ဘယ်သူက မြွေပွေးလဲ။
ဘယ်အကောင်က မြွေပွေးလဲ။
ဒီကနေ့ ညနေခင်းမှာ အာကာပြင်က ပြာလွင်နေတယ်။ ပန်းရနံ့တွေက မွှေးကြိုင်နေတယ်။ ခြံရှေ့က အရာရှိရိပ်သာရဲ့ လှပျိုဖြူတွေက မှန်ရှေ့မှာ ထိုင်ရင်း ညဉ့်အမှောင်ရဲ့ ရောက်အလာကို စောင့်မျှော်နေကြတယ်။ တစ်နည်းပြောရရင် ညနေချိန်ရဲ့ မိနစ်စက္ကန့်တွေက ပုံမှန်အတိုင်း ရွေ့လျားနေတယ်။ တိတောက် တိတောက်နဲ့ ရှေ့သို့ တူရူချီတက်နေကြတယ်။ ညဉ့်အသစ်တစ်ခုဆီကို စီးမျောနေကြတယ်။ သို့ပေမယ့် အနောက်တိုက်မှာကျတော့ အချိန်က လွန်ခဲ့တဲ့နှစ်ဝက်ကို ပြန်ရောက်သွားသလိုပဲ။ သွေးမြေကျခဲ့ရတဲ့ အဲဒီညကို ပြန်ရောက်သွားတဲ့အတိုင်းပဲ။ တိုက်ထဲက လူတွေရဲ့ ကံကြမ္မာက အမည်မသိတဲ့ လျှို့ဝှက်လူတစ်ယောက်၊ လက်မဲကြီးတစ်စုံ၊ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ထိန်းချုပ်မှု၊ ဆော့ကစားမှု၊ ကလူကျီစယ်မှုကို ခံစားနေရတယ်။ လည်းချောင်းကို ဖမ်းညှစ်ခံထားရသလို၊ နှလုံးကို ဆုပ်ကိုင်ခံထားရသလို ဖြစ်နေတယ်။
ဗိုလ်မှူးက အလုပ်ရှိတာကြောင့် တပ်ထဲကို ပြန်သွားရမယ်။ ဟိဟာရနဲ့ ဦးဟန်ထွန်းက သူ့ကို ကားဆီအရောက် လိုက်ပို့ကြတယ်။ ကားထွက်သွားတော့ ဦးဟန်ထွန်းက တိုက်ထဲ ပြန်ဝင်ဖို့ အလုပ်မှာ ဟိဟာရက သူ့ကို လှမ်းတားလိုက်တယ်။ “သူတို့ကို ပစ်ထားလိုက်တော့။ လာ၊ ကျုပ် ခင်ဗျားကို မေးစရာ ရှိတယ်”
အမေးက … ဆေးလိပ်ထဲက စာရွက်အပိုင်းလေးကို ဘယ်လို ရခဲ့တာလဲ။
အဖြေက … လိပ်ကြီးလို့ နာမည်ရတဲ့ မြေအောက်ဆက်သား တစ်ယောက်က အပြင်ကို သယ်ထုတ်သွားခဲ့သတဲ့။