Show contents

ဝန်ခံချက် (၂)

ဤဝတ္ထုသည် ကျွန်တော်၏ ကိုယ်ပိုင် စိတ်ကူးဉာဏ်ဖြင့် ဖန်တီးထားသော ဝတ္ထုမဟုတ်ကြောင်း ဤနေရာတွင် ကျွန်တော် ဝန်ခံရပေလိမ့်မည်။ ဤဝတ္ထုမှာ မှီငြမ်းဝတ္ထုသာ ဖြစ်သည်။ ထိုကြောင့် ဤဝတ္ထု၏ မူရင်းစာရေးဆရာနှင့် မူရင်းဝတ္ထုအကြောင်းကို အနည်းအကျဉ်း ရှင်းပြလိုပါသည်။

ဤဝတ္ထုမှာ တရုတ်ဝတ္ထုတစ်ပုဒ် ဖြစ်ပြီး မူရင်းစာရေးဆရာ၏ နာမည်မှာ မိုက်ကျား (麦家 Mai Jia) ဖြစ်သည်။ ယင်းဝတ္ထု၏ မူရင်းနာမည်မှာ တရုတ်လို (风声) ဖှုန်းစိန်း ဟု အသံထွက်သည်။ ၎င်း၏ တိုက်ရိုက်အဓိပ္ပာယ်မှာ 风 – လေ၊ 声 – သံ၊ လေသံ ဖြစ်သည်။ သို့သော် ၎င်းတွင် သွယ်ဝိုက်အနက်တစ်ခု ရှိနေသေးတယ်။ ၎င်းမှာ သတင်းစကားဟု အဓိပ္ပာယ်ရသည်။ တရုတ်ဘာသာစကားဖြင့် “လေသံ မထွက်စေနှင့်” ဟု ပြောလျှင် “သတင်း မပေါက်ကြားစေနှင့်” ဟုလည်း အဓိပ္ပာယ်ရသည်။ ထို့ကြောင့် အင်္ဂလိပ်ဘာသာပြန်သူ စာရေးဆရာက ယင်းဝတ္ထုကို The Message ဟု အင်္ဂလိပ်လို နာမည်ပေးခဲ့သည်။ သို့သော် ကျွန်တော်သည် လေသံဟူသော အဓိပ္ပာယ်နှင့် နီးနီးစပ်စပ် တူအောင် ‘ကြမ်းကြားလေ’ ဟု အမည်ပေးထားသည်။

ကျွန်တော်သည် ဤဝတ္ထုကို တိုက်ရိုက် ဘာသာပြန်ဆိုခြင်း မပြုဘဲ အဘယ်ကြောင့် မှီးငြမ်း၍ ပြန်ဆိုရေးသားထားရခဲ့ပါသနည်း။ ထိုအကြောင်းကို ဤနေရာတွင် အနည်းငယ်မျှ ရှင်းပြလိုပါသည်။ အကြောင်း နှစ်ချက် ရှိပါသည်။ ပထမအချက်မှာ မှီးငြမ်းရေးသားလျှင် စာဖတ်သူကို ပိုမို ဆွဲဆောင်နိုင်လိမ့်မည်ဟု ယူဆသောကြောင့် ဤသို့ ရေးသားရပါသည်ဟု အမှန်အတိုင်း ဝန်ခံရပေမည်။ မြန်မာစာဖတ်သူသည် တရုတ်နိုင်ငံအကြောင်းထက် မြန်မာနိုင်ငံအကြောင်းကို ပို၍ စိတ်ဝင်စားပေလိမ့်မည်။ တခြားနိုင်ငံ၏ သမိုင်းကြောင်းထက် မိမိမြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပို၍ စိတ်ဝင်စားပေလိမ့်မည်။

ဒုတိယအချက်မှာ ဤဝတ္ထုတွင် ပါရှိသော အဓိက ဇာတ်ကောင်များ ဖြစ်ကြသည့် ချိုမာနှင့် မြသန္တာကဲ့သို့သော မြေအောက်လှုပ်ရှားသူ၊ လျှို့ဝှက်သတင်းပေးများသည် တော်လှန်ရေးကာလတွင် အမှန်တကယ် ရှိခဲ့ဖူးလိမ့်မည်ဟု ကျွန်တော် ယုံကြည်ထားသောကြောင့် ဖြစ်သည်။ ဤမူရင်းဝတ္ထုကို ပထမအကြိမ် ဖတ်နေစဉ် အတွင်းမှာပင် မြန်မာ့မြေအောက်လှုပ်ရှားသူတို့၏ ရဲစွမ်းသတ္တိ ရှိမှု၊ သူတို့၏ မျိုးချစ်စိတ် ပြင်းထန်မှုတို့ကို ကျွန်တော်၏ ကိုယ်ပိုင် အစွမ်းအစဖြင့် မဖော်ကျူးနိုင်သော်ငြားလည်း ဤဝတ္ထုကို အမှီပြု၍ သူတို့အား ဂုဏ်ပြုလိုစိတ်၊ အသိအမှတ် ပြုလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် မြန်မာ့မြေပေါ်တွင် လူမသိ သူမသိ အသက်စွန့်သွားခဲ့ကြသော အာဇာနည် လူငယ်များကို ဂုဏ်ပြုသောအားဖြင့် ဤဝတ္ထုကို မြန်မာမှုပြု၍ မှီငြမ်းရေးသားမည်ဟု ကျွန်တော် ဆုံးဖြတ်ချက် ချခဲ့သည်။

ဝတ္ထုတစ်ပုဒ်လုံးကို မြန်မာဆန်အောင် မြန်မာ့ဟန် မြန်မာ့မူပေါက်အောင် ပြင်ဆင်ရေးသားထားသည်ဟု ဆိုနိုင်ငြားသော်လည်း ဤဝတ္ထု၏ ရေးဟန်နှင့် တင်ပြပုံမှာ ကျွန်တော်၏ မူပိုင် မဟုတ်ကြောင်း ကျွန်တော် ဝန်ခံပါသည်။ ဝတ္ထုတစ်အုပ်လုံးတွင် မူရင်းစာရေးသူ ဆရာမိုက်ကျား၏ ရေးဟန်နှင့် တင်ပြပုံကို လုံးဝ မူမပျက်အောင် အစွမ်းကုန် ကြိုးစားထားပါသည်။ တရုတ်တို့၏ ထုံးစံအတိုင်း စာရေးလျှင် စကားပုံများ၊ ဆိုရိုးစကားများကို ဖောဖောသီသီ အသုံးပြုတတ်သည်နှင့်အညီ ဤဝတ္ထုကိုလည်း မြန်မာစကားပုံ၊ မြန်မာဆိုရိုးစကားများဖြင့် တတ်စွမ်းသရွေ့ တန်ဆာဆင်ထားသည်ကို စာရှုသူလည်း သတိထားမိမည်ဟု ယူဆပါသည်။

ဤစာကို နိဂုံးမချုပ်မီ နောက်ဆုံးအနေဖြင့် မူရင်းစာရေးသူကို ကျွန်တော် အနူးအညွတ် တောင်းပန်လိုပါသည်။ ကျွန်တော် သိပါသည်။ ဤစာကို မူရင်းစာရေးသူ မြင်နိုင် ဖတ်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် စာရေး၍ တောင်းပန်လိုက်ရမှ ကျွန်တော် စိတ်ကျေနပ်နိုင်မည် ဖြစ်သောကြောင့် ဤသို့ ရေးသားရခြင်း ဖြစ်သည်။ တောင်းပန်လိုသည်မှာ အခြား မဟုတ်။ မူရင်းစာရေးသူ၏ ခွင့်ပြုချက် မရဘဲ (အမှန်ဆိုလျှင် ခွင့်တောင်းခြင်းပင် မပြုခဲ့ပါ) သူ၏ အိုင်ဒီယာ၊ သူ၏ ဇာတ်ကောင်များကို တရုတ်ပြည်မှ မြန်မာပြည်သို့ ကျွန်တော်၏ တစ်ကိုယ်ကောင်းဆန်မှုဖြင့် ဆွဲရွှေ့ထားခဲ့ပါသည်။ သူတို့၏ ဂုဏ်ယူဖွယ် စိတ်ဓာတ်များ၊ လူစွမ်းကောင်းများကို မြန်မာ့လူစွမ်းကောင်းများသဖွယ် ပြုပြင်ထားခဲ့ပါသည်။ သို့သော် ကျွန်တော့်စိတ်တွင် မည်သည့် အလိုဆိုးမျှ မပါကြောင်း ကျွန်တော် အာမခံနိုင်ပါသည်။ ယင်းသို့သော တော်လှန်ရေး စိတ်ဓာတ်များ၊ ယင်းသို့သော မျိုးချစ်စိတ်ဓာတ်များ၊ ယင်းသို့သော စွန့်လွှတ် အနစ်နာခံတတ်သည့် စိတ်ဓာတ်များကို ဂုဏ်ယူအားကျသောကြောင့် သဘောရိုးဖြင့် မှီငြမ်းရေးသားခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံရေးသားရင်း … …

 

ဖြိုးကျော်

၃ ရက်၊ ဩဂုတ်လ၊ ၂၀၂၄ ခု၊ ညနေ ၄ နာရီတိတိ။

 

ဆရာမိုက်ကျား ရေးသားထုတ်ဝေသော ဝတ္ထုရှည်များစာရင်း

  • Decoded (解密) (2002) – 6th National Book Award
  • In the Dark (暗算) (2003) – 7th Mao Dun Literature Prize
  • The Message (风声) (2007) – Best Novel of the Year 2007 by People’s Literature (China)
  • The Colonel and the Eunuch (人生海海) (2019) – 4th Shi Nai’an Literary Prize

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *