ဒါက ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲပေါ့။ အဓိကကတော့ ရှင်းစရာ ရှိတာတွေကို ရှင်းပြဖို့ လိုနေသေးလို့ပါ။ ဥပမာ ပြောရရင် ဘယ်သူက မြွေပွေးလဲ။ သတင်းကို ခိုးထုတ်နိုင်ခဲ့သလား။ ထုတ်နိုင်ရင်ရော ဘယ်လိုနည်းနဲ့ ခိုးထုတ်သွားခဲ့သလဲ ဆိုတာမျိုး။ စတဲ့ မေးခွန်းတွေက အခုထိ အဖြေမထွက်သေးဘူး မဟုတ်လား။
ဟုတ်ကဲ့။ ကျွန်တော် ဖြေရှင်းပေးရမှာပေါ့။ ကျွန်တော့်ကို ယုံပါ။
တစ်ခုတော့ ရှိတယ်။ အဲဒါတွေကို မပြောပြခင် အကြောင်းအရာတချို့ကို အရင်ဦးဆုံး တင်ပြပါရစေ။ ဥပမာ ဒီဇာတ်လမ်းကို ကျွန်တော် ဘယ်ကဘယ်လို ရလာခဲ့တာလဲ။ ဒီဇာတ်လမ်းက တကယ့် အဖြစ်အပျက်လား။
ဒီဇာတ်လမ်းကို ကျွန်တော် မတော်တဆ ကောက်ရခဲ့တယ်လို့ ပြောရင် ပိုပြီး မှန်လိမ့်မယ် ထင်တယ်။ ဒီလိုပါ။ တစ်နေ့မှာ ကျွန်တော်တို့ရဲ့ စကားဝိုင်းကို သူငယ်ချင်းတစ်ယောက်က ဧည့်သည်တစ်ယောက် ခေါ်လာတယ်။ အဲဒီဧည့်သည်က ကျွန်တော်တို့ အဖေအရွယ်လောက် ရှိတဲ့ လူကြီးတစ်ယောက်ပါ။ အစပိုင်းမှာတော့ ကျွန်တော်က သူငယ်ချင်းကို စိတ်ထဲက ကျိတ်ပြီး ဆဲလိုက်မိသေးတယ်။ လူငယ်တွေရဲ့ စကားဝိုင်းကို ဘယ်က ဘိုးတော်ကြီးတစ်ယောက် ခေါ်လာရသလဲပေါ့။ နောက်တော့ သူငယ်ချင်းက အဲဒီလူကြီးနဲ့ မိတ်ဆက်ပေးတယ်။ သူက မန္တလေးတက္ကသိုလ်ကနေ ပင်စင်ယူပြီးကာစပဲ ရှိသေးတယ်။ ဓာတုဗေဒဌာနက ကထိကဟောင်းပေါ့။ သူက လူကြီးဆိုပေမယ့် လူငယ်တွေနဲ့ အလိုက်အထိုက် ပေါင်းတတ် နေတတ်တယ်လို့ ဆိုရမယ်။ အေးပေါ့လေ။ တက္ကသိုလ်ကထိက ဆိုမှတော့လည်း လူငယ်တွေနဲ့ ပေါင်းတတ်သင်းတတ်တာ မဆန်းတော့ဘူးပေါ့။ နောက် စကားပြောရင်း ပြောရင်းနဲ့မှ သိလာရတာက သူ တကယ် တွေ့ချင်တဲ့သူက ကျွန်တော် ဖြစ်နေတယ် ဆိုတာပဲ။ လက်ဖက်ရည်ဝိုင်း ပြီးလို့ လမ်းခွဲကြတော့မယ်ဆိုမှ သူက ကျွန်တော်နဲ့ သီးသန့်တွေ့ဖို့ တောင်းဆိုလာတယ်။ သူက ကျွန်တော်နဲ့ ပြောစရာ ရှိလို့ပါတဲ့။ ဒါနဲ့ ကျွန်တော်တို့ သီးသန့် ချိန်းဖြစ်လိုက်ကြတယ်။
လိုရင်းကို ပြောရမယ် ဆိုရင်တော့ ဒီဇာတ်လမ်းကို အဲဒီကထိကဟောင်းဆီကနေ ရလာခဲ့တာ။ သူ့အပြောအရ ဆိုရင်တော့ အဲဒါ သူတို့အဖေရဲ့ တကယ့်အတွေ့အကြုံဆိုပဲ။ သူ ပြောတဲ့ ဇာတ်လမ်းကို နားထောင်ပြီးသွားတဲ့ အခါမှာ ကျွန်တော် အတော်ကြီး စိတ်ဝင်စားသွားတာနဲ့ သူ့အဖေနဲ့ပါ တွေ့ခွင့်တောင်းလိုက်တယ်။ အဲ … သူ့အဖေ သက်ရှိထင်ရှား ရှိနေသေးတယ် ဆိုတာကို သူ့ ပြောစကားအရ ကျွန်တော် သိထားလို့ပါ။ အခုဆို အဲဒီ အဘိုးကြီးရဲ့ အသက်က ၉၀ ကျော်နေပြီ။ နောက်ပြီး နားမလေး၊ ခါးမကိုင်းသေးဘဲ စကားကို ကောင်းကောင်း ပြောနိုင်သေးမှန်း သိထားရတော့ ကျွန်တော်အဖို့ ဇာတ်လမ်းရဲ့ မူလဇာတ်ကြောင်းပြောသူနဲ့ ပိုပြီး တွေ့ချင်သွားတာပေါ့။ ကာယကံရှင်နဲ့ စကားပြောဖြစ်ရင် ပိုပြီး စုံစုံစေ့စေ့ သိနိုင်မယ် မဟုတ်လား။
ဒီလိုနဲ့ အဲဒီအဘိုးအိုနဲ့ သွားတွေ့ဖြစ်ခဲ့တယ် ဆိုပါတော့။ သူ့နာမည်က (အ)ဘကျော်။ ဒါပေမယ့် ဘကျော်က မြို့ပေါ်မှာ နေတာ မဟုတ်ဘူး။ ပဲခူးတိုင်း ကဝဘက်က တောရွာတစ်ရွာမှာ နေနေတာမို့ သူ့ကို အဲဒီရွာအထိ သွားတွေ့ခဲ့ရတာ။ ပြောရရင် ဘကျော်က ပဲခူးနယ်ရဲ့ မြေအောက်ထောက်လှမ်းရေး တာဝန်ခံတစ်ယောက်ပါ။ သူ့ရဲ့ နာမည်ဝှက်က မိုးကြီးတဲ့။ အဓိကတာဝန်ကတော့ အဲဒီနယ်က ရလာသမျှ စစ်ရေးသတင်း၊ အတွင်းသတင်းတွေကို ရန်ကုန်နဲ့ သခင်စိုးရှိရာ နေရာဆီကို ဆက်သားအကူအညီနဲ့ အရောက် ပို့ပေးရတယ်။ နောက်ပိုင်းမှာ အင်္ဂလိပ်တွေ ချပေးတဲ့ ကြေးနန်းစက်တွေ ရလာတော့ ဆက်သွယ်ရတာ ပိုပြီး အဆင်ပြေသွားတာပေါ့။ ဒါကြောင့် မြွေပွေးဆီက ထွက်လာသမျှ အတွင်းသတင်းတွေကိုလည်း သူကပဲ တာဝန်ယူပြီး သက်ဆိုင်ရာကို ဖြန့်ဝေပေးခဲ့ရတယ်။ ဥပမာ ကျားကြီးဆီ။
ဒါဆို မြွေပွေးက ဘယ်သူလဲ။
“ရှိုမာပေါ့” ဘကျော်ရဲ့ ရှေ့သွားတွေက ကျိုးတဲ့သွား ကျိုးနေပြီဆိုတော့ အသံက သွားကြားလေထွက်သံတွေ ပါနေတယ်။ တကယ်တော့ ဘကျော် ဆိုတာကလည်း ချိုမာရဲ့ သေတမ်းစာထဲမှာ ပါတဲ့ ကိုမင်း ဆိုတဲ့ ပုဂ္ဂိုလ်ပဲ။ ချိုမာရဲ့ ခင်ပွန်းလေ။
“ဒါပေမယ့် အဲဒါက အင်ထုထားတာ” ဘကျော်က ကျွန်တော့်ကို ပြောပြတယ်။ “အဘတို့က မောင်နှမအရင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ။ လုပ်ငန်းသဘောအရ လိုအပ်လို့သာ လင်မယားအဖြစ် ဟန်ဆောင်နေကြရတာ”