ဒါက နေ့လယ်ခင်းမှာ ဖြစ်တဲ့ ကိစ္စတွေ။ ချိုမာက နေ့လယ်စာ စားပြီး ပြန်ရောက်လာတော့ ခုတင်ပေါ်မှာ တောင့်တောင့်ကြီး လှဲအိပ်နေတဲ့ မြသန္တာကို သူ မြင်လိုက်ရတယ်။ ဒါနဲ့ ဘာကြောင့် ထမင်းသွားမစားတာလဲလို့ သူ့ကို မေးတယ်။
မြသန္တာက ခုတင်ပေါ် ငေါက်ကနဲ ထထိုင်ပြီး သူ့ကို စားတော့ ဝါးတော့မတတ် စိုက်ကြည့်တယ်။ “မေးခွန်းထုတ်ရမယ့် သူက မြပါ၊ မချိုမာရယ်။ အခုလို အချိန်မျိုးမှာ စားလို့ ဝင်သေးတယ်နော်”
ချိုမာက သူ့ကို ဖျောင်းဖျတယ်။ “မြရယ်၊ နင်က သိပ်ပျော့တာပဲ။ ဒါမျိုးကိစ္စက … ကိုယ်ကောင်းရင် ခေါင်း ဘယ်မရွေ့ပါဘူး။ ဘာကြောက်စရာ ရှိနေလို့လဲ”
မြသန္တာက အေးစက်စက် ပြုံးတယ်။ “မြက ကိုယ့်လိပ်ပြာကိုယ် လုံပြီးသားပါ”
ချိုမာကလည်း ပြုံးတယ်။ “ဒါဆို ဘာကြောက်နေစရာ လိုသေးလို့လဲ”
မြသန္တာက သူ့ကို စိုက်ကြည့်တယ်။ “ဒါပေမယ့် မချိုမာကရော”
ချိုမာက ပြန်မေးတယ်။ “ငါက ဘာဖြစ်နေလို့လဲ”
မြသန္တာက ပွင့်ပွင့်လင်းလင်း ပြောချလိုက်တယ်။ “မချိုမာ၊ မြကို ညာမနေပါနဲ့တော့။ မြ သိထားပြီးပြီ”
ချိုမာက မျက်လုံးအဝိုင်းသားနဲ့ ပြန်ကြည့်နေတယ်။ “မြက ဘာသိတာလဲ။ မဟုတ်မှလွဲရော မြက ငါ့ကို မသင်္ကာ ဖြစ်နေတယ်ပေါ့။ အတော်ကြောင်တာပဲ။ နင်နဲ့ငါ ဒီလောက် အချိန်တွေအကြာကြီး အတူတူ နေခဲ့ကြတာ။ ငါကဖြင့် နင့်ကို ကိုယ့်ညီမလေးလို သဘောထားခဲ့လိုက်ရတာ။ ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး”
ချိုမာက ထိုင်နေရာကနေ ထတဲ့ပြီး တံခါးဝဆီကို လျှောက်သွားတယ်။ အပေါက်ဝနားရောက်တော့ နောက်ပြန်လှည့်လာပြီး မြသန္တာကို ပြောတယ်။ “နင် ပြူးပြဲပြီးသာ စောင့်ကြည့်လိုက်။ နောက်ဆုံးတော့ တရားခံပေါ်လာမှာပါပဲ။ အဲဒီအခါကျမှ နင် ဘာပြောမလဲဆိုတာ ငါ ကြားချင်သေးတယ်”
(အသံသွင်းမှတ်တမ်း)
ဘာပြောရမှာလဲ။ အဲဒီတုန်းကတော့ ငါ အတော်လေး မူးချာလည်သွားတယ်။ ရှူးရှူးရှားရှား ဖြစ်နေတဲ့ သူ့ရဲ့ ကိုယ်အမူအရာအရ ငါကပဲ သူ့ကို မဟုတ်တမ်းတရား စွပ်စွဲနေသယောင် ထင်ရတယ်။ ဒါပေမယ့် မင်း သိပါတယ်။ ငါ သူ့ကို မတရား စွပ်စွဲနေတာ မဟုတ်ဘူး။ သူက သဏ္ဌာန်လုပ် သရုပ်ဆောင်နေတာ။ သရုပ်ဆောင်ချက်ကတော့ အတော် ပီပြင်တာပဲ။ တကယ်ပါ။ ငါ မြေအောက်လုပ်ငန်းမှာ နှစ်တွေအများကြီး လုပ်လာခဲ့တာ။ သူ့လို ပိပိရိရိ နေတတ်တဲ့သူမျိုး ငါ တစ်ယောက်မှ မမြင်ဖူးဘူး။ နောက်တော့ သူက ငါ့ကို ပြောပြတယ်။ အဲဒီအချိန်တုန်းက သူ ငါ့ရဲ့ စေတနာကို ပေယျာလကန် ပြုခဲ့ရတာက အကြောင်းအရင်း ရှိတယ်တဲ့။
၁။ ဟိဟာရက လက်ရေးတိုက်စစ်တာကို မလုပ်ဘဲ နေမှာ မဟုတ်ဘူးလို့ သူ အပိုင် တွက်ထားတယ်။ တကယ်လို့သာ တိုက်စစ်မယ် ဆိုရင် သူ့မှာ ဓားစာခံတစ်ယောက် ရှိထားနှင့်ပြီးသား။ ဒါကြောင့် သူ မကြောက်ဘူး။
၂။ ဒီအနီးပတ်ဝန်းကျင်မှာ ဘယ်နားကြည့်ကြည့် သိသိသာသာရော မသိမသာပါ သူတို့လူတွေကို အပြည့်ချထားတယ်။ ဒါကို သူက သတိပြုမိတယ်။ ဒါကြောင့် ပြေးချင်လည်း ပြေးမလွတ်နိုင်ဘူး။ ဖင်ပိတ်ပြီး ဇွတ်ငြင်းသွားဖို့ တစ်လမ်းပဲ ကျန်တော့တယ်။
နောက်ပြီးတော့ အဲဒီတုန်းက ငါ့ကို ဘာမှ ထွေထွေထူးထူး ပြောမနေတော့ဘဲ စိတ်ဆိုးချင်ယောင်ဆောင်ပြီး အခန်းထဲက ထထွက်သွားခဲ့ရတာ အကြောင်းရှိတယ်။ အခန်းထဲမှာ အသံဖမ်းစက် ဖွက်ထားတယ် ဆိုတာကို သူ သိထားလို့ပဲ။ တွေ့လား။ သူက အဲဒီလောက်ကို စေ့စပ်သေချာတာ။ အတော် ချီးကျူးဖို့ကောင်းတယ်။ ဘယ်ကိစ္စမျိုးကိုမဆို မျက်လုံးနဲ့ မြင်တတ်ပြီး စိတ်ထဲမှာ ကြံဆထားပြီးသား။
ညရောက်တော့ လက်ရေးတိုက်စစ်ကြတယ်။ ဟိဟာရက တကယ်ပဲ အနှပ်ခံလိုက်ရတယ်။ ဗိုလ်ကြီးအောင်သူကို ဖမ်းခေါ်သွားပါရော။ အဲဒီတုန်းကတော့ ငါ မချိုမာကို တကယ်ပဲ ယိုးစွပ်မိသွားပြီလားလို့ ထင်လိုက်မိသေးတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ငါက ကလန်ကဆန် သိပ်မလုပ်တော့ဘူး။ မင်းရဲ့ စာမူထဲမှာ ရေးထားတာက ဟိဟာရက ငါ့ကို သံသယတရားခံအဖြစ်ကနေ ပထမဆုံး ပယ်ဖျက်လိုက်တယ်တဲ့။ အဲဒီလိုပဲ ဆိုပါတော့။ နောက်ပိုင်း တရားခံက ဗိုလ်ကြီးအောင်သူ ဖြစ်မှန်း သိလိုက်ရတော့ ငါ သူ့ကို ကူမှ မကူညီချင်ပဲ။ သူ့အတွက်တော့ ငါ ဘာမှ လုပ်ပေးချင်စိတ် မရှိဘူး။ မင်းလည်း သိပါတယ်။ ဒီ့မတိုင်ခင် ဗိုလ်ကြီးအောင်သူက ဒိုက်ဦးမှာ တော်လှန်ရေးသမား အတော်များများကို သတ်ပစ်ခဲ့သေးတာ မဟုတ်လား။ တကယ်လို့သာ သူက မြေအောက်သူလျှိုဆိုရင် သူ့လုပ်ရပ်က တော်လှန်ရေးသမားအချင်းချင်း မျက်နှာမထောက်ဘဲ သူ့ရာထူး တိုးဖို့အတွက်၊ သူ့နေရာ တည်မြဲဖို့အတွက် ကိုယ့်လူကိုယ် ချနင်းသွားသလို ဖြစ်နေတာပေါ့။
အင်း … အဲဒီနယ်ချဲ့တော်လှန်ရေး သမိုင်းကြောင်းက လူစုံ အဖွဲ့စုံတော့ ဇာတ်လမ်းတွေကလည်း အတော်ကြီး ရှုပ်ထွေးတယ်။ မင်းတို့ လူငယ်တွေ မပြောနဲ့၊ ငါတို့လို နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ကြရတဲ့ ကာယကံရှင်တွေတောင် တချို့ကိစ္စတွေကို ဘယ်လိုမှ နားလည်ပေးလို့ မရဘူး။
***
အဖွားအိုရဲ့ စကားလမ်းကြောင်းက အခြားတစ်ဘက်ဆီ သွေဖည်သွားမှာကို စိုးရိမ်တာကြောင့် သူ သက်ပြင်းချနေတဲ့ အချိန်ကို အမိအရဖမ်းပြီး ကျွန်တော် သူ့ကို မေးခွန်းထုတ်လိုက်တယ်။
“အဖွား၊ ဒါနဲ့ ဒေါ်ချိုမာက မြွေပွေး ဖြစ်ပါတယ် ဆိုတာကို နောက်ကျတော့ အဖွား ဘယ်လို သိသွားခဲ့တာလဲ”
“ငါ ပြောပြီးပါပကော။ စားဆီထဲ ရေရောလို့မှ မရဘဲဟာ။ အစစ်က ဘယ်တော့မှ အတု ဖြစ်မသွားဘူးလေ” အဖွားအိုက အခုထိ ဈေးကိုင်ချင်တုန်းပဲလား မပြောတတ်ဘူး။ မေးတဲ့မေးခွန်းကို မဖြေဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။
“ဟုတ်ပါတယ်။ အဖွားက အဲဒီအစစ်ကို ဘယ်လိုလုပ်ပြီး ခွဲခြားလို့ ရသွားခဲ့တာလဲ” ကျွန်တော် လက်မလျှော့ဘူး။
“မတော်တဆပဲ ဆိုပါတော့” အဖွားအိုက မချိပြုံး ပြုံးနေတယ်။ “ကံတရားကိုက ငါ သူ့ကို ကူညီဖို့ ဖြစ်လာခဲ့တယ် ထင်ပါရဲ့”
“ဘယ်နေ့မှာလဲ” ကျွန်တော် အောင့်မနေနိုင်ဘဲ မေးလိုက်တယ်။
“အဲဒီနေ့ပေါ့ …” အဖွားအိုက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး စကားဆက်တယ်။ “သူ ဗိုက်နာတယ်ဆိုပြီး လူးလှိမ့်နေတဲ့ နေ့ကပေါ့”