တိုက်ထဲက လေထုထဲမှာ မရဏရဲ့ ပုပ်အဲ့နံဟောင်ပြီး ကြောက်စရာကောင်းတဲ့ ချဉ်စူးစူး ညှီစို့စို့ အနံ့အသက်တစ်ခု ရနေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ပျက်ခဲ့တဲ့ သွေးမြေကျရတဲ့ အဖြစ်အပျက်တွေ တစ်ကျော့ပြန် ရောက်လာတော့မယ့်အတိုင်းပဲ။ ဦးဟန်ထွန်းက ဗိုလ်မှူးနဲ့ ဟိဟာရကို ဦးဆောင်ပြီး တိုက်ထဲကို ဝင်လာတယ်။ အပါးတော်မြဲ ဗိုလ်လေးက အစည်းအဝေးခန်းမထဲကနေ ပြေးထွက်လာပြီး ကြိုဆိုနှုတ်ဆက်လိုက်တယ်။ စောစောကလေးတင်မှ မြသန္တာနဲ့ အချင်းများထားရလို့ ထင်ပါရဲ့။ စိတ်က ကယောက်ကယက်နဲ့ ဧည့်ကြိုနေတာ ကိုးယိုးကားယားကို ဖြစ်လို့။ ဟိုလူ့ကို နှုတ်ဆက်ရနိုးနိုး၊ ဒီလူ့ကို နှုတ်ဆက်ရနိုးနိုးနဲ့ ပျာယာခတ်နေတယ်။
ဗိုလ်မှူးက သူ့ကို မျက်လုံးပြူးနဲ့ စိုက်ကြည့်လိုက်တယ်။ “မင်း ဘယ်လို ဖြစ်နေတာလဲ။ ဆပ်ပြာသည် လင်ပျောက်နေတဲ့အတိုင်းပဲ”
ဗိုလ်လေးက ဆန့်ထားတဲ့လက်ကို ပိုက်လိုက်ပြီး သွားဖြဲပြတယ်။ “မဟုတ်ပါဘူး။ ကျွန်တော် … ကျွန်တော် … ဟို … ဟို”
ဗိုလ်မှူးက သူ့စကားကို ဖြတ်ပြောလိုက်တယ်။ “လူတွေအကုန်လုံး ခေါ်လိုက်ကွာ။ အစည်းအဝေး စရအောင်”
***
အစည်းအဝေးက အသုဘအခမ်းအနားထက်တောင် ပိုဆိုးနေတယ်။ အားလုံးက မျက်လွှာချလို့။ နှုတ်ခမ်းတွေ တင်းတင်းစေ့လို့။ ကိုယ့်ရဲ့ လျှို့ဝှက်ချက်တွေ ဒါမှမဟုတ် ရိုးသားဖြူစင်မှုတွေ အများသူငါဆီ ပေါက်ကြားသွားမှာကို စိုးရိမ်နေကြသလိုပဲ။ အောင်မျိုးမြချို ဒီလေးယောက်၊ ဘယ်သူမြွေပွေးလဲ။ ရာထူးအမြင့်ဆုံးဖြစ်တဲ့ ဗိုလ်ကြီးအောင်သူလား။ သို့တည်းမဟုတ် ဝါရင့်သမ္ဘာရင့်တဲ့ တပ်ကြပ်ကြီးမျိုးဇော်လား။ သို့တည်းမဟုတ် ငယ်ငယ်ချောချော သူဌေးသမီးလေး မြသန္တာလား။ သို့တည်းမဟုတ် ချိုမာလား။ တစ်ယောက်တည်းလား။ ဒါမှမဟုတ် နှစ်ယောက်တွဲလား။ ဒါမှမဟုတ် သုံးယောက်အဖွဲ့လား။ ကွန်မြူနစ်သူပုန်လား။ ဒါမှမဟုတ် အင်္ဂလိပ်သူလျှိုလား။ ဘာကြောင့် သူလျှိုလုပ်နေတာလဲ။ စစ်ရေးသတင်း လိုချင်လို့လား။ ဒါမှမဟုတ် အလုပ်မရှိလို့ ပိုက်ဆံရလိုရငြား ရောင်းစားရအောင် သတင်းဝင်နှိုက်နေတာလား။ လက်စားချေချင်လို့ ဝင်လုပ်တာလား။ ဒါမှမဟုတ် မျိုးချစ်စိတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လုပ်နေတာလား။ ဒီတပ်ထဲကို ဝင်တာ မနေ့တစ်နေ့ကလား။ ဒါမှမဟုတ် ဟိုးအရင်ကတည်းက တိတ်တဆိတ် ဝင်ရောက်နေခဲ့တာလား။ ပြစ်မှုက သက်သေအခိုင်အလုံ ရထားပြီလား။ ဒါမှမဟုတ် သံသယ ဖြစ်နေကြရုံ သက်သက်ပဲလား။ အသတ်ခံရလောက်တဲ့ ပြစ်မှုကြီးမျိုးလား။ ဒါမှမဟုတ် ရာထူးဖြုတ်ခံရရုံ ရိုးရိုးပြစ်မှုလေးတစ်ခုလား။ ပြစ်မှုတရားခံက အလိုလို ဝန်ခံပါ့မလား။ တခြားလူတွေကပဲ ဝိုင်းဝန်းဖော်ထုတ်ရမှာလား။
အောင်မျိုးမြချို ဒီလေးယောက်၊ ဘယ်သူမြွေပွေးလဲ။
မင်းမေကလွှား။ အဲဒါ ဘယ်ကလာ မေးခွန်းတစ်ခု ဟုတ်ရမှာလဲ။ အဲဒါက မိုင်းဗုံးတစ်လုံးပဲ။ ချီးပုံတစ်ပုံပဲ။ နတ်ဆိုးတစ်ကောင်ပဲ။ ထောင်ချောက်တစ်ခုပဲ။ လုပ်ကြံမှုတစ်ခုပဲ။ အိပ်မက်ဆိုးကြီးတစ်ခုပဲ။ … အဝတ်အစားတွေအကုန်လုံး ချွတ်ခံလိုက်ရသလိုမျိုး … ဓားပြသင်္ဘောပေါ် တက်လိုက်မိသလိုမျိုး … တစ္ဆေတစ်ကောင်နဲ့ ပက်ပင်းတိုးမိသလိုမျိုး … ဆေးမှားသောက်မိသလိုမျိုး … လိပ်ပြာလွင့်သွားသလိုမျိုး … ကားစင်ပေါ် တက်လိုက်ရသလိုမျိုး …
မင်းမေကလွှား။ အားလုံးကို ရှုပ်ယှက်ခတ်နေတာပဲ။ အားလုံးက ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိကြတော့ဘူး။ ဘာပြောရမှာလဲ … ဘာပြောပြော အကြောင်းထူးလာမှာတဲ့လား။ ဘာလုပ်လုပ် အကြောင်းထူးမှာတဲ့လား။ ဖအေမအေ ကိုင်တုတ်နေတော့ရော ဘာထူးဦးမလဲ … ဆဲလည်းမဟုတ် … ငိုလည်းမဟုတ် … ရယ်လည်းမဟုတ် … ရပ်လည်းမဟုတ် … ထိုင်လည်းမဟုတ် … သွားလည်းမဟုတ် … နေလည်းမဟုတ် … မျက်လုံးဖွင့်ထားလည်း မဟုတ် … ပိတ်ထားလည်း မဟုတ် … မဟုတ် … မဟုတ် … ဘာလုပ်လည်း မဟုတ် … ဘာမလုပ်လည်း မဟုတ် … ခြေမကိုင်မိ … လက်မကိုင်မိ …
ဗိုလ်မှူးက ဟိဟာရကို ထိပ်ဆုံးထိုင်ခုံမှာ ထိုင်ခိုင်းတော့ သူက ငြင်းပယ်ပြီး သဘာပတိရဲ့ ထိုင်ခုံနံဘေးက ဘယ်ဘက်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ သူက ထိုင်ရင်း တခြားလူတွေကိုလည်း နေရာယူကြဖို့ ယဉ်ယဉ်ကျေးကျေးနဲ့ ပြောတယ်။ အားလုံးက နေရာယူပြီးကာစ ရှိသေးတယ်။ ဗိုလ်လေးက သုတ်သီးသုတ်ပျာနဲ့ ဗိုလ်မှူးရဲ့ အနောက်ကို လျှောက်သွားပြီး စကားတိုးတိုး တစ်ခွန်းပြောပြီး စာရွက်တစ်ရွက် ထိုးပေးလိုက်တယ်။ ဗိုလ်မှူးက စာရွက်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်။ ပြီးတော့ ဟိဟာရကို လှမ်းပေးလိုက်တယ်။ “မာစတာ၊ ကြည့်ကြည့်ပါဦး။ ဒါ သူတို့အတွက် ကျွန်တော် လုပ်ပေးထားတဲ့ ဝှက်စာပါ”
ဟိဟာရက ကြည့်ပြီး စာလုံးတစ်လုံးချင်းစီကို ဖြည်းဖြည်းနဲ့မှန်မှန် အသံထွက် ရွတ်ဖတ်နေတယ်။ ရွတ်နေတာလည်း ပြီးရော ဗိုလ်မှူးက လက်ခုပ်လက်ဝါးတီးပြီး အောင်မျိုးမြချို လေးယောက်ကို ပြောလိုက်တယ်။ “ဝှက်စာဖော်တဲ့ တကယ့် ဆရာကြီးတွေပါလားဗျ။ ကျုပ်ရဲ့ မူရင်းစာသားတွေနဲ့ တထေရာတည်းပဲ။ ၏သည်မယွင်းဘူးဗျို့။ ဒါပေမယ့် ဒီဟာကို ဖော်ပြီးရုံနဲ့တော့ မလုံလောက်သေးဘူး။ ဒါက ကျုပ် တကယ် ဖော်ချင်နေတဲ့ လျှို့ဝှက်ချက်အစစ် မဟုတ်သေးဘူး။ မာစတာ ကြွရောက်လာတာကို ကြိုဆိုတဲ့အနေနဲ့ မာစတာအတွက် ကဗျာတစ်ပုဒ် စပ်ပေးလိုက်တဲ့ သဘောပါပဲ။ တကယ့် လျှို့ဝှက်ချက်အစစ်က …”
ဟိဟာရက စကားကို ဝင်ဆက်လိုက်တယ်။ စာရွက်ပေါ် လက်ညှိုးထောက်လိုက်ပြီး “ဒီမှာ … အောင်မျိုးမြချို ဒီလေးယောက်၊ ဘယ်သူမြွေပွေးလဲ တဲ့။ ဟုတ်တယ်မလား၊ ဗိုလ်မှူး”
ဗိုလ်မှူးက ရယ်ပြီး ပြောတယ်။ “ဟုတ်တယ်။ အဲဒါကမှ ခင်ဗျားတို့ကို ကျုပ် ဖော်စေချင်တဲ့ လျှို့ဝှက်ချက်ပဲ။ တကယ်လို့ ခင်ဗျားတို့ကိုယ်တိုင် ကိုယ့်ဆန္ဒနဲ့ကိုယ် ဖော်မယ်ဆိုရင် အကောင်းဆုံးပေါ့လေ။ ဆန္ဒမရှိဘူး ဆိုရင်လည်း ကိစ္စ မရှိပါဘူး။ ကျုပ်တို့ရဲ့ မာစတာက အဲဒီအပိုင်းမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ။ ကျုပ် မနက်တုန်းကလည်း ပြောခဲ့ပြီးပါပြီ။ ဗိုလ်ချုပ်မတ်စုအိက ခင်ဗျားတို့ ဖော်ထုတ်ပေးမယ့် အဲဒီလျှို့ဝှက်ချက်ကို အင်မတန်မှ သိချင်နေတယ်။ မာစတာကို တကူးတက စေလွှတ်လိုက်ရတဲ့ အကြောင်းက အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ပဲ”
“ကျွမ်းကျင်ပညာရှင်လို့တော့ မခေါ်ပါနဲ့ဗျာ။ ဒါပေမယ့် ပဟေဠိ ဖော်ထုတ်ရတာကိုတော့ အင်မတန်မှ ဝါသနာပါတယ်” ဟိဟာရက ဗိုလ်မှူးရဲ့ စကားကို အလိုက်သင့်ဝင်ပြောတယ်။ “ဝါသနာပါလို့လည်းပဲ ဗိုလ်ချုပ်မတ်စုအိက မနက်ပိုင်း လှမ်းအကြောင်းကြားတာနဲ့ ညနေ တန်းထွက်လာခဲ့တာပဲ”
ဗိုလ်မှူးက သူ့ရဲ့ လက်ဆွဲသားရေအိတ်ကို ဖွင့်ပြီး အထဲကနေ စက္ကူတစ်ထပ်ကို ဆွဲထုတ်တယ်။ ပြီးတော့ ဆက်ပြောတယ်။ “အဲဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ဖို့ ဆိုရင် ကျုပ်တို့ဆီမှာ ကုန်ကြမ်းတချို့ ရှိဖို့လိုမယ် မဟုတ်လား။ ကျုပ် ခင်ဗျားတို့ကို တစ်ခုချင်း မိတ်ဆက်ပေးပါ့မယ်။ ဒီမှာ ကြေးနန်းတစ်စောင် ရှိတယ်။ ရော့ … တပ်ကြပ်ကြီး၊ ရွတ်ပြလိုက်ပါဦး”
တပ်ကြပ်ကြီးမျိုးဇော်က ကြေးနန်းစာရွက်ကို လှမ်းယူပြီး ၇ ရက် ထမင်းမစားရတဲ့ အသံနဲ့ ရွတ်ဆိုလိုက်တယ်။ “ရန်ကုန်မှ ကြေးနန်းဝင်သည်။ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်မှ လာသည့် သတင်းအရ သခင်စိုးသည် အမည်ဝှက် ဖိုးစီဟူသော ကိုယ်စားလှယ်တစ်ဦးအား ပဲခူးသို့ စေလွှတ်ခဲ့သည်။ ယခုလ ၉ ရက်နေ့ည ၁၁ နာရီအချိန်တွင် ဘုရားကုန်းရပ်ကွက်ထဲမှ xxx စားသောက်ဆိုင်ထဲ၌ တွေ့ဆုံရန် စီစဉ်ထားသည်။ ထို့နေ့တွင် ဂျပန်ကို တော်လှန်ပုန်ကန်ရန် မြေပေါ် မြေအောက်မှ လှုပ်ရှားနေကြသူများ စုစည်း၍ တော်လှန်ရေးလုပ်မည့် အစီအစဉ်ကို တိုင်ပင်ကြလိမ့်မည်။ ထို့ကြောင့် …”
ဗိုလ်မှူးက စကားဖြတ်လိုက်တယ်။ “ရပါပြီ၊ တပ်ကြပ်ကြီး။ ခင်ဗျား ဒီစာကို ဖတ်ရတာ ပထမဆုံးအကြိမ် မဟုတ်ဘူး ထင်တယ်”
တပ်ကြပ်ကြီးမျိုးဇော်က ခေါင်းညိတ်ဝန်ခံလိုက်တယ်။