ သူက ဘာဖြစ်လို့ ကျုပ်ကို ချောက်ချချင်ရတာလဲ။ ရှင်းရှင်းလေးပါ။ ပြဿနာကို မရှုပ်ရှုပ်အောင် လုပ်ပြီး ကိုယ်လွတ်ရုန်းသွားချင်လို့ပဲပေါ့”

ဆိုတော့ … မြွေပွေးက ဘယ်သူလဲ ဆိုတဲ့ အဓိကမေးခွန်း၊ အထိမခံတဲ့ မေးခွန်းကို ဗိုလ်ကြီးအောင်သူက နည်းနည်းလေးမှ မတွန့်ဆုတ်ဘဲ၊ နည်းနည်းလေးမှ မငဲ့ကွက်ဘဲ ချိုမာပါလို့ ယတိပြတ် ပြောချလိုက်တယ်။ အကြောင်းအရင်းက ဘာလဲဆိုတော့ ချိုမာက အမှန်တရားကို ပုံပျက်အောင်လုပ်ပြီး သူ့ကို ချောက်ချခဲ့လို့။

ဟိဟာရက အသံဖမ်းခန်းထဲမှာ ဗိုလ်ကြီးအောင်သူရဲ့ စကားကို နားထောင်ပြီးတဲ့နောက် အနားမှာ ရှိတဲ့ ဦးဟန်ထွန်းကို လေးနက်တဲ့ လေသံနဲ့ စကားဆိုတယ်။ “သူ ပြောတာ အင်မတန်မှ အဓိပ္ပာယ်ရှိတယ်။ တကယ်လို့သာ သူ ချိုမာရဲ့ ရုံးခန်းထဲကို မဝင်ခဲ့ပါဘူးလို့ သက်သေထွက်ဆိုပေးမယ့် လူတစ်ယောက်ယောက်ကိုသာ ရှာနိုင်ခဲ့မယ်ဆိုရင် ချိုမာက မြွေပွေးပဲ ဖြစ်ရမယ်လို့ ကျုပ် အခိုင်အမာ ယူဆလို့ ရပြီ”

“ဒါပေမယ့် အဲဒီလို သက်သေခံပေးနိုင်မယ့်သူကို သူ ရှာမတွေ့ဘူးလေ” ဦးဟန်ထွန်းကလည်း လေးလေးနက်နက် ထုတ်ပြောလိုက်တယ်။ သူ့သခင်က အဲဒီအမှန်တရားကို မေ့နေလို့ ပြန်သတိပေးနေတဲ့ အတိုင်းပဲ။

“ဟုတ်တယ်” ဟိဟာရက ပြောတယ်။ “ဒါကြောင့် သူ့စကားက အာပလာပဲပေါ့”

လက်စသတ်တော့ သူ့ကို လှောင်နေတာကိုး။

ဦးဟန်ထွန်းက တဟီးဟီး ရယ်ရင်း ပြောတယ်။ “ဗိုလ်မှူးကို ဆဲထားတာတွေလည်း အဲဒီလိုပဲ ယူဆရတော့မှာပေါ့”

ဟိဟာရက အားရပါးရ ပြုံးလိုက်ပြီး “ဟုတ်တယ်။ ကျုပ်တို့ စကားပလ္လင်ခံထားပြီးသားနော်။ ဒီစကား ဒီမှာပဲ ပြီးစေတော့ …”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *