အနီးကနေ ထွက်ခွာသွားတဲ့ ဦးဟန်ထွန်းကို ငေးကြည့်နေရင်း ဟိုးအဝေးတစ်နေရာမှာ ရှိတဲ့ မှုန်ပျပျ တိုက်မြင့်တစ်လုံးရဲ့ အုတ်ကြွပ်မိုးတွေက ဟိဟာရရဲ့ အမြင်အာရုံထဲကို ဝင်ရောက်လာတယ်။ အဲဒါက ပဲခူးမှာ နာမည်အင်မတန်ကြီးတဲ့ ပျော်ပွဲစားရုံတစ်ရုံပဲ။ သူ သိပ်သဘောကျတဲ့ စားသောက်ဆိုင်ပဲပေါ့။ ညကျရင် အဲဒီမှာ ထမင်းသွားစားရမယ်လို့ သူ ချက်ချင်း စိတ်ကူးလိုက်မိတယ်။ မစားရတာ အတော်ကြာသွားပြီဆိုတော့ အဲဒီမှာ စားဖိုမှူးကြီးဝမ်ရှူးရော ရှိသေးရဲ့လား မသိဘူး။ ဟိဟာရက ဒီမြို့ကို ရောက်တိုင်း အဲဒီပျော်ပွဲစားရုံပေါ်တက်ပြီး စားဖိုမှူးကြီး ဝမ်ရှူးရဲ့ လက်ရာတွေကို အမြဲတမ်း မြည်းစမ်းနေကျပဲ။ ဝတုတ်ပြဲကြီး ဝမ်ရှူးကို မျက်လုံးထဲ မြင်ယောင်လာတော့ ဒီည အဲဒီမှာ ထမင်းသွားစားမယ် ဆိုတဲ့ စိတ်ကူးက ပိုပြီးတော့တောင် ခိုင်မာလာတယ်။ ဒါပေမယ့် ဘယ်သူနဲ့ သွားရရင် ကောင်းမလဲ။ သူ့စိတ်ကူးထဲမှာ အထူးဧည့်သည်တော်တစ်ဖွဲ့ကို မြင်ယောင်လာတယ်။ ဒါနဲ့ ချက်ချင်းပဲ “ဟေ့ ဟေ့” ဆိုပြီး အဝေးရောက်သွားပြီ ဖြစ်တဲ့ ဦးဟန်ထွန်းကို လှမ်းခေါ်လိုက်တော့တယ်။ ဒီည အဲဒီပျော်ပွဲစားရုံမှာ ညစာစားပွဲရှိလို့ ဗိုလ်မှူးကို သူနဲ့အတူ ဧည့်ခံပေးဖို့ ဗိုလ်မှူးဆီကိုပါ သွားအကြောင်းကြားခိုင်းလိုက်တယ်။
ဦးဟန်ထွန်းက မေးတယ်။ “ဘယ်သူ့ကို ဧည့်ခံမှာလဲ”
ဟိဟာရက ပြုံးပြီး ပြောတယ်။ “သူတို့ရဲ့ မိသားစုတွေလေ”
ဦးဟန်ထွန်းက သူ့စကားကို ချက်ချင်း သဘောမပေါက်သေးဘူး။
ဟိဟာရက သူ့ကို မေးလိုက်တယ်။ “ခင်ဗျားက ဒီလူတွေကို ဒီမှာ လာဖမ်းထားတာ သူတို့မိသားစုတွေ သိထားပြီးပြီလား”
ဦးဟန်ထွန်းက မသိသေးဘူးလို့ ဖြေတယ်။ ဟိဟာရက ပြောတယ်။ “ဘယ်ဖြစ်မလဲကွ။ လူတွေကို ဒီမှာ ပိတ်လှောင်ထားပြီး အပြင်လည်း ပေးမထွက်ဘူး။ ဖုန်းလည်း ပေးမဆက်ဘူး။ ဒီတော့ သူတို့ ဒုက္ခတွေ့နေကြပြီလို့ ကြေညာလိုက်တာနဲ့ တူမနေဘူးလား။ အခု သူတို့က အရေးပေါ် တာဝန်တစ်ခု ထမ်းဆောင်နေတာပါလို့ ကျုပ်တို့က ပြောထားမှတော့ သူတို့ရဲ့ မိသားစုတွေကို ထမင်းလေး ဖိတ်ကျွေးပြီး နှစ်သိမ့်စကားလေး ဘာလေး ပြောတာမျိုး မလုပ်သင့်ပေဘူးလား” တဟားဟား ရယ်လိုက်ပြီး ဆက်ပြောတယ်။ “ခင်ဗျား မိန်းမကိုပါ ခေါ်လာခဲ့ဗျာ။ သူပါ ဝင်ပြီး နှစ်သိမ့်စကားလေး၊ အားပေးစကားလေး၊ နားလည်မှုလေး ဝင်ပေးခိုင်းလိုက်ပေါ့”
ဦးဟန်ထွန်းက ချက်ဆို နားခွက်က မီးတောက်တဲ့ လူစားမျိုးပါ။ သူ ဟိဟာရရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားတယ်။ နှစ်သိမ့်တယ် ဆိုတာက လံကြုပ်ပဲ။ ကောလာဟလ ဖြန့်ဖို့ရာကမှ အမှန်။ ကြွက်တွေက အစုလိုက် အပြုံလိုက် နေတတ်ကြတယ်လို့ ဆိုကြတယ် မဟုတ်လား။ သူပုန်တွေကလည်း အဲဒီလို အပြုံလိုက် နေတတ်ကြတာပဲ။ သူက စဉ်းစားကြည့်တယ်။ မြွေပွေးရဲ့ မိသားစုဝင်တွေကလည်း မြေအောက်သူပုန်တွေပဲ ဖြစ်ရမယ်လို့ ဟိဟာရက သံသယဝင်နေတာ ဖြစ်ရမယ်။ ဒါကြောင့်လည်း သူတို့ကို ထမင်းစားဖိတ်ချင်နေတာပေါ့။ အပြင်ပန်းအရတော့ သူတို့ကို အားပေးနှစ်သိမ့်တဲ့ သဘော။ တကယ်တမ်းကျတော့ သူတို့ဆီ လံကြုပ်သတင်းတွေ ဖြန့်ပေးဖို့ ကြံစည်ထားတာ။
ဟိဟာရက ပြောတယ်။ “အေး … တကယ်လို့သာ မြွေပွေးရဲ့ မိသားစုဝင်တွေကလည်း မြေအောက်သူပုန်တွေ ဆိုရင်တော့ သူတို့က လိပ်ကြီးနဲ့အတူ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ သူတို့ရဲ့ အဖွဲ့ကို အကြောင်းကြားကြမှာပဲ။ မြွေပွေးက အပြင်မှာ တာဝန်ကျနေတယ် ဆိုတဲ့ လံကြုပ်သတင်းက သူတို့ဆီ ရောက်သွားမှာ သေချာတယ်။ အဲဒီလိုဆိုရင်တော့ နှစ်ထပ်ကွမ်း စိတ်ချရသွားတာပေါ့။ ဖိုးစီရယ် ကျားကြီးရယ်က ဘယ်လောက်ပဲ သံသယကြီးတယ်ပဲ ဆိုစေဦး။ ဒီသတင်းကို မယုံဘဲ နေမှာတော့ မဟုတ်ဘူး”
ပိုင်လိုက်လေ။
ဦးဟန်ထွန်းက ပါးစပ်ဖျားလေးနဲ့ ပြောလိုက်တာ မဟုတ်ဘူး။ စိတ်ထဲကနေပါ အဲဒီလို ပြောနေမိတာ။
နောက်တော့ ဟိဟာရက သူ့ရဲ့ အစီအစဉ်ကို အနည်းအကျဉ်း ပြင်ဆင်မှု လုပ်လိုက်တယ်။ ပိုပိုပြီး အချက်ပိုင်သွားတော့တာပေါ့။ ညစာစားပြီးတဲ့ နောက်မှာ သူက ရောက်လာကြတဲ့ မိသားစုဝင်တွေ အားလုံးကို စားသောက်ဆိုင်ကနေ နေလစံအိမ်ကို ခေါ်လာခဲ့တယ်။ ကားက ခြံထဲ တစ်ပတ်ပတ်ပြီး အနောက်ခြံဘက်ကို ဝင်သွားလိုက်တယ်။ ကားကို အရှေ့တိုက်ရှေ့မှာ ရပ်လိုက်တော့ ကားပေါ်က မိသားစုဝင်တွေက သူတို့ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့သွားကြတယ်။ သူတို့တွေ့ချင်တဲ့သူကို သူတို့မျက်စိနဲ့ တပ်အပ်မြင်ခွင့် ရသွားကြတယ်။ မျက်နှာချင်းဆိုင်က အဆောက်အအုံထဲမှာ (မီးရောင်ထိန်လင်းနေတဲ့ အစည်းအဝေးခန်းမထဲမှာ) စားပွဲရှေ့မှာ တစ်ခုခုကို စိတ်ဝင်စားဟန်နဲ့ မလှုပ်မယှက် ထိုင်လို့။ အင်မတန်မှ အရေးကြီးတဲ့ အရေးပါတဲ့ အစည်းအဝေးတစ်ခုကို ပြုလုပ်နေကြတဲ့အလားပဲ။
မျက်မြင်ကိုယ်တွေ့ဆိုတော့ကာ မယုံချင်လို့လည်း မရတော့ဘူး။ အကုန် ယုံသွားကြတယ်။ ပြီးတော့ ဘဝင်တောင် လေဟပ်သွားကြလေရဲ့။ ကိုယ့်ဆွေမျိုးသားချင်းတစ်ယောက်က ရတနာတစ်ပါးလို စစ်တပ်အခြံအရံနဲ့ လုံလုံခြုံခြုံ ကာကွယ်စောင့်ရှောက် ပေးခံထားရပြီးတော့ ဒီလောက် လုံခြုံတဲ့နေရာမှာ လျှို့ဝှက်အစည်းအဝေးတစ်ခု လာတက်နေရတာ မဟုတ်လား။ မြင်တော့ မြင်နေရတာပဲ။ အနီးကပ်သွားခွင့် မရှိဘူး။ စကားပြောခွင့် မရှိဘူး။ အဝေးကနေ တိတ်တဆိတ် ရှုစားနေခွင့်ပဲ ရတယ်။ ကြည့်နေရင်းနဲ့ ပီတိတွေ ဖြာလို့။ ဘဝင် လေဟပ်လို့။
မှန်းထားသလောက် အဆင်ပြေမသွားတာ တစ်ခုပဲ ရှိတယ်။ မြသန္တာက အိမ်ထောင်မကျသေးတော့ သူ့ကိုယ်ပိုင် မိသားစုရယ်လို့ မရှိသေးဘူး။ ပြီးတော့ သောက်ကြီးသောက်ကျယ်နိုင်တဲ့ သူ့အဖေ သူဌေးမင်းက ဗိုလ်မှူးရဲ့ ဖိတ်ကြားချက်လောက်ကိုတော့ အဖက်လုပ်တတ်တာ မဟုတ်ဘူး။ ဒီတော့ ကိုယ်တိုင်မလာဘဲ သူ့အိမ်က အိမ်စေတစ်ယောက်ကိုပဲ လွှတ်လိုက်တယ်။ ပြောရရင် အဲဒီ အိမ်စေက မြသန္တာကို ငယ်ငယ်ကတည်းက အချီအချော့ လုပ်လာတဲ့သူဆိုတော့ အမြင်မတော် ဆင်တော်နဲ့ကလောက် ဆိုသလို ဒီပွဲမှာ နည်းနည်းတော့ ကိုးရိုးကားရား နိုင်နေတာပေါ့။ တကယ်လို့သာ သူ့ကို တခြားမိသားစုတွေ အကြားမှာ ထည့်ထားလိုက်ရင် သူလည်း နေတတ်မှာ မဟုတ်သလို တခြားသူတွေအတွက်လည်း စိတ်ကသိကအောက် ဖြစ်သွားနိုင်စရာ ရှိတယ်။ ဒါကြောင့် သူရောက်လာတော့ သူ့ကို မိသားစုထမင်းဝိုင်းထဲ အဝင်မခံတော့ဘဲ သီးခြားဧည့်ခံပြီး အခြေအနေပြောပြ၊ လက်ဆောင်ပေးပြီး ပြန်လွှတ်လိုက်တော့တယ်။ ကိစ္စတွေအားလုံး ပြီးပြတ်သွားတော့ ဟိဟာရက တွေးကြည့်တယ်။ သိပ်တော့လည်း ပြဿနာ မရှိပါဘူးပေါ့။ နို့ထိန်းဘွားတော်ကြီးက အိမ်ပြန်ရောက်သွားရင် သူ့သခင်ကို အကျိုးအကြောင်း ပြောပြလိမ့်မယ်။ သူတို့ အိမ်ဖော်အချင်းချင်း သတင်းဖြန့်ကြမှာ သေချာတယ်လေ။ လိုချင်တာ ဒါပဲ မဟုတ်လား။ သတင်းက များများပြန့်လေ ကောင်းလေပဲ။ မြသန္တာရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအနေနဲ့ အမှန်အတိုင်း သိမသွားဖို့ လိုတယ်။ ကြံစည်ထားတဲ့အတိုင်း သူတို့ရဲ့ မြေအောက်အဖွဲ့ဝင်တွေ အလှိမ့်ခံရဖို့ပဲ လိုတာ မဟုတ်လား။
အဲဒီလို တွေးကြည့်တော့ မြသန္တာကပဲ မြွေပွေး ဖြစ်နေသလိုလို၊ သူ့ဆွေမျိုးသားချင်းတွေကပဲ မြေအောက်သူပုန်တွေ ဖြစ်နေသလိုလိုနဲ့။
လက်ရှိ ရထားတဲ့ သတင်းအချက်အလက်တွေအရ ဆိုရင် တကယ်လို့သာ ဒီလူအုပ်ထဲက တစ်ယောက်ယောက်ကို သံသယစာရင်းထဲကနေ ဖယ်ထုတ်ပစ်ရမယ် ဆိုပါတော့။ ဟိဟာရက မြသန္တာကို ဖယ်ထုတ်ပစ်လိုက်မှာပဲ။ အကြောင်းပြချက်က သူ့အိမ်က လွှတ်လိုက်တဲ့လူက အတော်ကို ကိုးရိုးကားရား နိုင်လွန်းနေလို့ပဲ။ မြသန္တာရဲ့အဖေက ညစာစားပွဲတက်ဖို့ နို့ထိန်းတစ်ယောက်ကို လွှတ်လိုက်တယ် ဆိုတဲ့ အချက်ပေါ် မူတည်ပြီး ဒီမိသားစုက အတော်ကို မာနကြီးတယ်၊ ပြီးတော့ ရိုးသားတယ်လို့ ဟိဟာရ ကောက်ချက်ချလိုက်ချင်တယ်။ စဉ်းစားကြည့်လေ။ တကယ်လို့သာ မြသန္တာက မြွေပွေး ဆိုရင်၊ သူ့မိသားစုဝင်တွေထဲမှာ အပေါင်းပါတွေ ရှိနေခဲ့မယ်ဆိုရင် အခုလို နို့ထိန်းတစ်ယောက်ကို လွှတ်လိုက်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့မိသားစုက မြေအောက်အဖွဲ့ဝင် မဟုတ်တာနဲ့ပဲ မြသန္တာကို သူလျှို မဟုတ်ပါဘူးလို့တော့ ယတိပြတ် ပြောလို့ မရသေးဘူး။ ဘယ်သူက မြွေပွေးလဲ ဆိုတာကို အခုချိန် မှန်းဆကြည့်နေဖို့ မသင့်သေးဘူး။ ဟိဟာရက တွေးတယ်။ အခုမှ ခွန်းထောက်ဆိုနေတုန်းပဲ ရှိသေးတယ်လေ။ ဇာတ်က က,ရသေးတာ မဟုတ်သေးဘူး။ ဇာတ်ကပြီ ဆိုတော့မှ ဘယ်သူက ရာမလဲ၊ ဘယ်သူက ဒသဂီရိလဲ ဆိုတာ အလိုလို ရှင်းလင်းသွားနိုင်တာပဲဥစ္စာ။
ညက ပြဇာတ်ကလည်း အတော်ကို ပီပြင်တယ် ပြောရမယ်။ ဗိုလ်မှူးကလည်း သရုပ်ဆောင်သွားလိုက်တာ အပေါက်အကြားကို မရှိဘူး။ အကယ်ဒမီရှော့ပဲ။ ဟိဟာရကလည်း ရုတ်တရက် အကြံတစ်ခု ပေါ်လာတာနဲ့ အဲဒီလူအုပ်ကြီးကို နေလစံအိမ်ထဲ ခေါ်သွားလိုက်တော့ မျက်စိနဲ့ တပ်အပ် မြင်သွားကြရော။ ထပ်ပြီး အားဖြည့်ပေးတဲ့သူက ဦးဟန်ထွန်းပဲ။ သူ ညနေက အဲဒီလံကြုပ်သတင်းကို လိပ်ကြီးဆီ မလိမ့်တပတ်နဲ့ အရောက် ပို့ထားပြီးပြီ။ ပြီးတော့ ဟိုညဉ့်ငှက်မလေး ကိစ္စကိုလည်း အလစ်အဟာ မရှိအောင် လုပ်ထားဖို့ မှာထားလိုက်သေးတယ်။ ဟိဟာရရဲ့ စိတ်ထဲမှာ ဗုံသံဆိုင်းသံတွေ ကြားလာရလို့ ကိုယ်တိုင်တက်ပြီး ဇာတ်ကနေသလားလို့တောင် အောက်မေ့လာမိတယ်။