Show contents

(စ)

တကယ်ပဲ။ ဟိဟာရရဲ့စကားက မှန်နေတယ်။ ချိုမာက အဆိပ်သောက်ပြီး သတ်သေသွားခဲ့တာ။ အဲဒီအချက်ကို သူ့ရဲ့ သေတမ်းစာထဲမှာ အမှန်အတိုင်း ထည့်ရေးသွားတယ်။

ချိုမာ ချန်ထားခဲ့တဲ့ သေတမ်းစာက သုံးစောင်တောင်။ တစ်စောင်က ဗိုလ်မှူးအတွက်၊ တစ်စောင်က ဟိဟာရအတွက်၊ ကျန်တဲ့တစ်စောင်ကတော့ ချင်းစိမ်းနဲ့ မိဿလင် ဖြစ်နေတဲ့ သူ့ခင်ပွန်းအတွက်ပဲ။ သေတမ်းစာတွေ အားလုံးကို မှတ်စုစာအုပ်ပေါ်ကနေ ဖြဲစုတ်ထားတဲ့ စာရွက်သုံးရွက်ပေါ်မှာ ရေးထားတယ်။ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းပဲ။

လေးစားအပ်ပါသော ဗိုလ်မှူးရှင့် —

လွန်ခဲ့တဲ့နှစ်နှစ် ကျွန်မ ဒီကြေးနန်းဝှက်စာဌာနရဲ့ ဌာနခွဲမှူးအဖြစ် တာဝန်လက်ခံစဉ်တုန်းက ဗျူရိုက ကျွန်မကို ဒီအဆိပ်လုံးလေးတစ်လုံး ပေးခဲ့တယ်။ ကျွန်မ အဲဒီတုန်းကတည်းက ကောင်းကောင်း သဘောပေါက်နားလည်ခဲ့ပြီးသားပါ။ တကယ်လို့ ကျွန်မလက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ လျှို့ဝှက်ချက်ဟာ အန္တရာယ်တစ်စုံတစ်ရာနဲ့ ကြုံတွေ့နေရပြီဆိုရင် ကျွန်မအနေနဲ့ တစ်ချက်ကလေး တွန့်ဆုတ်မနေဘဲ ဒီအဆိပ်လုံးကို မျိုချပြီး လျှို့ဝှက်ချက်ကိုပါ တစ်ပါတည်း လက်စဖျောက်ပစ်ရမယ်လေ။ ဒီနေ့ ကျွန်မ ဒီအဆိပ်လုံးကို မျိုလိုက်ရတဲ့ အကြောင်းအရင်းက လျှို့ဝှက်ချက်တွေ အန္တရာယ်ကြုံတွေ့နေရလို့ မဟုတ်ပါဘူး။ သို့ပေမယ့် နိပွန်းတပ်မတော်အပေါ်နဲ့ ဗိုလ်မှူးအပေါ် ထားတဲ့ ကျွန်မရဲ့ သစ္စာစောင့်သိမှုကို လွန်လွန်ကျူးကျူးကြီး အစော်ကားခံနေရတယ်။ မာစတာက ကျွန်မကို သူပုန်ပါ၊ သူလျှိုပါ၊ မြွေပွေးပါလို့ မညှာမတာ သံသယဝင်နေတယ်။ စွပ်စွဲနေတယ်။ ကျွန်မကို ခွေးလေခွေးလွင့် တစ်ကောင်အလား ဆက်ဆံနေတယ်။ ကျွန်မ ရင်ထဲ နင့်နေအောင် ခံစားရတယ်။ လူ့လောကကြီးက မေတ္တာတရား ခေါင်ပါးကြပါလားလို့လည်း စိတ်နာမိတယ်။ ကျွန်တစ်ယောက်ရဲ့ဘဝက သူတို့အမြင်မှာ တစ်ပြားမှ တန်ကြေးမရှိပါလားလို့ စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်မအကြောင်းကို ဗိုလ်မှူး ကောင်းကောင်း သိပါတယ်။ ကျွန်မ အသက်ရှင်စဉ်တုန်းက ဘယ်တုန်း ဘယ်အခါကများ ကိုယ်ကျိုးအတွက် ကြည့်ခဲ့ဖူးလို့လဲ။ တိုင်းပြည်အတွက် အလုပ်အကျွေးပြုမယ် ဆိုတဲ့ စိတ်ပဲ ရှိတာ ဗိုလ်မှူးအသိပါ။ ဗိုလ်မှူးအပေါ် သစ္စာရှိတဲ့နေရာမှာလည်း ကျွန်မထက်သာတဲ့လူ ရှိနိုင်ဦးမှာတဲ့လား။ အခက်အခဲ ရှိလာရင် အသက်ပေးပြီး ကျေးဇူးဆပ်သွားဖို့ အမြဲ ရင်ဝယ်ပိုက်ထားသူပါ။ အရင်က အဲဒီအတိုင်းပဲ။ အခုလည်း အဲဒီအတိုင်းပါပဲ။

မင်းခယောက်ျား၊ ကမ်းနားသစ်ပင်တဲ့။ အဲဒီသဘောတရားကို ဗိုလ်မှူးက ကျွန်မထက် ပိုသိမှာပါ။ လူ့သဘောလူ့မနော ဆိုတာ မှန်းဆရခက်တယ် မဟုတ်လား။ ဘုရားသခင်မှပဲ ကုန်စင်အောင် သိနိုင်လိမ့်မယ်။ မာစတာက ကျွန်မကိုချည်း အမဲကြီးမဲနေတော့ သူ့စိတ်ကလည်း သူကန်းတစ်ယောက်လို ဘာယုတ္တိ၊ ဘာအမှန်တရားကိုမှ မမြင်နိုင်တော့ဘူး။ ကျွန်မ အခု သတ်သေသွားတော့ သူ့စိတ်မှာ ပိတ်ဖုံးနေတဲ့ အမိုက်တိုက်များ လွင့်စင်သွားမလား မဆိုနိုင်ဘူး။ ဒါမှ အမှန်အမှားကို ကွဲကွဲပြားပြား ခွဲခြားပိုင်းဖြတ်နိုင်မှာ။ အဲဒီလိုဆိုရင်တော့ ကျွန်မ သေရကျိုးနပ်ပြီပေါ့။ တကယ်တော့ ကျွန်မ ဘာမှ ထွေထွေထူးထူး မမျှော်လင့်ပါဘူး။ ဒါပေမယ့် မတရားစွပ်စွဲခံရလို့ သေခဲ့ရတာ ဆိုတော့ ကျွန်မ အသေမဖြောင့်ဘူး။ အမုန်းတရားတွေ ရင်မှာပိုက်ပြီး ကျွန်မ သေသွားခဲ့ရတယ်။ ကျေးဇူးပြုပြီး ဗိုလ်မှူး ကျွန်မအတွက် အမှန်တရားကို ဖော်ထုတ်ပေးပါ။

ဗိုလ်မှူးရဲ့ သစ္စာစောင့်သိတဲ့ တပည့်မ

ချိုမာ

မာစတာ (ဟိဟာရ)

ကျွန်မရဲ့ဘဝက ခွေးလေခွေးလွင့်တစ်ကောင်လို ဆက်ဆံခံခဲ့ရတယ်။ သေသွားတာတောင် သနားညှာတာခံရမှာ မဟုတ်ဘူး။ ခွေးကို ချောင်ပိတ်ရိုက်ရင် ဘယ်လောက် ယဉ်ပါးပါတယ် ဆိုတဲ့ ခွေးတောင် ပြန်ကိုက်တတ်တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား။ ကျွန်မက ခွေးတစ်ကောင် မဟုတ်ဘူး။ ဗမာ့ကာကွယ်ရေးတပ်မတော်ရဲ့ ဒုဗိုလ်အဆင့်ရှိတဲ့ တပ်မတော်သားတစ်ယောက်ပါ။ ခွေးတစ်ကောင်လို ရှင် ဆက်ဆံချင်တိုင်း ဆက်ဆံလို့ရတဲ့သူ မဟုတ်ဘူး။ ရှင်က ကျွန်မကို သေရွာဆီ တွန်းပို့ခဲ့တယ်။ ရှင့်ကြောင့် ကျွန်မ သေခဲ့ရတယ်။ ကျွန်မ အသေမဖြောင့်ဘူး။ လူ့ပြည်မှာ ရှင့်ကို တိုင်ချက်ဖွင့်မရရင် နေပါစေ။ ဝဋ်မှာအမြဲ ငရဲမှာအပတဲ့။ ရှင် ပြေးလို့ မလွတ်ပါဘူး။ ရှင်လည်း အသေဆိုးနဲ့ သေရဦးမှာပဲ။

ချိုမာ (ဒုဗိုလ်)

ခင်ပွန်းသည် ကိုမင်း

ချိုမာရဲ့ အချစ်တွေက တခြားယောက်ျားတစ်ယောက်အပေါ် ယိမ်းယိုင်သွားခဲ့မိလို့ ရှင်ခွဲ ခွဲခဲ့ရတဲ့အတွက် ချိုမာကို ခွင့်လွတ်ပေးနိုင်လိမ့်မယ်လို့ ချိုမာ အများကြီး မျှော်လင့်မထားပါဘူး။ အခုလည်း နှုတ်မဆက်ဘဲ သေခွဲ ခွဲကြရပြန်ပြီ။

တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရင်း ကူးစက်ရောဂါသင့်လို့ ချိုမာ မကြာခင် သေရတော့မယ်။ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ရင်း သေခဲ့ရတဲ့အတွက် ချိုမာ သေရကျိုးနပ်ပါတယ်။ ဒါပေမယ့် အရွယ်မရောက်ကြသေးတဲ့ ကလေးတွေအကြောင်းကို တွေးမိလိုက်တော့ စိတ်ထဲ မချိအောင် အခံရခက်လှတယ်။ ချိုမာ သူတို့အတွက် ပန်းချီကားတစ်ကား ဆွဲထားတယ်။ ရှင် သူတို့လေးတွေကို နိုင်ငံ့သားကောင်းတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်လိမ့်မယ်လို့ ချိုမာ အမျှော်လင့်ကြီး မျှော်လင့်မိတယ်။ ချိုမာ ရှင်တို့အားလုံးအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ချိုမာ

ဟိဟာရက အဲဒီသေတမ်းစာတွေကို ပထမဆုံး သတိထားမိသွားတဲ့သူပါ။ ဒီတော့ လက်ဦးမှုယူပြီး သူနဲ့ ဆိုင်တဲ့ စာကိုတင်မကဘဲ သူများစာတွေကိုပါ ဖတ်လိုက်တယ်။ သူ့စာကို ဖတ်ပြီးသွားတဲ့အခါမှာ သူ့ရဲ့ ခံစားချက်ကတော့ သေတမ်းစာရဲ့ ပထမဆုံး စာကြောင်းလိုပဲ။ ခွေးတစ်ကောင်လို တစ်ချက်ကလေးမှ သနားစရာ မကောင်းတဲ့ ကောင်မကများ ငါ့ကို ကြိမ်းလားမောင်းလား။ အတော် လူပါးဝတယ်။ ဗြိ ဗြိ ဗြိ … ရစရာမရှိအောင် တစ်စစီ ဆွဲစုတ်ပစ်လိုက်တယ်။ တခြားနှစ်စောင်ကိုတော့ မဖြဲဘူး။ ဖတ်ပြီးတော့ နဂိုအတိုင်း ပြန်ခေါက်ထားတယ်။ ပိုင်ရှင်တွေဆီကို ပြန်ပေးရမှာ မဟုတ်လား။

နောက်တော့ ဟိဟာရနဲ့ ဦးဟန်ထွန်းတို့က ချိုမာရဲ့ ကျန်ရှိပစ္စည်းတွေ အားလုံးကို ရှာထုတ်ပြီး တစ်နေရာမှာ စုထားလိုက်တယ်။ အဲဒါတွေက လက်ပတ်နာရီတစ်လုံး၊ ရုံးသုံးမှတ်စုစာအုပ်တစ်အုပ်၊ အဖြူရောင် အဖုံးပါတဲ့ ဖောင်တိန်တစ်ချောင်း၊ ဘီးတစ်ချောင်း (အသွားသုံးချောင်းက ကျိုးနေတယ်)၊ သားရေပိုက်ဆံအိတ်တစ်လုံး (အထဲမှာ လစာတစ်ဝက်လောက် ကျန်သေးတယ်)၊ ဆံညှပ်တစ်စုံ၊ နှုတ်ခမ်းနီတစ်တောင့်၊ သော့တစ်တွဲ၊ တစ်ဝက်ကျန်သေးတဲ့ သောက်ဆေးဗူးတစ်ဗူး၊ အတွင်းခံအဝတ်တစ်စုံ၊ ပန်းချီကားတစ်ချပ်။ ပန်းချီကားက လုံးဝ ဆွဲပြီးသွားပြီ။ ပုံထဲမှာ အမျိုးအမည်မသိတဲ့ သစ်ပင်နှစ်ပင် ပါတယ်။ တုတ်တုတ်ခိုင်ခိုင်၊ သန်သန်မာမာနဲ့ အထက်ကို ဖြောင့်ဖြောင့်မတ်မတ် ထောင်တက်နေကြတယ်။ မြေပြင်မှာတော့ မြက်ပင်တွေ ပွထလို့။ အောက်မှာ စာတစ်ကြောင်း ရေးထားသေးတယ်။

သားနဲ့သမီး၊ မေမေက သားတို့ သမီးတို့ကို သစ်ပင်ကြီးလိုပဲ ဖြစ်စေချင်တယ်။ မြက်ပင် မဖြစ်စေနဲ့။

လက်စသတ်တော့ ကလေးတွေအတွက် ဆွဲပေးထားတာကိုး။

ပုံက ရိုးရိုးရှင်းရှင်းလေးပဲ။ ကောက်ကြောင်းပန်းချီလို့ ဆိုရမယ်။ အရောင်နဲ့ ခြယ်သမထားဘူး။ ဒါပေမယ့် ဟိဟာရက ပန်းချီကားထဲမှာ စာတွေ ဝှက်ထားမှာကို စိုးရိမ်နေတယ်။ ဒါကြောင့် အပြန်ပြန် အထပ်ထပ် ကြည့်နေတော့တယ်။ ရှေ့ကကြည့်လိုက်၊ နောက်ကကြည့်လိုက်၊ ဖင်ကကြည့်လိုက်၊ ခေါင်းကကြည့်လိုက်၊ မီးရောင်နဲ့ ထိုးကြည့်လိုက်၊ မှန်ဘီလူးနဲ့ စိုက်ကြည့်လိုက်။ အချုပ်ပြောရရင်တော့ ဟိဟာရနဲ့ ဦးဟန်ထွန်းတို့က ပစ္စည်းအမယ်တိုင်းကို တစ်ခုမှ အလွတ်မပေးဘဲ စေ့စေ့စပ်စပ် မွှေနှောက်ရှာဖွေကြတယ်။ နောက်ဆုံး သံသယရှင်းသွားပြီ ဆိုတော့မှ သူ့မိသားစုကို ပြန်အပ်ဖို့ တစ်နေရာမှာ ပြန်စုထားလိုက်ကြတယ်။ ဟိုပန်းချီကားကိုရောပေါ့။

ဒီလောက် အကြိမ်ပေါင်းများစွာ ကြည့်ထားပြီးတာတောင် ဟိဟာရက အားရသေးပုံ မပေါ်ဘူး။ ဦးဟန်ထွန်းကိုပါ ခေါ်ပြီး ချိုမာရဲ့ ရုပ်အလောင်းကို စစ်ဆေးကြည့်ခိုင်းနေသေးတယ်။

“ဘာလုပ်ဖို့လဲ” ဦးဟန်ထွန်းက နားမလည်နိုင်စွာ မေးတယ်။

“တကယ်လို့ သူက မြွေပွေး ဖြစ်နေရင်ရော။ သူ့ကိုယ်ထဲက တစ်နေရာရာမှာ သတင်းဖွက်ထားရင် ဘယ်နှယ့်လုပ်မလဲ” အံတိုနေပြီ ဖြစ်တဲ့ ဟိဟာရက ပြောတယ်။ “သူ့ကိုယ်ပေါ်မှာ သတင်းဖွက်လို့ ရတဲ့နေရာက နည်းတာမဟုတ်ဘူး”

“မာစတာက သူ့ကို သံသယဝင်နေတုန်းလား” ဦးဟန်ထွန်းက အလိုမကျစွာ ပြောတယ်။

“ကျုပ်တို့လို လူစားမျိုးက အမှန်တရားကလွဲလို့ ဘယ်သူ့ကိုမှ မယုံဘူး” ဟိဟာရက လေးလေးနက်နက် ပြောတယ်။ သုန်သုန်မှုန်မှုန် လုပ်နေတဲ့ ဦးဟန်ထွန်းကို ကြည့်ပြီး သူက ထပ်ပြောတယ်။ “ရှာကြည့်ကြည့်ပါဦးဗျာ။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး”

ဒါနဲ့ နှစ်ယောက်စလုံး အလောင်းကို အပေါ်အောက် အတွင်းအပြင် မှောက်ချီလှန်ချီ အဖန်ဖန် အထပ်ထပ် စစ်လိုက်ကြတယ်။ ဆံပင်တွေကြားထဲ၊ နှာခေါင်းပေါက်ထဲ၊ အာခေါင်ပေါက်ထဲ၊ နားပေါက်ထဲပါမကျန် မွှေနှောက်ရှာဖွေကြတယ်။ နောက်ဆုံး စအိုပေါက်နဲ့ သားအိမ်ပေါက်ပါ မချန်မလစ် ချမ်းသာခွင့် မပေးခဲ့ကြဘူး။ နောက်ပြီး ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်အထည်တွေတင်မက ဝတ်လို့ရသမျှ အဝတ်အထည်၊ ဦးထုပ်နဲ့ ဖိနပ်တွေကိုလည်း အလစ်မပေးကြဘူး။ ကုန်ကုန်ပြောရရင် စက္ကူစာရွက် ထိုးထည့်သိမ်းဝှက်ထားလို့ ရနိုင်မယ့် နေရာမှန်သမျှ၊ စာရေး မှတ်သားထားလို့ ရနိုင်မယ့် နေရာမှန်သမျှကို တစ်နေရာမှ ခြွင်းချက်မထားဘဲ မွှေကြတယ်။ ရှာကြတယ်။ ကြည့်ကြတယ်။ ဟိုလိုကြည့်လိုက်၊ ဒီလိုကြည့်လိုက်၊ တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက်၊ ဘယ်ကြည့်လိုက်၊ ညာကြည့်လိုက်၊ အပေါ်ကြည့်လိုက်၊ အောက်ကြည့်လိုက်၊ ဖြဲကြည့်လိုက်၊ လှန်ကြည့်လိုက် … မတွေ့ဘူး၊ မရှိဘူး။ ဘာမှ မရှိဘူး။ ကိုယ်ပေါ်မှာလည်း မရှိဘူး။ ကိုယ်ထဲမှာလည်း မရှိဘူး။ ကိုယ်ပြင်မှာလည်း မရှိဘူး။ ကိုယ်အပမှာလည်း မရှိဘူး။ ဘယ်မှာမှ မရှိဘူး။

လုံးဝန်းညီညာတဲ့စာလုံး တစ်လုံးတစ်ပါဒမှလည်း မရှိဘူး။

လျှို့ဝှက်ဆန်းကြယ်တဲ့စာပိုဒ် တစ်ပိုဒ်တစ်ဝါကျမှလည်း မတွေ့ဘူး။

ဒီလို ဖြစ်လာနိုင်တယ်လို့ ဟိဟာရက ကြိုတွေးထားပြီးသားပါ။ ဟိုနေ့က အဖြစ်အပျက်ကို သူ မှတ်မိနေတုန်းပဲလေ။ အဲဒီနေ့က မာလာရဲ့ အလောင်းကို ဗိုလ်ကြီးအောင်သူရဲ့ အလောင်းပါလို့ လိမ်ပြောပြီး စံအိမ်ကနေ သယ်ထုတ်သွားတုန်းက အလောင်းကို အသေအချာ စစ်ဆေးကြည့်ဖို့ ချိုမာက အပြင်းအထန် တောင်းဆိုခဲ့သေးတယ် မဟုတ်လား။ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်အလောင်းထဲမှာ သတင်းကို ထည့်ဝှက်ထားမှာ စိုးရိမ်လို့တဲ့။ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူသာ မြွေပွေးဆိုရင် အဲဒီလို အလုပ်မျိုး (အလောင်းထဲ သတင်းဖွက်တဲ့ အလုပ်) ကို လုပ်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ အမှန်အတိုင်း ပြောရရင် မနေ့ညက ချိုမာ သူ့လည်ပင်းကို ကဏန်းလက်မညှပ်သလို မလွှတ်တမ်း ညှစ်ထားတဲ့အချိန်က စပြီး ချိုမာအပေါ် ထားတဲ့ သံသယစိတ်တွေက တတိတိနဲ့ လျော့ပါးသွားခဲ့ပြီ။ အဲဒီလို မိုက်မဲရူးသွပ်မှုမျိုး၊ အဲဒီလို ဒေါသူပုန်ထမှုမျိုး၊ အဲဒီလို မျှော်လင့်ချက် ကင်းမဲ့မှုမျိုးက သူ့ရဲ့ အပြစ်ကင်းစင်မှုအတွက် ပြလိုက်တဲ့ သက်သေအထောက်အထားတွေပဲ။ နံရံကို အုန်းကနဲ ပြေးဆောင့်သံကို ကြားလိုက်ရတဲ့ တစ်ခဏမှာပဲ သူ့အပေါ် ကရုဏာသက်မိလာပြီလို့ ဟိဟာရက သူ့ကိုယ်သူ ယူဆလိုက်မိတယ်။ တစ်နည်းပြောင်းပြောရရင် နံရံကို ပြေးဆောင့်လိုက်တဲ့ ချိုမာရဲ့ လုပ်ရပ်ကြောင့် ဟိဟာရက သူ့ကို အပြစ်မရှိဘူးလို့ လုံးဝ တစ်ထစ်ချ ယုံကြည်သွားတယ်။ စောစောက အလောင်းကို ရှာတယ် ဆိုတာတောင်မှ လုပ်ငန်းသဘောအရ အကျင့်ပါနေလို့ လုပ်တာလောက်ပဲ။ ဘယ်ကိစ္စမဆို သတိထားပါမှ တော်ကာကျမယ် မဟုတ်လား။

ချိုမာ သေသွားတဲ့ ကိစ္စကတော့ ဟိဟာရအတွက် လုံးဝ ထင်မှတ်မထားတဲ့ ကိစ္စရပ်တစ်ခုပဲ။ အဲဒီအချိန်တုန်းကတည်းက သူ တွေးမိတယ်။ နံရံကို ခေါင်းနဲ့ဆောင့်ပြီး သေကြောင်းကြံစည်တဲ့ ရည်ရွယ်ချက်က သူ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြချင်လို့၊ သူ့ကို မတရား နှိပ်ကွပ်နေပါတယ် ဆိုတာကို ဟိဟာရ ဝန်ခံလာအောင်လို့ လုပ်ခဲ့တာပဲ။ အဲဒီအတိုင်းသာ မှန်တယ်ဆိုရင်တော့ သူ့ရည်ရွယ်ချက်တွေ အထမြောက်သွားပြီလို့ ဟိဟာရ ယူဆတယ်။ ဒါပေမယ့် ဟိဟာရအနေနဲ့ စဉ်းစားလို့ မရတဲ့အချက်က ရှိနေသေးတယ်။ သူ့ရည်ရွယ်ချက်တွေ အထမြောက်သွားပါပြီ ဆိုမှ ဘာကြောင့် နောက်တစ်ကြိမ်ထပ်ပြီး သေကြောင်းကြံရပြန်တာလဲ။ ဒါကြောင့် သူ့စိတ်ထဲမှာ မတင်မကျကြီး ခံစားနေရပြန်တယ်။ သူ့အတွက် နှမြောတသလည်း အနည်းအကျဉ်းတော့ ဖြစ်နေသလား မဆိုနိုင်ဘူး။ ခင်ဗျား အဲဒီလို အဆုံးစီရင်ဖို့ မလိုပါဘူး။ ကျုပ် ခင်ဗျားကို အပြစ်မဲ့ကြောင်း ယုံကြည်သွားပြီလို့ အချိန်မီ ပြောပြလိုက်ချင်တယ်။ ဒါပေမယ့် နောက်ဆုံး ဇာတ်ပေါင်းလိုက်ရင်တော့ ဟိဟာရရဲ့ ခံစားချက်က ‘ခွေးတစ်ကောင် သေသွားတာပဲ။ ဘာများ နှမြောနေရဦးမှာလဲ’ ရယ်လို့ ဖြစ်သွားတယ်။

“သေသွားလည်း အေးတာပဲ။ အဲဒါ သူ့ရဲ့ မိုက်ပြစ်အတွက် တန်ရာတန်ကြေး ပေးဆပ်လိုက်ရတာပဲ” ဟိဟာရက ချိုမာရဲ့ မှတ်စုစာအုပ်ကို လှုပ်ယမ်းပြီး ပြောတယ်။ ဦးဟန်ထွန်းကို နှစ်သိမ့်နေတဲ့သဘောပဲ။ ကြောင်ကြည့်နေတဲ့ ဦးဟန်ထွန်းကို ကြည့်ရင်း ထပ်ပြောတယ်။ “သူ ဘာကြောင့် သတ်သေသွားရသလဲ ဆိုတာ ခင်ဗျား သိလား”

“သူ့မှာ အပြစ်မရှိကြောင်း မာစတာကို သက်သေပြချင်လို့ပေါ့” ဦးဟန်ထွန်းက ခပ်မှိုင်းမှိုင်း ပြောတယ်။

“မဟုတ်ဘူး” ဟိဟာရက ပြောတယ်။ “နောက်ကျရင် သူ့ကို ပြဿနာရှာမှာ၊ နှိပ်ကွပ်မှာ ကြောက်လို့ပေါ့။ ဟွန့် … ကျုပ်က သူနဲ့ စာရင်းတော့ ရှင်းရဦးမှာပဲ။ ကျုပ်ကိုများ သူက ရာရာစစ၊ လည်ပင်းလာညှစ်ရတယ်လို့။ အခု သေသွားတော့လည်း အေးရော။ စာရင်းရှင်းသွားတာပေါ့”

ဦးဟန်ထွန်းက ချိုမာရဲ့ အလောင်းကို လက်ညှိုးထိုးပြတယ်။ “ဘယ်လို ဆက်လုပ်ရမလဲ”

ဟိဟာရက ခပ်ပေါ့ပေါ့ ပြန်ဖြေတယ်။ “ဗိုလ်မှူးမောင်ကိုကို အကြောင်းကြားလိုက်ပေါ့ကွာ။ သူ့ကို လူလွှတ်ပြီး လာရှင်းလင်းခိုင်းလိုက်။ ကျုပ်တို့က အလောင်းကောက်ပေးရဦးမှာတဲ့လား”

အလောင်းကို လှမ်းကြည့်တယ်။ မြင်မကောင်းဘူး။ မျက်နှာတစ်ပြင်လုံး သွေးအလိမ်းလိမ်းနဲ့။ ဒဏ်ရာတွေကလည်း ဖူးယောင်ညိုမဲလို့။ သူက ဦးဟန်ထွန်းကို အမိန့်ပေးလိုက်တယ်။ “လူခေါ်ပြီး သူ့ကို သန့်ရှင်းပေးလိုက်ပါဦးကွာ။ စစ်ဝတ်စုံ အသစ်တစ်စုံပါ သူ့ကို လဲပေးလိုက်”

ဗိုလ်မှူး ရောက်လာတဲ့အချိန်မှာ ချိုမာက အဝတ်အစား သပ်သပ်ရပ်ရပ်၊ မျက်နှာ သန့်သန့်ရှင်းရှင်းနဲ့ ဖြစ်နေပြီ။ အသစ်စက်စက် စစ်ဝတ်စစ်စားနဲ့ အဆင်ပြေပြေ ဖြီးလိမ်းခြယ်သပေးထားတဲ့ မိတ်ကပ်အပြင်အဆင်ကြောင့် သူ့မျက်နှာက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးနေသယောင်တောင် ထင်မှတ်ရတယ်။ တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရတာ ဂုဏ်ယူပါတယ် ဆိုပြီး ဖော်ပြနေတဲ့အလားပဲ။ အဲဒီလို ဆိုပေမယ့်လည်း ဗိုလ်မှူးက သေတမ်းစာကို ဖတ်ပြီးသွားတဲ့ အခါမှာ ကြက်သီးမွေးညင်းထပြီး ကျောချမ်းသွားတယ်။ သူက စိတ်လှုပ်ရှားစွာနဲ့ အရှေ့တိုးသွားပြီး အေးစက်နေတဲ့ သူ့လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လို့ ဝမ်းနည်းတဲ့ စကား၊ ချီးကျူးတဲ့ စကား၊ ဂုဏ်ယူတဲ့ စကားတွေ ပြောနေတယ်။ ဘေးနားမှာ ရပ်နေတဲ့ ဟိဟာရက ကြာတော့ မရိုးမရွနဲ့ နားကြားပြင်းကပ်လာရော။

“ဗိုလ်မှူးက သူ့ကို နိုင်ငံတော်ဈာပနအနေနဲ့ သင်္ဂြိုဟ်ပေးဦးမလို့လား” ဟိဟာရက ဗိုလ်မှူးကို ခနဲ့တဲ့တဲ့ လေသံနဲ့ မေးလိုက်တယ်။

“အဲဒီလိုမှ မဟုတ်ရင် ကျုပ်က သူ့ကို သူပုန်အဖြစ်နဲ့ သတ်မှတ်လိုက်ရမှာလား” ဗိုလ်မှူးက မျက်နှာ မကောင်းဘူး။ အေးအေးစက်စက် လေသံနဲ့ ပြန်ဖြေလိုက်တယ်။

“အဲဒီလိုလည်း လုပ်ဖို့ မလိုပါဘူး” ဟိဟာရက ပြုံးတယ်။ “သူရဲကောင်းတစ်ယောက်လို သတ်မှတ်တာကတော့ အဆင်မပြေလှဘူး”

“ဒါဆို ဘယ်လို သတ်မှတ်ရမှာလဲ။ မာစတာပဲ အကြံပေးပါဦး” ဗိုလ်မှူးက တုံးတိတိ ပြောတယ်။

ဟိဟာရက ပြောတယ်။ “သူ့ယောက်ျားအတွက် ရေးပေးထားတဲ့ သေတမ်းစာထဲမှာ ပါတယ် မဟုတ်လား။ ကူးစက်ရောဂါကြောင့် သေပါတယ်တဲ့လေ”

ဗိုလ်မှူးက ဖူးယောင်ညိုမဲနေတဲ့ အလောင်းကို ကြည့်နေတယ်။ “ဒီပုံက ရောဂါကြောင့် သေတဲ့သူနဲ့ တူလို့လား”

ဟိဟာရက အာညောင်းမခံချင်တော့တာနဲ့ တစ်ဘက်လှည့်သွားပြီး ခပ်အေးအေး ပြောလိုက်တယ်။ “ဗိုလ်မှူးပဲ ကြည့်လုပ်လိုက်ပေါ့။ ဘာလုပ်လုပ် ကိစ္စ မရှိဘူး။ သူရဲကောင်းအဖြစ် မသတ်မှတ်ရင် ပြီးတာပဲ”

ဟိဟာရက တွေးတယ်။ တကယ်လို့သာ သူ့ကို သူရဲကောင်းအဖြစ် သတ်မှတ်လိုက်ရင် ငါက လူသတ်တရားခံ ဖြစ်မသွားပေဘူးလား။ ချိုမာက သူ့ရဲ့ ပယောဂကြောင့် သေသွားရပါတယ်လို့ လက်ခံလိုက်တာ မှန်ပေမယ့် ဟိဟာရက ခွေးတစ်ကောင် သေသွားတာလောက်ပဲ သဘောထားတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိနေတယ်လို့ နည်းနည်းလေးမှ မခံစားရဘူး။ သူက ဗိုလ်မှူးကို အောက်ထပ် အစည်းအဝေးခန်းမှာ ထိုင်ဖို့ ဖိတ်ကြားပေမယ့် ဗိုလ်မှူးက ဆန္ဒရှိပုံ မပြဘူး။ “ကျွန်တော် သူနဲ့ ခဏလောက် နေလိုက်ဦးမယ်” ဆိုပြီး ချိုမာရဲ့ ခုတင်ရှေ့မှာ ထိုင်ချလိုက်တယ်။

ဟိဟာရက ကြည့်ပြီး ဘာမှ ပြန်ပြောမနေတော့ဘဲ အိပ်ခန်းထဲကနေ လှုပ်လီလှုပ်လဲ့ ထွက်လာခဲ့တယ်။

အလောင်းသယ်မယ့် နိဗ္ဗာန်ယာဉ်လာတော့ နေက အတော်မြင့်နေပြီ။ အလောင်းကို ကားပေါ် တင်ပြီးတဲ့အချိန်မှာတော့ နေ့လယ်စာစားချိန် ရောက်လာတယ်။ ဟိဟာရက နေ့လယ်စာ စားပြီးမှ ပြန်ဖို့ ပြောပေမယ့် ဗိုလ်မှူးက လိမ္မာပါးနပ်စွာ ငြင်းဆန်လိုက်တယ်။

“နေပါစေတော့” ဗိုလ်မှူးက ပြောတယ်။ “မြွေပွေးကို အခုထိ လက်ရဖမ်းနိုင်သေးတာ မဟုတ်ဘူးမလား။ မာစတာမှာလည်း ကျွန်တော်ကို ဧည့်ခံဖို့ ဘယ်မှာလာပြီး အချိန်ရှိမှာတဲ့လဲ။ ပြီးတော့ နေမစောင်းခင် ကျွန်တော် မြို့ထဲပြန်နိုင်မှ ဖြစ်မယ်။ ည လှုပ်ရှားမယ့် အစီအစဉ်အတွက် ကျွန်တော် ညွှန်ကြားစရာ ရှိတာတွေကို ညွှန်ကြားရဦးမှာ”

စကားသုံးလေးခွန်းပြောပြီး ခပ်သုတ်သုတ် လစ်ထွက်သွားတော့ ဟိဟာရတစ်ယောက် ခိုးလိုးခုလုနဲ့ ကျန်ရစ်ခဲ့တယ်။ စိတ်ထဲကလည်း ကျိတ်ပြီး ဆဲနေမိတယ်။ ဟွန့် … သူ့ကိုယ့်သူများ ဘာကောင် အောက်မေ့နေလဲ မသိဘူး။ ငါ့ကို ဆက်ဆံတာများ မျက်နှာထားကြီးနဲ့။ တွေ့ကြသေးတာပေါ့ကွာ။ စိတ်ထဲက ဆဲနေရရုံနဲ့တင် အားမရတော့ မောင်းထွက်သွားတဲ့ ကားဖင်ကို ကြည့်ရင်း အားရပါးရ အသံထွက် ဆဲလိုက်ပြန်တယ်။ “@$#&% ခင်ဗျားကြီး တစ်နေ့ကျရင် ကျုပ်အကြောင်း ကောင်းကောင်း သိစေရမယ်”

နေ့လယ်စာ စားပြီးတော့ ဟိဟာရနဲ့ ဦးဟန်ထွန်းက ဗိုလ်ကြီးအောင်သူကို ဖမ်းထားတဲ့အခန်းဆီ တန်းသွားကြတယ်။ အစကတော့ သက်သေသက္ကာယ အခိုင်အမာ ရှိနေပါလျက်နဲ့ သူ့ရဲ့ တစ်ဖက်သတ်စကားကို ယုံစားလိုက်မိတာကြောင့် ပြဿနာတွေ တစ်သီတစ်တန်းကြီး တက်လာခဲ့တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ပါ နွမ်းလျခွေချိသွားအောင် လုပ်လိုက်မိပြီလို့ ဟိဟာရ တွေးလိုက်မိတော့ ကိုယ့်ကိုယ်ကိုယ် မုန်းလိုက်မိရုံတင် မကဘဲ ဗိုလ်ကြီးအောင်သူကိုပါ ပိုပြီး ရွံမုန်းလာတယ်။ ဟိဟာရက မုန်းလာပြီ ဆိုမှတော့ အကျိုးဆက်က ပြောဖို့တောင် မလိုတော့ဘူး။ ဗိုလ်ကြီးအောင်သူခမျာ နောက်တစ်ကြော့ပြန်ပြီး အဗျင်းသံသရာထဲ ကျင်လည်ရဖို့သာ ရှိတော့တာပေါ့။ ဗိုလ်မှူးက သူ့ကို အနေရကျပ်အောင် မျက်နှာထိမျက်နှာထားနဲ့ ပြုမူဆက်ဆံသွားတာကို ပြန်တွေးမိတော့ ဟိဟာရရင်ထဲ ယမ်းပက်ခံလိုက်ရသလို ဒေါသမီးပွားတွေ တဟုန်းဟုန်း တောက်လောင်လာတယ်။ ဒါကြောင့် ဗိုလ်ကြီးအောင်သူကို မြင်လိုက်ရပြီ ဆိုတာနဲ့ ဘာမှ ပြောမနေတော့ဘဲ ကြာပွတ်ကို ကောက်ကိုင်ပြီး ကျောသားရင်သား မခွဲခြားဘဲ ရွှန်းရွှန်းဝေသွားအောင် မိတ်ဆက်ပေးလိုက်တယ်။ သူ့ဒေါသတွေ ပြေလျော့သွားပြီ ဆိုမှ စစ်ကြောမေးမြန်းမှုကို စတင်တော့တယ်။

တကယ်တော့ ဟိဟာရရဲ့ အခုလုပ်ရပ်က ဗိုလ်ကြီးအောင်သူကို ကြောက်စိတ်ဝင်သွားအောင် နှိပ်ကွပ်ချင်လို့ မဟုတ်ဘူး။ ဒေါသတွေကို ဖောက်ထုတ်ချင်လို့၊ အမုန်းတွေ ပုံချချင်လို့။ နှိပ်ကွပ်စရာရော လိုသေးလို့လား။ သူ မြန်မြန်ကြီး ဝန်ခံလာမှာကိုတောင် စိုးရိမ်နေမိသေးတာ။ ဟိဟာရက တွေးတယ်။ အရင်တုန်းကတော့ ပစ္စည်းသက်သေပဲ ရှိတာ။ အခု ချိုမာ သေသွားပြီဆိုတော့ လူသက်သေပါ ရသွားပြီ ဆိုတဲ့သဘော။ ဒါကြောင့် လူရော ဝတ္ထုပါ သက်သေခိုင်မာသွားပြီမို့ ဗိုလ်ကြီးအောင်သူက ဝန်မခံချင်လို့ မရတော့ဘူး။ သူ ဝန်ခံလိုက်ရင် ဟိဟာရအဖို့ ဒေါသဖောက်ထုတ်ဖို့ အခွင့်အရေး မရနိုင်တော့ဘူး မဟုတ်လား။ ဒါကြောင့် မမေးခင် အရင် ဗျင်းလိုက်ရတာပဲ။

ထင်မှတ်မထားတဲ့ အချက်က ဗိုလ်ကြီးအောင်သူက ပစ္စည်းရော လူပါ သက်သေခိုင်မာနေတာတောင် ခေါင်းမာပြီး ဝန်မခံခဲ့ဘူး။ နှိပ်စက်လည်း ဝန်မခံဘူး။ မြင်မကောင်း ရှုမကောင်းအောင် ဗျင်းလည်း ဝန်မခံဘူး။ နောက်ဆုံး သေတောင် ဝန်ခံမသွားဘူး။ အမျိုးယုတ်တွေက ဒီလောက်တောင် ခေါင်းမာပါလားရယ်လို့ ညည်းတွားရတဲ့အထိ ဟိဟာရတစ်ယောက် တအံ့တဩနဲ့ ခြေကုန်လက်ပန်း ကျကျန်ရစ်တယ်။

အနှိပ်စက်လွန်လို့ ဗိုလ်ကြီးအောင်သူခမျာ အသက်ထွက်သွားခဲ့တာ။ ဒီတော့ မြသန္တာ ပြောခဲ့တဲ့ စကားနဲ့ အခုမှ ထပ်တူကျသွားရော။ ဦးဟန်ထွန်းနဲ့ သူ့လူတွေက သွေးဆာနေတဲ့ တကယ့် လက်မရွံ့တွေ။ ဗျင်းလို့ အသက်ထွက်သွားခဲ့ရင် အဲဒါက ပုံမှန်ပဲ။

ဗိုလ်ကြီးအောင်သူက သေတောင် ဝန်ခံမသွားဘူး။ အခု နောက်ထပ်တစ်ယောက် သေသွားပြန်တော့ ဟိဟာရက သူ့ကိုယ်သူတောင် ပြန်ပြီး သံသယဝင်လာတယ်။ မြွေပွေးက သူ့ရင်ထဲမှာ ခြောက်လှန့်နေဆဲပဲ။ မြွေပွေးက ဒီလူပုံအလယ် ရှိနေသေးရင် ဘယ့်နှယ်လုပ်မလဲ။ အနောက်တိုက်မှာ ရှိနေသေးရင် ဘယ့်နှယ်လုပ်မလဲ။ သူ့ရင်ထဲ မွန်းကျပ်လာတယ်။ ရူးချင်သလိုလို ဖြစ်လာတယ်။ သူ့ရဲ့ ဦးနှောက်တစ်ခြမ်းက လူသေအလောင်း နှစ်လောင်းကို တွေးနေတယ်။ ဦးနှောက်တစ်ခြမ်းက ဘယ်သူဘယ်ဝါမှန်း မသိတဲ့ မြွေပွေးကို တွေးနေတယ်။ လူကလည်း တစ်ခြမ်း သေသွားပြီ၊ ဟာသွားပြီ၊ မိုက်မှောင်သွားပြီ၊ ကျိုးကျေသွားပြီလို့ ခံစားနေရတယ်။ သူ့နံဘေးမှာ ရှိနေကြတဲ့ လူတိုင်းလူတိုင်းရဲ့ အသည်းနှလုံးကို နှိုက်ထုတ်ပြီး ဘယ်သူက မြွေပွေး ဖြစ်မလဲလို့ သူ ကြည့်လိုက်ချင်တယ်။ ဒါပေမယ့် အချိန် မရှိတော့ဘူး။ မြို့ထဲဝင်ဖို့ သူ့ကို လာကြိုတဲ့ ကားက တိုက်အပြင်မှာ စောင့်နေပြီ။ သူ မြို့ထဲကို သွားပြီး ဒီနေ့ညမှာ သူပုန်ဖမ်းပွဲအတွက် ညွှန်ကြားကွပ်ကဲ ရဦးမယ်။ သွားခါနီးမှာ သူက အနောက်တိုက်ကို ပိတ်ထားဖို့ လုံထိန်းတွေကို အမိန့်ပေးလိုက်တယ်။ သူ ပြန်မရောက်မချင်း ဘယ်သူ့ကိုမှ ပေးမဝင်နဲ့တဲ့။

ဟိဟာရက ယုံကြည်ထားတယ်။ ဘာကြီးပဲ ဖြစ်နေဖြစ်နေ၊ ဒီနေ့ညမှာ ဖမ်းစရာရှိတဲ့ လူတွေကို ဖမ်းပြီးသွားရင်တော့ မြွေပွေး ဘယ်သူလဲဆိုတာကို သူ သိနိုင်ပြီ။

ဒါပေမယ့် ဒီညမှာ သူ ဘယ်သူ့ကိုမှ မဖမ်းလိုက်ရဘူး။ ဖိုးစီ၊ ကျားကြီး၊ မြွေပွေး … … ဘယ်သူမှ မရှိဘူး။ လူအရိပ်တောင် မရှိဘူး။ ဘုရားကုန်း စားသောက်ဆိုင်မှာ ပုံမှန်ဆိုရင်တော့ စာသမားပေသမားတွေက အရက်ကလေး တမြမြနဲ့ စာအကြောင်းပေအကြောင်း ငြင်းခုံပြောဆိုတတ်လို့ အတော်အတန် စည်ကားနေလေ့ရှိတယ်။ ဒါပေသိ ဟိဟာရ မြင်လိုက်ရတာကတော့ မိုက်မှောင်တိတ်ဆိတ်နေတဲ့ ဟင်းလင်းပြင်ကြီးကိုပဲ။ ပင်ဝါးရုံတွေ အကြားက တဲတစ်လုံးစီတိုင်းက အခုမှ မြေကြီးထဲကနေ ထိုးထွက်လာကြတဲ့အတိုင်း အခမ်းအနား စတင်ဖို့ ငံ့လင့်နေကြတယ်။

တကယ်တော့ ပြီးဆုံးသွားခဲ့တာပါ။

ဟိဟာရက သူ့လူတွေကို မီးတွေအကုန် ဖွင့်ခိုင်းလိုက်တယ်။ ဒီအခါကျမှ ငြိမ်သက်ပြီး ဣန္ဒြေကြီးလှတဲ့ အပျိုစင်တစ်ယောက်လို စားသောက်ဆိုင်ရဲ့ မြင်ကွင်းက အမြင်အာရုံထဲ လင်းကျင်းဝင်ရောက်လာတယ်။ ဒါပေမယ့် လူရိပ်လူယောင်ကတော့ တစ်စိုးတစ်စိမှ ရှိမနေဘူး။ အလာကောင်းပြီး အခါနှောင်းသွားခဲ့တာများလား။ ဘယ်လို ဖြစ်ရတာပါလိမ့်။ ဟိဟာရက လင်းတချီ မှောင်တလှည့် လူးလွန့်လှုပ်ရှားနေကြတဲ့ ဝါးရွက်တွေကို ကြည့်ရင်း ဒူးနှစ်ဖက်က အလိုလို ကွေးညွတ်ချင်လာတယ်။ ရင်ထဲမှာတော့ မှိုင်းမှုန်ရီဝေနေတဲ့ နောင်တတရားနဲ့ သောကတစ်မျိုးက လှိုက်ခုန်ဆူဝေလို့။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *