Show contents

(ဂ)

နောက်တစ်နေ့ … အရာရာက ချိုမာ မသေခင် ကြိုတင်တွက်ဆထားတဲ့အတိုင်း ဖြစ်ပွားနေကြတယ်။ ဖြစ်ပျက်နေကြတယ်။ နံနက် ၆ နာရီကျော်လောက်မှာ ပထမဦးဆုံးအနေနဲ့ ဗိုလ်လေးထွန်းမြင့်က သွေးသံရဲရဲနဲ့ ချိုမာကို ကြမ်းပြင်ပေါ်မှာ ခွေခေါက်နေတာ တွေ့လိုက်ရတယ်။ နောက်တော့ တပ်ကြပ်ကြီးမျိုးဇော်နဲ့ မြသန္တာတို့က ချိုမာရဲ့အခန်းကို ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ကြတယ်။ နောက်နာရီဝက်လောက်ကြာတော့ ဟိဟာရနဲ့ ဦးဟန်ထွန်းတို့ပါ အလောတကော ရောက်ချလာတယ်။ သူတို့အားလုံး အခန်းထဲမှာ လူစုံတပ်စုံ ရောက်နေကြပြီ။ မြသန္တာကတော့ တရှုံ့ရှုံ့ ငိုရင်း ချိုမာရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပေးနေတယ်။

ဟိဟာရက အခန်းထဲမှာ ရှိတဲ့ လူတွေကို နှင်လွှတ်ပြီး ဦးဟန်ထွန်းနဲ့အတူ ကနဦး ရှာဖွေစူးစမ်းမှုကို စတင်လိုက်ကြတယ်။ နောက်ဆယ်မိနစ်ကျော်လောက် ကြာတော့ ဟိဟာရနဲ့ ဦးဟန်ထွန်းတို့ အခန်းထဲက ထွက်လာကြပြီး မနက်စာသွားစားဖို့ လုပ်ကြတယ်။ အဲဒီအခါမှာ မြသန္တာက အပြေးရောက်လာပြီး ဟိဟာရကို လှေကားခွင်မှာ ပိတ်တားလိုက်တယ်။ စောစောကလို ဝမ်းနည်းကြေကွဲနေတဲ့ပုံ မပေါက်တော့ဘဲ သစ္စာဖောက်တစ်ယောက်လို ဟိဟာရကို သူ အစီရင်ခံတယ်။ စောစောက ချိုမာရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပေးနေတုန်းမှာ ပန်းချီကားတစ်ကားကို တွေ့ခဲ့ရကြောင်းနဲ့ အဲဒီပန်းချီကားကို ထူးဆန်းသလို ထင်မိတာကြောင့် နောက်တစ်ခေါက်လောက် ပြန်ကြည့်ချင်ကြောင်း ပြောပြတယ်။ ဟိဟာရကလည်း အဲဒီပန်းချီကားကို သံသယရှိလို့ အသည်းအသန် လေ့လာကြည့်ပြီးသွားပြီ။ ဒါပေမယ့် ဘာထူးခြားမှုမှ မတွေ့ခဲ့ဘူး။ အခုတော့ မြသန္တာက အားတက်သရောနဲ့ သူ့ကို အကူအညီပေးဖို့ စကားကမ်းလှမ်းလာတော့ သူ ဘယ်မှာ လျစ်လျူရှုနိုင်ပါတော့မလဲ။

မနက်စာ စားပြီးတာနဲ့ ဟိဟာရက မြသန္တာဆီကို ရောက်လာပြီး အခြေအနေကို မေးမြန်းတော့တယ်။ မြသန္တာက မူလအစီအစဉ်အတိုင်း ရေလိုက်ငါးလိုက် မျောလိုက်သွားတယ်။

“မာစတာ၊ ကျွန်မ ဧရာမ လျှို့ဝှက်ချက်ကြီးတစ်ခုကို တွေ့ထားပြီ။ ကြီးသမှ အကြီးကြီးပဲ” မြသန္တာက ဈေးကိုင်တဲ့အနေနဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။

“အင်း၊ ဘာလဲ။ ပြောပြစမ်းပါဦး”

“ဘယ်သူ မြွေပွေးလဲဆိုတာကို ကျွန်မ သိသွားပြီ” မေးခွန်းထုတ်ဖို့ ပါးစပ်ဟလာတဲ့ ဟိဟာရကို မြသန္တာက နှုတ်ဦးမှုယူပြီး လုပြောလိုက်တယ်။ “ဟင့်အင်း၊ ကျွန်မကို အရင် မမေးနဲ့ဦး။ မာစတာ ကျွန်မကို ကိစ္စတစ်ခု သဘောတူမှ ကျွန်မ ပြောပြနိုင်မယ်”

ရှေ့နောက်မကြည့်ဘဲ ပြောချင်ရာ ပြောချလိုက်တတ်တာက သူ့ရဲ့ ကိုယ်ပိုင်ဟန်တစ်ခုပဲ မဟုတ်လား။

“ကဲ ပြော၊ ဘာကိစ္စလဲ”

“ကျွန်မ မာစတာကို ပြောပြပြီးရင် ကျွန်မကို ဆုချရမယ်”

“လုပ်ပေးရမှာပေါ့။ နင် ဘာဆုလိုချင်လဲ”

“ကျွန်မကို လွှတ်ပေးရမယ်။ ဒီကနေ ထွက်ခွာခွင့် ပေးရမယ်”

“အိုကေလေ”

ပါးစပ်က ပြောတာပဲဥစ္စာ။ သွားခွင့်ပြုတယ်လို့ အကြိမ်တစ်ထောင်လောက်တောင် ပြောလိုက်လို့ ရသေးတယ်။

ဒါပေမယ့် မြသန္တာက အိုကေ တစ်လုံးတည်းနဲ့ မကျေနပ်နိုင်ဘူး။ ကျိန်ရမယ်လို့ ပြောလာပြန်တယ်။ ကျိန်ဆိုလည်း ကျိန်ပေါ့။ ဘယ်သူ့ကို ကြောက်ရမှာတဲ့လဲ။ ကျိန်လိုက်လို့ရော သူ့လို နိပွန်းတပ်မတော်ကြီးရဲ့ ဒုဗိုလ်မှူးကြီးတစ်ယောက်ကို တကယ်ပဲ မိုးကြိုးပစ်မှာတဲ့လား။ မြသန္တာက ပွစိပွစိနဲ့ ကျိန်စာကို အရှေ့ကနေ ချပေးတယ်။ ဟိဟာရက အနောက်ကနေ လိုက်ဆိုနေတာ ကလေးနှစ်ယောက် ကစားနေကြတဲ့အတိုင်းပဲ။

ကျိန်ဆိုပြီးတဲ့နောက်မှာ မြသန္တာက ချိုမာရဲ့ ပန်းချီကားပေါ်က မြက်ပင်တွေကို လက်ညှိုးနဲ့ထိုးပြပြီး ကျကျနန ရှင်းပြလိုက်တယ်။ တိုလိုက်ရှည်လိုက်နဲ့ ရေလှိုင်းပုံသဏ္ဌာန် တည်ရှိနေကြတဲ့ မြက်ပင်တန်းလေးက မြသန္တာရဲ့ မှော်အစွမ်းအောက်မှာ တုံးတိုနဲ့ တုံးရှည်တွေ ဖြစ်ပြီး အဲဒီကနေတစ်ဆင့် အက္ခရာစကားလုံးတွေ ထွက်ပေါ်လာကြတယ်။

မော့စ်ကုတ် ဆိုတာက မြသန္တာအတွက်တော့ ထမင်းစားရေသောက် အဆင့်လောက်ပဲ ရှိတာ။ စက္ကူပေါ် ချမရေးဘဲနဲ့တောင် ဒီအတိုင်း ကြည့်သွားလိုက်ရုံနဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကို တန်းဖော်သွားနိုင်တယ်။

အရေးပေါ်၊ တွေ့ဆုံပွဲကို ဖျက်သိမ်းပစ်ပါ။

ဟိဟာရကို လီဆယ်လှည့်ဖြားနေတာ မဟုတ်ကြောင်း သက်သေပြတဲ့အနေနဲ့ တပ်ကြပ်ကြီးမျိုးဇော်ကိုလည်း ဝှက်စာဖော်ခိုင်း ကြည့်ပါဦးလို့ မြသန္တာက အကြံပြုလိုက်တယ်။ တပ်ကြပ်ကြီးက အုပ်ချုပ်ရေးမှူးအနေနဲ့ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ရတော့ ဒီမော့စ်ကုတ်တွေကို အခုလောက်ဆိုရင် မေ့နေလောက်ရောပေါ့။ ဒီတော့ မြသန္တာလိုတော့ ဒိုင်းဒိုင်းပြေးနေတော့မယ် မထင်ဘူး။ ဒါပေမယ့် သူ့ကို ဖော်ခိုင်းရင်လည်း ဖော်နိုင်ဦးမှာပါပဲ။ မြသန္တာလို အာဂုံမရတော့ စာအုပ်ကြည့်ပြီး ဖော်နေရမှာ မဟုတ်လား။ ဒီတော့ နှေးသွားတာလောက်ပဲ ရှိတယ်။ သူ ပြန်ဆိုလိုက်လို့ ထွက်လာတဲ့ စာသားနဲ့ မြသန္တာဟာနဲ့က တစ်လုံးတစ်ပါဒတောင် လွဲချော်မှု ရှိမနေဘူး။

အောင်မလေး … ဟိဟာရ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။

အောင်မလေးလေး … လက်လန်တယ်။ ချိုမာကိုတော့ လက်လန်သွားပြီ။ ဒီလိုအကွက်မျိုး သူ စဉ်းစားနိုင်တာ အံ့ဩပါရဲ့။

အောင်မလေးလေးလေး … မြသန္တာရေ၊ မင်း ကယ်ပေလို့ပဲ။ မင်းမျက်စိကို ရွှေချထားဖို့ ကောင်းတယ်။ မင်းသာ မကယ်ရင် ငါ သေသွားရင်တောင် ဘယ်သူက မြွေပွေးလဲ ဆိုတာကို သိခွင့်ရလိုက်မှာ မဟုတ်ဘူး။ ဘယ်သူ ထင်ထားမှာတဲ့လဲ။ ဒီငနဲမက ပိပိရိရိကို ဖုံးဖိထားနိုင်ခဲ့တာပဲ။

အောင်မလေးလေးလေး … မြသန္တာရေ၊ မင်းကိုလည်း လက်လန်တာပဲ။ ချိုမာရဲ့ ဒီအကွက်က တကယ့်ကို လက်ဖျားခါလောက်တဲ့ အကွက်ပဲ။ ဒါကိုတောင် မင်းက ထွင်းဖောက်ပြီး မြင်နိုင်တယ်နော်။

ဟိဟာရက မြသန္တာရဲ့ လက်ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဝမ်းမြောက်ကြည်နူးနေတယ်။ ကျေနပ်အားရနေတယ်။ ကျေးဇူးတင်နေမိတယ်။ မြသန္တာကို ကိုယ်တိုင် ခြံဝအထိ ထမ်းခေါ်မသွားနိုင်တာကိုပဲ စိတ်မကောင်းနေတဲ့အလား ညှိုးလျတဲ့ မျက်နှာငယ်လေးနဲ့ သူ့ကတိအတိုင်း မြသန္တာကို ပြန်ခွင့်ပြုလိုက်တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *