Show contents

(စ)

အိုက်တင်တွေ ပလိုက်တင်တွေနဲ့ အတည်လိုလို အရွှတ်လိုလို သရုပ်ဆောင်နေလိုက်ကြတာ ဒီအခန်းရောက်တော့မှ အားလုံး အိပ်မက်ကနေ နိုးထလာသလို ဖြစ်ကုန်ကြတယ်။ အဲဒါ အိပ်မက်ဆိုးတစ်ခုပဲ။ မကောင်းဆိုးဝါးနဲ့ အတူရှိနေကြရတာ။ ဘယ်သူက မကောင်းဆိုးဝါးလဲ ဆိုတာကိုလည်း မသိရဘူး။ ကံမကောင်း အကြောင်းမလှရင် ကိုယ်ကိုယ်တိုင်က မကောင်းဆိုးဝါးအဖြစ် သမုတ်ခံရနိုင်သေးတယ်။ သတိကြီးကြီး ထားနေကြတာမို့ ဘယ်သူမှ ရွှေနှုတ်တော် မဖွင့်ဟဝံ့တော့ဘူး။ အားလုံးက ရေငုံနှုတ်ပိတ် နေနေကြလေရဲ့။ သူက ကိုယ့်ကိုကြည့်လိုက်၊ ကိုယ်က သူ့ကိုကြည့်လိုက်နဲ့။ တစ်ဦးတစ်ယောက်ရဲ့ မျက်နှာပေါ်မှာပဲ မြွေပွေးဆိုတဲ့ စကားလုံးကြီး ပေါ်လာလေမလားရယ်လို့ ပြူးပြဲပြီး ကြည့်နေကြသလိုမျိုး။

ဗိုလ်မှူးက ရေငုံနှုတ်ပိတ် နေကြတာကို သဘောမတွေ့လှဘူး။ သူက သူတို့ကို တစ်ခုခု ပြောစေချင်တယ်။ အပြစ်ကို ဝန်ခံချင် ဝန်ခံ၊ သို့တည်းမဟုတ် ဖော်ကောင်လုပ်ကြပေါ့။ သူ့ရဲ့ စကားတွေထဲမှာ ချော့မော့ပြောဆိုပြီး လမ်းမှန်ရောက်အောင် ညွှန်ကြားနေတဲ့ စကားတွေကလည်း တစ်ခါတစ်ခါ ထွက်လာတတ်ရဲ့။ တစ်ခါတစ်ခါကျတော့ ခြိမ်းခြောက်ဟိန်းဟောက်တဲ့ စကားတွေ ထွက်လာပြန်ရော။ နားဝင်ချိုတဲ့ စကားတွေရော၊ နားခါးတဲ့ စကားတွေရော စုံနဖာစီလို့ပါပဲ။ သို့ပေမယ့် ဘယ်သူကမှ နှုတ်ဟဝန်ခံမလာသလို ဘယ်သူကမှလည်း ဖော်ကောင်မလုပ်ကြဘူး။

တကယ်တမ်းတော့ ဖော်ကောင်လုပ်ချင်တဲ့ လူက မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဥပမာပြောရရင် ဗိုလ်ကြီးအောင်သူပေါ့။ အစည်းအဝေး ပြီးသွားတော့ သူက ချိုမာကို မြွေပွေးပါပဲလို့ မညှာမတာ စွပ်စွဲတော့တာပဲ။ ဒါပေမယ့် အစည်းအဝေး လုပ်နေတုန်း အချိန်မှာတော့ အိပ်မက်ဆိုးကြီးကနေ နိုးထခါစမို့ ထင်ပါရဲ့။ လျှို့ဝှက်ချက်ကြီးက အင်မတန်မှ ဆွံ့အထိတ်လန့်သွားစေတာမို့ လူက ကြောင်နေခဲ့တယ်။ ပျာတောက်နေခဲ့တယ်။ လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားတာကြောင့် စကားပြောတာတောင် တံတွေးတွေနင်လို့။

စောင့်ကြည့်လိုက်တာ ပိုကောင်းမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် လွင့်သွားတဲ့ လိပ်ပြာလေး ပြန်ရောက်လာအောင်တော့ အချိန်ပေးသင့်တာပေါ့။

အဲဒီအချိန်မှာပဲ မျှော်လင့်မထားဘဲ လူတစ်ယောက် ရောက်လာတယ်။ အလောတကော ပြေးဝင်လာတဲ့ ခြေသံတွေက အခန်းနဲ့ နီးသထက် နီးလာတယ်။ အရေးတကြီး သတင်းပို့စရာ ရှိလို့ ထင်တယ်။

ရောက်လာတဲ့သူက ဗိုလ်ဝတုတ်ပါ။ သူက ဗိုလ်မှူးကို တိုးတိုး တိုးတိုးနဲ့ ပြောနေတုန်း ဗိုလ်မှူးက ဂနာမငြိမ်ဘဲ ထိုင်ခုံပေါ်မှာ ဖင်တကြွကြွ ဖြစ်လာတယ်။ နောက်တော့ စားပွဲပေါ်ကို လက်ဖဝါးနဲ့ ဖြန်းကနဲ ရိုက်ချပြီး ဒေါကြီးမောကြီး ပြောပါလေရော။ “မပြောချင်ကြဘူးပေါ့ ဟုတ်လား။ ခင်ဗျားတို့တွေက။ ကောင်းပြီလေ။ ပြောချင်စိတ် ရှိလာပြီ ဆိုရင်တော့ မာစတာနဲ့ ပြောကြပေတော့။ ကျုပ် ခင်ဗျားတို့နဲ့ အချိန်ဖြုန်းနေရလောက်အောင် မအားဘူး”

ပြောပြီး မတ်တတ်ထရပ်လိုက်တယ်။ အပြင်ကို လှည့်ထွက်နေရင်း စကားဆိုလိုက်ပြန်တယ်။ “အကြောင်းတစ်ချက်တော့ ခင်ဗျားတို့ကို ပြောထားရဦးမယ်။ ခင်ဗျားတို့အထဲမှာ သူလျှိုရှိနေတယ် ဆိုတာကိုတော့ ကျုပ် ယုံကြည်ထားပြီးသား။ ခင်ဗျားတို့ အဲဒီသူလျှိုကို မဖော်ထုတ်နိုင်မချင်း ဒီခြံထဲကနေ ဘယ်မှ ထွက်သွားဖို့ စိတ်မကူးနဲ့တော့။ သွားချင်သပဆိုရင် ဘယ်သူ မြွေပွေးလဲ ဆိုတာကို ပြောပြနိုင်မှ သွားရမယ်”

ဟိဟာရလည်း မတ်တတ်ရပ်လိုက်တယ်။ ဒါပေမယ့် ချက်ချင်း ထွက်မသွားသေးဘူး။ အင်မတန်မှ ခန္တီပါရမီနဲ့ ပြည့်စုံနေတဲ့အလား ချိုသာယဉ်ကျေးတဲ့ အမူအရာနဲ့ ပြောတယ်။ “ဗိုလ်မှူးရဲ့ စကားကို ကျုပ်ယုံတယ်။ အဲဒါအပြင် ကျုပ် ယုံကြည်ထားတာ နောက်တစ်ချက် ရှိသေးတယ်။ ခင်ဗျားတို့ အကုန်လုံးကတော့ သူလျှို မဖြစ်နိုင်ဘူး။ မြွေပွေး မဖြစ်နိုင်ဘူး။ ခင်ဗျားတို့အထဲမှာ အပြစ်မဲ့တဲ့သူတွေ ပါတယ်။ အများစုကတော့ အပြစ်မရှိတဲ့သူတွေပေါ့။ ဘယ်သူက အပြစ်မဲ့လဲ၊ ဘယ်သူက အပြစ်ရှိလဲ။ ဘယ်သူသိမှာလဲ။ ကျုပ်တို့ မသိဘူး။ ခင်ဗျားတို့ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိလိမ့်မယ်။ ကျုပ်တို့အနေနဲ့ အခုချိန်မှာ ခင်ဗျားတို့ကို ဒီလိုလုပ်ထားရုံက လွဲပြီး တခြား ဘာနည်းလမ်းကိုမှ စဉ်းစားလို့ မရတော့ဘူး။ ခင်ဗျားတို့ကို တစ်နေရာမှာ စုထားရမယ်။ စောင့်ကြည့်နေရမယ်။ ပိတ်လှောင်ထားရမယ်။ မတရား စွပ်စွဲခံရပါတယ်လို့ ခင်ဗျားတို့ ထင်ချင်လည်း ထင်တော့။ အရှက်ခွဲ စော်ကားခံရပါတယ်လို့ ပြောချင်လည်း ပြောတော့။ လက်ရှိအချိန်မှာတော့ ဘာမှ မတတ်နိုင်ဘူး။ ခင်ဗျားတို့လည်း နားလည်ထားမှာပါ။ အခုလို အခြေအနေမျိုးမှာ သံသယရှိလာပြီဆိုရင် ဘယ်သူ့ကိုမှ ညှာနေမှာ မဟုတ်ဘူး။ အဲ … ခင်ဗျားတို့ အပြင်ထွက်ချင်သပ ဆိုရင်လည်း ခက်လှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မြွေပွေးကို ဖော်ထုတ်ပေးလိုက်ရုံပဲ။ ဖော်ကောင်ပဲလုပ်လုပ်၊ အပြစ်ဝန်ခံတာပဲ ဖြစ်ဖြစ်၊ ဖော်ထုတ်ပေးနိုင်ရင် ရပြီ”

ဗိုလ်မှူးက ဟိဟာရ ပြောနေတဲ့ ကာလတစ်လျှောက်လုံး အပေါက်ဝမှာ ရပ်ပြီး နားထောင်နေတယ်။ အခုတော့ သူ အခန်းထဲ ပြန်ဝင်လာပြီး ရှေ့က စားပွဲကို ထုရင်း အားလုံးကို သတိပေးစကား ပြောတယ်။ “မှတ်ထားကြ။ ၉ ရက်နေ့ မတိုင်ခင်၊ အဲဒီအချိန် မတိုင်ခင်ထိတော့ အားလုံးမှာ လွတ်ဖို့ အခွင့်အရေး ရှိတယ်။ အဲဒီထက် လွန်သွားရင်တော့ မင်းတို့အားလုံး ဒူးနဲ့ မျက်ရည်သုတ်ခွင့်တောင် ရမှာ မဟုတ်တော့ဘူး”

ဟိဟာရက ပြောတယ်။ “ဟုတ်တယ်။ သေချာ မှတ်ထားကြနော်။ ၉ ရက်နေ့ မတိုင်ခင်ထိပဲ။ အဲဒီနောက်ပိုင်းကျရင်တော့ ခင်ဗျားတို့ ဘာတွေပဲပြောပြော ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ပြုပြင်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး။ ခင်ဗျားတို့ရဲ့ ကံကြမ္မာက ဘယ်အပေါ်မှာ မူတည်နေသလဲ သိလား” သူက ပိတ်ထားတဲ့ စာအိတ်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး အဲဒီစာအိတ်ကို ပုတ်ပြတယ်။ “ဟောဒီမှာ။ ကျုပ် ဒီကို လာခါနီး ဗိုလ်ချုပ်မတ်စုအိက ကျုပ်ကို ထည့်ပေးလိုက်တာ။ အထဲမှာ ဘာပြောထားသလဲ ဆိုတော့ … အမှန်အတိုင်းပြောရရင် ကျုပ်လည်း မသိဘူး”

တစ်ခဏရယ်ပြီး ဆက်ပြောတယ်။

“ဒီမယ်၊ ဒါကလည်း ဝှက်စာတစ်စောင်ပဲ။ ဒီစာကို ကျုပ်ကိုယ်တိုင် မီးရှို့ပစ်ချင် ရှို့ပစ်နိုင်တယ်။ ဒီအထဲက အကြောင်းအရာတွေက ထာဝရ တည်တံ့တဲ့ လျှို့ဝှက်ချက်တစ်ခု ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ကျုပ်ကိုယ်တိုင် မဖြစ်မနေ ဖတ်ကြည့်ရမယ့် အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သေးတာပဲ။ ဒီအထဲမှာ ခင်ဗျားတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းထားတယ်။ ကျုပ်က ဒီစာကို မီးရှို့ပစ်ရမှာလား၊ ဒါမှမဟုတ် ဖတ်ကြည့်ရမှာလား ဆိုတဲ့ကိစ္စက ခင်ဗျားတို့အပေါ်မှာ မူတည်နေတယ်။ အဲဒါ ခင်ဗျားတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ပဲ။ တကယ်လို့ ခင်ဗျားတို့က ကျုပ်ကို စာဖောက်ဖတ်ခွင့် ပေးလိုက်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ အနာဂတ်၊ ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ပြုပြင်ပြောင်းလဲနိုင်ခွင့် ခင်ဗျားတို့မှာ တစိုးတစိမှ ရှိမှာမဟုတ်တော့ဘူး။ ဗိုလ်မှူးနဲ့ ကျုပ်ကိုယ်တိုင်တောင် ဘယ်လိုမှ ပြုပြင်ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားတို့ ဒီစာကို ကပြက်ကချော် ပေါ့တီးပေါ့ဆ မလုပ်ဖို့ တောင်းဆိုပါရစေ။ သူ့ကို ကပြက်ကချော် လုပ်မိရင် ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ကပြက်ကချော် လုပ်သလို ဖြစ်သွားလိမ့်မယ်”

အဲဒီစကားကို ပြောနေတဲ့ အချိန်အတွင်းမှာ ဟိဟာရရဲ့ အမူအရာက သိပ်ကို လေးနက်တည်ကြည်နေတယ်။ လေသံက ညက်ညက်ညောညော၊ ဖြည်းဖြည်းမှန်မှန်နဲ့ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင် ထင်ပေါ်နေတယ်။ ကရုဏာရှေ့ထားပြီး ချော့မော့နေတဲ့ ပုံစံမျိုးပဲ။ သူက လူတစ်ယောက်ချင်းစီရဲ့ အနောက်ကို ဖြတ်လျှောက်သွားရင်း စားပွဲကိုတောင် တစ်ပတ်ပတ်ပြီး အရေးမပါလှတဲ့ ထွေရာလေးပါးစကားတွေ တစ်ခွန်းစ နှစ်ခွန်းစ ပြောပြီးမှ အခန်းထဲက ထွက်ခွာသွားတယ်။ အဲဒီလို ဆိုပေမယ့်လည်း အောင်မျိုးမြချို လေးယောက်စလုံးရဲ့ စိတ်ထဲမှာ ဧရာမကျောက်ဖျာကြီးတစ်ချပ် ဖိခံထားရသလို ရင်လေးပြီး၊ မျက်ပြူးဆန်ပျာ ဖြစ်ပြီး၊ ခြေအစုံ ချိနဲ့ယိမ်းထိုးပြီး၊ ဦးနှောက်တစ်ခြမ်းကို ဓားနဲ့ လှီးထုတ်ခံထားရသလို ခေါင်းထဲ ဟာလာဟင်းလင်း ဖြစ်ပြီး၊ နှလုံးထဲက သွေးတွေ ပွက်ပွက်ဆူပြီး၊ အမြင်အာရုံတွေ ပြာနှမ်းသွားပြီး အသက်မရှိတော့တဲ့ အသေကောင်ပုပ်လို ငုတ်တုတ်ကြီး အခန်းထဲ ကျန်ရစ်ခဲ့တော့တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *