Show contents

(ခ)

လိပ်ကြီးဆိုတာက လူမွဲတစ်ယောက်ပဲ။ အသက်က ၆၀ လောက်ရှိပြီ။ လူက ပိန်ကပ်ကပ်၊ ခြေထောက်နှစ်ဖက်က ရှည်မျောမျောနဲ့၊ လမ်းလျှောက်ရင် ခါးမတ်မတ် လျှောက်တတ်တယ်။ အောက်ပိုင်းက လေထဲမှာ ဝဲနေသလိုပဲ။ ပြီးခဲ့တဲ့နှစ် ဆောင်းအဝင်လောက်ကနေစပြီး လိပ်ကြီးက ဆက်သွယ်ရေးရုံးချုပ်မှာ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်ဝင်တယ်။ နေ့ခင်းပိုင်းတွေမှာ ရုံးတွင်းရုံးပြင်ရဲ့ သန့်ရှင်းရေးကို တာဝန်ယူ ရှင်းလင်းပေးရပြီး ညပိုင်းရောက်ရင်တော့ လူနေရပ်ကွက်တွေထဲ သွားပြီး အမှိုက်သိမ်းလေ့ရှိတယ်။ သခင်ကျော်စိန် ခေါင်းဆောင်တဲ့ ကွန်မြူနစ်အဖွဲ့ထဲက ကေဒါတချို့ အဖမ်းခံရပြီးတဲ့နောက်မှာ အဲဒီလူတွေက ဘက်ပြောင်းသစ္စာဖောက်ပြီး ဂျပန်တွေရဲ့ အလိုတော်ရိတွေ၊ လက်သုံးတော်တွေ၊ ပုဆိန်ရိုးတွေ ဖြစ်လာခဲ့ကြတယ်။ တစ်နေ့တော့ သူတို့ထဲက ကွန်မြူနစ်ဟောင်းတစ်ယောက်က ဆက်သွယ်ရေးရုံးချုပ်ကို ပေါက်ချလာပြီး အဲဒီအချိန်မှာပဲ လိပ်ကြီးကို သူ တွေ့မြင်သွားတယ်။ လိပ်ကြီးဆိုတဲ့ လူက တစ်ချိန်တုန်းက ကွန်မြူနစ်တစ်ယောက်ပဲ ဆိုတာကို သူ မပြန်ခင် လက်ထောက်ချသွားခဲ့တယ်။ အခုချိန်မှာ သူ့အကြောင်း ဘာမှ ရေရေရာရာ မသိရသေးဘူး ဆိုပေမယ့် မသင်္ကာစရာတော့ ကောင်းနေတော့တာပေါ့။

တော်တော်ကြီးကို သင်္ကာမကင်း ဖြစ်ကြတာပါ။

ဒါနဲ့ ဦးဟန်ထွန်းက လူလွှတ်ပြီး လိပ်ကြီးရဲ့ သွားလာလှုပ်ရှားမှု မှန်သမျှကို မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားတယ်။ နှစ်ရက်ကြာသွားတဲ့အခါမှာ သူတို့ ဘာထူးခြားတာကိုမှ မတွေ့ခဲ့ကြရဘူး။ လိပ်ကြီးက ရုံးဝင်းထဲမှာ ဘယ်သူ့ဘယ်သူနဲ့မှ စကားမပြောဘူး။ သံသယဖြစ်စရာ လှုပ်ရှားမှုမျိုးကိုလည်း မတွေ့ရဘူး။ သူလုပ်ရမယ့် အလုပ်တာဝန်အတိုင်း ရုံးတွင်းရုံးပြင်မှာ တံမြက်စည်းလှည်း၊ အမှိုက်သိမ်းနေတတ်တယ်။ ညရောက်တော့လည်း လူနေရပ်ကွက်ထဲမှာ တစ်အိမ်တက်ဆင်း အမှိုက်သိမ်းနေတတ်တယ်။ မနေ့ည ၇ နာရီကျော်အချိန် အမှိုက်သိမ်းပြီး အမှိုက်တွန်းလှည်းကို ရုံးဝင်းထဲကနေ တွန်းထုတ်ပြီး စည်ပင်အမှိုက်ပုံမှာ အမှိုက်သွားပစ်တယ်။ လမ်းတစ်လျှောက်လုံးမှာလည်း သူ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ဘူး။ အမှိုက်ပုံကနေ ပြန်ထွက်လာတော့မှ စောင့်ကြည့်နေတဲ့လူတွေက ထူးခြားမှုကို တွေ့လိုက်ကြရတယ်။ လိပ်ကြီးက ထူးထူးခြားခြား ပန်းခြံထဲကို ဝင်သွားတယ်။

ဒီနေရာက လမ်းသုံးခွ ဆုံတဲ့နေရာ။ ညရောက်ပြီဆိုရင် ဒီနေရာမှာ ညဈေးအဖြစ်နဲ့ ပျံကျဈေးသည်လေးတွေ ဈေးရောင်းတတ်ကြတယ်။ စားစရာရောင်းတဲ့သူက ရောင်း၊ အရုပ်ရောင်းတဲ့သူက ရောင်းနဲ့။ လိပ်ကြီးက ပန်းရောင်းတဲ့ ကောင်မလေးရဲ့ နံဘေးမှာ အမှိုက်လှည်းကို ရပ်ထားပြီး နောက်တော့ လည်ပင်းမှာ သေတ္တာတစ်လုံး ဆွဲလျက်နဲ့ ဆေးလိပ်ရောင်းနေတော့တယ်။ တိုက်ဆိုင်တာက သိပ်မကြာလိုက်ခင်မှာပဲ မာဇဒါကားပေါ်က မိန်းမတစ်ယောက်က သူ့ကို လှမ်းခေါ်ပြီး သူ့ဆီက ဆေးလိပ်ဝယ်တယ်။ မိန်းမပျိုလေးက အတော် ငယ်သေးတယ်။ ပြင်ထားဆင်ထားတာကလည်း အလွန်ကြီး။ ပါးစပ်မှာလည်း ဆေးလိပ်တစ်လိပ် ခဲလို့။ ကြည့်ရတာ ညဉ့်ငှက်တစ်ကောင်နဲ့ တူလှတယ်။ ညဉ့်ငှက်တစ်ကောင်ရဲ့ ပါးစပ်ထဲမှာ ဆေးလိပ်တစ်လိပ် ခဲထားတဲ့ ကိစ္စကတော့ ဘာမှ ထူးဆန်းမနေပါဘူး။ ထူးဆန်းတာက သူ ပေးတဲ့ ပိုက်ဆံက အတန်ကြီးမို့ အကြွေပြန်အမ်းဖို့ လိုပါလျက်နဲ့ သူက သူ့လက်ထဲ ဆေးလိပ်ဗူးရောက်တာနဲ့ တစ်ချိုးတည်း လစ်တော့တာပဲ။ အကြွေပေးတာတောင် စောင့်မနေတော့ဘူး။ လိပ်ကြီးလား။ သူက ပိုက်ဆံအချောင် ရလိုက်တာတောင် နည်းနည်းလေးမှ ဝမ်းသာရိပ်မပြဘူး။ သူ့အတွက်တော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုကို ကြုံလိုက်ရသလိုပဲ။

ဦးဟန်ထွန်းက ပြောတယ်။ “ဘယ်ကလာ ဖြစ်သင့်ဖြစ်ထိုက်ရမှာလဲဗျာ။ တကယ်တမ်း ဖြစ်သင့်ဖြစ်ထိုက်တာက ကြက်မတစ်ကောင်က အကြွေပဲဖြစ်ဖြစ် အနုပ်ပဲဖြစ်ဖြစ် ပိုက်ဆံမှန်ရင် ကျစ်ကျစ်ပါအောင် ဆုပ်ထားမှာပဲ။ ပြီးတော့ လမ်းဘေးဈေးသည်တစ်ယောက်ကလည်း အခုလို အချိုအချောင် ရလိုက်တဲ့ ပိုက်ဆံအတွက် ဝမ်းမသာဘဲ နေမှာ မဟုတ်ဘူး”

ဟိဟာရက သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။ သူ့ခြေလှမ်းတွေကတော့ ရပ်တန့် မသွားဘူး။ သူ့မျက်လုံးတွေကလည်း ရှေ့တည့်တည့်ကိုပဲ ကြည့်နေတယ်။ အရေးတကြီးကိစ္စရှိလို့ သွားနေတဲ့အတိုင်းပဲ။ စောစောက သူတို့နှစ်ယောက် ဗိုလ်မှူးကို ကားဆီ လိုက်ပို့ပြီးတဲ့အခါမှာ အနောက်တိုက်ကို ပြန်မဝင်ကြတော့ဘူး။ အရှေ့တိုက်ကို သွားတာလည်း မဟုတ်ဘူး။ ကားအနောက်ကနေ လိုက်ပြီး ခြံအပြင်ဘက်ကို ဦးတည်နေကြတယ်။ သွားရင်း ပြောရင်းပေါ့။ အခုချိန်မှာ သူတို့နှစ်ယောက်စလုံး ခြံပြင်ကိုလွန်ပြီး ကန်ဘေးကို ရောက်လာကြလို့ ဖြောင့်တန်းနေတဲ့ တာရိုးလမ်းအတိုင်း လျှောက်နေကြတယ်။ ကန်ပတ်ပတ်လည်မှာ အလေ့ကျ ပေါက်ရောက်နေကြတဲ့ သစ်ပင်ပန်းပင်တွေမှာ ပန်းပေါင်းစုံ ပွင့်ဖူးဝေဆာနေတာမို့ အခုချိန်ဟာ ကန်ပေါင်ဘေး လမ်းလျှောက်လို့ အကောင်းဆုံး အချိန်ပဲ။ ပုံမှန်ဆိုရင် မိုးလေကင်းလွတ်တဲ့ အချိန်မျိုးမှာ ငါးရှာဖားရှာ၊ နွားကျောင်းဆိတ်ကျောင်း စတဲ့ သူငယ်သူငတ်တွေ ဒီအနားဝန်းကျင်မှာ ရှိနေတတ်ကြပေမယ့် အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလမျိုးမှာတော့ ပေါ်တာအဆွဲခံရမှာ ကြောက်လို့လားတော့ မသိဘူး။ ခြေနှစ်ချောင်းနဲ့ သတ္တဝါဆိုလို တစ်ကောင်တစ်မြီးမှ မတွေ့ရဘူး။ တကယ်ဆိုရင် ရေပြင်တဖွေးဖွေး လေညှင်းတဖြူးဖြူး ပန်းနံ့တသင်းသင်းနဲ့ လမ်းလျှောက်ရင်း စကားပြောရတာ အတော်နေရာကျတယ်။ သူတို့ ပြောနေကြတဲ့ စကားတွေက လေးနက်တဲ့ စစ်ရေးလျှို့ဝှက်ချက်တွေ ဖြစ်ချင် ဖြစ်နေပါစေပေါ့။

ဦးဟန်ထွန်းက ဆက်ပြီး ပြောပြနေတယ်။ အဲဒီပြန်အမ်းငွေကိစ္စမှာ မသင်္ကာစရာ ဖြစ်နေတာကြောင့် လိပ်ကြီးနဲ့ သူ့အပေါင်းပါက ထောက်လှမ်းရေးအဖွဲ့ရဲ့ အာရုံစိုက်မှုကို ပိုပြီး ခံခဲ့ကြရတယ်။ ဒါနဲ့ ထောက်လှမ်းရေးအဖွဲ့ထဲက တချို့လူတွေက စောစောက မိန်းမဆီ အပြေးလိုက်ပြီး သူ့ကို ဖမ်းဆီးလိုက်ကြတယ်။ အသေးစိတ် စစ်ဆေးလိုက်တော့ ဆေးလိပ်ဗူးထဲမှာ အဲဒီစာရွက်ပိုင်းကလေးကို တွေ့ရတော့တာပဲ။

“အဲဒီလို ဖမ်းပစ်လိုက်တယ် …” ဟိဟာရက ရုတ်တရက် ခြေလှမ်းတွေကို တုံ့ကနဲ ရပ်ပစ်လိုက်တယ်။ “ဘာဖြစ်လို့ သူ့ကို ဒီလောက်အလောသုံးဆယ် ဖမ်းပစ်လိုက်ရတာလဲ။ သူ့နောက်ကနေ တိတ်တဆိတ် လိုက်ချောင်းသင့်တာလေကွာ။ သူက မင်းလူတွေကို သူတို့ရဲ့ ခေါင်းဆောင်ဆီ ခေါ်ချင် ခေါ်သွားပေးမှာ”

“ဟုတ်တယ်ဗျ” ဦးဟန်ထွန်းက ဟိဟာရထက်တောင် နှမြောတသ ဖြစ်နေသလိုပဲ။ ခေါင်းကို ယမ်းနေလိုက်များ နတ်ပူးနေတဲ့အတိုင်းပဲ။ “ကျွန်တော်လည်း အဲဒီလို တွေးမိတာပဲ။ တကယ့် အခွင့်ရေးကောင်းကြီးဗျာ။ ဒါပေမယ့် … ဟူး … အခင်းဖြစ်တဲ့နေရာမှာ ကျွန်တော်ကိုယ်တိုင်မှ ရှိမနေနိုင်ဘဲဥစ္စာ”

တော်သေးတာက လိပ်ကြီးကို မဖမ်းသေးဘဲ ဒီအတိုင်း ဥထားတုန်းပဲ။ အဲဒီလိုမှမဟုတ်ရင် ဦးဟန်ထွန်းက သူ့လည်ပင်းကို ပြတ်ထွက်သွားတဲ့အထိတောင် ယမ်းနေမလား မဆိုနိုင်ဘူး။

လိပ်ကြီးကို ဥထားသေးတဲ့ အတွက်ကြောင့် ဟိဟာရကလည်း ဦးဟန်ထွန်းကို အပြစ်မဆိုတော့ဘူး။ ဟိဟာရက တွေးတယ်။ တကယ်လို့သာ လိပ်ကြီးကို ဖမ်းလိုက်ရင် ကြိုးပေါ်က လူသုံးယောက် (မြွေပွေး အပါအဝင်) စလုံး တစ်ပြိုက်နက်တည်း စုပ်စမြုပ်စ ပျောက်သွားနိုင်တယ်။ အဆက်အသွယ် လုံးဝ ပြတ်သွားတော့မှာ။ တခြားသူပုန်တွေကလည်း သူတို့ ပြဿနာတက်နေပြီ ဆိုပြီး သံသယဝင်လာကြလိမ့်မယ်။

“မဟုတ်တာ လုပ်ထားရင် ကြောက်စိတ်ဆိုတာ ရှိစမြဲပဲ” ဟိဟာရက ပြောတယ်။ “ကြောက်စိတ်ဝင်ရင် အမြီးကုပ်နေလိမ့်မယ်။ လေကလေး ဝေ့တာကိုတောင်မှ သူတို့ ကြောက်နေကြမှာ။ တကယ်လို့ မြွေပွေး ဒုက္ခရောက်နေပြီ ဆိုတာကို အပြင်က မြေအောက်သူပုန်တွေ အနံ့ခံမိသွားရင် ဒီမှာ ဖမ်းပြီး စစ်ကြောလို့ ဘာသတင်းအစအနမှ မရရင်လည်း သူတို့က ကျုပ်တို့ရဲ့ လှုပ်ရှားမှုတွေကို သံသယဝင်နေကြမှာပဲ။ အဲဒီလိုသာဆိုရင်တော့ ခင်ဗျား အရိုးအရင်းတောင် ကိုက်ဖို့ ရမှာ မဟုတ်တော့ဘူး”

ဒါကြောင့် ဟိဟာရက ဦးဟန်ထွန်းကို သတိပေးစကားဆိုတယ်။ လူတွေ ဆွဲစေ့ထားတဲ့ ကိစ္စကို သတင်းမပေါက်ကြားအောင် လျှို့ဝှက်ထားနိုင်ရမယ်။ လိပ်ကြီးကိုလည်း ကြိုးရှည်ရှည်နဲ့ လှန်ထားမှ ဖြစ်မယ်။ ပြီးတော့ ဖမ်းထားတဲ့ ဟိုမိန်းမ ကိစ္စကိုလည်း ဟာကွက်လစ်ကွက် မရှိအောင် အကြံအစည်တစ်ခုခု တွေးထားသင့်တယ်။ သူ အဖမ်းခံထားရပါတယ်လို့ သူ့အပေါင်းအပါတွေ သိသွားလို့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ညကမှ လိပ်ကြီး သူနဲ့ တွေ့ထားခဲ့တာ။ ပြီးတော့ သူ့ကိုလည်း သတင်းစကား ပါးထားသေးတယ် မဟုတ်လား။ အဲဒီဟာကွက်ကိုသာ အချိန်မီ မဖာထေးနိုင်လို့ လိပ်ကြီးက သူ့အဖွဲ့ကို အဲဒီကိစ္စ သတင်းပို့လိုက်ရင် အားလုံး ဗူးပေါ်သလို ပေါ်ကုန်လိမ့်မယ်။

ဟိဟာရက ပြောတယ်။ “ကျုပ်တို့က ရန်သူကို လှည့်စားထားရမယ်။ ပထမဆုံးအနေနဲ့ လစ်ဟာနေတဲ့ နေရာတွေကို စုံစမ်းစစ်ဆေးပြီး သတင်းမပေါက်ကြားအောင် ဆို့ပိတ်ထားရမယ်။ ကျုပ်တို့ ဒီအထဲမှာ ဘာလုပ်နေသလဲ ဆိုတာကို အပြင်ကလူတွေကို လုံးဝ အသိခံလို့ မဖြစ်ဘူး။ ကျုပ်တို့ ဒီနေရာမှာ ဘာလုပ်နေတယ်လို့ ခင်ဗျား ထင်လဲ။ မြွေပွေးကို ဖမ်းဖို့ လုပ်နေတာလား။ မဟုတ်ဘူး။ မြွေပွေးကို ဖမ်းထားပြီးပြီ။ ကျုပ်တို့ရဲ့ လက်ခုပ်ထဲမှာ ရောက်နေပြီ။ ပြေးလို့ လွတ်ဦးမယ်တဲ့လား။ မြွေပွေးဆိုတဲ့လူ ဇာတိမပြမှာကိုလည်း ခင်ဗျား စိတ်ပူမနေနဲ့။ ဒီနေ့မဟုတ်ရင် မနက်ဖြန်ပဲ။ အဲဒါမှမဟုတ်ရင်လည်း သန်ဘက်ခါပေါ့။ အချိန်က မြွေပွေးကို အစွယ်တွေ ပြူထွက်လာအောင် လုပ်ပေးပါလိမ့်မယ်။ အနှေးနဲ့အမြန်ပဲ”

တစ်ခဏရပ်တန့်လိုက်ပြီးတော့ ဆက်ပြောတယ်။

“နှေးနှေးမြန်မြန် ကိစ္စတော့ မရှိဘူး။ လက်ခုပ်ထဲမှာ ရှိနေတဲ့ အကောင်က မိုးမြေကို ခြောက်ခြားသွားအောင် လုပ်နိုင်သေးတယ်လို့ ခင်ဗျား ထင်နေသေးတာလား။ အတွင်းသတင်းကို အပြင် ထုတ်နိုင်ဦးမယ်လို့ ထင်နေသေးတာလား။ မဖြစ်နိုင်တော့ဘူး။ အခုချိန် အရေးအကြီးဆုံးအလုပ်က သတင်းအမှောင်ချထားဖို့ပဲ။ အပြင်က မြေအောက်သူပုန်တွေကို ကျုပ်တို့ ဒီအထဲမှာ ဘာလုပ်နေသလဲဆိုတာ လုံးဝ မသိစေနဲ့။ မသင်္ကာ ဖြစ်နေတာမျိုးကိုတောင် အဖြစ်မခံနိုင်ဘူး။ သေချာ မှတ်ထား။ မြွေပွေးက ဒီမှာလာပြီး စစ်ကြောခံနေရတာ မဟုတ်ဘူး။ ဒီမှာလာပြီး အဲ … ဘာလုပ်နေတာလဲ ဆိုတော့ …”

ဟိဟာရက စဉ်းစားပြီး သင့်တော်တဲ့ စကားလုံးကို ရှာမတွေ့တာနဲ့ စကားကို ဝါးချပစ်လိုက်တယ်။ “သူတို့ ဒီမှာ တာဝန်တစ်ခု ထမ်းဆောင်နေတယ်လို့သာ ပြောလိုက်။ သူတို့ကို ခေါ်ထုတ်လာပြီး တစ်နေရာတည်းမှာ စုထားရတဲ့ အကြောင်းအရင်းက အင်မတန်မှ အရေးကြီးတဲ့ အလုပ်တာဝန်တစ်ခုကို ထမ်းဆောင်စရာ ရှိနေလို့ပဲ။ အဲဒီအတိုင်း အားလုံးကို အသိပေးထားမှ ဖြစ်မယ်။ အထူးသဖြင့် လိပ်ကြီးကိုလည်း အဲဒီအတိုင်း အမြန်ဆုံး သိသွားအောင် လုပ်ထားရမယ်။ အပြင်လူတွေဆီကိုလည်း များများ သိနိုင်သမျှ သိအောင် အဲဒီအတိုင်း သတင်းဖြန့်ထားရမယ်။ သိတဲ့သူ များလေကောင်းလေပဲ။ သူတို့ရဲ့ အိမ်သူအိမ်သားတွေ၊ အထက်အရာရှိတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ စသဖြင့်ပေါ့။ ပြီးတော့ ခင်ဗျားရဲ့ လုံခြုံရေးတပ်သားတွေကိုလည်း အဲဒီအတိုင်း အသိပေးထားဦး။ သူတို့ကို လှိမ့်ထားနိုင်ရင် မြေအောက်သူပုန်တွေကို လှိမ့်ထားနိုင်တာနဲ့ အတူတူပဲ။ အဲဒီလိုမှ ကျုပ်တို့က ဖိုးစီဆိုတဲ့ ငါးကြီးကို အမိအရ ဖမ်းနိုင်မှာ။ နောက်ဆုံးကျမှ အဲဒီငါးသေးငါးမွှားတွေ အကုန်လုံးကို အမိအရ ဖမ်းပစ်လိုက်မယ်။ အခု လက်ရှိအခြေအနေအရဆိုရင် ဟာကွက်တချို့ ရှိနေတယ်။ ခင်ဗျားက လူတစ်ယောက်ကို ဖမ်းထားလိုက်ပြီ။ ကံကောင်းသွားတာက လိပ်ကြီးကိုပါ ဆွဲစေ့မထားရသေးဘူး။ ဖမ်းများ ဖမ်းလိုက်ရင်တော့ ဘာမှ ဆက်လုပ်လို့ ရမှာ မဟုတ်တော့ဘူး”

အခုချိန်မှာတော့ ဇာတ်လမ်းက မသန်း ဖြစ်နေတုန်းပဲ။ လိပ်ကြီးကို ကြိုးရှည်ရှည်နဲ့ လှန်ထားတုန်းပဲ မဟုတ်လား။ လိပ်ကြီးသာ ရှိနေသေးရင် ကျရောက်လာနိုင်တဲ့ အခြေအနေဆိုးတွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားအောင် လုပ်နိုင်သေးတယ်။ အခွင့်လမ်းကောင်းတွေ မရှိဘူး ဆိုရင်တောင် အခွင့်ကောင်း လမ်းကောင်းတွေ ကိုယ်တိုင် ဖောက်ယူ၊ ဖော်ယူလို့ ရနိုင်သေးတယ်။ ဟိဟာရက ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။ “ခင်ဗျား သိထားဖို့က လိပ်ကြီးက အခုချိန်မှာ ကျုပ်တို့ရဲ့ ငါးစာပဲ။ သူ့ကို ကျုပ်တို့ ကောင်းကောင်း အသုံးချနိုင်မှ ဖြစ်မယ်။ သူ့ရဲ့ အကူအညီနဲ့ ကျုပ်တို့ ငါးကြီးကို မျှားနိုင်မှ ဖြစ်မယ်။ နည်းလမ်းကတော့ လွယ်လွယ်လေးပါပဲ။ မြွေပွေးက အပြင်တစ်နေရာမှာ တာဝန်တစ်ခု ထမ်းဆောင်နေပါတယ် ဆိုတဲ့ သတင်းမှားတစ်ခုကို လိပ်ကြီးဆီ အရောက်ပို့ပေးလိုက်ရင် သူက သူ့အဖွဲ့ဆီကို အဲဒီသတင်း အလိုအလျောက် ပို့ပေးလိမ့်မယ်။ မြွေပွေး ကျန်းမာချမ်းသာစွာ ရှိနေပါသေးကြောင်းပေါ့”

တစ်နည်းပြောရရင် လတ်တလော အရေးပေါ် လုပ်ရမယ့် အလုပ်က လိပ်ကြီးကို ကိုယ့်ရဲ့ ဆက်သားအဖြစ် အသုံးချနိုင်ဖို့ပဲ။ သူနဲ့ သူ့အပေါင်းပါတွေကို မြွေပွေး ဘာလုပ်နေသလဲ ဆိုတာ သိသွားအောင် လုပ်ပေးဖို့ လိုတယ်။ အဖမ်းခံထားရတာ မဟုတ်ဘူး။ စစ်ကြောရေး ရောက်နေတာ မဟုတ်ဘူး။ ပြန်ပေးဆွဲ ခံထားရတာ မဟုတ်ဘူး။ တာဝန်တစ်ခု ထမ်းဆောင်နေတာသာ ဖြစ်တယ်။

“စိတ်ချပါ၊ မာစတာ” ဦးဟန်ထွန်းက အားရပါးရ လက်မထောင်ပြီး ပြောတယ်။ “ကျွန်တော် အမြန် လုပ်လိုက်ပါ့မယ်”

“ဒါဆိုလည်း အခုပဲ သွားလုပ်တော့လေ” ဟိဟာရက ပြောတယ်။ “မြန်လေကောင်းလေပဲ။ သွားတော့”

ဒါနဲ့ ထွက်သွားရော။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *