ရာစုနှစ်ဝက်ကျော် ကုန်လွန်သွားခဲ့ပြီ ဆိုပေမယ့် အဖွားအိုက အဲဒီနေ့မှာ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို နှာချေတာကအစ အကုန်လုံး အတိအကျ မှတ်မိနေသေးတယ်။ မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ပြောပြနေရတဲ့အတိုင်းပဲ။
အခင်းဖြစ်ပွားတာက စားသောက်ဆောင်ကနေ ပြန်လာကြတဲ့ လမ်းပေါ်တစ်နေရာမှာ။ ချိုမာက ဗိုက်နာတာ အရှင်းမပျောက်သေးလို့ လမ်းလျှောက်တာ နှေးတိနှေးတုံ့နဲ့။ အစပိုင်းမှာတော့ မြသန္တာက ချိုမာရဲ့ လက်တစ်ဖက်ကို တွဲကူပေးထားသေးတယ်။ နောက်တော့ ရှေ့တိုက်နဲ့ အနောက်တိုက်ကို ခွဲသွားတဲ့ လမ်းဆုံလမ်းခွ အရောက်မှာ ချိုမာက ပြုံးစစနဲ့ သူ့လက်ကို ဖယ်ထုတ်လိုက်ပြီး ပြောတယ်။ “ရပြီ။ ငါ့ဟာငါ သွားလို့ ရပြီ”
ပြောပြီး လက်ထဲမှာ ပါလာတဲ့ ဖယောင်းဆေးလုံးအခွံ နှစ်ခုကို လွှင့်ပစ်လိုက်တယ်။ အခွံတစ်ခုက လှိမ့်ရင်း လမ်းဘေး ရောက်သွားတယ်။
မြသန္တာက ရယ်ရင်း ပြောတယ်။ “မချိုမာသောက်တဲ့ ဆေးက အတော်တော့ စွမ်းတာပဲ။ ယူပစ်သလိုကို ပျောက်သွားတာနော်”
ချိုမာက ဖြေတယ်။ “ဟုတ်တယ်။ ငါ ဗိုက်နာလာတဲ့ အခါတိုင်း အဲဒီဆေးကိုပဲ သောက်တယ်။ အတော်လေး မဆိုးဘူး”
နှစ်ယောက်သား အဲဒီလို တောင်စဉ်ရေမရ လျှောက်ပြောရင်း ဟိဟာရတို့ရဲ့ အနောက်ကနေ ကပ်လိုက်လာကြတယ်။ တကယ်တော့ သူတို့အားလုံးက ချိုမာကို ငဲ့ညှာသောအားဖြင့် အကုန်လုံး ခပ်ဖြည်းဖြည်းပဲ သွားနေကြတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ အနောက်ဆုံးကနေ လျှောက်လာခဲ့ကြတာပေါ့။ အနောက်ဆုံး ဆိုပေမယ့်လည်း အလွန်ကြီး ကွာခြားနေတာတော့ မဟုတ်ဘူး။ လွန်ရောကျွံရောမှ ၄၊ ၅ လှမ်းလောက်ပေါ့။
အဖွားအိုက ကျွန်တော်ကို ပြောပြတယ်။ ဒေါ်ချိုမာ သောက်တဲ့ဆေးက တရုတ်တိုင်းရင်းဆေးတစ်မျိုးပဲ။ ကွမ်းသီးလုံး အလတ်စားလောက် ရှိတဲ့ အလုံးလေး။ ဆေးကို သံလွင်ဆီနဲ့ လုံးထားတာကြောင့် ဆေးလုံးက စေးထန့်ထန့်နဲ့။ သူက အဲဒီလို အစိုအတိုင်း ထားမှ ဆေးရဲ့ အာနိသင်က ထက်တာ။ တကယ်လို့ ခြောက်သွားခဲ့ရင် အာနိသင်ပြယ်သွားတယ်။ ဟိုးအရင်ကတော့ ဆေးရဲ့ အစိုဓာတ်ကို ထိန်းနိုင်ဖို့အတွက် ဖယောင်းစက္ကူနဲ့ ထုပ်ပိုးခဲ့ကြတယ်။ ဒါပေမယ့် အချိန်ကြာသွားရင် ဆေးက ခြောက်သွားတတ်တာမို့ အဲဒီလို ထုပ်ပိုးတဲ့ နည်းလမ်းကို စွန့်လိုက်ကြတယ်။ အဲဒီနောက်ပိုင်းကျတော့ အဲဒီဆေးလုံးကို ဖယောင်းသားနဲ့ မံပြီး ထုပ်လာကြတယ်။ ဆေးလုံးကို အဲဒီ ဖယောင်းလုံးခွံထဲ ထည့်ထားလိုက်တော့ အစိုဓာတ်ကို အများကြီး ပိုထိန်းနိုင်သွားတယ်။ တစ်နှစ်၊ နှစ်နှစ်လောက် သိမ်းထားလည်း ပြဿနာ မရှိတော့ဘူး။ ဆေးစားမယ် ဆိုတဲ့အချိန်ကျရင် အဲဒီဖယောင်းခွံကို လက်သည်းရာပေးပြီး ခွဲထုတ်လိုက်ရုံပဲ။
“ဒီမယ်ကြည့်။ ဒါကို ပြောတာ” အဖွားအိုက ဝါးသေတ္တာထဲကနေ ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး ကျွန်တော်ကို လှမ်းပြတယ်။ “ရှေးတုန်းက တချို့လူတွေက အဲဒီဆေးကို သောက်ပြီးရင် အဲဒီဖယောင်းခွံကို လွှင့်မပစ်ဘဲ သိမ်းထားတတ်ကြသေးတယ်။ အရင်လူတွေက ရှားပါးပစ္စည်းဆိုရင် ဘာဖြစ်ဖြစ် နှမြောလို့ ထင်ပါရဲ့။ တကယ်တော့ သိမ်းထားလို့လည်း အပိုပါပဲ။ ဘယ်နေရာမှာမှ သုံးစားလို့မှ မရတာ။ ကလေးတွေအတွက်တော့ ကစားစရာ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ဒါကြောင့် အဲဒီတုန်းက သူ့လက်ထဲကနေ ဖယောင်းခွံတွေကို လက်လွတ်စပယ် လွှင့်ပစ်လိုက်တော့လည်း ငါက ထွေထွေထူးထူး အာရုံစိုက်မနေတော့ဘူး”
တကယ်တော့ ချိုမာက လက်လွတ်စပယ် လွှင့်ပစ်ခဲ့တာ မဟုတ်ဘူး။ ဘယ်သူမဆို ဖြတ်သွားဖြတ်လာ လုပ်နိုင်တဲ့ လမ်းဆုံလမ်းခွကို တကူးတက ရွေးချယ်ခဲ့တာပါ။ နောက်ပြီး လွှင့်ပစ်ထားတာကလည်း ထင်သာမြင်သာရှိတဲ့ နေရာမျိုးမှာ။ အခွံတစ်ခုက လမ်းဘေးကို ရောက်သွားလို့တောင် သူက အရေးမပါသလိုလို ဘာလိုလိုနဲ့ အဲဒါကို ခြေထောက်နဲ့ ကန်လိုက်သေးတယ်။ လမ်းလယ်ကို ရောက်သွားအောင်လို့ပေါ့။ သူ အဲဒီလို လုပ်မှ ဖြစ်မယ်လေ။ အဲဒါတွေက ထင်သာမြင်သာတဲ့ နေရာမှာ ရှိနေပါမှ နောက်တစ်နေ့ သူ့ကို အဆက်အသွယ် လုပ်ဖို့ ရောက်လာနိုင်တဲ့ လိပ်ကြီးက အလွယ်တကူ မြင်သွားနိုင်မယ် မဟုတ်လား။
ဘကျော် ပြောခဲ့ဖူးတဲ့ အတိုင်းပဲ။ လိပ်ကြီးနဲ့ ချိုမာတို့ရဲ့ အကြားမှာ လျှို့ဝှက်သင်္ကေတတွေ ထားထားတာ ရှိတယ်။ ဥပမာ ပြောရရင် အဲဒီနေ့ နေ့လယ်က ထမင်းစားဆောင်မှာ လိပ်ကြီးက ပထမဆုံးအကြိမ်အနေနဲ့ အပြင်ထွက်လာပြီး ကိုယ်ယောင်ပြတယ်။ အဲဒါ ချိုမာ မြင်သာအောင် တမင် လုပ်ပြတာပဲ။ အတိအကျ ပြောရရင်တော့ သူ့ကို အသိပေးတာ။ ကျွန်တော် ဒီမှာ ရှိနေတယ်။ သတင်းပေးစရာ ရှိရင် အဆင်သင့် ပြင်ထားပါ။ တစ်ခဏနေကျရင် နောက်တစ်ခေါက် ထွက်လာခဲ့ဦးမယ် ဆိုတဲ့ သဘောမျိုး။ နောက်တစ်ခေါက် ထွက်လာတော့ သူက ဘာဖြစ်လို့ ခေါင်းပြူပြီး ပြန်ဝင်သွားရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ ချိုမာရဲ့ ဘယ်ဘက် အင်္ကျီအိတ်ကပ်ထဲမှာ အဖြူရောင်အဖုံးနဲ့ ဖောင်တိန်တစ်ချောင်း ထိုးထားလို့ပေါ့။ အဲဒီဖောင်တိန်က အချက်ပြသင်္ကေတပဲ။ လူတွေ စောင့်ကြည့်နေကြတယ်။ ငါ့နား မကပ်နဲ့ ဆိုတဲ့ သဘော။ ဒါကြောင့် လိပ်ကြီးက အဲဒီဖောင်တိန်ကို မြင်လိုက်တာနဲ့ တစ်ချိုးတည်း လစ်သွားပါရော။
ဖယောင်းလုံးအခွံကလည်းပဲ လျှို့ဝှက်သင်္ကေတတစ်ခုပဲ။
(အသံသွင်းမှတ်တမ်း)
နောက်တော့ မချိုမာက ငါ့ကို ပြောပြတယ်။ သတင်းပို့တဲ့အခါမှာ များသောအားဖြင့် နည်းလမ်းသုံးမျိုးကို သုံးပြီး သတင်းပို့လေ့ရှိတယ်။ ပထမဆုံး နည်းလမ်းကတော့ အလုံခြုံဆုံး နည်းလမ်းပေါ့။ နေ့လယ်နေ့ခင်း အိမ်ပြန်ပြီး ကလေးတွေကို သွားကြည့်ရင်းနဲ့ လျှို့ဝှက်သတင်းတွေကို အိမ်ယူသွားတဲ့ နည်းလမ်း။ ငကျော်ကနေတစ်ဆင့် ကျားကြီးဆီ ရောက်အောင် ပို့ပေးတာပေါ့။ အဲဒီနည်းလမ်းက လုံခြုံတော့ လုံခြုံပါရဲ့။ ဒါပေမယ့် အချိန်ကြန့်ကြာတယ်။ ငကျော်က ပွဲရုံမှာ အလုပ်လုပ်တာဆိုတော့ အိမ်ပြန်နောက်ကျတယ်။ ညဆိုရင် ၉ နာရီ၊ ၁၀ နာရီလောက်မှ အိမ်ပြန်ရောက်တတ်တာ။ ဒါကြောင့် အရေးပေါ် မဟုတ်တဲ့ သတင်းတွေအတွက်ပဲ အဆင်ပြေတယ်။ တကယ်လို့ အရေးတကြီး တုံ့ပြန်ဖို့ လိုအပ်လာရင်တော့ လိပ်ကြီးကနေတစ်ဆင့်ပဲ သတင်းကို ပို့ဖြစ်တာ များတယ်။ အရေးတကြီး တုံ့ပြန်ဖို့ လိုအပ်တယ် ဆိုရင် ညတွင်းချင်းပဲ ကျားကြီးရဲ့ လက်ထဲကို အရောက်ပို့ပေးနိုင်မှ ဖြစ်မှာ။ အဲဒီသတင်းမျိုးကို ဘယ်လို ခိုးထုတ်ရသလဲ ဆိုတော့ မချိုမာက သတင်းကို အမှိုက်ထဲမှာ ရောဖွက်ထားပြီး ငါတို့ရဲ့ အောက်ထပ်မှာ ရှိတဲ့ အမှိုက်ပုံးထဲမှာ သွားပစ်ထားတယ်။ အမှိုက်အိတ်ပေါ်မှာ အမှတ်အသား လုပ်ထားတော့ ဘယ်ဟာက မချိုမာရဲ့ အမှိုက်အိတ်လဲ ဆိုတာကို လိပ်ကြီးက မြင်ရုံနဲ့ တန်းသိနိုင်တယ်။ လိပ်ကြီးရဲ့ အမှိုက်သိမ်းချိန်က ညစာစားပြီးတဲ့နောက် ည ၆ နာရီ၊ ၇ နာရီလောက် အချိန်ပဲ။ နောက်တော့ ညဈေးတန်းမှာ သွားပြီး ငန်းကြီး (မာလာ) ရဲ့ လက်ထဲကို ထည့်ပေးလိုက်ရုံပဲ။ သူကနေမှတစ်ဆင့် ကျားကြီးရဲ့ လက်ထဲကို ရောက်သွားမှာပေါ့။ ဦးဟန်ထွန်းတို့ တစ်နေ့ညက ဖမ်းမိလိုက်တယ် ဆိုတာ အဲဒီလို အရေးပေါ်သတင်းမျိုးပေါ့။ ငန်းကြီးက သတင်းကို လက်လွှဲယူပြီးတော့ ကျားကြီးကို သွားပေးဖို့ လမ်းခရီးမှာ ရန်သူရဲ့ အဖမ်းအဆီးကို ခံလိုက်ရတာ။
နောက်ပြီး အရေးပေါ် သတင်းတစ်ခုကို ခိုးထုတ်တဲ့ တခြားနည်းလမ်းတစ်ခု ရှိသေးတယ်။ သိပ်အရေးကြီးလွန်းလို့ ကျားကြီးရဲ့ လက်ထဲကို အချိန်တိုအတွင်း ရောက်သွားဖို့ လိုအပ်လာတဲ့ အခါမျိုးမှာ သုံးတာပေါ့။ လိပ်ကြီးရဲ့ အမှိုက်သိမ်းချိန်က အတိအကျ သတ်မှတ်ထားတာ မဟုတ်လား။ ပြီးတော့ သူတို့နှစ်ယောက် (လိပ်ကြီးနဲ့ ချိုမာ) ကလည်း ပေါ်ပေါ်ထင်ထင် ထိတွေ့လို့ ရတာ မဟုတ်ဘူး။ ဒီတော့ အရမ်းအရမ်းကို အရေးကြီးတဲ့ သတင်းရှိလာရင် မချိုမာက လိပ်ကြီးကို ဘယ်လို အကြောင်းကြားရပါ့မလဲ။ အဲဒီဖယောင်လုံးအခွံကို သုံးတာပေါ့။
မချိုမာက တကယ့်ကို အစာအိမ်ရောဂါ ရှိတယ်။ အဲဒီတရုတ်တိုင်းရင်းဆေးကလည်း အစာအိမ်ရောဂါအတွက် ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးပဲ။ သူ့မှာ ဘေးထွက်ဆိုးကျိုး မရှိဘူး။ ဈေးလည်း သက်သာတော့ မချိုမာက အဲဒီဆေးကိုပဲ စွဲစွဲမြဲမြဲ သောက်လာခဲ့တယ်။ ဒါကြောင့် သူ့မှာ အဲဒီလို ဖယောင်းလုံးခွံတွေက ပေါမှပေါပဲ။ ကြည့်လေ။ ဒီဟာလေးက ကွမ်းသီးအလတ်စားလောက်၊ ဆီးဖြူသီးလောက် အရွယ်ရှိတယ်။ အရောင်ကလည်း အနက်ရောင်ဆိုတော့ လမ်းပေါ် ပစ်ထားရင် သက်ဆိုင်တဲ့သူက အဲဒါကို သတိမထားမိဘဲ နေမှာ မဟုတ်ဘူး။ မဆိုင်တဲ့သူ ကျပြန်တော့လည်း အဲဒါကို အမှိုက်တစ်ခု ဆိုတာထက် ပိုပြီး စိတ်ဝင်စားကြမှာ မဟုတ်ဘူး။ စိတ်ဝင်စားလည်း ကိစ္စ မရှိပါဘူး။ အထဲမှာ ဘာမှ ထွေထွေထူးထူး ပါတာမှ မဟုတ်တာ။ အလွယ်တကူ လွင့်စင်မသွားအောင် အလေးချိန် တိုးပေးတဲ့အနေနဲ့ အထဲမှာ ကျောက်ခဲသေးသေး၊ ဒါမှမဟုတ် မြေခဲတစ်ခဲလောက် ထည့်ထားရုံတင်ပဲဥစ္စာ။ ဘာပဲဖြစ်ဖြစ် အထဲမှာ ဘာလျှို့ဝှက်သတင်းမှ မပါတာတော့ သေချာတယ်။ အဲဒါက သတိပေးရုံသက်သက်ပဲ။ သတင်းရှိတယ်။ အမြန်သွားယူ လို့ လိပ်ကြီးကို အကြောင်းကြားတဲ့ သဘော။
သတင်းက ဘယ်မှာလဲ။
ဖယောင်းလုံးခွံထဲမှာ။
ဒါပေမယ့် ဒီဖယောင်းလုံးခွံက အချက်ပြတဲ့ ဖယောင်းလုံးခွံတော့ မဟုတ်ဘူး။ အမှိုက်ပုံးဘေးနားမှာ ချထားတဲ့ ဖယောင်းခွံ။ လမ်းလယ်ခေါင်မှာ ချထားတဲ့ ဖယောင်းခွံက အကြောင်းကြားဖို့အတွက်၊ အချက်ပြဖို့အတွက် သုံးတယ်။ အဲဒီမှာ ဘာသတင်းမှ မပါဘူး။ သတင်းက အမှိုက်ပုံးဘေးနားက ဖယောင်းခွံထဲမှာ။