Show contents

(ခ)

အရှေ့မှာ ပြောခဲ့ဖူးပါတယ်။ ချိုမာရဲ့ အစ်ကိုအလတ်က ကွန်မြူနစ်တွေရဲ့ လက်ချက်ကြောင့် သေခဲ့ရတယ် ဆိုတာလေ။ တကယ်တော့ အဲဒီလူက ဘကျော်ပဲ။ ကွန်မြူနစ်အဖွဲ့ဝင်တစ်ယောက် အဖြစ်ကနေ စာရင်းဖျောက်၊ နာမည်ပြောင်းပြီး ဗဟိုက သူ့ကို ချိုမာရဲ့ အနားမှာ ခင်ပွန်းသည်အဖြစ် သရုပ်ဆောင်ဖို့ လွှတ်ထားခဲ့တာပါ။ ရှေးရှေးတုန်းက ကွန်ပျူတာမရှိ၊ မှတ်ပုံတင်တောင် မရှိသေးတဲ့ ခေတ်ဆိုတော့ လူတစ်ယောက်က စာရင်းဖျောက်ရတာ အင်မတန်မှ လွယ်တာကလား။ ပြီးတော့ သူက ဒေါသကြီးပြီး ချိုမာရဲ့ ရုံးခန်းကို သွားလို့ ချိုမာကို ရိုက်နှက်ခဲ့တယ်၊ ချိုမာက အိမ်မပြန်တော့ဘူး၊ ရုံးမှာပဲ အိပ်ပြီး ခပ်တင်းတင်း ခပ်ကွာကွာ ဖြစ်သွားကြတယ် ဆိုတာတွေကလည်း လင်မယားနှစ်ယောက် မတည့်ဘူးဆိုတဲ့ အမြင်မျိုး ရစေချင်လို့ တမင် ဖန်တီးယူထားတာပဲ။ အဲဒီလိုဆိုရင် လင်မယားနှစ်ယောက် အကြားမှာ မြင်ရလေ့မြင်ရထ ရှိတဲ့ လက်ပွန်းတတီး ရှိမှု စတဲ့ လောကအမြင်တွေကို ရှောင်လွှဲနိုင်မယ် မဟုတ်လား။ ဥပမာ ပြောရရင် အတူတူ ဈေးထွက်ဝယ်တာတို့၊ လမ်းလျှောက်ထွက်တာတို့၊ ကလေးတွေနဲ့ လျှောက်လည်တာတို့၊ စတဲ့ လှုပ်ရှားမှုမျိုးတွေကို အထူးတလည် လုပ်ပြနေစရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် လင်ရယ် မယားရယ်ဆိုမှတော့ တစ်မိုးတစ်အိမ်အောက်မှာ အတူတူတော့ နေခွင့် ရှိသေးတာပဲ မဟုတ်လား။

ဘကျော်က ပြောတယ်။ “လင်မယားနှစ်ယောက်က အများအမြင်မှာ တကျက်ကျက် ဖြစ်နေရင် အဲဒီအိမ်ကို ဘယ်ဧည့်သည်မှလည်း လာမလည်ချင်ကြတော့ဘူးလေ။ အဘတို့ လိုချင်တာ အဲဒါပဲ။ အိမ်ကို သတင်းဖြန့်ချိစုဆောင်းရာ ဌာနအဖြစ် အသုံးချနိုင်ဖို့ပေါ့။ လူဝင်လူထွက် မရှိလေ ကောင်းလေပဲ”

အဲဒီတုန်းက ချိုမာဆီက ရတဲ့ သတင်းတွေက အတော်များတယ်။ အရေးပေါ်သတင်းတွေ အားလုံးကို လိပ်ကြီးကပဲ တာဝန်ယူ ပို့ဆောင်ပေးတယ်။ သူတို့က အချိန်မရွေး တွေ့နိုင်ကြတာကိုး။ သူတို့မှာလည်း လျှို့ဝှက်သင်္ကေတတွေ ရှိတယ်။ တကယ်လို့သာ ချိုမာက လိပ်ကြီးမြင်သာအောင် အမှိုက်တစ်ခုခု ပစ်ထည့်လိုက်ရင် လိပ်ကြီးက လျှို့ဝှက်သတင်းကို ဘယ်မှာ သွားယူရမလဲဆိုတာ သဘောပေါက်သွားပြီ။ တကယ်လို့ အရေးပေါ်ကိစ္စ မဟုတ်ဘူး ဆိုရင်တော့ ချိုမာက နေ့ခင်းနေ့လယ်မှာ သတင်းကို အိမ်ယူလာတယ်။ အဲဒီနောက်မှ ဘကျော်က သက်ဆိုင်ရာဆီ ဖြန့်ဖို့ တာဝန်ယူပေးရတယ်။

ချိုမာကို နေလစံအိမ်မှာ ပိတ်လှောင်ထားကြတုန်းက ရန်သူရဲ့ ပရိယာယ်က အင်မတန်မှ ပိရိသေသပ်၊ လုံခြုံစေ့စပ်တာကြောင့် ကလာပ်စည်းက အမှန်တရားကို အစကနေ အဆုံးထိ ဘာမှ မသိလိုက်ရဘူး။ အဲဒီကြောင်းကို ပြောပြတော့ ဘကျော်ရဲ့ စိတ်ခံစားချက်က ယောက်ယက်ခတ်နေတယ်။ ခေါင်းတယမ်းယမ်း လည်တခါခါနဲ့ ကျွန်တော့်ကို ပြောပြနေတယ်။ “အစပိုင်းမှာတော့ အဘတို့လည်း နည်းနည်းတော့ ရိပ်မိသလိုလို ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတော်လေး ထူးဆန်းနေတာကိုး။ ထွက်သွားတာ ဘယ်နှရက်မှ မကြာသေးဘူး။ သူတို့ရဲ့ လုပ်ပုံက ပုံကြီးချဲ့လွန်းရာ ကျနေတယ်။ အဘတို့ကို စားသောက်ဆိုင်မှာ ထမင်းဖိတ်ကျွေးရတာနဲ့၊ နေလစံအိမ်ကို တကူးတက ခေါ်သွားရတာနဲ့။ အဘတို့ကို မယုံမှာ ကြောက်နေကြတဲ့ပုံမျိုး။ နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့မှာ ရဲဘော်ငန်းကြီး (မာလာ) က ရဲဖမ်းတာ ခံလိုက်ရတယ်။ အဲဒီအထဲမှာ ဟာကွက်ကတော့ ရှိတာပါပဲ။ ဒါပေမယ့် ကျားကြီးက လိပ်ကြီးရဲ့ သတင်းတွေကို အတည်ယူပြီး အဲဒီကိစ္စကို သိပ် အလေးမထားတော့ဘူး။ အဲဒါကလည်း ဒုတိယနေ့မှာ လိပ်ကြီးက စံအိမ်သွားတော့ ချိုမာဆီကနေ ဘာ သတိပေးစကားမှ မရခဲ့တာနဲ့လည်း ဆိုင်လိမ့်မယ်။ တကယ်လို့သာ အခြေအနေ ထူးခြားရင် ချိုမာက သူ့ကို တစ်နည်းနည်းနဲ့ အသိပေး အကြောင်းကြားမှာပဲလို့ လိပ်ကြီးက ယူဆထားတာကိုး။ အရင်ကတည်းက အဲဒီအတိုင်း လှုပ်ရှားခဲ့ကြတာလေ။ ချိုမာက အကျယ်ချုပ် ချုပ်ခံထားရလို့ သူ့ကို အချက်မပြရဲခဲ့ဘူး ဆိုတာကိုတော့ သူ မသိရှာဘူး”

လိပ်ကြီးက စားဖိုဆောင်ထဲကနေ ဒုတိယအကြိမ်မြောက် ထွက်လာပြီးတော့ ဘာကြောင့် ခေါင်းပြူပြီး ပြန်ဝင်သွားရတာလဲ။ ဘကျော်က ကျွန်တော်ကို ပြောပြတယ်။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ ချိုမာရဲ့ ရင်ဘတ်မှာ အဖြူရောင်အဖုံးပါတဲ့ ဖောင်တိန်ကို ထိုးစိုက်ထားတာ မြင်လိုက်ရလို့။ အဲဒါ သူတို့အကြားက လျှို့ဝှက်သင်္ကေတပဲ။ တကယ်လို့သာ ချိုမာက အဲဒီဖောင်တိန်ကို ထင်သာမြင်သာ ထုတ်ပြထားရင် လိပ်ကြီးကို အနားမကပ်ဖို့၊ ဝေးဝေးနေဖို့ အချက်ပြတဲ့ သဘော။ အန္တရာယ် ရှိသည်ပေါ့။

ဘကျော်က ပြောတယ်။ “အကြီးမားဆုံး အမှားက အဲဒါပဲပေါ့။ အဲဒီဖောင်တိန် ထုတ်ပြထားတာကို နားလည်မှု လွဲသွားခဲ့တာ။ အဲဒီအချိန် ချိုမာရဲ့ သဘောဆန္ဒက လိပ်ကြီး သူ့ဆီ ချဉ်းကပ်လာရင် ရန်သူရဲ့ အာရုံစိုက်မှုကို ခံသွားရမှာ စိုးရိမ်လို့ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူ့နား မကပ်ဖို့ သတိပေးတာပေါ့။ ဒါပေမယ့် လိပ်ကြီးက အဲဒါကို ဘယ်လို နားလည်လိုက်သလဲ ဆိုတော့ ဘာမှ အခြေအနေ မထူးလို့ သူ့အနား ကပ်ဖို့ မလိုဘူးလို့ ယူဆလိုက်တယ်။ ဒါကြောင့် လိပ်ကြီးက ပြန်ရောက်တော့ ဘာမှ သတင်းမထူးဘူးလို့ အစီရင်ခံလိုက်တယ်။ ကျားကြီးက အဲဒီအခြေအနေတွေ၊ အချက်အလက်တွေပေါ် အခြေခံပြီး သုံးသပ်ဆုံးဖြတ်ခဲ့တာပဲ။ ချိုမာက အပြင်မှာ တကယ်ကို အလုပ်တာဝန်တစ်ခုနဲ့ ရောက်နေတယ်လို့ ယူဆလိုက်တယ်။ ဒါနဲ့ သူ့ကို အရေးမစိုက်တော့ဘူး။ သူ့အလောင်းကို ပြန်သယ်လာတဲ့ အခါကျမှ ပြဿနာတက်သွားခဲ့ပြီ ဆိုတာကို အဘတို့ သိလိုက်ရတာ”

ကျွန်တော် နားမရှင်းဘူး။ “သေတမ်းစာထဲမှာ ရောဂါနဲ့ သေတယ်လို့ ရေးထားတာပဲလေ။ အဘက ပြဿနာတက်ခဲ့ကြောင်း ဘယ်လိုလုပ် ရိပ်မိသွားတာလဲ”

ဘကျော်က ပြောတယ်။ “အရင်ဦးဆုံးအနေနဲ့ ရုတ်တရက် သေသွားတဲ့အချက်က သိသိသာသာ ထူးခြားဆန်းကြယ်နေတယ်။ မူမမှန်ဘူး။ ဘယ်လိုရောဂါမျိုးက လူကို ကောက်ခါငင်ခါ သေသွားစေနိုင်လဲ။ တကယ်လို့သာ အဲဒီလို ကောက်ခါငင်ခါ သေသွားတယ်ပဲ ထားဦး။ ဘယ်လိုလုပ်ပြီး သေတမ်းစာတစ်စောင် ချန်ထားနိုင်ခဲ့ရတာလဲ။ ပြီးတော့ ရှိသေးတယ်။ သူက စာကို ခင်ပွန်းသည် ကိုမင်းလို့ ခေါင်းတပ်ထားတယ်။ ဒါ မူမမှန်ဘူး။ အဘတို့ရဲ့ အများအမြင် ဆက်ဆံရေးအရ သူ အဘကို ခေါ်မယ်ဆိုရင် နာမည်ကိုပဲ တိုက်ရိုက်ခေါ်ရမှာပေါ့။ ဘာကြောင့် ခင်ပွန်းသည်တွေ ဘာတွေ ထည့်ရေးနေစရာ လိုဦးမလဲ။ နောက်ပြီး … ဒါက အရေးအကြီးဆုံး အချက်ပဲ။ သူ့စာထဲမှာ ‘ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ရင်း သေခဲ့ရတဲ့အတွက် ချိုမာ သေရကျိုးနပ်ပါတယ်’ လို့ တကူးတကန့် ထည့်ရေးထားတယ်။ ဒါက အင်မတန်မှ ထူးခြားတဲ့အချက်ပဲ။ တကယ်လို့သာ ဂျပန်ငပုအတွက် အလုပ်လုပ်ပေးရင်း သေသွားခဲ့ရတယ် ဆိုရင် ဘယ့်နှယ်လုပ်ပြီး သေရကျိုး နပ်ပါဦးမလဲ။ ကလေးတွေက ဒီလောက် ငယ်နေသေးတာ။ တိုင်းပြည်ကလည်း ကျွန်ဘဝကနေ မလွတ်မြောက်သေးဘူး။ သူ့အဖို့တော့ အသေမဖြောင့်ဘူးလို့ပဲ ဖြစ်သင့်တာပေါ့။ အဲဒီစာကြောင်းက အဘကို သတိပေးလိုက်တာပဲ။ သူ့ကိုယ်ပေါ်မှာ သတင်းတစ်ခုခု ပါလိမ့်မယ်လို့ အဘ အတွေးဝင်လာခဲ့တယ်။ အဲဒါမှ သူ့အဖို့ သေရကျိုးနပ်တော့မှာ မဟုတ်လား”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *