စိတ်မကောင်းပါဘူး။
နာရီဝက်လောက်ကြာတော့ ဦးဟန်ထွန်းက ချိုမာရဲ့ ရုံးခန်းထဲကနေ ဟိဟာရဆီကို ဖုန်းဆက်လာတယ်။ အဲဒီလိုအထောက်အထားမျိုး ဘာတစ်ခုမှ ရှာမတွေ့ပါဘူးတဲ့။
တိုက်ပွဲတစ်ပွဲ ဆင်နွှဲနေတဲ့အချိန်မှာ ရိုးရိုးသားသား ဖိုးသခွားလုပ်နေလို့ ဘယ်ဖြစ်မလဲ။ အထောက်အထား ရှာမတွေ့လည်း ရှာတွေ့ထားပါတယ်လို့ ပြောလို့ရတာပဲဥစ္စာ။ ဖုန်းချပြီးတာနဲ့ ဟိဟာရက အနောက်တိုက်ကို တန်းသွားတယ်။ ချိုမာကို အောက်ထပ် အစည်းအဝေးခန်းမထဲ ခေါ်ပြီး ကွေ့ဝိုက်မနေဘဲ တဲ့တိုးပြောချလိုက်တယ်။ “ဦးဟန်ထွန်းက အခု ခင်ဗျားရဲ့ရုံးခန်းကို စစ်ဆေးနေတယ်။ ကျုပ် ခင်ဗျားဆီမှာ ဘာရှာချင်နေတယ် ဆိုတာကို ခင်ဗျား သိတယ် မဟုတ်လား”
“မသိဘူး”
“ခင်ဗျား ကြောက်နေလား”
“ဟင့်အင်း၊ မကြောက်ပါဘူး”
“မဟုတ်ဘူး။ ခင်ဗျား ကြောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား ဒီကို အလောတကြီး ထွက်လာရတဲ့အတွက်ကြောင့် ခင်ဗျားရဲ့ ပြစ်မှုအထောက်အထားတွေကို ဖျောက်ဖျက်ပစ်ဖို့ အချိန်မှ မရခဲ့တာပဲ” ဟိဟာရက ပြောတယ်။ “စောစောကလေးတင် ဦးဟန်ထွန်းက ကျုပ်ဆီ ဖုန်းဆက်လာတယ်။ သူတို့ ခင်ဗျားရဲ့ ရုံးခန်းထဲမှာ ခင်ဗျားရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့ထားပြီတဲ့။ ကြီးကျယ်တဲ့ လျှို့ဝှက်ချက်ကြီးဗျ။ ခင်ဗျား ဘာလို့ ထင်လဲ”
“မပြောတတ်ဘူး” ချိုမာက ပြောတယ်။ “ကျွန်မရဲ့ လျှို့ဝှက်ချက်တွေက နိပွန်းတပ်မတော်ရဲ့ လျှို့ဝှက်ချက်တွေပဲ”
“မဟုတ်သေးပါဘူးဗျာ” ဟိဟာရက ပြောတယ်။ “ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးကို ခိုးကျင့်ထားတာကရော နိပွန်းတပ်မတော်ရဲ့ လျှို့ဝှက်ချက်ပဲလား”
“ဘာရယ်” ချိုမာက နားမရှင်းဘူး။
ဟိဟာရက ပြောတယ်။ “ခင်ဗျား ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးကို ခိုးကျင့်ထားတာ ဦးဟန်ထွန်းက တွေ့ထားတယ်တဲ့။ ဆိုစမ်းပါဦး။ အဲဒါ ဘာအတွက်လဲ။ မှန်မှန်ပြောနော်”
ချိုမာဆီကနေ ပထမဆုံးအကြိမ်အဖြစ် အပြုံးတစ်ပွင့် ထွက်ကျလာတယ်။ “ဦးဟန်ထွန်းက ရုံးခန်းမှားဝင်တယ် ထင်ပါရဲ့ရှင်”
ဟိဟာရက လက်မကြီးထောင်ပြီး ချိုမာဘက်ကို အဲဒီလက်မနဲ့ ထိုးလိုက်တယ်။ “လေးစားတယ်ဗျာ။ ခင်ဗျားရဲ့ အက်တင်က လက်ဖျားခါလောက်ပါတယ်။ ဒေါ်ချိုမာ၊ ကျုပ် ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ခင်ဗျားသာ နောက်ဆုံးအချိန်ထိ မြွေပွေး မဟုတ်ပါဘူးလို့ သက်သေပြသွားနိုင်ရင် ခင်ဗျားကို နိပွန်းတပ်မတော်က ထိုက်ထိုက်တန်တန် နေရာကောင်းတစ်ခု ပေးပါလိမ့်မယ်” စကားဆုံးတာနဲ့ လက်မထောင်ထားရာကနေ လက်သန်းဖြစ်သွားတယ်။ “ဒါပေမယ့် အခုတော့ … ဝမ်းနည်းပါတယ်။ ခင်ဗျား သက်သေပြနိုင်မှာ မဟုတ်ဘူးလို့ ကျုပ် သံသယ ရှိနေတယ်။ ခင်ဗျားလည်း သိပါတယ်။ ကျုပ် ခင်ဗျားကို ခွင်ဆင်ခဲ့တယ်။ မနားတမ်းဘဲ ခင်ဗျားကို ထောင်ချောက်ဆင်နေခဲ့တယ်။ အဲဒါ ခင်ဗျားအပေါ် ကျုပ် သံသယ ရှိနေတယ် ဆိုတဲ့အချက်ကို သက်သေပြချင်လို့ပဲ”
ချိုမာက တစ်ခဏလောက် နှုတ်ဆိတ်နေပြီး ဟိဟာရရဲ့ စကားတွေကို ဘာမှ မတုံ့ပြန်ဘဲ ဥပေက္ခာပြုပြီး မေးခွန်းထုတ်လိုက်တယ်။ “မာစတာ၊ ကျွန်မ တစ်ခုလောက် သိပါရစေလား။ မနက်က ကျွန်မကို ပြခဲ့တဲ့ ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာက တကယ် အစစ်ပဲလား”
“ခင်ဗျား ဘယ်လိုထင်လဲ”
“အစစ်ဖြစ်ပါစေလို့ ကျွန်မ မျှော်လင့်တာပဲ” ချိုမာက ပြောတယ်။ “အဲဒီလိုဆိုရင်တော့ ကျွန်မ မြွေပွေးမဟုတ်ဘူး ဆိုတာကို သူက သက်သေပြပေးလိုက်တာပဲ။ မာစတာ၊ ကျေးဇူးပြုပြီး ကျွန်မကို ယုံပါ။ အဲဒီစာသာ အစစ်ဆိုရင် ဗိုလ်ကြီးအောင်သူက မြွေပွေးဆိုတာ လုံးဝ သေချာနေပြီ။ ဘယ်သူ့ကိုမှ ထပ်ပြီး သံသယပွားစရာ မလိုတော့ဘူး။ လုံးဝ ပွဲပြီးသွားပြီ”
“အတု ဆိုရင်ရော”
“အတု ဆိုရင်တော့” ချိုမာက တုံ့ဆိုင်းမနေဘဲ ပြောချလိုက်တယ်။ “သတင်းအသစ်တစ်ခု ရထားပါတယ်။ ကျွန်မ အကြံပြုချင်တာကတော့ အဲဒီကိစ္စကို မာစတာ လေ့လာစုံစမ်းကြည့်စေချင်တယ်”
စောစောက တပ်ကြပ်ကြီးမျိုးဇော်ဆီကနေ သူ ကြားခဲ့ရတဲ့ သတင်းကို ချိုမာက ပြောပြလိုက်တယ်။ တပ်ကြပ်ကြီးက ဗိုလ်မှူးကို ကြေးနန်းသတင်း သွားပေးတဲ့အချိန်မှာ ဗိုလ်လေးထွန်းမြင့်လည်း အဲဒီမှာ ရှိနေသတဲ့။ နောက်ပြီး သံကြိုးစာကို ပထမဆုံး လက်ခံတဲ့သူက ဗိုလ်လေးဖြစ်ပြီးတော့ ဗိုလ်လေးကမှတစ်ဆင့် ဗိုလ်မှူးရဲ့လက်ထဲကို ရောက်ရှိသွားခဲ့တယ်။ ချိုမာ တကူးတက ထောက်ပြချင်တဲ့ အချက်က “ဗိုလ်လေးက သံကြိုးစာကို လက်ခံပြီးတဲ့နောက်မှာ ချက်ချင်း ဖတ်ကြည့်ကြည့်တယ်လို့ တပ်ကြပ်ကြီးက ပြောတယ်”
ဆိုလိုတာက ပြဿနာ မဖြစ်ခင်မှာ ကြေးနန်းသတင်းကို သိထားတဲ့သူတွေက အောင်မျိုးမြချို လေးယောက်တည်းတင် မကတော့ဘူး။ ပဉ္စမလူတစ်ယောက် ရှိနေသေးတယ်။ အဲဒါ ဗိုလ်လေးပဲ။ တစ်နည်းပြောရရင် သူလည်းပဲ သံသယဖြစ်ထိုက်တဲ့ လူထဲမှာ ပါနေတယ်။
ဟိဟာရက ဘွင်းဘွင်းပဲ ပြောချလိုက်တယ်။ “သူ့ကို ကျုပ်က သံသယ ရှိမနေပါဘူးလို့ရော ခင်ဗျား ဘယ်လိုလုပ် ပြောနိုင်မလဲ။ ခင်ဗျားက ဒီလောက်တောင် အကင်းပါးတာဆိုတော့ မသိဘဲ နေမှာတော့ မဟုတ်ပါဘူး။ သူ့ကို ကျုပ်တို့က တိတ်တခိုး စောင့်ကြည့်နေခဲ့တာ”
ချိုမာက ပြောတယ်။ “မာစတာက သူ့ကို ပေးစာကူးရေးခိုင်းတုန်းကတည်းက ကျွန်မ သံသယတော့ နည်းနည်း ဝင်ခဲ့မိသား။ သူ့ကို အရင်ဆုံး အစမ်းရေးခိုင်းရတဲ့ ရည်ရွယ်ချက်က သူ့လက်ရေးကို ကြည့်ချင်လို့ပဲ မဟုတ်လား။ ဒါပေမယ့် အဲဒီလို ခိုးကြောင်ခိုးဝှက် သံသယဝင်နေတာမျိုးက တကယ်တော့ ရလဒ်ကောင်းထွက်ဖို့ မလွယ်လှဘူး”
ကိုယ့်ရဲ့ သံသယကို အတိအလင်း ကြေညာမှသာလျှင် ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မယ်လို့ ချိုမာက ယူဆတယ်။ ကိုယ့်ကို သင်္ကာမကင်း ဖြစ်နေပါလားလို့ မြွေပွေးကိုယ်တိုင် သိသွားတဲ့အခါမှာမှ သူ့စိတ်ထဲမှာ ပျာယာခတ်လာလိမ့်မယ်။ စိတ်ထဲ ပျာယာခတ်လာရင် ကိုယ်နှုတ်အပြုအမူကလည်း ပုံမပျက်ဘဲ နေမှာ မဟုတ်တော့ဘူး။ ဒါဆို လွယ်လွယ်နဲ့ပဲ အမှားအယွင်းတွေ လုပ်လာမိလိမ့်မယ်။ တိတ်တဆိတ် သံသယဝင်တယ် ဆိုတာမျိုးက တချို့သော အခြေအနေမျိုးမှာ အသုံးဝင်ကောင်း အသုံးဝင်နိုင်ပါတယ်။ ဥပမာ သူက တစ်ခုခု လှုပ်ရှားဖို့ စီစဉ်နေတဲ့ အခါမျိုးမှာ တစ်စုံတစ်ဦးက စောင့်ကြည့်နေမှန်း မရိပ်စားမိတဲ့ အတွက်ကြောင့် သူ့ကို အလွယ်တကူနဲ့ ဖမ်းမိနိုင်တယ်။
“လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင်” ချိုမာက ပြောတယ်။ “မြွေပွေးက အခြေခံအားဖြင့် ဘာလှုပ်ရှားမှုမျိုးကိုမှ လုပ်မှာ မဟုတ်ဘူး။ ဘယ်လို လှုပ်ရှားမှုမျိုးကမဆို ပြသာဒ်ကို မီးကူးသွားစေနိုင်တယ်။ သူ မလုပ်ရဲဘူး။ လုပ်မှာလည်း မဟုတ်ဘူး။ သူ မလှုပ်ရှားရင် တိတ်တခိုး စောင့်ကြည့်တဲ့ အကျိုးရလဒ်ကလည်း နည်းနည်းပဲ ရတယ်။ ဆန့်ကျင်ဘက် အကျိုးရလဒ်မျိုးတောင် ရလာနိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ကို သံသယဝင်နေမှန်း မသိလေတော့ စိတ်ထဲမှာက ပေါ့ပေါ့ပါးပါးပဲ။ ဒီတော့ ပိုလို့တောင် ဖုံးဖိလို့ လွယ်သွားတယ်လေ”
ဒါတွေအားလုံးက စိစစ်တွေ့ရှိချက်တွေပဲ ရှိသေးတယ်။ ဟိဟာရက သူ့ကို ကောက်ချက်ချစေချင်တာ။
“ကျွန်မရဲ့ ကောက်ချက်က တကယ်လို့သာ ဗိုလ်ကြီးအောင်သူက အမှန်စင်စစ် မသေသေးဘူးဆိုရင် ကျွန်မကို ခွင်ဆင်နေမယ့်အစား ဗိုလ်လေးထွန်းမြင့်ကို သွားဆင်ပါလား” ချိုမာက ပြောတယ်။ “မာစတာက ကျွန်မကို ခွင်ဆင်ခဲ့တဲ့အတိုင်း တပ်ကြပ်ကြီးနဲ့ မြသန္တာကိုရော ခွင်ဆင်ခဲ့ဖူးသလား ဆိုတာကိုတော့ ကျွန်မ မသိဘူး။ ဗိုလ်ကြီးအောင်သူကတော့ ကျွန်မခံခဲ့ရသလို ခဏခဏ အင်ထုခံခဲ့ရမှာတော့ သေချာတယ်။ နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာမျိုးတောင် ခံရပြီးပြီ နေမှာ။ ကျွန်မ တွေးကြည့်တယ်။ တကယ်လို့သာ မြွေပွေးက ကျွန်မတို့ လေးယောက်ထဲမှာ ရှိနေခဲ့တာမှန်ရင် မာစတာရဲ့ ကျော့ကွင်းထဲမှာ အစောကြီးကတည်းက ကွိကနဲ မိနေခဲ့လောက်ပြီ။ မာစတာပဲ စဉ်းစားကြည့်။ အခုချိန်မှာ မြွေပွေးရဲ့ ကိုယ်တစ်ခြမ်းက တကယ်ဆို အကျဉ်းထောင်ထဲမှာ ရောက်နှင့်နေပြီ။ နောက်တစ်ခြမ်းကလည်း ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဝင်သွားရတော့မယ်။ သူ ဘယ်လောက် ခေါင်းမာတယ်ပြောပြော၊ ဘယ်လောက်ပဲ ဉာဏ်နီဉာဏ်နက် များပါတယ် ပြောပြော၊ ဘယ်လောက်ပဲ အတွေ့အကြုံ ရင့်ပါတယ် ပြောပြော၊ မာစတာရဲ့ လှည့်ကွက်၊ တိုက်ကွက်တွေကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ပါးစပ်က ဝန်မခံဘူးဆိုရင်တောင် မျက်နှာအမူအရာက ဝန်ခံနေမှာပဲ။ လူက လူပဲလေ။ ဘယ်သူမဆို သေမှာ ကြောက်ကြတာချည်းပဲ။ သေတွင်းနှုတ်ခမ်းကို ရောက်နေမှတော့၊ အသက်ရှင်ခွင့်က တဲတဲလေးပဲ ကျန်နေမှတော့ စိတ်မလှုပ်ရှားဘဲ နေမှာ မဟုတ်ဘူး”
ဟိဟာရက ပြောတယ်။ “သေသော်မှတည့် ဪကောင်း၏ ဆိုတဲ့ သူမျိုးကလည်း ရှိသေးတာပဲ။ ကျုပ်အထင်တော့ ခင်ဗျားက အဲဒီလို လူမျိုး”
ချိုမာက ပြောတယ်။ “ကျွန်မမှာ အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက် ရှိနေသေးလို့ပေါ့ရှင်။ နို့မဟုတ်ရင်တော့ မာစတာက ကျွန်မရဲ့သိက္ခာကို ဒီလောက်တောင် စော်ကားနေတာ။ သေပစ်လိုက်တာပဲ ကောင်းလိမ့်မယ်”
ဟိဟာရက ပြောတယ်။ “ကျုပ်အမြင်ကတော့ အဲဒီကလေးနှစ်ယောက်ရဲ့ ရှေ့ရေးကို ထောက်ထားပြီး ခင်ဗျား ဒီလောက် ခေါင်းမာနေဖို့ မသင့်တာ အမှန်ပဲ။ ခင်ဗျား တွေးကြည့်ဖူးလား။ ခင်ဗျား အခုလို ပေခံသွားလို့ ရလာမယ့် အကျိုးဆက်က ဘာဖြစ်မယ် ထင်လဲ။ ကျုပ်နဲ့ ဗိုလ်မှူး နှစ်ယောက်စလုံးကို ယမ်းပုံမီးကျ ဖြစ်အောင် လုပ်နေတာပဲ။ ကျုပ် ခင်ဗျားကို ကတိတစ်ခု ပေးနိုင်ပါတယ်။ သိပ်ပြီး ခေါင်းမာမနေစမ်းပါနဲ့။ မြန်မြန် ဝန်ခံလိုက်ပါ။ ကျုပ်တို့အနေနဲ့ မဆိုင်တဲ့လူတွေ မထိခိုက်အောင် ဆောင်ရွက်ပေးနိုင်တယ်။ ခင်ဗျားရဲ့ မိသားစုဝင်တွေကို မထိခိုက်စေရဘူး။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျုပ်တို့ကို အပြစ်မဆိုနဲ့”
ချိုမာက ပြောတယ်။ “မာစတာ၊ အခု ကျွန်မကို ပြောခဲ့တဲ့ စကားတွေကို ဗိုလ်လေးကိုရော ပြောကြည့်ကြည့်ပါလား။ ကျွန်မ အကြံပေးတာပါ။ ကျွန်မ အထင်တော့ ဗိုလ်ကြီးအောင်သူသာ တကယ် မသေသေးဘူးဆိုရင် အခုလို ဗိုလ်လေးကို အကျပ်ကိုင် ခြိမ်းခြောက်ကြည့်ရင် မထင်မှတ်ထားတဲ့ အကျိုးရလဒ်တွေ ရလာနိုင်တယ်”
ဟိဟာရရဲ့ စိတ်ထဲမှာ သူ့ရဲ့ မာန်စွယ်တစ်ချောင်းကို ချိုမာက ဆွဲနှုတ်သွားတယ်လို့ ခံစားနေရတယ်။ ဒါပေမယ့် နှုတ်ကနေတော့ ကျေနပ်မှာ မပါဘူး။ “ခင်ဗျားက သက်သေသက္ကာယမှ မခိုင်လုံဘူးဆိုရင် ဘယ်သူ့ကိုမှ လွယ်လွယ် ယိုးစွပ်လေ့ မရှိဘူးဆို။ အခုတော့ ဘယ်နှယ့် ကပြောင်းကပြန်တွေ ဖြစ်နေပါလား”
ချိုမာက ပြောတယ်။ “ကျွန်မက သူ့ကို စွပ်စွဲနေတာမှ မဟုတ်ဘဲ။ မာစတာကို ကူပြီး စိစစ်ဝေဖန်ပေးနေတာ။ ကူပြီး အကြံထုတ်ပေးနေတာပါ”
နောက်ဆုံး ချိုမာက အခိုင်အမာ ပြောတယ်။ “ကျွန်မ အချက်တစ်ချက်ကို ကြိုတင်ပြီး အသိပေးထားဖို့ လိုအပ်လိမ့်မယ် ထင်တယ်။ ကျွန်မ အခု ပြောခဲ့သမျှ စကားတွေက ဗိုလ်ကြီးအောင်သူ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတဲ့ ပေးထားချက်အပေါ် အခြေခံပါတယ်။ တကယ်လို့ သူ အမှန် သေသွားခဲ့ပြီဆိုရင်တော့ ကျွန်မရဲ့ စကားက အရင်စကားအတိုင်းပဲ။ မာစတာအနေနဲ့ ဆက်ပြီး ဘာမှ ကြောင့်ကြမနေနဲ့တော့။ သူက မြွေပွေးပဲ။ မြေကြီးလက်ခတ် မလွဲဘူး”
ဟိဟာရက စိတ်ထဲကနေ ကျိန်ဆဲနေတယ်။ ငါ ဘယ်နှယ့်လုပ်ပြီး မကြောင့်မကြဘဲ နေနိုင်ပါ့မလဲ။ မင်းတို့ ခွေးသားနှစ်ကောင် လုပ်လို့ ငါ့မှာ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရနဲ့။ အခုလည်း လာပြန်ပြီ။ ဗိုလ်လေးထွန်းမြင့်ကို ဆွဲထုတ်လာပြန်ပကော။
ဒါပေမယ့် ချိုမာကို ခွေးသားလို့ ဆဲသာ ဆဲနေရတာ။ သူ ပြောတဲ့စကားတွေက လုံးဝ အဓိပ္ပာယ် မရှိဘူးလို့တော့ ဟိဟာရ မယူဆမိဘူး။ ဟိဟာရအတွက် အကျပ်ရိုက်နေတဲ့ အချက်က ဘာလဲဆိုတော့ ချိုမာတစ်ယောက် အခုလို ပြောဆိုပြုမူနေတာတွေကို သူ့အနေနဲ့ ဘယ်လို တုံ့ပြန်ရမှန်း မသိဘူး ဖြစ်နေတယ်။ သူ့ကို ပိုပြီးတော့ပဲ သံသယ ဝင်ရမလား၊ ဒါမှမဟုတ် ဆန့်ကျင်ဘက်လား။ သူ့ခမျာ ဝေခွဲမရ ယောင်နန ဖြစ်နေတယ်။ အဲဒီလို အကျပ်ရိုက်နေတဲ့ စိတ်နဲ့ ချိုမာဆီကနေ သူ ထွက်ခွာလာခဲ့တယ်။ စိတ်ထဲမှာတော့ သူ့ကိုယ်သူ နည်းနည်းလေးမှ အားရမနေဘူး။
ခေါင်းရှုပ်လိုက်တာ။ တကယ်ပဲ။
အဲဒီညက ဟိဟာရတစ်ယောက် ခြံရှေ့သွားပြီး အပျော်သွားမရှာခဲ့ဘူး။ စိတ်ထဲ မအီမသာနဲ့။ ဒီတော့ ဖီးလည်း မလာဘူးပေါ့။ စိတ်က မအီမသာ ဖြစ်နေတော့ အိပ်မက်တွေကလည်း ကယောက်ကယက်။ အိပ်မက်ထဲမှာ တစ်နေကုန် ကြုံခဲ့ရသမျှ ကိစ္စအကုန်လုံးကို နောက်တစ်ကြော့ပြန်ပြီး တွေ့ကြုံနေရတယ်။ ခေါင်းကို ပြူတစ်ပြူတစ် လုပ်နေတဲ့ လိပ်ကြီး၊ မူးပြီးရမ်းနေတဲ့ မြသန္တာ၊ နားကွဲမတတ် အော်မြည်သွားတဲ့ သေနတ်သံ၊ မာလာရဲ့ ရုပ်အလောင်း၊ ချိုမာရဲ့ တအိအိ စကားသံ၊ ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာ … လေအဝေ့မှာ မျောပါလာကြပြီး လေအသော့မှာ လွင့်ပါးသွားကြတယ်။ အိပ်မက်ဆိုတာ အတွေးအကြံရဲ့ အမြွှာညီအစ်ကိုပဲ မဟုတ်လား။ အဲဒီအိပ်မက်ရဲ့ လမ်းညွှန်မှုကြောင့်ပဲ နောက်တစ်ကွက် ဘာဆက်လုပ်ရမလဲ ဆိုတာကို သူ သဘောပေါက်သွားတယ်။
ဒါပေမယ့် အဲဒါက အကွက်ဟောင်းပါပဲ။ ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာပေါ့။ နောက်တစ်နေ့ မနက်ခင်း အိပ်ရာထထချင်းမှာ ဟိဟာရ ပထမဆုံး လုပ်တဲ့ အလုပ်ကတော့ အဲဒီသေတမ်းစာကို ဦးဟန်ထွန်းရဲ့လက်ထဲ ထိုးထည့်လိုက်ခြင်းပဲ။ ပြီးတော့ သူ့ကို ပြောတယ်။ “ခင်ဗျား ဗိုလ်လေးကို သွားအကြောင်းကြားလိုက်။ နံနက်စာ စားပြီးတာနဲ့ အစည်းအဝေး လုပ်မယ်လို့။ ပြီးတော့ သူတို့အားလုံးကို ဒီစာ ပြလိုက်။ ဒါပေမယ့် တစ်ယောက်ချင်း တစ်ယောက်ချင်းစီကို ပြပြီး သူတို့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်”
ဦးဟန်ထွန်းကတော့ သူ့သခင် ဘာခွင် ဆင်နေပြန်ပြီလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေတယ်။ သူ့အမြင်အရတော့ ဒီအကွက်ဟောင်းကြီးက အလုပ်ဖြစ်ဖို့ မလွယ်လှဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချိုမာက အဲဒီအင်ကွက်ကြီးကို သိထားနှင့်ပြီးပြီလေ။ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတောင် ဖြစ်လာနိုင်သေးတယ် မဟုတ်လား။
ဟိဟာရက အသေအချာ စဉ်းစားလိုက်ပြီးတော့ ယုံကြည်ချက်အပြည့်နဲ့ ပြောတယ်။ “ဗိုလ်ကြီးအောင်သူက တကယ် သေသေးတာ မဟုတ်ဘူး ဆိုတာ သူ့ကို ကျုပ် အမှန်အတိုင်း ပြောရသေးတာ မဟုတ်ဘူး။ လွန်ရောကျွံရောမှ သူ သံသယ ရှိနေရုံပဲပေါ့” တစ်ခဏလောက် စဉ်းစားပြီး ဆက်ပြောတယ်။ “ပြီးတော့ သူ့ကို ပြောပြဖူးတယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျုပ်က သူ့ကို ထောင်ဖမ်းချင်လို့ မဟုတ်ဘူး။ သူ အခုကိစ္စကို ဘယ်ပုံဘယ်နည်း သုံးသပ်မလဲ ဆိုတာကို ကျုပ် ကြည့်ချင်လို့ပဲ။ ပြီးတော့ သူ အဲဒီအကြောင်းကို တခြားလူတွေကို ပြောထားလား၊ မပြောထားလား ဆိုတာလည်း ကျုပ် ကြည့်ချင်သေးတယ်”
“ပြောထားမယ် ဆိုရင်ရော”
“ဒါဆိုလည်း သူ ဘယ်လို ပြောထားသလဲ ဆိုတာကို ကြည့်ရမှာပေါ့” ဟိဟာရက တုံ့ဆိုင်းဆိုင်း ပြောတယ်။ “တကယ်လို့ သူက ဗိုလ်ကြီးအောင်သူကို အမှန်တကယ် သေဆုံးသွားပြီလို့ ဆုံးဖြတ်ထားတယ် ဆိုပါတော့။ နောက်ပြီး အဲဒီအခြေအနေကိုလည်း တခြားလူတွေ သိအောင် ပြောပြထားမယ် ဆိုရင် သူ မနေ့ညက ပြောခဲ့တဲ့ ဗိုလ်လေးထွန်းမြင့်ကို စွပ်စွဲတဲ့ စကားတွေက ကလိမ်စေ့ငြမ်းဆင် လျှောက်ပြောခဲ့တဲ့ စကားတွေပဲလို့ ယူဆရတော့မှာပဲ။ အခြေအနေကို ပိုပြီး ရှုပ်ထွေးသွားအောင် တမင် ကြံစည်တာပဲပေါ့။ ဒါဆို သူ ဘယ်လို လူစားလဲ ဆိုတာကို ခင်ဗျား သိနိုင်ပြီလေ”
“တကယ်လို့ မပြောခဲ့ရင်ရော”
“ဒါဆိုလည်း တခြားလူတွေ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ကြည့်ကြတာပေါ့” ဟိဟာရက ခေါင်းမော့ရင်ကော့ပြီး ပြောတယ်။ “ခင်ဗျား စဉ်းစားကြည့်။ တကယ်လို့ ချိုမာက မြွေပွေးဆိုရင် အရင်တုန်းက ဒီသေတမ်းစာ မရှိသေးတော့ ကျန်လူတွေက သူ့ကို သံသယရှိနေခဲ့ရင်တောင် ဘယ်သူမှ သူ့ကို မပြောရဲကြဘူး။ အကုန်လုံးက ထင်ကြေးပေးနေရတဲ့ ကိစ္စတွေဆိုတော့ စကားတစ်ခွန်း အပြောမှားတာနဲ့ ရန်ငြိုးအဖွဲ့ခံရရင် နောက်ပိုင်း ဘယ်နှယ့် အလုပ်အတူတူ တွဲလုပ်နိုင်ပါတော့မလဲ။ အခုတော့ ဒီဟာ ရှိနေပြီဆိုတော့ အားလုံးက ပြောရဲသွားပြီ။ ဒါဆို ချိုမာရဲ့ အပြစ်အနာဆာတွေကို ကျုပ်တို့ လွယ်လွယ်နဲ့ စုစည်းလို့ ရသွားတာပေါ့။ တကယ်လို့သာ ချိုမာက မြွေပွေး မဟုတ်ဘူးဆိုရင် တကယ့်မြွေပွေးအစစ်က ကျုပ်တို့ လူမှားနေတာကို ရင်ထဲက ကြိတ်ပြီး ပျော်နေတော့မှာ။ ဒီတော့ မီးလောင်ရာလေပင့် ဆိုသလို ချိုမာကို အဆင်းဘီးတပ်လွှတ်မှာ သေချာသလောက်ပဲ”
ဒီလိုဆိုတော့ အသစ်ထုတ်လိုက်တဲ့ ဟိဟာရရဲ့ အကွက်ဟောင်းက ပရိယာယ်ဝေဝုစ်တွေမှ မနည်းမနောပဲ။ လောက်စာလုံး တစ်လုံးတည်းနဲ့ ငှက်အများကြီးကို ပစ်ဖို့ ရည်ရွယ်ထားတာ။
ဒီလိုဆိုတော့ အခုချိန်မှာ ဟိဟာရရဲ့ သံသယအကြည့်တွေက နေရာအနှံ့ကို ပျံ့နှံ့ရောက်ရှိနေတယ်။ သူ့အဖို့ အဲဒီအဖြစ်က အရုဏ်မကျင်းခင် ဖြစ်ပေါ်တတ်တဲ့ မိုက်မှောင်မှုသက်သက်ပဲ ဖြစ်ပါစေလို့ သူ မျှော်လင့်နေခဲ့တယ်။
အခုဟာက တတိယမြောက်နေ့ရဲ့ မနက်ခင်း။ အချိန်က တစ်ဝက်ကြီးများတောင် ကျိုးသွားခဲ့ပြီ။ သိကြားမင်းက ဒီလူတွေအတွက်တောင် ပူပန်ပေးနေရော့သလား မသိဘူး။ မိုးဖွားလေးတွေ တဖွဲဖွဲ ကျလို့။