လိပ်ကြီးသာ ရောက်လာခဲ့မယ် ဆိုရင် နောက်ဆက်တွဲ အဖြစ်အပျက်တွေ ဖြစ်လာနိုင်စရာ မရှိတော့ဘူး။
စိတ်မကောင်းပါဘူး။ လိပ်ကြီး ရောက်မလာခဲ့ဘူး။ တကယ်ကို ရောက်မလာခဲ့ဘူး။ နာရီရဲ့ လက်တံတွေက မနက်ကနေ နေ့လယ်ကို ကူးပြောင်းရွေ့လျားသွားတယ်။ ပြီးတော့ ညနေကို ရောက်သွားပြန်တယ်။ ရင်နဲ့အမျှ မျှော်လင့်တောင့်တနေတဲ့ ချိုမာခမျာ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ စိုးရိမ်ကြောင့်ကြလာတယ်။ အဲဒီ ကြောင့်ကြမှုတွေကလည်း တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ အမှန်တရားအဖြစ် ပြောင်းလဲလာတယ်။ သူ့အဖို့ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေရတယ်။ ဒီလောက်တောင် အရေးကြီးနေတဲ့ အခါသမယမျိုးမှာ လိပ်ကြီးက သူ့ကို တစ်နေကုန်လုံး လာတွေ့ဖော်တောင် မရပါလားပေါ့။
(အသံသွင်းမှတ်တမ်း)
အင်း၊ သူကတော့ ဘယ်သိရှာမလဲ။ လိပ်ကြီးနဲ့ ငကျော်တို့က ဟိဟာရရဲ့ လှည့်ကွက်ထဲမှာ ကွိကနဲ မိနေကြပြီ။ မချိုမာက အလုပ်တာဝန်နဲ့ နေလစံအိမ်ထဲ ရောက်နေတယ်လို့ သူတို့ ယုံသွားကြပြီကိုး။ ငါ နောက်တော့ လိပ်ကြီးနဲ့ တစ်ခါ တွေ့ဖြစ်ခဲ့သေးတယ်။ အဲဒီအချိန်မှာ ဦးဟန်ထွန်းက သူ့ကို ဖမ်းထားလိုက်ပြီ။ အချုပ်ခန်းထဲမှာ ဖမ်းထားတာ ဆိုတော့ ငါ သူ့ကို ခိုးတွေ့ခဲ့ရတာပေါ့။ သူ့ကို ကယ်ထုတ်ဖို့တောင် စိတ်ကူးထားခဲ့သေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူ့ခြေထောက်နှစ်ချောင်းက ရိုက်ချိုးခံထားရပြီမို့ ပြေးချင်လို့တောင် ပြေးလို့ မရတော့ဘူး။ နောက်ဆုံးတော့ သူက နှိပ်စက်တာတွေကို မခံနိုင်တော့လို့ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်။ အဲဒီတစ်ကြိမ် တွေ့ဖြစ်ကြတုန်းက သူ ငါ့ကို အတော်များများ ပြောပြခဲ့တယ်။ ငါက သူတို့ရဲ့ ရဲဘော်ဖြစ်မယ်လို့ သူက ယူဆထားတာ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးမှာ ငါကိုယ်တိုင် သတင်းကို လိပ်ကြီးရဲ့ လက်ထဲ ထည့်ပေးခဲ့လို့ပဲ။ အဲဒီအကြောင်းကို နောက်ပိုင်းကျမှ အသေးစိတ် ထပ်ပြောတာပေါ့။
စောစောက စကားကို ပြန်ဆက်ရရင် အဲဒီနေ့က လိပ်ကြီးက ငါ့ကို ပြောပြတယ်။ တကယ်လို့သာ အဲဒီနေ့က ရာသီဥတုကောင်းမယ်ဆိုရင် သူ ခြံထဲကို နောက်တစ်ကြိမ် ထပ်လာဖြစ်လိမ့်မယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီနေ့ မနက်ခင်းက မိုးရွာနေတယ်။ ဒီလို မိုးထဲလေထဲမှာတောင် ခြံကို အရောက်လာတယ်ဆိုရင် မသင်္ကာစရာ ဖြစ်သွားမှာမို့ သူ မသွားဖို့ ဆုံးဖြတ်ခဲ့တာ။ သူတို့တွေ့ဆုံပွဲကလည်း စတော့မှာမို့ အားလုံးက ဘာလုပ်လုပ် သတိဝီရိယနဲ့ လုပ်နေကြရတဲ့အချိန် မဟုတ်လား။ ဒါကြောင့် လက်လွတ်စပယ် ဘာမှ လုပ်လို့ မဖြစ်ဘူးလေ။ နေ့ခင်းပိုင်းရောက်တော့ မိုးတိတ်သွားတယ်။ ရုံးဝင်းထဲမှာ သစ်ရွက်တွေ အမှိုက်တွေနဲ့ ရှုပ်ပွခတ်နေတာကြောင့် သူ့တာဝန်အရ ရုံးထဲက ထွက်လို့ မရပြန်တော့ဘူး။ တကယ်လို့သာ မချိုမာက သူ့ကို သတင်းပေးစရာ ရှိမှန်း အသေအချာ သိနေတယ်ဆိုရင်တော့ သူ မဖြစ်မနေ အချိန်လုပြီး သွားဖြစ်ခဲ့မှာ သေချာတယ်။ ခက်တာက သိမှ သိမနေဘဲဥစ္စာ။ ဘယ်သူမှ မသိကြဘူးလေ။ ငါ့အဖေတောင် မသိဘူး။ အဲဒီတုန်းက ငါ အကျယ်ချုပ် မိနေတယ်ဆိုတာကို သူတောင် မသိခဲ့ဘူး။ ကံလို့ပဲ ဆိုရတော့မှာပေါ့။ မိုးတစ်ဖြိုက်က လူတစ်ယောက်ရဲ့ ကံကြမ္မာကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် ဖန်တီးပစ်လိုက်တယ်။ အင်း … ငါတို့အလုပ်က တစ်ခါတလေကျတော့ အဲဒီလိုပဲ။ ကံသာအမိ၊ ကံသာအဖ ဆိုသလို ကံထားရာနေ၊ ကံချရာ ကပြတဲ့ ဘဝမျိုး။
***
ချိုမာရဲ့ လည်ပင်းက သစ်ကုလားအုပ်တစ်ကောင်လို ရှည်ထွက်နေပြီ။ သူ့ရဲ့ သည်းခံနိုင်စွမ်းနဲ့ မျှော်လင့်စောင့်စားနိုင်မှုက မိုးရွာပြီးစ ဖြာကျနေတဲ့ နေရောင်ခြည်အောက်က ရေခိုးရေငွေ့တွေလို တဖြည်းဖြည်း အငွေ့ပျံပြီး ပျက်ပြယ်စ ပြုနေကြပြီ။ ညနေ ၄ နာရီကျော်သွားတဲ့ အခါမှာတော့ ပျံစရာ အငွေ့တောင် သိပ်မကျန်ချင်တော့ဘူး။ ၅ နာရီခွဲအချိန်မှာ လိပ်ကြီးက တစ်အိမ်တက် တစ်အိမ်ဆင်းပြီး အမှိုက်တွေ လိုက်သိမ်းတတ်တာကို သူ သိထားတယ်။ အဲဒီအချိန်ရောက်တာတောင်မှ သူ ပေါ်မလာသေးပုံထောက်တော့ သူ လာမှာ မဟုတ်တော့ဘူး ဆိုတာ သေချာသွားပြီ။ တွေ့ဆုံပွဲက မနက်ဖြန်ညမှာ လုပ်မှာ မဟုတ်လား။ ဆိုတော့ ချိုမာအဖို့ အချိန်အများကြီး မကျန်တော့ဘူး။ သူ တွက်ဆကြည့်တယ်။ အနိမ့်ဆုံး မနက်ဖြန်ညနေ မတိုင်ခင်မှာ သတင်းကို အပြင်ခိုးထုတ်နိုင်မှ ဖြစ်လိမ့်မယ်။ ဒါပေမယ့် လိပ်ကြီးမရှိရင် … သူ ရောက်မလာရင် … အခုထိမှ ရောက်မလာသေးရင် … သတင်းကို ဘယ်ပုံဘယ်နည်းနဲ့ ခိုးထုတ်ရပါ့မလဲ။
အဲဒီကိစ္စအတွက် ချိုမာတစ်ယောက် အသည်းအသန် ဦးနှောက်ခြောက်နေတယ်။ စိတ်ပင်ပန်းနေတယ်။ ခေါင်းပေါက်လုမတတ် အကြံထုတ်နေတယ်။ သူက သူကိုယ့်သူ မနားတမ်း မေးခွန်းထုတ်နေမိတယ်။ ငါ့ရဲ့အသံကို ငါ့ရဲဘော်တွေ ကြားရအောင် ငါ ဘယ်လို လုပ်ရပါ့မလဲ။ ဝေဝါးနေတဲ့ သူ့မျက်လုံးအိမ်ထဲမှာ ရဲဘော်တွေရဲ့ မျက်နှာတွေကို ပြန်မြင်ယောင်လာမိတယ်။ တစ်ခါတလေ လိပ်ကြီး၊ တစ်ခါတလေ ငန်းကြီး (မာလာ)၊ တစ်ခါတလေ အစ်ကို (ဘကျော်)။ တစ်ခါသားမှာ ကျားကြီးကိုတောင် သူ မြင်ယောင်လာမိတယ်။ တကယ်တော့ အတိအကျပြောရရင် သူ ကျားကြီးကို တစ်ခါလေးမှ မမြင်ဖူးဘူး။ တစ်ကြိမ်တစ်ခါတော့ ဆုံတွေ့ဖူးတယ်လို့ ပြောလို့ရပေမယ့် အဝေးကနေ မြင်လိုက်ရတဲ့ မျက်နှာတစ်ခြမ်းလောက်ပဲ။ ပြီးတော့ အဲဒီလို မြင်လိုက်တဲ့ အချိန်တုန်းကလည်း သူက သတိမလည်တစ်ချက် လည်တစ်ချက်ရယ်။ ဒီတော့ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူးလို့ပဲ ဆိုရတော့မှာပေါ့။ အစ်ကိုက သူ့ကို မြင်ဖူးတယ်။ နောက်ကျောဘက်ကနေ ကြည့်ရင် မိန်းမတစ်ယောက်နဲ့ တူတယ်လို့ ပြောပြခဲ့ဖူးတယ်။ ခါးက တိမ်တိမ်၊ ခြေဆန်လက်ဆန် ရှည်ရှည်မို့ ဆရာဝန်တစ်ယောက်နဲ့ တူတယ်။ အဲဒီလို ပုံပန်းသဏ္ဌာန်နဲ့ နွဲ့နှောင်းနှောင်း လူတစ်ယောက်ကို သွေးအလူးလူးနဲ့ မြင်မကောင်း ရှုမကောင်းအောင် သေနေတဲ့လူအဖြစ် မှန်းဆကြည့်ဖို့ရာ သူ့အဖို့ လွယ်လှတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အစ်ကိုက သူ့ကို ဂုဏ်ယူစွာနဲ့ ပြောပြခဲ့ဖူးတယ်။ ဒီနေ့ဒီအချိန်အထိ သူ့ (ကျားကြီး) လောက် ဂျပန်အလိုတော်ရိတွေ၊ လောက်ကောင်တွေကို သတ်ခဲ့ဖူးတဲ့သူ မရှိဘူးတဲ့။ အောက်ထစ်ဆုံး အယောက်တစ်ရာအောက် မနည်းတာ သေချာတယ်။ အဲဒီဂဏန်းပမာဏကို ကြားရတော့ သူ့ကို အထင်မကြီးဘဲ မနေနိုင်ခဲ့ဘူး။ သူနဲ့ ကလာပ်စည်းတစ်ခုတည်းမှာ အလုပ်လုပ်နေရတဲ့အတွက်တောင် အချောင်နေရင်း ဂုဏ်ယူမိနေသေးတယ်။ အခုတော့ … သူသာ သတင်းကို အချိန်မီ ထုတ်မပေးနိုင်ခဲ့ရင် အဲဒီလူ၊ ပြီးတော့ သူ့ထက် အများကြီး ပိုအရေးပါတဲ့လူ (ဖိုးစီ) ပါ ဂျပန်ငပုတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတော့မယ်။
အဲဒီအချက်က သူ့ကို စိုးထိတ်ကြောက်ရွံ့စေတာ အမှန်ပဲ။
ကြောက်ရွံ့စိတ်က အဖျားတက်နေတဲ့ လူနာတစ်ယောက်လို ရင်ဝကနေ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတယ်။ ခြေဖျားလက်ဖျားတွေအထိ ရောက်ရှိသွားပြီး ချိုမာကို နွမ်းလျပျော့ခွေသွားအောင် ဖန်တီးနေတယ်။ နှလုံးက စိန်ဗေဒါရဲ့ လက်သံလို ဘုန်းကနဲ ဒုန်းကနဲ ရင်ဝကနေ အပြင်ကို ခုန်ထွက်တော့မယ့်အလား တွန်းကန်လှုပ်ရှားနေတယ်။ ခေါင်းထဲ ဦးနှောက်ထဲမှာတော့ ဘာမှ ရှာမရအောင် ဗလာကျင်းလို့။ သူ့အဖို့ မြေအောက်တော်လှန်ရေးသမားအဖြစ် တာဝန်ထမ်းဆောင်ရစဉ်ကတည်းက တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ခံစားချက်မျိုးပဲ။ စိုးထိတ်မှုနဲ့ ခိုကိုးရာမဲ့မှုက သူ့ကို ကြိုးတစ်ချောင်းလို တင်းတင်းကျပ်ကျပ် ရစ်ပတ်တုပ်နှောင်ထားပြီး သူ့ကို ဒုက္ခိတတစ်ယောက် ဖြစ်အောင် ဖန်တီးထားတယ်။ ကိုယ့်ရဲဘော်တွေနဲ့ ဘယ်လိုနည်းနဲ့မှ အဆက်အသွယ် လုပ်မရဘဲ ခုတင်ပေါ်မှာ အရှက်မရှိ လှဲနေရုံသာ တတ်နိုင်တော့တယ်။ အင်မတန် ထူးဆန်းတဲ့ အတွေးတစ်ခုက သူ့ကို ခုတင်ပေါ်ကနေ ဆွဲထူလိုက်တာကြောင့် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ ခုတင်ပေါ်မှာ လှဲနေရုံကလွဲလို့ ခုတင်အောက်ဆင်းပြီး လမ်းလျှောက်လို့ ရနေသေးတယ်လို့ သက်သေပြနေတဲ့အတိုင်းပဲ။
အိပ်ခန်းက ခုတင်လိုပဲ အင်မတန်မှ ခမ်းနားတယ်။ အင်မတန်မှ ကြီးကျယ်တယ်။ ကြီးကျယ်လိုက်တာမှ အဆုံးထိရောက်အောင် လျှောက်နိုင်ပါ့မလားလို့ သူ့ကိုယ်သူတောင် ယုံကြည်မှု မရှိချင်တော့ဘူး။ သူ အတော်ကို ပျော့ခွေနေပြီ။ နေ့စဉ်ရက်ဆက် တောင့်ခံလာခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးက အခုတော့ နေ့ပြန်တိုးနဲ့ အတိုးရော အရင်းပါ ပြန်တောင်းနေတဲ့အလား သူ့ကို အလုံးအရင်းနဲ့ တိုက်ခိုက်နေကြတယ်။ သူ့ရဲ့ ဒူးအစုံက ညွတ်ကနဲ ခွေကျသွားပြီး ကြမ်းပြင်ပေါ် ဒုတ်ကနဲ ဒူးထောက်လျက်သား ပုံကျသွားတယ်။ အရှက်တကွဲ အကျိုးနည်းတဲ့ အဖြစ်အပျက်ကြီးကို ရင်ဆိုင်နေရသလို ဒူးထောက်လျက်နဲ့ မျက်ရည်တွေက တဒီးဒီး ကျဆင်းလာကြတယ်။
သူ ငိုနေပြီ။ အေးစက်နေတဲ့ သူ့ရဲ့ ဒူးခေါင်းနှစ်လုံးကို ပိုက်ပြီး စွန့်ပစ်ခံ ကလေးငယ်တစ်ယောက်လို တအိအိနဲ့ ငိုကျွေးနေရှာတယ်။
(အသံသွင်းမှတ်တမ်း)
သူ ငိုနေလိုက်ပုံက အတော်ကြီးကို မာန်ပါတယ် ပြောရမယ်။ အကြမ်းဖက်ခံထားရတဲ့ မိန်းမပျိုတစ်ယောက်လိုပဲ။ သူ့ငိုသံကြောင့် တိုက်ထဲမှာ ရှိတဲ့ လူတွေတောင် မနေတတ် မထိုင်တတ်တွေ ဖြစ်ကုန်ကြရော။ ငါ့အထင်တော့ သူက အစပိုင်းမှာ တကယ်ငိုနေခဲ့တာ ဖြစ်နိုင်တယ်။ နောက်တော့ ဟန်ဆောင်ပန်ဆောင် ဆက်ငိုတယ်။ အားရပါးရကို ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ငိုပြီး လူအားလုံးကို သူ့ဆီ ရောက်လာအောင် ဆွဲခေါ်လိုက်တယ်။ ဒါနဲ့ အားလုံး သူ့ဆီ ရောက်သွားကြတယ်။ ငါလည်း ရောက်သွားတယ်။ သူ့ရဲ့ အကြံက ငါ့ကို တွေ့ချင်တာ။ တွေ့ကို တွေ့မှ ဖြစ်မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကို သူ့အစား လုပ်ခိုင်းစရာ ရှိလို့ပေါ့။
အဦးဆုံး ဝင်သွားတဲ့သူက ဗိုလ်လေးထွန်းမြင့်၊ နောက်တော့ ဦးဟန်ထွန်း။ သူတို့က သူတို့အလုပ် သူတို့ လုပ်ကြတာပဲ။ အဓိကကတော့ သူ့ကို ချော့ကြတာပေါ့။ နောက်ရောက်တဲ့သူက တပ်ကြပ်ကြီးမျိုးဇော်၊ သူက ပွဲကြည့်ပရိသတ်။ ငါက နောက်ဆုံးကျမှ ရောက်သွားတာ။ အမှန်အတိုင်းပြောရရင် ငါ အထဲကို ဝင်မသွားချင်ဘူး။ သူနဲ့ တွေ့ရမှာ ကြောက်နေတယ်။ ငါ့စိတ်ထဲမှာ အလိုလို သိနေတယ်လေ။ သူ ငါ့ကို တစ်ခုခု လုပ်ခိုင်းတော့မယ် ဆိုတာ။
ထင်တဲ့အတိုင်းပါပဲ။ ငါလည်း အထဲဝင်သွားရော သူက ငါ့ဆီ ပြေးဝင်လာပြီး ငါ့ကို ဖက်ထားတော့တယ်။ မနက်ကလိုပဲ မျက်ရည်လည်ရွှဲနဲ့ ငိုယိုနေရင်းက သူ့ကို မတရား စွပ်စွဲပါတယ်ဆိုပြီး မြည်တမ်းတိုင်တည်လိုက်၊ ဗိုလ်ကြီးအောင်သူကို ဆဲလိုက် လုပ်နေတယ်။ ဆဲရင်းဆဲရင်းနဲ့ သူက ဟိဟာရရယ်၊ တပ်ကြပ်ကြီးမျိုးဇော်ရယ်၊ ဗိုလ်လေးထွန်းမြင့်ရယ်၊ ဦးဟန်ထွန်းရယ် စတဲ့ လူအကုန်လုံးကို တစ်ယောက်မှ မကျန်ရအောင် အကုန်လုံးကို ပတ်ဆဲသွားတယ်။ ဟိဟာရကို ဆဲဆိုနေတာ၊ သူတို့ကို ဆဲဆိုနေတာ ကြားရတော့ သူတို့လည်း နားမခံနိုင်လို့ လှည့်ထွက်သွားကြရော။ အဲဒါ သူ့အကွက်ထဲ ဝင်သွားတာပေါ့။ သူတို့ကို ပတ်ဆဲနေရတဲ့ အကြောင်းအရင်းက သူတို့ကို ရှဲသွားစေချင်လို့ပဲလေ။ သူတို့ ထွက်သွားမှသာ သူက ငါ့ကို ပြောစရာရှိတာ ပြောနိုင်မှာ မဟုတ်လား။
ဘာကိစ္စလဲ။ ပန်းချီဆွဲဖို့ စက္ကူနဲ့ စုတ်တံကို ငါ့ကို ရှာခိုင်းမလို့။ သူက အဆက်မပြတ် ငိုရင်း ဆဲရင်းနဲ့ အလစ်မှာ သူ့ရဲ့ အတွေးအကြံကို ငါ့ကို တိုးတိုးတိတ်တိတ် ပြောပြနေတယ်။ အဲဒါတွေကို ဘယ်ကနေ ရှာပေးရပါ့မလဲ။ ငါမှ မသိတာပဲ။ သူက ပြောတယ်။ အရာရှိရိပ်သာမှာ ရှိကိုရှိရမယ်တဲ့။ ညစာ သွားစားတဲ့အချိန်ကျရင် သူ့အတွက် ရှာခဲ့ပေးပါလို့ အတင်း တောင်းဆိုနေတယ်။ ငါက ကြိုးစားကြည့်ပါမယ်လို့ ပြောလိုက်ရတာပေါ့။ မဖြစ်ဖြစ်အောင် ရှာခဲ့ပေးပါလို့ သူက ထပ်ပြောတယ်။ နောက်ဆုံး လုံးဝ မလွယ်ဘူးဆိုရင်တော့ အရွယ်နည်းနည်းကြီးတဲ့ စက္ကူဖြူတစ်ရွက်နဲ့ ခဲတံတစ်ချောင်းကို ရှာလာပေးရင်လည်း ရပါတယ်တဲ့။ အဲဒါတွေကို ဘာလုပ်ဖို့လဲလို့ ငါ သူ့ကို မေးကြည့်တယ်။ သူက ပုံတစ်ပုံဆွဲပြီး အဲဒီပုံနဲ့ သတင်းကို ရအောင် ထုတ်မလို့လို့ ပြောတယ်။
ထင်မထားဘူး မဟုတ်လား။ အဲဒီလို အခြေအနေမျိုးမှာတောင် … တံခါးအပြင်ကို ထွက်ခွင့် မရှိဘူး၊ ဖုန်းဆက်ခွင့် မရဘူး၊ ဘယ်နေရာကြည့်ကြည့် လူအားလုံးက သူ့ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတာတောင် သူက စိတ်မလျှော့သေးဘူး။ သတင်းကို ခိုးထုတ်ဖို့ အကြံထုတ်နေတုန်းပဲ။ ပုံတစ်ပုံဆွဲပြီး သတင်းကို ခိုးထုတ်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ ငါ ထင်တယ်။ ဒီနည်းလမ်းကြီးက အင်မတန်မှ ရိုးလွန်းနေတယ်။ သူ့ကို စိတ်ကူးယဉ်မနေနဲ့၊ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ငါ ပြောပစ်လိုက်တယ်။ သူက သူ့အကြံနဲ့သူ ရှိထားပြီးသားမို့ ငါ့ကို ပုံဆွဲစက္ကူနဲ့ ခဲတံတစ်ချောင်းလောက် ရှာလာခဲ့ပေးပါလို့ ပြောနေပြန်တယ်။ သူကတော့ သူ့ဟာသူ ယုံကြည်ချက်အပြည့် ရှိတယ်ဆိုပဲ။ သူ ဘယ်လောက်များ စွမ်းသလဲလို့ သိချင်တာနဲ့ သူ့ကို ကူညီပေးဖို့ ငါ သဘောတူလိုက်တယ်။
***
ကံကောင်းချင်တော့ မြသန္တာ အခန်းပြန်ရောက်ပြီး ဟိုမွှေလိုက် ဒီမွှေလိုက်နဲ့ လျှောက်ရှာကြည့်လိုက်တဲ့အခါ ဗီဒိုထဲက ဂွမ်းစောင်ခေါက်အောက်မှာ စက္ကူဖြူ အကြီးကြီးတစ်ရွက်ကို ရှာတွေ့သွားတယ်။ တကယ်တော့ စက္ကူဖြူလို့ ခေါ်ဖို့ မသင့်ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပြက္ခဒိန်အဟောင်းတစ်ခုရဲ့ မျက်နှာဖုံးလို့ ပြောရင် ပိုမှန်လိမ့်မယ်။ ဒါပေမယ့် ကျော့ဘက်က အဖြူ၊ စွန်းရာထင်းရာ တစ်စက်ကလေးတောင် ရှိမနေဘူး။ မြသန္တာက ယူသွားပြီး ချိုမာကို ပြကြည့်တယ်။ အဆင်ပြေတယ်တဲ့။ စုတ်တံဘာညာကတော့ မလိုတော့ဘူး။ ပြက္ခဒိန်အဖုံးက ပြောင်ချောဆိုတော့ စုတ်တံ၊ ဒါမှမဟုတ် ခဲတံနဲ့ ဆွဲရင် သိပ် အဆင်မပြေလှဘူး။ ချိုမာမှာ ဖောင်တိန် ရှိပြီးသားဆိုတော့ ဖောင်တိန်နဲ့ ဆွဲမှ ပိုကောင်းလိမ့်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ နောက်တော့ သူက ဖောင်တိန်နဲ့ အဲဒီပန်းချီကားကို ရေးဆွဲလိုက်တယ်။
အဲဒီနေရာရောက်တော့ ကျွန်တော့်စိတ်ထဲ မရိုးမရွ ဖြစ်လာတယ်။ ဒီလိုဆိုတော့ ဘကျော်ရဲ့အိမ်မှာ ရှိတဲ့ ပန်းချီကားကို အတုလို့ ပြောလိုက်သလို ဖြစ်မနေဘူးလား။ ကျွန်တော် ချက်ချင်းဆိုသလိုပဲ ကွန်ပျူတာထဲကနေ အဲဒီပန်းချီကားရဲ့ ဓာတ်ပုံကို ရှာထုတ်ပြီး အဖွားအိုကို မေးလိုက်တယ်။ “ဒါဆို ဒါက ဒေါ်ချိုမာ ဆွဲတာ မဟုတ်ဘူးပေါ့”
“ဘယ်ဟုတ်မလဲ” အဖွားအိုက စိုးစဉ်းမှ တုံ့ဆိုင်းတွေဝေမနေဘူး။ “မင်းက လူလိမ်နဲ့ တွေ့ခဲ့ရတာပဲ။ အဲဒီငကျော်ဆိုတဲ့ မသာကြီးက တကယ့်လူလိမ်ကြီး။ မင်းရဲ့ စာမူထဲမှာ ရေးထားတယ်။ မချိုမာက ဗိုလ်မှူးစောလှရဲ့ သမီးပိုင်တဲ့ စက္ကူနဲ့ စုတ်တံကို သုံးပြီး ပန်းချီဆွဲထားတယ်တဲ့။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ မင်း နည်းနည်းလေးမှ စဉ်းစားမကြည့်ဘူးလား။ ဗိုလ်မှူးစောလှ အသတ်ခံရပြီးတဲ့နောက်မှာ အဲဒီတိုက်ရဲ့ အတွင်းရော အပြင်ကိုပါ နေရာအနှံ့ ပြန်ပြင်ဆင်ထားခဲ့တာ။ ဘယ့်နှယ်လုပ်ပြီး ပုံဆွဲစက္ကူနဲ့ စုတ်တံတွေက ကျန်နေနိုင်ပါဦးမလဲ။ အစောကြီးကတည်းက ရှင်းပစ်လိုက်ရောပေါ့။ ငါ အဲဒီတိုက်ထဲမှာ နေခဲ့ဖူးတာ မသိဘဲ နေပါ့မလား။ သူက ဘာသိတာလိုက်လို့”
“ဒါဆို …” ကျွန်တော်က ကွန်ပျူတာကို စိုက်ကြည့်နေရင်း ရူးကြောင်မူးကြောင်နဲ့ မေးလိုက်မိတယ်။ “အဲဒါ ဘယ်သူ ဆွဲထားတာလဲ”
“ဘုရားသခင်ပဲ သိလိမ့်မယ်။ အဲဒီငနဲကြီးက တစ်ယောက်ယောက်ကို ငှားပြီး ဆွဲခိုင်းထားတာပဲ ဖြစ်တော့မှာပေါ့။ သေချာတာကတော့ ငါ အဲဒီဟာကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး”
သူက ဓာတ်ပုံကို စိတ်ပါလက်ပါ စိုက်ကြည့်နေပြီး ကျွန်တော်ကို စိတ်လိုလက်ရ ရှင်းပြနေတယ်။ “ကြည့် … အတုကြီးမှန်း သိပ်သိသာတာပဲ။ ဒီမြက်ပင်တွေရဲ့ အတိုအရှည်နဲ့ တစ်ပင်ချင်းရဲ့ အကွာအဝေးက အကုန်လုံး မတိမ်းမယိမ်း ဆင်တူနေတယ်။ အဲဒီလောက် သိသာ၊ ထူးခြားနေမှတော့ ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားနိုင်တော့မှာလဲ။ ဟာသပဲ။ မချိုမာ ဆွဲတဲ့ ပန်းချီကားကို ငါ မြင်ဖူးတယ်။ ဒီထက်တော့ အများကြီး ပိုပြီး သဘာဝကျတယ်။ ဝမ်းနည်းစရာ ကောင်းတာက အဲဒီပုံကို ယူမထားလိုက်ရဘူး။ ဟိဟာရက အဲဒါကို သိမ်းသွားတယ်”
ဒါပေမယ့် ဟိဟာရက အဖွားအိုရဲ့ မှတ်ဉာဏ်ကိုတော့ ဘယ်သို့မှ သိမ်းဆည်းမသွားနိုင်ခဲ့ဘူး။ သူက ကွန်ပျူတာပေါ်က ဓာတ်ပုံကို လက်ညှိုးတထိုးထိုးနဲ့ ဘယ်နားက ဘယ်လို ကွဲပြားခြားနားနေတယ် ဆိုတာကို အချက်အလက် အသေးအမွှားပါ မကျန် တစ်ခုချင်းစီ ထောက်ပြနေတယ်။ သာမန်အားဖြင့် မမြင်သာတဲ့ အနုစိတ်ကလေးတွေကိုတောင် သူက ဋီကာချဲ့ပြီး ဌာန်နဲ့ မာန်နဲ့ ရှင်းပြနေလေရဲ့။ အဲဒီပန်းချီကားက သူ့နှလုံးသားထဲမှာ ကျောက်ထက်အက္ခရာ တင်ထားတဲ့အတိုင်းပဲ။ အဲဒီအတောအတွင်းမှာ အန်တီမူးရာက ကျွန်တော်ကို အဆက်မပြတ် မျက်စပစ်နေခဲ့တယ်။ လက်ဟန်ခြေဟန် ပြနေခဲ့တယ်။ အချိန်ပြည့်ပြီ ဖြစ်ကြောင်း ကျွန်တော့်ကို သတိပေးနေခဲ့တယ်။