Show contents

(က)

မြွေပွေးခမျာ မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ တစ်နေ့လုံး စိတ်တွေ လှုပ်ရှားနေတာနဲ့ပဲ ညရောက်တော့ အိပ်ချင်စိတ်က လုံးလုံးကို ရှိမနေတော့တာ။ သတင်းပလင်းတွေကို သူ တစ်ညလုံး နားထောင်နေခဲ့တယ်။ ငန်းကြီးရဲ့ မျက်ဝန်းတစ်စုံက ကားရှေ့ဘတ်သီးနှစ်လုံးလို သူ့မျက်စိထဲမှာ လင်းလက်ဝင်းပနေတယ်။ သူ့မျက်လုံးတွေကို မူးဝေမှုန်ဝါးသွားစေတဲ့ အထိပဲ။ သူ့ဝိညာဉ်ကို အရည်ပျော်သွားစေတဲ့ အထိပဲ။ သူ့ခန္ဓာကိုယ်က မြူခိုးငွေ့လို လေတိုက်တာနဲ့ လွင့်ပါးပျောက်ကွယ်သွားတော့မယ့် အလားပဲ။

ငန်းကြီးဆိုတာက ဆေးလိပ်ဝယ်တဲ့ ညဉ့်ငှက်မလေးကို ပြောတာ။ ဦးဟန်ထွန်းက သူ့ကို အစည်းအဝေးခန်းမထဲ ခေါ်ချလာတော့ ပြဿနာရဲ့ ဇစ်မြစ်ကို မြွေပွေးက ချက်ချင်း သဘောပေါက်သွားတယ်။ ငန်းကြီးကို အစည်းအဝေးခန်းမထဲ ခေါ်ထုတ်လာတယ် ဆိုတာကလည်း မြွေပွေးကို လက်ညှိုးညွှန်ပြခိုင်းဖို့ပဲ ဖြစ်မှာပေါ့။ ငန်းကြီးက သူ့ကို ဖော်ကောင်လုပ်သွားမှာပဲ လို့တော့ သူ မစိုးရိမ်ပါဘူး။ သူ့ကို မှတ်မိတယ် ဆိုရင်တောင် ငန်းကြီးက အဲဒီလို သစ္စာဖောက်တတ်တဲ့ လူစားမျိုးမဟုတ်ဘူးလို့ သူ ယုံကြည်တယ်။

သူ့ဘော်ဒါတွေက ငန်းကြီးအကြောင်း မကြာမကြာ ချီးကျူးနေကြတာ။ တော်လှန်ရေးအတွက်၊ ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ဖို့အတွက်ဆိုရင် အသက်အိုးအိမ်စည်းစိမ်ဆိုတာတွေက သူ့အတွက် အပယိကတွေ။ ဒါတွေကို ပဓာန ထားတတ်တာ မဟုတ်ဘူး။ မိန်းမသားတစ်ယောက်အတွက် အရေးကြီးဆုံးဖြစ်တဲ့ ဂုဏ်သိက္ခာကိုတောင် တော်လှန်ရေးအတွက် စတေးခံရဲတဲ့ မိန်းမစားမျိုးပါ။ ဆိုတော့ လွတ်လပ်ရေးသည်သာ အဓိက၊ တော်လှန်ရေးသည်သာ ပဓာနဆိုတဲ့ စိတ်ဓာတ်မျိုးပေါ့။

အဲဒါ ပြဿနာ မဟုတ်ဘူး။ သူ ငန်းကြီးကို ယုံတယ်။ ပြဿနာက သူ ဘယ်လိုနည်းလမ်းနဲ့ အပြင်ထွက်နိုင်အောင် လုပ်ရမလဲ။ အပြင်ကို သတင်းပို့ပေးရဦးမယ် မဟုတ်လား။ အဲဒီမေးခွန်းက ငန်းကြီးရဲ့ မျက်ဝန်းတစ်စုံလိုပဲ သူ့မျက်စိအရှေ့မှာ တွဲလဲခိုနေတယ်။ ဘယ်လိုမှ ခါထုတ်ပစ်လို့ မရနိုင်ခဲ့ဘူး။ မျက်စိမှိတ်ထားရင်တောင် မျက်ခွံနောက်ကွယ်မှာ တွေ့မြင်နေရသေးတယ်။ သူ အဲဒီလိုနည်းနဲ့ တစ်ညတာကို ဖြတ်ကျော်လာခဲ့ရတာ။ အရုဏ်ဦးရဲ့ လင်းရောင်ခြည်တစ်စက မှန်ပြတင်းပေါက်ကို လာတောက်တဲ့အချိန်မှာ သူ မချိတရိ ပြုံးလိုက်မိတယ်။

နောက်ထပ် အဓွန့်ရှည်ကြာတဲ့ နေ့တစ်နေ့ကို ဖြတ်သန်းရဦးမှာပါလား။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *