စက္ကူဖြူပေါ်မှာ လက်ရေးက ပြူးလို့။ သက်သေသက္ကာယက ဒီထက် ခိုင်လုံတာ ရှိနိုင်ပါဦးတော့မလား။
ချိုမာ သိတယ်။ ဒီလိုအချိန်မှာ ငြင်းချက်ထုတ်နေလို့လည်း အပိုပဲ။ ဘာ အဓိပ္ပာယ်မှ မရှိနိုင်တော့ဘူးလေ။ ငြင်းဆန်ခြင်းက မိုက်မဲတဲ့ ရွေးချယ်မှုတစ်ခုပဲ။ မြသန္တာကို ဆွပေးသလိုတောင် ဖြစ်သွားနိုင်သေးတယ်။ သူက ဝန်ခံခြင်းနဲ့ အရှုံးပေးခြင်းကို ရွေးချယ်လိုက်တယ်။ ဝန်ခံရုံသက်သက်နဲ့တော့ ဘာအသုံးကျမှာလဲ။ အဓိက အရေးပါတဲ့အချက်က ရှင်းပြရမယ်။ ခွင့်လွတ်ဖို့ တောင်းပန်ရမယ်။ ချိုမာက သူ ဘာကြောင့် အဲဒီလို လုပ်ခဲ့ရသလဲ ဆိုတာကို ရှင်းပြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြသန္တာက သူလျှိုသူကန်တစ်ယောက် မဟုတ်ဘူး ဆိုတာကို သူ သိထားတာကြောင့် ဟိဟာရကလည်း မြသန္တာကို လုံးဝ သံသယ ဝင်မှာ မဟုတ်ဘူး။ ဟိဟာရက မြသန္တာကို သံသယဝင်တယ်ပဲ ထားဦး။ သူ့အဖေမှာ သူ့ကို ကယ်ထုတ်ပေးနိုင်မယ့် အစွမ်းအစ ရှိတယ် မဟုတ်လား။
ဘယ်လို လောဂျစ်ကြီးပါလိမ့်။
ဒါပေမယ့် အဲဒီအချိန်မှာ ဘာတွေ ပြောနေသလဲ ဆိုတာထက် တစ်စုံတစ်ရာ ပြောနေဖို့က ပိုအရေးကြီးတယ်။ အဆက်မပြတ် ပြောနေဖို့ လိုတယ်။ စကားမရှိ စကားရှာပြီး ပြောနေဖို့ လိုတယ်။ ဆင်ခြေဆင်လက်တွေ ပေးနေတယ်ပဲ ပြောပြော၊ ဗြောင်လိမ်နေတယ်ပဲ ဆိုဆို၊ တောင်းပန်နေရမယ်၊ တိုးလျှိုးနေရမယ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို လှစ်ပြနေရမယ်။ အဲဒီလို လှစ်ပြဖို့ အကောင်းတကာ့ အကောင်းဆုံးနည်းကတော့ ငိုယိုခြင်းပဲ။ ငိုတော့ ငိုပေါ့။ ဒါပေမယ့် အော်ကြီးဟစ်ကျယ် ခုနစ်အိမ်ကြား ရှစ်အိမ်ကြားတော့ ငိုလို့ မဖြစ်ဘူး။ အသံမထွက်အောင် တရှုပ်ရှုပ်နဲ့ ငိုယိုနေရမယ်။ ချိုမာက မြသန္တာကို မလွှတ်တမ်း ပွေ့ဖက်ထားပြီး သူ့နားနားကို ကပ်လို့ ရှုပ်ရင်း ရှိုက်ရင်း မြည်တမ်းငိုယိုနေတယ်။
“ငါတို့နှစ်ယောက် ညီအစ်မအရင်းတွေလို ချစ်ခဲ့ခင်ခဲ့ကြတဲ့ မျက်နှာကို ထောက်ထားပြီး ငါ့ကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါဟာ … နင် ငါ့ကို ခွင့်မလွှတ်ဘူးဆိုရင် ငါ သေဖို့ပဲ ရှိတော့တယ်။ ငါ သေသွားမှာကို နင် တကယ်ပဲ ကြည့်ရက်နိုင်သလား … ငါ သေသွားရင် ကလေးနှစ်ယောက်က မိဘမဲ့ကလေးတွေ ဖြစ်သွားတော့မှာ။ သူတို့ကလည်း နင့်ကို အရမ်း ချစ်ကြပါတယ်။ ငါ့ကို တစ်နေကုန် အန်တီမြနဲ့ တွေ့ချင်တယ်လို့ ပူဆာနေကြတာ။ မြရယ် … ငါ နင့်အပေါ် မကောင်းကြံခဲ့မိတယ်။ ဒါကလည်း တခြားနည်းလမ်း မရှိတော့လို့ပါ … ငါ့ရဲ့ ကလေးနှစ်ယောက်ကို သနားပါဦးဟာ။ ဒီတစ်ကြိမ်တော့ ငါ့ကို ခွင့်လွှတ်ပေးပါ …”
အဲဒီလို သူက ငိုယိုပြီး တောင်းပန်တိုးလျှိုးနေရှာတယ်။ တစ်မျက်နှာလုံးလည်း မျက်ရည်တွေနဲ့ ပြည့်လို့။
မျက်ရည်တွေက မြသန္တာရဲ့ ခက်ထန်နေတဲ့ စိတ်ခံစားချက်ကို ညွတ်နူးသွားစေခဲ့တယ်။ ဒါပေမယ့် ခွင့်လွှတ်ဖို့ ဆိုတာကတော့ ဝေလာဝေးပဲ။ ဒါနဲ့ ချိုမာက နောက်ထပ် တိုက်ကွက်တစ်ကွက်ကို ထုတ်သုံးလိုက်ပြန်တယ်။ လိမ်ညာတဲ့ တိုက်ကွက်ပေါ့။
(အသံသွင်းမှတ်တမ်း)
ငါနဲ့ ကိုလွင်တို့က အမှန်အကန် မေတ္တာမျှနေကြတယ်လို့ သူ ထင်နေပုံရတယ်။ ကိုလွင်က သူ့ရဲ့ ရဲဘော်တစ်ယောက်ပါပဲလို့ သူက ငါ့ကို ညာပြောတယ်။
အစတော့ ငါက လုံးဝ မယုံဘူး။ ဒါပေမယ့် သူ ပြောတဲ့စကားတွေက ယုတ္တိ ရှိတန်သလောက်တော့ ရှိနေတယ်။ ကိုလွင်ရဲ့ မိသားစုအကြောင်းကနေ စပြီး သူ့ရဲ့ ဘဝနောက်ကြောင်းတွေ၊ ငါတို့နှစ်ယောက် စတင် သိကျွမ်းခဲ့တဲ့ အချိန်ကနေစပြီး လူသိနည်းတဲ့ သူ့ရဲ့ အကြောင်းတွေကို မချိုမာက တစ်ခုပြီးတစ်ခု တစ်ကြောင်းပြီးတစ်ကြောင်း ဆွဲထုတ်ပြီး ပြောသွားခဲ့တယ်။ နောက်ဆုံး ငါ့စိတ်ထဲမှာ ဘယ်လိုတောင် ဖြစ်လာသလဲ ဆိုတော့ သူတို့နှစ်ယောက်က အဲဒီလောက်တောင် ရင်းနှီးကြပါလား။ ငါ့ထက်တောင် ပိုပြီး ရင်းနှီးနေတာပဲလို့ ခံစားလာရတယ်။
သူ ပြောတဲ့ အကြောင်းအရာ အများစုကို ငါ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမယ့် တချို့တလေကတော့ ငါ သိနှင့်နေပြီးသားပါပဲ။ ဥပမာ ပြောရရင် အရင်တစ်ချိန်တုန်းက ကိုလွင်က ဖျာပုံဘက်ကို တိတ်တဆိတ် ထွက်သွားခဲ့ဖူးတယ်။ အဲဒီကိစ္စကို ငါလည်း သိထားခဲ့တယ်။ ပြီးတော့ သူက တိုးတက်တဲ့စာပေတွေကိုလည်း အချိန်အားတိုင်း ဖတ်နေခဲ့တာတော့ အမှန်ပဲ။ နဂါးနီတိုက်က ထွက်သမျှ စာအုပ်တွေဆိုရင် သူ တစ်အုပ်မကျန် ဝယ်ခဲ့၊ ဖတ်ခဲ့တာလည်း အမှန်ပဲ။
မချိုမာက အဲဒီအကြောင်းအတွေကို ဘယ်လိုလုပ်ပြီး သိနေခဲ့သလဲ ဆိုတာကိုတော့ ငါ မပြောတတ်ဘူး။ ဖြစ်နိုင်ခြေကတော့ နှစ်ခု ရှိလိမ့်မယ်။ ကိုလွင်က အဲဒီအချိန်မှာ နာမည်ကြီးတဲ့ ဇာတ်မင်းသားတစ်ယောက်လေ။ ဇာတ်သမား အသိုင်းအဝိုင်းမှာ သူက ဂျပန်အလိုတော်ရိ၊ ငဖားကောင်၊ လောက်ကောင် ဆိုပြီး နာမည် ကြီးနေခဲ့တာ။ ဒါကြောင့် ရပ်ကွက်ထဲမှာတောင် သူ့အကြောင်း သွားပုပ်လေလွင့် ပြောနေကြတဲ့ လူတွေမှ မနည်းမနောပဲ။ မချိုမာက အဲဒီလို တစ်ဆင့်စကား တစ်ဆင့်နားက တစ်ဆင့်ကြားထားခဲ့တာလည်း ဖြစ်နိုင်တာပဲ။ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ ငါ ကိုယ်တိုင် အမှတ်မထင် သူ့ကို ပြောပြခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။ ငါက ပြောပြီး မေ့သွားပေမယ့် သူကတော့ အခုထိ မှတ်မိနေတုန်းပဲ။ မချိုမာက ပြောသေးတယ်။ ကိုလွင်က ငါ့ကို ချဉ်းကပ်ခဲ့ရတဲ့ အကြောင်းအရင်းက ငါ့ကို သူတို့လို ရဲဘော်ရဲဖက်တွေ ဖြစ်အောင် စည်းရုံးသိမ်းသွင်းချင်လို့တဲ့။
ဒါပေမယ့် နောက်ပိုင်းကျ ငါ အဖြစ်မှန်ကို သိလာခဲ့တယ်။ အဲဒီကိုလွင်ဆိုတဲ့ လူက သူနဲ့ တစ်ဂိုဏ်းတည်း မဟုတ်ဘူး။ သူ အဲဒီလို ပရမ်းပတာ မဟုတ်တမ်းတရား လျှောက်ပြောရဲနေရတဲ့ အကြောင်းကလည်း သူ့စကားတွေ မှန်မမှန် ဆိုတာကို အဲဒီအချိန်မှာ ကိုလွင်နဲ့ တေ့တေ့ဆိုင်ဆိုင် စစ်ကြည့်လို့ ရတာမှ မဟုတ်တာ။ ဒီတော့ ပလီစိချောက်ချက် မဟုတ်မဟတ်တွေ လျှောက်ပြောတော့တာပေါ့။ ရည်ရွယ်ချက်ကတော့ ငါ့ကို ငြိမ်သွားအောင် ထိန်းထားချင်လို့ပဲ။
ဟဲ ဟဲ၊ သူကတော့ ဘယ်သိရှာပါ့မလဲ။ သူ့ရဲ့ အဲဒီစကားလုံးတွေက ငါ့ကို နည်းနည်းလေးမှ သိမ်းသွင်းနိုင်စွမ်း မရှိခဲ့ဘူးလေ။ ငါက အဲဒီငနဲကို တကယ် ချစ်တာမှ မဟုတ်တာ။ သူတို့ရဲ့ ရဲဘော်ဖြစ်ဖို့ဆိုတာ သာလို့တောင် ဝေးသေးတယ်။ အဲဒီကိုလွင်က သူ့လို ကွန်မြူနစ်တစ်ယောက် ဖြစ်နေတယ် ဆိုတော့ရော ငါ့အတွက် ဘာအရေးမို့လဲ။
ပိုပြီး ကိုးယိုးကားယား နိုင်တဲ့အချက်က သူက ငါ့ကို သူ့သွေးသောက်ရဲဘော်အဖြစ် မရအရ စည်းရုံးနေခဲ့တယ်လေ။ သူ့ကို ကူပြီးတော့ အပြင်ကို သတင်းထုတ်ပေးဖို့ တောင်းဆိုနေတယ်။ သူက ငါ့ကို မျိုးချစ်စိတ်က ဘယ်လို ဘယ်ညာ ဆိုပြီး နိုင်ငံရေးအဘိဓမ္မာတွေကို အာပေါက်မတတ် ရှင်းပြနေခဲ့တယ်။ သူ့လို ကွန်မြူနစ်တစ်ယောက် ဖြစ်မှပဲ တိုင်းပြည်ကို ကျေးဇူးဆပ်ရာ ရောက်တော့မလိုလို။
အဲဒီတုန်းက ငါ သူ့စကားတွေကို နားထောင်ပြီး ရင်ထဲ အော်ကလီဆန်လာတာနဲ့ သူ့ကို အားမနာတမ်း ဆဲဆိုပစ်လိုက်တယ်။ ကဲ့ရဲ့ဟားတိုက်ပစ်လိုက်တယ်။ ငါ သူ့ကို ဘာတွေ ပြောခဲ့သလဲ ဆိုတာကိုတောင် ငါကိုယ်တိုင် မပြောတတ်တော့ဘူး။ သေချာတာကတော့ စိတ်ဆိုးလွန်းလို့ သူတို့ ကွန်မြူနစ်တွေရဲ့ မကောင်းကြောင်းကို သူ နာကြည်းခံခက်သွားအောင် အားရပါးရ ပြောပစ်ခဲ့တာပဲ မှတ်မိတော့တယ်။
***
အဲဒီစကားလုံးတွေက ချိုမာကို အသိတစ်ခု ဝင်သွားစေခဲ့တယ်။ မြသန္တာရဲ့ ဆဲဆိုကြိမ်းမောင်းသံနဲ့ ကဲ့ရဲ့သင်္ဂြိုဟ်သံတွေထဲကနေပြီးတော့ သူဟာ အရင်းရှင်ရဲ့ ဘက်တော်သားတစ်ယောက်၊ အင်္ဂလိပ်ရဲ့ သူလျှိုတစ်ယောက် ဖြစ်ရမယ်လို့ သံသယဝင်သွားတယ်။ ဒါနဲ့ နောက်ထပ် တိုက်ကွက်တစ်ကွက်ကို ထုတ်သုံးလာပြန်တယ်။ အကျပ်ကိုင်ခြင်းပေါ့။
ချိုမာက ပြောတယ်။ “ကောင်းပြီ။ နင် ဘာမှ ဆက်မပြောနဲ့တော့။ ငါ သဘောပေါက်သွားပြီ။ အကုန်လုံး သဘောပေါက်သွားပြီ။ အခုချိန်မှာ နင် ငါ့ကို ပိုပြီးတော့တောင် ကူညီဖို့ ကောင်းသေးတယ်။ အခုဆို ဂျပန်ကို တိုက်ထုတ်နိုင်ဖို့အတွက် အဖွဲ့တွေအားလုံး ပေါင်းစည်းပြီး အလုပ်လုပ်နေကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လို သခင်ခေါင်းဆောင်တွေတောင် အင်္ဂလိပ်မဟာမိတ်နဲ့ ပေါင်းဖို့ စီစဉ်နေတာ နင်လည်း ကြားမိမှာပဲ။ ဒီတော့ နင့်အနေနဲ့ ငါ့ကို မကူဘဲ သွားပြီးတော့ တိုင်တောင်တိုင်ဦးမယ် ဆိုတော့ တိုင်းပြည်ကို၊ ကိုယ့်ခေါင်းဆောင်ကို သစ္စာဖောက်ရာ ကျမနေဘူးလား”
မြသန္တာက ပြောင်းလဲလာတဲ့ အခြေအနေကို ရိပ်စားမိသွားတော့ အနည်းငယ် ရွံ့တွန့်တွန့် ဖြစ်သွားတယ်။ “နင် ဘာသိတာလဲ။ ဘာလို့ သစ္စာဖောက်ရာ ကျရမှာလဲ”
ချက်ကောင်း ထိသွားပြီ ဆိုတာကို ချိုမာက ရိပ်စားမိလိုက်တော့ အလျှော့မပေးဘဲ အတင်းကို ဖိတွန်းတော့တာပဲ။ “နင် အရင်က လုပ်ရဲရင် ခံရဲတဲ့ လူတစ်ယောက်ပဲလေ။ မဟုတ်ဘူးလား။ အခုလို တိုင်းကျိုးပြည်ကျိုးအတွက် လုပ်နေတဲ့ ကိစ္စကို ဘာကြောင့် လူသိ မခံနိုင်ရတာလဲ။ နင် ငါ့ကို အဆိုးမဆိုနဲ့။ နင် တိုင်ရင် ငါလည်း နင့်ကို ပြန်တိုင်ရုံ ရှိတော့တာပဲ”
မြသန္တာက ခေါင်းမာနေတုန်းပဲ။ “တိုင်လေ။ နင် အခု သွားတိုင်လိုက်”
ချိုမာက ခနဲ့ပြုံး ပြုံးတယ်။ “နင် သဘောတူရင်တောင် နင့်အဖေက သဘောတူနိုင်လိမ့်မယ် မထင်ဘူး။ နင်ရော ငါရောက ဘာမှ မဟုတ်တဲ့ ပမွှားကလေးတွေ။ ဖမ်းခံထိ၊ အသတ်ခံထိလည်း ဟိဟာရက အားကြီး ဝမ်းသာနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ရုပ်သေးအဓိပတိနားမှာ ကျက်စားနေတဲ့ ငါးကြီးကြီးတစ်ကောင်ကို ဖမ်းလိုက်နိုင်ရင်တော့ သူ အတော်လေး ဝမ်းသာသွားမှာ သေချာသလောက်ပဲ”
မြသန္တာက စွာသာ စွာတာ။ နှုတ်စ အာစမှာ ချိုမာကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒီလိုနဲ့ သုံးလေးချီလောက် နွှဲပြီးတဲ့အချိန်မှာ မြသန္တာတစ်ယောက် ရှူးရှူးရှဲရှဲ ဖြစ်ပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်းတွေ ချို့တဲ့လာတယ်။ သူ စောစောက ဘာတွေ ပြောခဲ့မှန်းတောင် သူ မသိတော့ဘူး။ နောက်ဆုံး သူ့အဖေရဲ့ ဇာတိရုပ် အမှန်ကို တစ်ဖက်လူက သိသွားတာတောင် ဘာကြောင့်မှန်း သူ မဝေခွဲတတ်ဘူး။
တကယ်တော့ သူ ဘာမှ ထွေထွေထူးထူး ပြောခဲ့တာ မဟုတ်ဘူး။ အဖုံးမတတ်လို့ တစ်ဖက်လူက အစွယ်ကို မြင်သွားခဲ့တာပဲ ရှိတာ။ ချိုမာက အကဲဆတ်တဲ့ လူတစ်ယောက်၊ အကင်းပါးတဲ့ လူတစ်ယောက် ဖြစ်လေတော့ အရိပ်တောင် တစ်စိတ်လောက်ပြရင်ကိုပဲ အကောင်လိုက် ဖမ်းနိုင်တတ်တာမျိုး။ အားနည်းချက်တစ်ခုကို တွေ့ပြီ ဆိုတာနဲ့ ကျားနာတစ်ကောင်က သားကောင်ကို မလွှတ်တမ်း ခဲထားတတ်သလို အဲဒီအားနည်းချက်ကို မလွှတ်တမ်း ဖိနင်းပြီး ကာလမ်းဆုတ်လမ်း ပြန်လမ်းမရှိအောင် ဖိတွန်းထားလိုက်တော့ နောက်ဆုံးမှာ မြသန္တာခမျာ မဖြစ်မနေ ဒူးထောက်လက်မြှောက် လိုက်ရပြီး ချိုမာနဲ့ ယာယီ သဘောတူညီမှုတစ်ခုကို ချမှတ်နိုင်ခဲ့တယ်။
သူ့ကို တိုင်လည်း မတိုင်ဘူး။ ကူလည်း မကူညီဘူး။
ဒီလိုနဲ့ ချိုမာအဖို့ သူ့ရဲ့ ကိုယ်ပိုင်မှန်းဆချက်က ခိုင်မာမှန်ကန်ကြောင်း ပိုပြီး ယုံကြည်သွားစေခဲ့တယ်။
