Show contents

(ဃ)

ဦးဟန်ထွန်းက မိုးစိုခံပြီးတော့ အနောက်တိုက်ကို ပေါက်ချလာတယ်။ တစ်ကိုယ်လုံး မိုးရေတွေ ရွှဲရွှဲစိုလျက်က ဗိုလ်လေးထွန်းမြင့်ရဲ့ အခန်းထဲကို ဝင်ချသွားတယ်။ မိုး အရမ်းမကြီးတာ ကံကောင်းတယ် ပြောရမယ်။ ရင်ဘတ်ထဲ ပါလာတဲ့ သေတမ်းစာကတော့ အကောင်းပကတိ ရှိနေတုန်းပဲ။ သူက သွေးနဲ့ရေးထားတဲ့ သေတမ်းစာကို ဗိုလ်လေးလက်ထဲ ထိုးပေးလိုက်တယ်။ မှာစရာရှိတာတွေ မှာပြီး လစ်ဖို့ ဟန်ပြင်တော့ ဗိုလ်လေးက သူ့ကို ဘယ်သွားမလို့လဲလို့ မေးတယ်။ သူ့ကိုလည်း အစည်းအဝေးမှာ အတူ ရှိနေစေချင်တဲ့သဘော။ သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်။ “ကျုပ် ဘယ်မှာ အချိန်ရှိမှာလဲဗျာ။ ဒီလောက် စောက်ပြဿနာတွေ တက်နေတာ”

ဗိုလ်လေးကလည်း ဟုတ်မှာပဲလို့ စဉ်းစားမိတယ်။ ဗိုလ်ကြီးက အမှန်တရားအတွက် အသက်ကို အသေခံသွားတာဆိုတော့ ပြဿနာက တော်တော်ကြီးသွားပြီ။ အဲဒီလို မတရား စွပ်စွဲတဲ့ ကိစ္စမှာ ဦးဟန်ထွန်းက အဓိကတရားခံ မဟုတ်လား။ ဒီတော့ ဆက်ရှင်းစရာ အရှုပ်ထုပ်တွေ အများကြီး ကျန်ဦးမှာပဲလို့ ဗိုလ်လေးက တွေးမိတယ်။ ဟိုတစ်နေ့က လက်ရေးတွေကို ဗိုလ်လေးလည်း ကြည့်ခဲ့သေးတယ်။ လက်ရေးလက်သားအရဆိုရင် ဗိုလ်ကြီးအောင်သူမှ ဗိုလ်ကြီးအောင်သူပဲ။ နည်းနည်းမှ လွဲစရာ အကြောင်းမရှိဘူး။ ဘယ်နှယ့်လုပ်ပြီး မှားသွားရပြန်တာလဲ။ သူတို့တွေ (ဟိဟာရနဲ့ ဦးဟန်ထွန်း) က သိမ်းဆည်းထားတဲ့ လက်ရေးစက္ကူတွေကို အစီအစဉ်လွဲသွားအောင် လုပ်မိလိုက်ကြတာပဲ ဖြစ်မယ်လို့ သူ တွေးကြည့်တယ်။ ချိုမာရဲ့ လက်ရေးကို ဗိုလ်ကြီးရဲ့ လက်ရေးဆိုပြီးတော့ မှားသွားကြတာများလား။ တကယ် မဖြစ်သင့်တာကြီးပါ။ သူက ဗိုလ်ကြီးအောင်သူအစား မကျေမချမ်း တွေးနေမိတယ်။

ဦးဟန်ထွန်းလည်း သွားရော၊ ဗိုလ်လေးက အားလုံးကို အောက်ထပ်ဆင်းလာပြီး အစည်းအဝေးလုပ်ဖို့ ဆော်ဩလိုက်တယ်။ သေတမ်းစာကို တစ်ယောက်ချင်းစီ လက်ဆင့်ကမ်းရာက စပြီး အကုန်လုံးက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ဖြစ်ကုန်ကြတယ်။ တပ်ကြပ်ကြီးရဲ့ နှုတ်ကတော့ တစ်ချိန်လုံး အောင်မလေးလေး တ,နေတော့တာပဲ။ ဗိုလ်ကြီးရဲ့ ရဲစွမ်းသတ္တိနဲ့ သစ္စာစောင့်သိမှုကို သူ အားကျနေရော့သလား မဆိုနိုင်ဘူး။ မျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝိုင်းလို့။ ချိုမာကျတော့ မြင်မြင်ချင်းတစ်ခဏမှာ မီးဝင်းဝင်းတောက်တဲ့ မျက်လုံးနဲ့ စိုက်ကြည့်နေတယ်။ သူက အသည်းမာတဲ့ မိန်းမတစ်ယောက်ပေပဲ။ သူ့ကြည့်ရတာ ထူးထူးခြားခြားကို အေးစက်စက် နိုင်လွန်းလှတယ်။ ဒါပေမယ့် သူက သေတမ်းစာကို မြင်ဖူးပြီးသားဆိုတော့ အခုလို ဖြစ်နေတာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ သူ့ရဲ့ မထုံတက်သေး အေးတိအေးစက် မျက်နှာက ဗိုလ်လေးအတွက်တော့ အင်မတန် ရွံစရာ ကောင်းနေတယ်။ မြသန္တာရဲ့ တုံ့ပြန်ပုံကတော့ အလွန် ထူးခြားတယ်။ သူက သေတမ်းစာထဲက အကြောင်းအရာကို စိတ်မဝင်စားဘူး။ ချိုမာအပေါ်လည်း ဘာမှ မှတ်ချက်မပေးဘူး။ ဒါပေမယ့် ဗိုလ်ကြီးအောင်သူ သတ်သေသွားတဲ့ ကိစ္စအပေါ်မှာတော့ သူ သံသယဝင်မိကြောင်း အတိအလင်း ပြောလာတယ်။

“တခြားလူရဲ့ လက်ချက်လို့ ဆိုချင်တာလား” တပ်ကြပ်ကြီးမျိုးဇော်က မေးတယ်။

“ဟုတ်တယ်” မြသန္တာက တဲ့တိုးပြောတယ်။ “ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူးဆိုမှတော့ သူများ သတ်လို့ပေါ့”

“ဒါဆို လူသတ်တရားခံက ဘယ်သူလဲ” တပ်ကြပ်ကြီးက ထပ်မေးတယ်။

“ဘုရားသိတယ်” မြသန္တာက ပြတင်းပေါက်ဘက်ကို လက်ညှိုးထိုးပြပြီး အသံတိုးတိုး ပြောတယ်။ “ကျွန်မ သိတယ်”

“ဘယ်သူလဲ”

“ကျွန်မ ပြောပြပါ့မယ်။ ဒါပေမယ့် အခုတော့ မဟုတ်ဘူး”

တပ်ကြပ်ကြီးက မလွှတ်တမ်း ဆက်မေးချင်နေသေးတယ်။ ဗိုလ်လေးက စိတ်မရှည်တော့ဟန်နဲ့ သူ့ကို လက်ပြပြီး တားလိုက်တယ်။ “ဆရာကြီး၊ သူ လျှောက်ပြောနေတာတွေကို ယုံမနေနဲ့”

ဒီအစည်းအဝေးကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ဒီကိစ္စအပေါ် အားလုံးရဲ့ တုံ့ပြန်မှုကို ကြည့်ချင်လို့ပဲ။ ချိုမာက ဒီကိစ္စကို ဒီလူတွေဆီ ဖောက်သည်ချထားခြင်း ရှိမရှိ ဆိုတာကိုလည်း အတည်ပြုကြည့်ချင်သေးတယ်။ အခုလက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင် ချိုမာက ဘယ်သူ့ကိုမှ ပြောပြမထားတာ သေချာနေတယ်။ ဒါကြောင့် အစည်းအဝေးက အင်မတန် ရိုးရှင်းသွားတယ်။ သေတမ်းစာအကြောင်း အသိပေးရုံကလွဲရင် နောက်ထပ် အကြောင်းကိစ္စတစ်ခုကိုပဲ ပြောကြားခဲ့တယ်။ အဲဒါကတော့ ချိုမာရဲ့ နေရေးထိုင်ရေးကို အပြောင်းအရွှေ့ ပြုလုပ်ခြင်းပဲ။ သူ့ကို မြသန္တာရဲ့ အခန်းထဲကနေ ခွဲထုတ်ပြီး ဗိုလ်ကြီးအောင်သူ အရင် နေခဲ့တဲ့ အခန်းမှာ တစ်ယောက်တည်း ခွဲနေခိုင်းလိုက်တယ်။ ဒါက သေတမ်းစာကြောင့် ဖြစ်ပေါ်လာတဲ့ သူ့အပေါ် သက်ရောက်မှုပဲ။ ဇာတ်ထုပ်ဟောင်းကို ပြန်အသက်သွင်းဖို့ ဇာတ်ညွှန်းလိုအပ်ချက်ပဲ ဆိုပါတော့။ ကျန်တဲ့လူတွေကို လုပ်ပြတဲ့သဘော။ အစည်းအဝေး ပြီးသွားတော့ ဦးဟန်ထွန်းရဲ့ ညွှန်ကြားချက်အတိုင်း ဗိုလ်လေးက ချိုမာကို မပြန်ခိုင်းသေးဘူး။ အဓိပ္ပာယ်ပါတဲ့ အေးစက်စက် အပြုံးတွေနဲ့ ရိသဲ့သဲ့ ပြုံးရင်း ဦးဟန်ထွန်းရဲ့ ညွှန်ကြားချက်အတိုင်း ချိုမာကို မေးမြန်းစုံစမ်းတော့တယ်။

ဗိုလ်လေးထွန်းမြင့် – “ဒေါ်ချိုမာ၊ အခုချိန်မှာ ခင်ဗျားရဲ့စိတ်ထဲ အတော်ကို ရှုပ်ထွေးလေးပင်နေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဗိုလ်ကြီးက သူ့အသက်ကို စတေးပြီး သူ့ရဲ့ အပြစ်ကင်းစင်မှုနဲ့ နိပွန်းတပ်မတော်အပေါ် သစ္စာစောင့်သိမှုကို သက်သေပြသွားခဲ့တယ်။ တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ကို အခိုင်အမာ ပြောပြသွားသေးတယ်။ တကယ့် သူလျှိုအစစ် (မြွေပွေး) က ခင်ဗျားတဲ့။ အဲဒီကိစ္စအပေါ် ခင်ဗျား ဘယ်လို သဘောရလဲ”

ချိုမာက တစ်ခဏလောက် စဉ်းစားနေပြီး ရုတ်တရက် ခေါင်းထောင်လာတယ်။ ဗိုလ်လေးရဲ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး တစ်ခွန်းတည်း ပြောချလိုက်တယ်။ “မာစတာကို ရှင် သွားမေးကြည့်ပေါ့”

ပြောပြီး ငေါက်ကနဲ ထထွက်သွားလို့ ဗိုလ်လေးခမျာ တစ်ယောက်တည်း ဒေါဖောင်းပြီး ကျန်နေရစ်တော့တယ်။

ဟိဟာရက ဗိုလ်လေးရဲ့ ဆဲဆိုကျိန်းမောင်းသံတွေ၊ အဝေး လှမ်းထွက်သွားတဲ့ ချိုမာရဲ့ ခြေသံတွေကို နားထောင်ရင်း ဦးဟန်ထွန်းကို ပြောတယ်။ “ကြည့်ရတာ သူနဲ့ ဗိုလ်မှူးမောင်ကိုရဲ့ ခင်မင်ရင်နှီးမှုက ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး။ သူ့အတွက်တော့ ခင်ဗျားတို့ရဲ့ အပါးတော်မြဲက ဖုတ်လေတဲ့ငါးပိပါပဲ”

နောက်တစ်ယောက် ဆင်းလာတဲ့သူက တပ်ကြပ်ကြီးမျိုးဇော်။ ဒီတစ်ခေါက်တော့ တပ်ကြပ်ကြီးရဲ့ ပုံက ပေါ့ပေါ့ပါးပါးပဲ။ အရင်ကလို လက်မှိုင်ချနေတာမျိုး မရှိဘူး။ ထိုင်ပြီးတာနဲ့ သူ ဖြေစရာရှိတာကို ဖြေလိုက်တယ်။ အပြုအမူက ပြတ်ပြတ်သားသား။ ချိုမာက မြွေပွေးပဲတဲ့။

တပ်ကြပ်ကြီး – ထင်မထားဘူးဗျာ။ တကယ့်ကို ထင်မထားဘူး။ သူနဲ့ ကျွန်တော် ဒီလောက် နှစ်တွေအများကြီး အတူတူ အလုပ်လုပ်ခဲ့ဖူးတာပဲ။ လက်စသတ်တော့ သူက ကွန်မြူနစ်သူပုန် ဖြစ်နေတယ်။

ဗိုလ်လေး – သူ မြွေပွေးဆိုတာ ဆရာကြီး အသေအချာ ပြောရဲလား။

တပ်ကြပ်ကြီး – ဗိုလ်ကြီးက အသေခံပြီးတော့ သူမှ သူပဲလို့ ပြောသွားသေးတာပဲဗျာ။ မှားနိုင်စရာအကြောင်း ရှိသေးလို့လား။

ဗိုလ်လေး – ဒါဆို ဆရာကြီးအနေနဲ့ သက်သေအထောက်အထား တင်ပြနိုင်မလား။

တပ်ကြပ်ကြီး – အထောက်အထားလား … အို အများကြီးပါဗျာ …

တစ်ဘရိတ်တည်း ဆွဲထုတ်လာလိုက်တာ မနည်းမနော။ ဒါပေမယ့် အများစုကတော့ ဟုတ်နိုးနိုး၊ မှန်နိုးနိုး ဆိုတဲ့ နိုးနိုးတွေချည်းပဲ။ နားထောင်နေတဲ့ ဟိဟာရအဖို့တော့ မီးလောင်ရာ လေပင့်တဲ့ သံသယတရားခံတစ်ယောက် ရလိုက်သလိုပဲ။ နားထောင်ပြီးတော့ ဟိဟာရက ဦးဟန်ထွန်းကို ရယ်ရင်း ပြောတယ်။ “ခင်ဗျားတို့ ဗိုလ်မှူးက ဒီစောက်ရူးကို ဘယ်နှယ့်ကြောင့် စစ်ရေးလျှို့ဝှက်ဌာနမှာ တပ်စိတ်မှူးရာထူး ခန့်ထားသလဲ ဆိုတာကို ကျုပ် တကယ် နားမလည်နိုင်တော့ဘူး။ သူသာ မြွေပွေး ဆိုရင်တော့ သူ့ကို ဖမ်းမိလည်း ကျုပ်ကိုယ်ကျုပ်တောင် အထင်ကြီးမိမှာ မဟုတ်ဘူး။ တကယ့် ဖွတ်လချီးပဲ”

ဦးဟန်ထွန်းက ပြောတယ်။ “သူက တကယ့် ဖွတ်လချီးပဲ။ သူကြောင့် အရှက်ကွဲရတာလည်း အကြိမ်မနည်းတော့ဘူး။ မိန်းမရိုက်လို့ ခြံထဲ ပတ်ပြေးနေတာက ရှိသေး”

ဟိဟာရက ပြောတယ်။ “ကွန်မြူနစ်တွေက ဒီလိုလူမျိုးကို သူလျှိုလုပ်ခိုင်းထားရင်တော့ တစ်သက်လုံး ခေါင်းဖော်ရတဲ့ဘဝမျိုး ရောက်မှာ မဟုတ်တော့ဘူး”

နောက်ထပ် ဆင်းလာတာတဲ့သူက မြသန္တာ။ ဗိုလ်လေးနဲ့ မြသန္တာတို့က စကားဝိုင်းမှာ အမှားတစ်ခု ကျူးလွန်သွားခဲ့မိတယ်။ ဒီတော့ ပြောစကားတွေက မလိုလားအပ်တဲ့ဘက်ကို ဦးတည်သွားရော။

ဗိုလ်လေး – ခင်ဗျားက ဘယ်နှယ့်ကြောင့် ဗိုလ်ကြီးကို သတ်သေတာ မဟုတ်ဘူးလို့ ပြောရတာလဲ။

မြသန္တာ – သူ ဒီလောက် နာနာကြည်းကြည်း အော်ဟစ်နေသံတွေကို ရှင် မကြားဘူးလား။

ဗိုလ်လေး – ခင်ဗျား သဘောက …

မြသန္တာ – သူက သူများသတ်လို့ သေရတာပဲ။

ဗိုလ်လေး – မဖြစ်နိုင်တာဗျာ။

မြသန္တာ – ဒါဆို ရှင်က ကျွန်မတို့ရဲ့ ဌာနအုပ် (ဦးဟန်ထွန်း) နဲ့ သူ့လူတွေရဲ့ လက်စလက်နကို နားမလည်သေးလို့ပဲ ဖြစ်ရမယ်။ သူတို့တွေက သွေးဆာနေတဲ့ တကယ့် လက်မရွံ့တွေ။ ရှင့်ကို ဗျင်းလို့ အသက်ထွက်သွားခဲ့ရင် အဲဒါက ပုံမှန်ပဲ။ မသေဘူးဆိုမှသာ အဲဒါ မူမမှန်တာ။

ဦးဟန်ထွန်း ကြားတော့ စိတ်ဆိုးပြီး အန်ကြိတ်လို့။

ချိုမာက မြွေပွေး ဟုတ်မဟုတ် ဆိုတဲ့ မေးခွန်းကို ဖြေတော့လည်း မြသန္တာရဲ့ စကားက အဆန်းကြီး။

မြသန္တာ – သူ သူလျှို ဟုတ်မဟုတ်တော့ ကျွန်မ မသိဘူး။ ဒါပေမယ့် မဟုတ်ပါစေနဲ့လို့ ကျွန်မ မျှော်လင့်တယ်။

ဗိုလ်လေး – ဗျာ … ဘာဖြစ်လို့လဲ။

မြသန္တာ – ကျွန်မ သူ့ကို သဘောကျလို့ပေါ့။

ဗိုလ်လေး – ခင်ဗျားက သူ့ကို ဘယ်နေရာ သဘောကျရတာလဲ။

မြသန္တာ – အဲဒါ ရှင်နဲ့ ဘာဆိုင်လို့လဲ။

ဗိုလ်လေး – ခင်ဗျား သူ့ကို ဘာ သဘောကျနေသလဲ ဆိုတာအပေါ် မူတည်တာပေါ့။ တကယ်လို့ ခင်ဗျားက သူ သတင်းခိုးထုတ်နေတာတွေကို သဘောကျတာ ဆိုရင်တော့ ကျွန်တော်တို့နဲ့ ဆိုင်သွားပြီ။

မြသန္တာ – ရှင် ဆိုင်ချင်လို့တောင် ဆိုင်လို့ မရတော့ဘူး ထင်တယ်။ ကိုယ့်ဟာကိုယ်တောင် ဘယ်ဘဝရောက်နေမှန်း မသိဘဲနဲ့များ ကျွန်မကိုလာပြီး အမိန့်ပေးနေချင်သေးတယ်။ ဟာသပဲ။

ဗိုလ်လေး – ကျွန်တော် အမိန့်ပေးလို့ပဲ ခင်ဗျား အောက်ကို ဆင်းလာရတာပဲ မဟုတ်လား။

မြသန္တာ – ကျွန်မ ပြန်ချင်ရင် ထပြန်လို့ ရတာပဲ။

ဗိုလ်လေး – လုပ်ရဲ လုပ်ကြည့်လေ။

မြသန္တာ – ဘာ မလုပ်ရဲစရာ ရှိလဲ …

ပြောပြီး ထထွက်သွားတယ်။ ဗိုလ်လေးက အချိန်မီ ပိတ်ကာထားလိုက်တော့ မြသန္တာက သူ့ကို တွန်းလွှတ်ပါရော။

“ဖမ်းစမ်း။ ရှင့်ကိုယ်ရှင် ဘာများ အောက်မေ့နေတာလဲ။ ရှင်ရော ကျွန်မရော သံသယတရားခံတွေချည်းပဲ”

ဗိုလ်လေးက တဟဲဟဲ ရယ်နေပေမယ့် မချိသွားဖြဲ ဆိုတာမျိုးပေါ့။

မြသန္တာက ပြောတယ်။ “ရှင့်ရုပ်က အတော် ရယ်စရာကောင်းတယ်။ ကိုယ်ကိုယ့်ကိုယ် ဆရာကြီးလို့ အထင်ရောက်နေပုံပဲ။ တကယ်တော့ ရှင်က ငချွတ်ကလေးပဲ”

ဗိုလ်လေးက ပြောတယ်။ “ကျွန်တော့်ကို ခင်ဗျား ပြောချင်သလိုသာ ပြောပါတော့ဗျာ။ ဒါပေမယ့် ကျွန်တော် တောင်းဆိုချင်တာကတော့ ဒေါ်ချိုမာအကြောင်းကို ပြောကြရအောင်လား”

မြသန္တာက ပြောတယ်။ “အခု ကျွန်မက ရှင့်အကြောင်းပဲ ပြောချင်တာ။ ကျွန်မအထင်တော့ ရှင်က မချိုမာထက်ကို မြွေပွေးနဲ့ ပိုတူနေတယ်”

“စောက်ရေးမပါတာ”

“ရှင်ကမှ စောက်ရေးမပါတာ”

နှစ်ယောက်သား နှုတ်လှံထိုးနေလိုက်ကြတာ ထသတ်ကြတော့မယ့် အတိုင်းပဲ။ အပေါက်ဝမှာ ရပ်နေတဲ့ လုံထိန်းတွေ ဝင်လာပြီး တားလားဆီးလား လုပ်ကြလို့ တော်သေးတာပေါ့။ နှစ်ယောက်သား လူချင်းခွာသွားတော့ မြသန္တာက ဟိဟာရနဲ့ တွေ့ချင်တယ်လို့ အော်ဟစ်တောင်းဆိုတော့တယ်။ ဟိဟာရကို တွေ့ရတော့ သူက တစ်ချက်ကလေးမှ ငဲ့ကွက်မနေဘဲ ဗိုလ်လေးရဲ့ အရှေ့မှာတင် တဲ့တိုး ပြောချလိုက်တယ်။

“မာစတာ၊ ကျွန်မအထင်တော့ ဒီဗိုလ်လေးထွန်းမြင့်က မြွေပွေး ဖြစ်နိုင်တယ်”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *