မာတိကာကြည့်ရန်

(ဂ)

ဒီတစ်ပွဲရဲ့ အကွက်တွေက အတော်တော့ အဆန်းသား။ ကိုမောင်စိန် (common sense) နဲ့ လုံးဝကို ဆန့်ကျင်နေတယ်။

ညစာ မစားကြခင်မှာ ဟိဟာရက ဦးဟန်ထွန်းကို အကြောင်းကြားတယ်။ ဒီနေ့ည အပြင်ဘက် ဧည့်ရိပ်သာမှာ ထမင်းသွားမစားကြဘူးတဲ့။ ဟိဟာရက ပြောတယ်။ “ခွေးကို ချောင်ပိတ်ထားရင် နံရံအမြင့်ကိုတောင် ခုန်ဖို့ ကြိုးစားတတ်သတဲ့။ အခုဆို တစ်ရက်ပဲ ကျန်တော့တာကြောင့် ကျုပ်တို့ ပိုပြီး သတိဝီရိယရှိထားရင် ကောင်းမယ်။ သူတို့ကို တိုက်ပြင် ပေးမထွက်တာ အကောင်းဆုံးပဲ။ လိပ်ကြီးက ဒီနေ့ဆို အခုချိန်ထိ ရောက်မလာသေးပုံ ထောက်တော့ ကျုပ်အထင် ညကျရင် သူ လာကိုလာလိမ့်မယ်။ တကယ်လို့ သူနဲ့ မြွေပွေးတို့ ထမင်းစားခန်းထဲမှာ တိတ်တဆိတ် ဆက်သွယ်ခွင့် ရသွားရင် ကျုပ်တို့အားလုံး ရေစုန်မျောသွားလိမ့်မယ်”

ဒီလိုနဲ့ အစားအသောက်တွေ အားလုံးကို ဒီပို့လာဖို့ စားဖိုဆောင်ကို ခိုင်းလိုက်တော့တယ်။

စားပြီးတော့ ဟိဟာရက အားလုံးကို အစည်းအဝေးခန်းထဲမှာ လူစုဖို့ ညွှန်ကြားလိုက်တယ်။ အစည်းအဝေး လုပ်ကြဦးမယ်လေ။ အစောကြီးကတည်းက လူတွေ စုံသွားပေမယ့် ဟိဟာရကတော့ တော်တော်နဲ့ ပေါ်မလာသေးဘူး။ နောက်ဆုံးမှ ရောက်လာတယ်။ ရောက်မယ့်ရောက်တော့လည်း တစ်ယောက်တည်း မဟုတ်ပြန်ဘူး။ လူတစ်ယောက် ခေါ်လာသေးတယ်။ ဘယ်သူလဲ။ ဗိုလ်ကြီးအောင်သူ။ သေရွာပြန်ကြီး။ အကုန်လုံး ပါးစပ်ဟောင်းလောင်းနဲ့ မျက်လုံးမျက်ဆန်တွေ ပြူးလို့။ ဦးဟန်ထွန်းရောပဲ။ ဟိဟာရ ဘာတွေ ကျိတ်ကြံနေသလဲ ဆိုတာကို သူမှ မသိဘဲဥစ္စာ။

ဟိဟာရက ရှင်းမပြဘဲ ဘယ်နေပါ့မလဲ။ သူက တအံ့တဩ ဖြစ်နေတဲ့ ပရိသတ်ကို ပါးစပ်အဟောင်းသား ဖြစ်အောင် ထပ်ပြောတယ်။ “ခင်ဗျားတို့ အားလုံး အံ့ဩနေကြမှာပဲ။ မအံ့ဩပါနဲ့။ ဗိုလ်ကြီးအောင်သူက သေရွာပြန်လာတာ မဟုတ်ပါဘူး။ သေကံမရောက် အသက်မပျောက်တာပါ။ သူကတော့ သေချင်တာပဲ။ လက်ကောက်ဝတ်သွေးကြောကို ဖြတ်ပြီး သွေးနဲ့ သေတမ်းစာ ရေးခဲ့တယ်။ အသက်နဲ့ရင်းပြီး သစ္စာစောင့်သိကြောင်း ပြသမယ်ပေါ့။ ဒါပေမယ့် သူက အခြေခံကျတဲ့ အမှားတစ်ခုကို လုပ်ခဲ့မိတယ်။ လက်ကောက်ဝတ်လှီးပြီး သတ်သေတယ်ဆိုတာ အခြေခံ အကြောင်းအချက်တွေ ညီညွတ်မှ အလုပ်ဖြစ်တာဗျ။ လှီးထားတဲ့ လက်ကောက်ဝတ်ကို ရေထဲ စိမ်ထားရမယ်။ ရေနွေးဖြစ်ရင်တော့ အကောင်းဆုံးပဲ။ အဲဒီလိုမှ သွေးတွေက အဆက်မပြတ် စိမ့်ထွက်နေမှာ။ သွေးလွန်ပြီး သေရော။ ဗိုလ်ကြီးအောင်သူက လက်ကောက်ဝတ်ကို လှီးပြီး ခုတင်ပေါ် လှဲအိပ်နေခဲ့တယ်။ ဒရဟော စိမ့်ထွက်နေတဲ့ သွေးတွေကို မြင်နေရပြီ။ ဒီတော့ သေတော့မှာပဲဆိုပြီး မျက်လုံးမှိတ်နေလိုက်တယ်။ တကယ်တမ်းကျတော့ သူ မျက်လုံးမှိတ်ထားတဲ့ အတောအတွင်းမှာပဲ ဒဏ်ရာက တဖြည်းဖြည်းနဲ့ အလိုလို ပြန်စေ့နေပြီ။ ဒဏ်ရာရှိလာပြီ ဆိုရင် အစပိုင်းမှာ သွေးတွေ ထွက်မယ်။ နည်းနည်းကြာလာတော့ တဖြည်းဖြည်းချင်း သွေးက အယိုရပ်သွားရော။ သေဖို့ကံမပါတော့ သေချင်လည်း သေလို့ မရဘူး။ ဗိုလ်ကြီးအောင်သူ၊ ခင်ဗျားက အတော်ကို အသက်ပြင်းတာပဲဗျ။ သေကံမရောက်ဘူး ဆိုမှတော့ ကံကောင်းလို့ပေါ့ဗျာ။ ဒီတော့ မြွေပွေးကို လက်ပူးလက်ကြပ် ဖမ်းမိတာကိုလည်း မျက်စိနဲ့ တပ်အပ်မြင်ခွင့် ရဦးမှာပေါ့။ မဟုတ်ဘူးလား”

ဟိဟာရက မျက်နှာ မချိုမချဉ်နဲ့ စကားတွေ တစ်ထွေးကြီး ပြောပြီးသွားတဲ့နောက်မှာ ခဏနေကျရင် လူတစ်ယောက် ရောက်လာဦးမယ်လို့လည်း အားလုံးကို အသိပေးလိုက်သေးတယ်။

ဘယ်သူပါလိမ့်။

ဗိုလ်မှူးမောင်ကိုလေ။

ဟိဟာရက ပြောတယ်။ “ကျုပ်တို့ရဲ့ ကိစ္စက မကြာခင် ပတ်စာခွာ ဖျာလိပ်ရတော့မယ်။ ဗိုလ်မှူး သတ်မှတ်ထားတဲ့ အချိန်က ဘာမှ မကျန်တော့ဘူး။ မြွေပွေးကို အခုထိ မဖော်ထုတ်နိုင်သေးတာကတော့ ကျုပ် အသုံးမကျလို့ပဲ။ ဒါပေမယ့် ဒါက ရှုံးပွဲမရှိတဲ့ အလောင်းအစားတစ်ခုပါ။ ကျုပ်ကတော့ နည်းနည်းလေးမှ ဝမ်းမနည်းမိဘူး။ တကယ်တမ်း ဝမ်းနည်းသင့်တဲ့သူက မြွေပွေးပဲ။ မနက်ဖြန် ဖိုးစီတို့ လူတစ်သိုက်ကို ကျုပ်တို့ ဆွဲစိပြီးတာနဲ့ ခင်ဗျား ဆက်ပုန်းနေနိုင်ဦးမယ်လို့ ကျုပ် မယုံဘူး။ ပြောစရာရှိတာတော့ ကြိုပြောထားရမှာပဲ။ နားဝင်မချိုလည်း မတတ်နိုင်ဘူး။ အဲဒီအချိန်ရောက်ရင်တော့ ကျုပ်က ခင်ဗျားရဲ့ တစ်မိသားစုလုံးကို သတ်ပစ်မယ်။ အဲဒါ ဒဏ်ခတ်တာပဲ။ ခင်ဗျား ဝန်မခံချင်လို့ ပေးဆပ်ရမယ့် အဖိုးအခပဲ။ ကျုပ် အချိန်တစ်ခု သတ်မှတ်ပေးမယ်။ ဒီည ၁၂ နာရီ၊ ဗိုလ်မှူးမောင်ကိုရဲ့ စကားနဲ့ ပြောရရင် အဲဒီမတိုင်ခင်က အခွင့်အရေးပဲ။ နောက်မှ နောင်တမရနဲ့”

ဗိုလ်မှူးဆိုတာနဲ့ ဗိုလ်မှူးက ပေါက်ချလာတယ်။ ဗိုလ်မှူးက ညအမှောင်ကြီးထဲမှာ ပြေးလာခဲ့ရတာလေ။ သူ့မျက်နှာပေါ်မှာလည်း အမိုက်မှောင်တစ်ခုက ဖုံးလွှမ်းနေသလိုပဲ။ မျက်နှာက ညိုမှောင်မှောင်နဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းထားတယ်။ သူက လူအားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး နောက်ဆုံးမှာ ဗိုလ်ကြီးအောင်သူကို စိုက်ကြည့်နေတယ်။ တစ်ခုခု ပြောချင်နေပုံ ရပေမယ့် ဟိဟာရက ဖြတ်ဝင်လိုက်တယ်။ ဗိုလ်မှူးက အခြေအနေကို မသိလို့ အပြောအဆို မှားသွားမှာ စိုးတာကြောင့် ဟိဟာရက လုပြီး ဝင်ပြောတယ်။ အကြမ်းဖျင်းကတော့ ဒီနေ့ ဗိုလ်မှူးကို ဖိတ်ပြီး အနှစ်ချုပ် အစည်းအဝေးတစ်ခု ကျင်းပကြမယ်။ ဒီရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သမျှ အခြေအနေအားလုံးကို ဗိုလ်မှူးကို အစီရင်ခံကြမယ်ပေါ့။

အဲဒါက သဗ္ဗရနံ စုံနဖာစေ့အောင် ရောသမမွှေထားတဲ့ အစီရင်ခံချက်ပဲ။ ဟိဟာရက ဒီရက်ပိုင်းအတွင်း သူ နားလည်ထားတဲ့၊ ထိန်ဝှက်ထားတဲ့ အခြေအနေတွေ အားလုံးကို စားပွဲပေါ် တင်ပြလိုက်တယ်။ သာဓက ဆောင်ရရင်တော့ ဒီဘက်တိုက်က ပြောစကားတွေကို သူ ဘယ်လို ခိုးနားထောင်ခဲ့တဲ့အကြောင်း၊ ဘာတွေ ကြားခဲ့ရတဲ့အကြောင်း၊ ဘာတွေ မြင်ခဲ့ရတဲ့အကြောင်း၊ ဘာတွေ တွေးခဲ့မိတဲ့အကြောင်း၊ ဘာတွေ ကြုံခဲ့ရတဲ့အကြောင်း မခြွင်းမချန် ဟုတ်တိုင်းမှန်စွာ အကုန် ချပြလိုက်တယ်။ နောက်တော့ ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးလက်သား၊ အဲဒီလက်ရေးအပေါ် သူ့ရဲ့ နားလည်သဘောပေါက်မှု၊ အစောပိုင်းကာလမှာ မြသန္တာအပေါ် စွဲချက်တင်တဲ့ တပ်ကြပ်ကြီးအကြောင်း၊ နောက်ပိုင်းကျတော့ သူက ချိုမာကို မီးလောင်ရာလေပင့်တဲ့ အကြောင်း၊ ချိုမာက ဗိုလ်လေးကို သင်္ကာမကင်းတဲ့အကြောင်း၊ ပြီးတော့ ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာအပေါ် ချိုမာရဲ့ ချေပချက်၊ ချိုမာအပေါ် ဗိုလ်ကြီးအောင်သူရဲ့ အသေခံ စွဲချက်တင်မှု၊ ချိုမာအပေါ် မြသန္တာရဲ့ မမှိတ်မသုန် အကာအကွယ်ပေးမှု၊ အဖွဲ့အတွင်းမှာ ဗိုလ်လေးထွန်းမြင့်ကို တိတ်တဆိတ် သံသယဝင်နေပုံ၊ စသဖြင့် စသဖြင့်ပေါ့။ အချုပ်ပြောရရင် ဒီရက်ပိုင်းအတွင်းမှာ အားလုံးရဲ့ ပြောဆိုသမျှ၊ လုပ်သမျှ၊ ဆူပူသမျှတွေကို မဖုံးမကွယ် မငဲ့မကွက် မထိန်မချန် အကုန်လုံး ချပြလိုက်တယ်။

မဟုတ်ဘူး။ ထိန်ချန်ထားတာတော့ ရှိသေးတာပဲ။ အဲဒါ ဘာလဲဆိုတော့ သူတို့ ကိုလွင်ကို ချောင်းမြောင်းစောင့်ကြည့်ကြတာ၊ ဗိုလ်မှူးအပေါ် သီအိုရီအရ မြသန္တာရဲ့ သံသယ၊ ပြီးတော့ သူတို့ ဗိုလ်မှူးရဲ့ အခန်းကို လျှို့ဝှက်ထောက်လှမ်းခဲ့တာတွေ၊ စတဲ့ အကြောင်းတွေကိုတော့ ဟိဟာရက မပြောဘဲ ချန်ထားခဲ့တယ်။ ဒါ နားလည်ပေးလို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်မှူးလို တပ်ရင်းမှူးတစ်ယောက်ကို သံသယဖြစ်ဖို့ ဆိုတာ အတော်မှ အန္တရာယ်ကြီးတာကလား။ ပြီးတော့ မြသန္တာကိုလည်း အကာအကွယ် ပေးထားသင့်တယ်လို့ သူ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိဟာရရဲ့ ယုံကြည်မှုကို ရထားပြီးမှကိုး။

ထိန်ချန်ထားသင့်တာကို ထိန်ချန်ထားတာတောင်မှ အနေအထားက အတော်ကို ရှုပ်ပွခတ်သွားတယ်။ ပထမဆုံး ဆန္ဒပြတဲ့သူကတော့ မြသန္တာပဲ။ တပ်ကြပ်ကြီးကို ဆဲလိုက်တာမှ ရစရာကို မရှိဘူး။ ဗိုလ်လေးထွန်းမြင့်ကလည်း နောက်ကောက်ကျ မခံဘူး။ ဗိုလ်မှူးနဲ့ ဟိဟာရကို ဆဲရဲတာ မဟုတ်တော့ ဦးဟန်ထွန်းက ကြားချောင် ဓားစာခံ ဖြစ်ရရှာတယ်။ သူ့ရဲ့ မအေတွေ နှမတွေတောင် ဖင်ကျိန်းနေလောက်တယ်။ ဗိုလ်ကြီးအောင်သူက အစကတည်းက ချိုမာကို ကြည့်ရတာမှ မဟုတ်တာ။ ဒီတော့ ရင်ထဲ မျိုသိပ်ထားခဲ့ရသမျှ အကုန် အန်ချတော့တာပေါ့။ ချိုမာက အစပိုင်းမှာတော့ အတော်လေးကို တည်ငြိမ်နေသေးတယ်။ သည်းခံနေတယ်။ ရေငုံနှုတ်ပိတ်နေတယ်။ တဖြည်းဖြည်းနဲ့ မျက်စောင်းထိုးလာတယ်။ တစ်ကိုယ်တည်း ပွစိပွစိလုပ်လာတယ်။ နောက်တော့ စကားတစ်ခွန်းက သူ့ကို အရှိုက်ထိသွားစေပုံရတယ်။ စိတ်မထိန်းနိုင်တော့ဘဲ ဗိုလ်ကြီးအောင်သူရဲ့ မျက်နှာကို တွေ့ကရာနဲ့ ကောက်ပေါက်ပါလေရော။ ဒီနေ့က အရက်ပွဲမဟုတ်တော့ စားပွဲပေါ်မှာလည်း ဘာခွက် ဘာပန်းကန်မှ မရှိဘူးပေါ့။ ဒါကြောင့် သူက သူ အမြဲဆောင်ထားတဲ့ ခေါင်းဘီးနဲ့ ကောက်ပေါက်လိုက်တယ်။ ခေါင်းဘီးက ပေါက်ဓားတစ်ချောင်းလို ရွှီကနဲ ဗိုလ်ကြီးအောင်သူဆီကို တည့်တည့် ပြေးသွားတယ်။ သူ့ခမျာ ဒဏ်ရာရှိနေလို့ ထင်ပါရဲ့။ ခြေလက်တွေက အရင်လို မဖျတ်လတ်ကြတော့ မရှောင်နိုင်ဘူး။ ခေါင်းဘီးရဲ့ အချွန်အတက်တွေကြောင့် မေးစေ့ကွဲပြီး သွေးထွက်သွားတယ်။ ဗိုလ်ကြီးအောင်သူလည်း စိတ်မထိန်းနိုင်တော့ဘဲ အရှေ့ကို တိုးကပ်လာတယ်။ ချိုမာကို တွယ်မလို့နေမှာပေါ့။ အဲဒီမှာပဲ မြသန္တာက ထိုင်ခုံကို လက်ကကိုင်မြှောက်ပြီး သူရဲကောင်းတစ်ယောက်လို ကြားက ဝင်ရပ်လိုက်တယ်။

“ဗိုလ်မှူးနဲ့ မာစတာကသာ မချိုမာကို မြွေပွေးပါလို့ သတ်မှတ်ထားရင်တော့ ကျွန်မ ဒီကိစ္စမှာ ဝင်မပါဘူး။ အဲဒီလိုမှ မဟုတ်ရင်တော့ ကျွန်မအရှေ့မှာ ယောက်ျားကြီးတစ်ယောက်က မိန်းမသားတစ်ယောက်ကို ရိုက်လားပုတ်လား လုပ်နေတာမျိုးကို ကျွန်မ လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး”

တကယ့်ကို ပွဲကြီးပွဲကောင်းပဲ။

အဲ … အဲဒီလောက်နဲ့တော့ ပွဲကြီးပွဲကောင်းလို့ မခေါ်နိုင်သေးဘူး။ တကယ့် ပွဲကြီးပွဲကောင်းက နောက်မှာ။ အဓိက သရုပ်ဆောင်နှစ်ယောက်ကတော့ ဗိုလ်လေးထွန်းမြင့်နဲ့ ဦးဟန်ထွန်းတို့ပေါ့။ လက်ဗလာ က,ကြတာတော့ မဟုတ်ဘူး။ ပစ္စည်းကလေးက ပါသေးတယ်။ သေနတ်ဗျ။ တကယ့် သေနတ်၊ တကယ့် ကျည်ဆန်။ နှစ်ယောက်သားက အစပိုင်းမှာတော့ ငါးစိမ်းသည်နှစ်ယောက် ရန်တွေ့ကြသလို နားကွဲမတတ် ဆဲကြဆိုကြ၊ တံတွေးတွေက ဟိုဘက်ဒီဘက် တဖွီဖွီ တဖွမ်ဖွမ်နဲ့ ပျံဝဲလို့ပေါ့။ နောက်ဆုံးကျတော့ စိတ်မထိန်းနိုင်ဘဲ ဗျောက်တွေ ဆွဲထုတ်ကြပါကုန်ရော။ သေနတ်ရဲ့ လုံခြုံရေးခလုတ်တွေကိုတောင် ဖြုတ်ပြီးကုန်ကြပြီ။ လက်ညှိုးကလေး ကွေးလိုက်ရင်တော့ အသက်နှစ်ချောင်းက ကွိကနဲ ဇာတ်သိမ်းကုန်ကြတော့မှာ။ … ပြောရရင် အတော်တော့လည်း ထူးဆန်းသား။ စောစောက ကုလားသိုက် ကျားဝင်ကိုက်သလို ပွက်လောရိုက်နေတာကို ဗိုလ်မှူးနဲ့ ဟိဟာရတို့က သူတို့နဲ့ လားလားမှ မဆိုင်တဲ့အတိုင်း ပွဲကြည့်ပရိသတ်တွေလို လက်ပိုက်ကြည့်နေကြတယ်။ အခုကျ အသက်အန္တရာယ် ရှိလာပြီ မဟုတ်လား။ အဲဒီအခါကျမှ နှစ်ယောက်သားက တက်ညီလက်ညီနဲ့ စားပွဲထုပြီး မတ်တတ်ထရပ်လိုက်ကြတယ်။ နှစ်ယောက်သားက အားလုံးကို ပတ်ရမ်းလိုက်မှ မီးကို ရေနဲ့ ငြှိမ်းလိုက်သလို အားလုံး ငြိမ်ကျသွားတယ်။

တကယ်တော့ အဲဒါကို ဘယ်နှယ့်လုပ်ပြီး အစည်းအဝေး ကျင်းပတယ်လို့ ခေါ်နိုင်ပါ့မလဲ။ အဲဒါက ဟိဟာရ ဖော်စပ်ထားတဲ့ အရူးဆေးတစ်ခွက်ပဲ။ ဗိုလ်မှူးကို အစီရင်ခံတယ်လို့ အကြောင်းပြပြီး အားလုံးရဲ့ ရင်ထဲက နာကြည်းချက်တွေကို ဆားပက်ပေးလိုက်တာပဲ။ အချင်းချင်း ပြန်ကိုက်အောင်၊ အပြန်အလှန် ပုတ်ခတ်အောင်၊ ငယ်ကျိုးငယ်နာတွေ ဖော်အောင် လုပ်ပေးလိုက်တာ။ ဟိဟာရက ဘယ်လို ယူဆထားသလဲ ဆိုတော့ လူအားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားတဲ့ အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ငယ်ကျိုးငယ်နာတွေ ဖော်ကြရင်း တစ်ချိန်တည်းမှာလည်း သဲလွန်စတွေ ရလာနိုင်တယ်။ သူ အခုတော့ သဘောပေါက်သွားပြီ။ မြွေပွေးက ငါးလောင်းဖားလောင်းလေးတွေလို နည်းနည်း ဖြဲခြောက်လိုက်တာနဲ့ ကိုယ်ယောင်ပြလာမယ့် အစားမျိုးမဟုတ်ဘူး။ သူ့ကိုယ်သူလည်း ရေလိုက်လွဲနေပြီလားလို့ သံသယဝင်လာတယ်။ အသေအချာ ပြန်စဉ်းစားဖို့ လိုလာပြီ။ သံသယစက်ကွင်းကို ချဲ့ကြည့်ဖို့ လိုအပ်လာပြီ။ ဗိုလ်မှူးကိုပါ ထည့်စဉ်းစားရတော့မယ်။ ဒါကြောင့် ဒီနေ့ညမှာ ဗိုလ်မှူးကိုပါ မရအရ ခေါ်ထားခဲ့တယ်။ သူက မျက်လုံးကို ပြူးနိုင်သမျှ ပြူး၊ နားရွက်ကို ထောင်နိုင်သမျှ ထောင်ပြီး မျက်လုံးကိုဖွင့် နားကိုစွင့်လို့ ပဋိပက္ခအတွင်းက တစ်ယောက်ချင်းစီရဲ့ နှုတ်ထွက်စကား၊ အပြုအမူတွေကို မမှိတ်မသုန် စောင့်ကြည့်နေခဲ့တယ်။ အရက်မူးမှသာ ကျွဲခိုးပေါ်တတ်တာ မဟုတ်ဘူးလေ။ ဒေါသဖြစ် ရန်ဖြစ်ကြရင်လည်း ကျွဲခိုးပေါ်တတ်တာပဲ မဟုတ်လား။

နောက်ပြီး အဲဒီလိုမှပဲ ဒီလောက် ရှည်လျားလှတဲ့ ညဉ့်အချိန်တွေကို တောင့်ခံသွားနိုင်မယ်လေ။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *