စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ဒေါသက ဆင်ခြင်ဉာဏ်ကို ဝေဝါးစေတယ်တဲ့။ ဒေါသစိတ်က ပြဿနာကို ပိုပြီး ကြီးကျယ်သွားအောင်ပဲ လုပ်နိုင်တာ မဟုတ်လား။ နောက်ဆုံး ထိန်းမနိုင် သိမ်းမရတဲ့အထိ ဖြစ်သွားနိုင်တယ်လေ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဖျောင်းဖျပြီး စိတ်ကို ငြိမ်သက်သွားအောင် ပြန်ထိန်းလိုက်တယ်။ ကျွန်တော်အတွက် ဖြေရှင်းနိုင်စရာ နည်းလမ်းက တစ်နည်းပဲ ရှိတယ်။ အမယ်အိုကြီးကို လက်ခံလာတဲ့အထိ နားချသိမ်းသွင်းဖို့ပဲ။ လူတွေက အသက်ကြီးလာရင် ပိုပြီး ကရုဏာထားတတ်လာကြတယ်။ ပိုပြီး ခွင့်လွှတ်နားလည်လာတတ်ကြတယ်။ ကျွန်တော်သာ ရိုရိုကျိုးကျိုး နှိမ့်နှိမ့်ချချ ဆက်ဆံတတ်မယ်ဆိုရင် သူ ကျွန်တော်ကို ခွင့်လွှတ်လာနိုင်စရာ အကြောင်းရှိတယ်။ ဒါနဲ့ ကျွန်တော် တောင်းပန်စာတစ်စောင်ကို ရေးချပြီး ဦး xxx ဆီ စာမူအပြည့်အစုံနဲ့အတူ အဲဒီစာကို ပို့ခိုင်းလိုက်တယ်။ စာထဲမှာတော့ ကျွန်တော် တောင်းဆိုထားတာက အချက်တစ်ချက်ပဲ။ ဒေါ်မြသန္တာနဲ့ လူချင်းတွေ့ပြီး စကားပြောခွင့် ရဖို့။
တစ်လ။
နှစ်လ။
သုံးလ …
သွားပြီ။ လုံးဝ မျှော်လင့်နိုင်စရာ အကြောင်းမရှိတော့ဘူးလို့ စိတ်ဒုန်းဒုန်း ချလိုက်မိတဲ့ နေ့တစ်နေ့ရဲ့ ညနေခင်းအချိန်မှာ သူစိမ်းတစ်ယောက်ဆီကနေ ဖုန်းတစ်ကော ဝင်လာတယ်။ ဖုန်းဆက်သူက သူ့ကိုယ်သူ ဒေါ်မြသန္တာရဲ့ သမီးပါလို့ မိတ်ဆက်စကားဆိုတယ်။ စာမူကို အစအဆုံး ဖတ်ပြီးသွားပြီမို့ ကျွန်တော်နဲ့ ကိစ္စတချို့ ဆွေးနွေးကြည့်ချင်ပါသတဲ့။ တကယ်ပါ။ သူ့ရဲ့ လေသံက ကျွန်တော်ကို အပြစ်တင်နေတဲ့ လေသံမျိုး လုံးဝ မပါဘူး။ စာမူနဲ့ ပတ်သက်ပြီးတော့ သူ ပြောတာက ဝတ္ထုရဲ့ အရှေ့တစ်ဝက်လောက်ကို ဘာမှ ပြောစရာမရှိပါဘူးတဲ့။ ဒါပေမယ့် အနောက်ပိုင်းတစ်ဝက်လောက်မှာတော့ အမှန်တရားကို သွေဖည်နေတဲ့ ဆိုးဝါးတဲ့ အမှားတွေ ပါတယ်ဆိုပဲ။ နောက်ဆုံး သူက ဘာတောင်းဆိုလာသလဲ ဆိုတော့ ဖြစ်နိုင်မယ်ဆိုရင် သူ့အမေနဲ့ လာတွေ့စေချင်ပါတယ်တဲ့။ သဘောက အင်္ဂလန်အထိ သွားတွေ့ရမယ်ပေါ့။
တကယ်တော့ မြန်မာပြည်က လူတစ်ယောက်ကို အင်္ဂလန် လာပါလို့ ပြောလိုက်တာက တာဝတိံသာ လာလည်ပါဦးလို့ ဖိတ်ခေါ်နေတာထက် ပိုပြီး ယုတ္တိမကျဘူး ဆိုတာ ကျွန်တော် သိသလို ဒေါ်မြသန္တာရဲ့ သမီးလည်း မသိဘဲ နေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော်လို ငမြောက်ငခြောက် စာရေးဆရာ ငမွဲတစ်ယောက်အတွက်တော့ သာလို့တောင် ဆိုးနေသေးတယ်။ ဒီတော့ သူ့ရဲ့ တောင်းဆိုမှုအတွက် ကျွန်တော်ရဲ့ အဖြေက ခွေးအ,ကြီး လှည်းနင်းခံရသလို ဖြစ်နေတော့တာပေါ့။ ငြင်းရအောင်ကလည်း ဆီတဝင်းဝင်း၊ ခေါင်းညိတ်ရအောင်ကလည်း သဲတရှပ်ရှပ်။
ဒါပေမယ့် ကျွန်တော် ကံကောင်းပါတယ်။ အဲဒီလို ကံကောင်းအောင်ပဲ သိကြားမင်းကြီးက စီမံပေးလိုက်သလား၊ ဒါမှမဟုတ် ဒေါ်မြသန္တာရဲ့ သမီးကပဲ တမင် စီမံလိုက်သလားတော့ မပြောတတ်ဘူး။ နောက်ထပ် နှစ်လလောက်နေတော့ သူ့ဆီကနေ ဖုန်းထပ်ရပြန်တယ်။ ဒီနှစ် ဆောင်းရာသီ အင်္ဂလန်မှာ အအေးလှိုင်းဖြတ်မှာမို့ ဆောင်းရှောင်တဲ့အနေနဲ့ စင်္ကာပူမှာ သုံးလလောက် လာနေမယ် ဆိုတဲ့ သတင်းကောင်းတစ်ခု ရလာခဲ့တယ်။ စင်္ကာပူဆိုရင်တော့ ကျွန်တော်အဖို့ မဖြစ်ဖြစ်အောင် စီစဉ်လို့ ရတယ် မဟုတ်လား။
ဒါနဲ့ပဲ ဒီဆောင်းအဝင်မှာ စင်္ကာပူကို အပြေးလေးသွားပြီး ဒေါ်မြသန္တာနဲ့ တွေ့ဆုံဖြစ်ခဲ့တော့တယ်။