ဒီနေရာအရောက်မှာ အဖွားအိုက သက်မကြီးချလိုက်တယ်။ “ဟူး … အဲဒီမချိုမာကတော့ ပန်ကာကျနေတာပဲ။ လည်လိုက်တာမှ မွှတ်လို့။ နဂိုကတော့ အပိုင်ပဲဆိုပြီး သူ့ကို ဖမ်းဖို့၊ ကိုင်ဖို့ ကြိုးစားခဲ့တာပဲ။ အမယ်လေး၊ ငါးရံ့ကို ဆီသုတ်ထားသလား အောက်မေ့ရတယ်။ လှစ်ကနဲ လှစ်ကနဲနဲ့ ရုန်းထွက်သွားလိုက်တာ။ အခုလို အကျဉ်းအကျပ်မျိုးထဲမှာ သာမန်လူသာဆိုရင် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် သိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူကတော့ လစ်ကွက် ဟာကွက် နည်းနည်းလေး တွေ့ပြီ ဆိုတာနဲ့ ငါ့ကိုတောင် တန်ပြန်တိုက်စစ် ဆင်သွားခဲ့သေးတာ။ ပြီးတော့ ငါ့ကို ခဏလေးနဲ့ အရှိုက်ကို ထိုးသုတ်ပြီး ခံစစ်ကနေ တိုက်စစ်ဖြစ်အောင် ပြောင်းယူလိုက်တော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရမယ့်သူက သူမဟုတ်တော့ဘဲ ငါ ဖြစ်သွားတယ်။ ငါ့ဘဝက သူ့ကို တိုင်လည်း မဟုတ်၊ မတိုင်လည်း မဟုတ်။ ဒါကြောင့် ငါ ပြောတာပေါ့။ သူက မြေအောက်လှုပ်ရှားမှု လုပ်ဖို့ မွေးရာပါ ဗီဇရှိတဲ့ သူပဲ။ သွေးအေးတယ်၊ တည်ငြိမ်တယ်။ ပြဿနာ ဖြစ်လာရင် မပျာမလောင်ဘဲ ခေါင်းအေးအေးထားပြီး ပြဿနာကို ချဉ်းကပ်ဖြေရှင်းနိုင်တဲ့ အစွမ်း ရှိတယ်”
အခုဆို ဇာတ်လမ်းရဲ့ အခရာကျတဲ့ အစိတ်အပိုင်းထဲကို တစ်စတစ်စ တိုးဝင်လာခဲ့ပြီ။ အဖွားအိုရဲ့ အခြေအနေကလည်း လန်းဆန်းတက်ကြွနေဆဲပဲမို့ အချိန်လွန်ခြင်း မလွန်ခြင်းကို ကျွန်တော် ဂရုစိုက်မနေနိုင်တော့ဘူး။ သူ့ကို ဆက်ပြောဖို့သာ ကျွန်တော် လောဆော်နေမိတော့တယ်။ ဒါပေမယ့် အန်တီမူးရာက ခွင့်မပြုဘူး။ အဖွားအိုရဲ့ မျက်လုံးထောင့်စွန်းတွေမှာ မျက်ဝတ်တွေ တက်နေတာကို သူ့ရဲ့ သူနာပြုမျက်စိနဲ့ သူ သတိထားမိတယ်။ အဲဒါ ပင်ပန်းခြင်းရဲ့ အမှတ်လက္ခဏာပဲလို့ ရှင်းပြပြီး ပြန်သင့်ပြီဖြစ်ကြောင်း ကျွန်တော့်ကို ပညာရှိနည်းနဲ့ နှင်လွှတ်နေတယ်။ ကျွန်တော်ကတော့ တုံ့ဆိုင်းဆိုင်း ဖြစ်နေတုန်းပဲ။ သူက ကျွန်တော့်ကို ကျန်းမာရေးလက်ချာတောင် ပေးနေလိုက်သေးတယ်။ “ကလေးတစ်ယောက် ပင်ပန်းလာပြီ ဆိုရင် တစ်ခဏလောက် နားလိုက်ရုံနဲ့ ပြန်ပြီး အားအင်တွေ ပြည့်ဖြိုးလာတယ်။ မင်း ပင်ပန်းနေရင် တစ်ရေးလောက် အိပ်လိုက်ရုံနဲ့ ပြန်လန်းလာနိုင်ပေမယ့် သူ ပင်ပန်းသွားပြီ ဆိုရင်တော့ အနည်းဆုံး နှစ်ရက်သုံးရက်လောက် အနားယူမှ နဂိုအတိုင်း ပြန်လန်းလာလိမ့်မယ်”
ဒီလောက်တောင် ပြောနေမှတော့လည်း အလိုက်ကမ်းဆိုးမသိ ပေကပ်ပြီး ထိုင်နေလို့ မဖြစ်တော့ဘူး။
အဲဒီနေ့ ညနေမှာ ကျွန်တော်အဖို့ အတွေးပေါင်းစုံ ချာချာလည်ရင်း မြို့ထဲဟိုတယ်ကို ပြန်ရောက်လာခဲ့တယ်။ ကျွန်တော်အတွက်တော့ အဲဒီနေ့ညက အိပ်၍မပျော်သော ညတစ်ညသံသရာ လည်ခဲ့ပါရောလား။
ကျွန်တော် အဓိကထားပြီး စဉ်းစားနေတဲ့ မေးခွန်းက နှစ်ခု ရှိတယ်။
၁။ အဲဒီလို (ချိုနဲ့မြက ရန်သူတွေအဖြစ် တစ်ယောက်ကိုတစ်ယောက် ရန်ဆောင်နေကြတဲ့) အခြေအနေမျိုးမှာ နောက်ဆုံးကျတော့ ချိုမာကို ကူညီဖို့ ဘယ်သို့သော အကြောင်းက မြသန္တာကို ဆုံးဖြတ်စေခဲ့တာလဲ။
၂။ မြသန္တာက သူ့ကို ကူညီပြီး လျှို့ဝှက်သတင်းကို ဘယ်လို အပြင် ထုတ်ပေးခဲ့တာလဲ။
ဒုတိယမြောက် မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် မှန်းဆမိတန်သလောက်တော့ မှန်းဆနိုင်တယ်။ ကျွန်တော့်အထင် ပြောရရင် လက်တွေ့အကျဆုံး နည်းလမ်းတစ်ခုက ဖယောင်းလုံးသုံးလုံးကို နဂိုနေရာအတိုင်း ပြန်ထားပေးလိုက်ခြင်းပဲ။ နောက်တစ်နေ့မှာ လိပ်ကြီး လာယူသွားရင် ကိစ္စပြီးသွားပြီပေါ့။ အဲဒီမေးခွန်းနဲ့ နှိုင်းစာရင် ပထမမေးခွန်းက ကျွန်တော့်အဖို့ ပိုပြီး ရှုပ်ထွေးပွေလီတယ်လို့ ခံစားနေရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာ သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် ငြိုးသူရန်ဖက်အဖြစ်နဲ့ ရန်ဆောင်နေကြတာ မဟုတ်လား။ ဒေါ်မြသန္တာရဲ့ စိတ်နေသဘောသဘာဝအရ ကြည့်မယ်ဆိုရင် သူ့ကို ရုတ်တရက်ကြီး စိတ်ပြောင်းသွားစေဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်သလောက်ပဲ။ အခုဆို ကျွန်တော်တို့ သိထားကြပြီ။ သူနဲ့ ဒေါ်ချိုမာက နှစ်ဦးသဘောတူ နားလည်မှုတစ်ခု ရထားကြတယ်။ ဒါပေမယ့် လိုလိုလားလား သဘောတူ ခေါင်းညိတ်ခဲ့တာတော့ မဟုတ်ဘူး။ ဘေးကျပ်နံကျပ်ကြောင့်သာ မပေးချင်ပေးချင် ပေးခဲ့ရတာ။
ဒါဆို နောက်ဆုံးကျ ဘာက သူ့ကို ပြောင်းလဲသွားစေခဲ့တာလဲ။
အဲဒီမေးခွန်းက ကျွန်တော့်ကို တစ်ညတာ ရှောရှောရှူရှူ အိပ်စက်ခွင့် မပြုခဲ့ဘူး။ အိပ်ပျက်ညရဲ့ ဒုက္ခဝေဒနာက ကျွန်တော်ရဲ့ မျက်လုံးတွေကိုပါ ရဲရဲနီအောင် လောင်ကျွမ်းရှို့မြှိုက်စေခဲ့တယ်။