Show contents

(ခ)

မိုးလေကင်းစင်သွားပြီ ဆိုတော့ လောကဓာတ်တစ်ခုလုံး လင်းကျင်းတောက်ပနေတယ်။ မြက်ပင်တွေပေါ်မှာ တွဲဥခိုကပ်နေကြတဲ့ မိုးစက်မိုးပေါက်တွေကြောင့် စိမ်းဖန့်ဖန့် မြကမ္ဗလာက တဖိတ်ဖိတ် တောက်လို့ပေါ့။ အရှေ့တိုက်က ကုန်းကမူပေါ်မှာ ရှိတာလေ။ ဟိဟာရက တိုက်ပြင်ရောက်တော့ ခေါင်းမော့ကြည့်လိုက်တယ်။ ချိုမာက အပြင်ဝရန်တာမှာ ဒူးနှစ်ဖက်ကို ပိုက်ရင်း ဘာတွေများ စိတ်ကူးယဉ်နေသလဲ မဆိုနိုင်ဘူး။ အနီးကပ်သွားကြည့်မှ သူ ပန်းချီဆွဲနေတာကို တွေ့လိုက်ရတယ်။ လေးချောင်းထောက်စင်၊ ပုံဆွဲစက္ကူ၊ စုတ်တံတွေ၊ အမယ် … အစစအရာရာ ကြိုတင်ပြင်ဆင်ထားတဲ့ အတိုင်းပဲ။

တကယ်တော့ အဲဒါတွေက ဗိုလ်မှူးစောလှရဲ့ လက်ကျန်ပစ္စည်းတွေပါ။

နောက်မှ ဗိုလ်လေးက ဟိဟာရကို ပြောပြတယ်။ ဗိုလ်မှူးစောလှရဲ့ သမီးက ကျောင်းမှာ ပန်းချီဆွဲသင်သတဲ့။ သေဆုံးပြီးနောက်မှာတော့ သူ့ရဲ့ ပန်းချီကိရိယာ တန်ဆာပလာတွေက သူ့အခန်းထဲမှာ ဒီအတိုင်း ချိတ်လျက်သား ကျန်နေခဲ့တယ်။ သူ့အခန်းက အခု တပ်ကြပ်ကြီးနေတဲ့ အခန်းပဲ။ နေ့ခင်း ထမင်းစားနေကြတုန်း တပ်ကြပ်ကြီးက အဲဒီအကြောင်း ပြောပြတော့ ချိုမာက သူ့ကို အဲဒီပစ္စည်းပေးဖို့ ထမင်းဝိုင်းမှာပဲ တောင်းဆိုလိုက်တယ်။ သူ ငယ်ငယ်တုန်းက ပန်းချီဆွဲ သင်ခဲ့ဖူးတယ်တဲ့။ အခု အလုပ်မရှိ အကိုင်မရှိမို့ ပန်းချီဆွဲရင်း အပျင်းဖြေမယ်လို့ ဆိုတယ်။

ချိုမာ ဆွဲနေတာက တောင်ကမူပေါ်မှာ အလေ့ကျပေါက်နေတဲ့ သစ်ပင်ကြီးနှစ်ပင်ပဲ။ ဟိဟာရက သူ့ပုံကို ကြည့်ရင်း ချီးကျူးစကား ဆိုလိုက်တယ်။ “ဘယ်ဆိုးလို့လဲ။ ခင်ဗျား တကယ်ကို ပန်းချီသင်ခဲ့ဖူးတာပဲ”

ချိုမာက ခေါင်းထောင်မကြည့်ဘူး။ ဆက်ဆွဲနေရင်း ပြောတယ်။ “အခုတော့ မာစတာ ကျွန်မကို ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးကို ခိုးကျင့်ပါတယ်လို့ စွပ်စွဲဖို့ အကြောင်းပြချက် ရသွားရောပေါ့”

ဟိဟာရက သူ့စကားကို ရုတ်တရက် သဘောမပေါက်ဘူး။ “ဘာဖြစ်လို့”

ချိုမာက မြေပြင်ပေါ်မှာ မြက်ပင်တွေကို ဖြည့်ဆွဲနေရင်း ရှင်းပြတယ်။ “ဘာဖြစ်လို့လဲ ဆိုတော့ လက်ရေးပဲဖြစ်ဖြစ်၊ ပန်းချီပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးက အနုစိတ်တဲ့ လက်မှုပညာတွေပဲလေ။ ကျွန်မက တောတောင်သစ်ပင်တွေကို ပုံဖော်နိုင်တယ် ဆိုမှတော့ လက်ရေးလက်သားဆိုရင် ပိုလို့တောင် လွယ်ကူသွားတာပေါ့”

ဟိဟာရက ရယ်တယ်။ “ပြီးတော့ ခင်ဗျားက ကျုပ်ကို ပြောဦးမယ်။ တကယ်လို့သာ ခင်ဗျားက မြွေပွေးဆိုရင်၊ ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးနဲ့ သတင်းခိုးထုတ်ခဲ့တယ် ဆိုရင် ခင်ဗျားက ကျွန်တော့်အရှေ့မှာ ပန်းချီဆွဲတတ်ကြောင်း ထုတ်ဖော်ပြမှာ မဟုတ်ဘူးလို့။ ဒေါ်ချိုမာ၊ ခင်ဗျားက တစ်နေ့တခြား ရယ်စရာစကားတွေ ပိုပြီး ပြောတတ်လာတယ်လို့ ကျုပ်ထင်တယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ရက်ကတော့ အဲဒီလို မဟုတ်ပါဘူးဗျာ။ အဲဒါ ဘာကို ဆိုလိုနေသလဲဆိုတာ ခင်ဗျား ကျုပ်ကို ပြောပြနိုင်မလား”

ချိုမာက စုတ်တံကို ရပ်တန့်လိုက်ပြီး ဟိဟာရကို ကြည့်နေတယ်။ “မာစတာက ကျွန်မကို လာတွေ့တာလေ။ တကယ်လို့ ကျွန်မ စကားအပိုတွေ ပြောမိသွားရင် မပြောဘဲ နေလိုက်ရုံပေါ့”

ပြောပြီး အခန်းပြန်သွားတယ်။ အခန်းထဲရောက်တော့ သူ့ခုတင်ပေါ်မှာ ဆက်ဆွဲနေတယ်။

ဟိဟာရက သူ့အခန်းထဲထိ လိုက်သွားတယ်။ “ကျုပ် ခင်ဗျားကို မေးစရာ ရှိတယ်။ ဒေါ်ချိုမာ၊ ခင်ဗျားအိမ်မှာ လူဘယ်နှယောက် ရှိလဲ” ချိုမာက သူ့ကို အဖက်မလုပ်ဘူး။ သူက ဆက်ပြောတယ်။ “ခင်ဗျား မြွေပွေး ဟုတ်မဟုတ်ဆိုတာ မနက်ဖြန်ညကျရင် အဖြေသိရမှာပဲ။ တကယ်လို့ ဟုတ်ခဲ့ရင် အခုကတည်းက ဝန်ခံလိုက်ပါ။ ကျုပ် ခင်ဗျားတစ်ယောက်တည်းကိုပဲ အရေးယူမယ်။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျားတို့ တစ်အိမ်လုံးကို အမျိုးဖြုတ်ပစ်ရလိမ့်မယ်။ တစ်ယောက်မှ မချန်ဘူး။ ကလေးနှစ်ယောက်ရောပဲ”

ချိုမာက ပြောတယ်။ “ကျွန်မ မြွေပွေး မဟုတ်ဘူးဆိုတာ မနက်ဖြန်ကျရင် သိရမှာပါ”

ချိုမာမှာ ယောက်ျား ရှိတယ်။ သားသမီးက နှစ်ယောက်။ သားတစ်ယောက် သမီးတစ်ယောက်။ သားက ၉ နှစ်၊ သမီးက ၇ နှစ်။ သူ့အိမ်မှာ မိဘအိမ်ကနေ ပါလာတဲ့ အစေခံတစ်ယောက် ရှိသေးတယ်။ သူနဲ့ အတူနေလာတာ နှစ်တွေ မနည်းတော့ဘူးဆိုတော့ သူတို့ရဲ့ သံယောဇဉ်က မသေးလှဘူး။ အဲဒါတွေက အရှေ့တိုက် ပြန်ရောက်ပြီးတဲ့နောက်မှာ ဦးဟန်ထွန်းက ဟိဟာရကို ပြောပြခဲ့တာတွေပဲ။ ဦးဟန်ထွန်းက ပြောသေးတယ်။ “သူ့ယောက်ျားက သစ်သီးပွဲရုံတစ်ရုံက စာရေး။ အမြင်အရတော့ စာသမားတစ်ယောက်လို ဖြူဖပ်ဖြူရော်ပဲ။ ဒါပေမယ့် လက်သံကတော့ ပြောင်သလား မမေးနဲ့။ ချိုမာကို မကြာမကြာ ရိုက်တတ်တယ်။ ဒီနှစ်ဆန်းပိုင်းတုန်းက တစ်ရက်မှာ ချိုမာက ရုံးထဲ အလုပ်လုပ်နေတုန်း ဘာကြောင့်မှန်း မသိဘူး။ သူ့ယောက်ျားက သူ့ရုံးခန်းကို ပေါက်ချလာတယ်။ သူ့ကို ရိုက်လိုက်တာမှ သွေးသံရဲရဲပဲ။ အဲဒီတုန်းကတည်းက ချိုမာတစ်ယောက် အိမ်မပြန်တော့ဘူး။ ရုံးခန်းထဲမှာပဲ နေတော့တယ်။ နောက်တော့ အပျိုဆောင်တစ်ဆောင်မှာ သူ့အတွက် အခန်းတစ်ခန်း သီးသန့် ပေးထားလိုက်တယ်”

“ကလေးတွေကိုတောင် အဖက်မလုပ်တော့ဘူးလား”

“မဟုတ်ဘူး။ နေ့ခင်းဆို သူ အိမ်ပြန်တယ်” ဦးဟန်ထွန်းက ချိုမာအကြောင်းကို ကောင်းကောင်းကြီး သိထားတဲ့ပုံပဲ။ “သူ့ယောက်ျားက မြောက်ပြင်မှာ အလုပ်လုပ်တာဆိုတော့ နေ့ခင်းဘက် အိမ်မပြန်နိုင်ဘူး။ သိပ်ဝေးတာကိုး။ သူက နေ့ခင်းဘက် အိမ်ပြန်ပြီး ကလေးတွေကို သွားကြည့်တယ်။ နေ့တိုင်း အဲဒီလိုကြီးပဲ”

ဟိဟာရက တစ်စုံတစ်ခု ပြောမလို့ပဲ။ ဒါပေမယ့် အသံဖမ်းစက်ထဲကနေ ဗိုလ်လေးထွန်းမြင့်ရဲ့ စိန်ခေါ်သံက ရုတ်တရက်ကြီး ထွက်ပေါ်လာတယ်။

“ဒေါ်ချိုမာ၊ ခင်ဗျားက မြည်းတစ်ကောင်လို အတော် ခေါင်းမာတာပဲ။ ကျုပ်က ခင်ဗျားကို ဆင်းမလာတော့ဘူးလို့ အောက်မေ့နေတာ”

ဟိဟာရက ထင်တောင် ထင်မထားဘူး။ ဗိုလ်လေးက ချိုမာကို အောက်ဆင်းလာအောင် လုပ်နိုင်သေးတာပဲ။

အောက်ကို ဆင်းလာခိုင်းတယ် ဆိုကတည်းက ဒေါသတွေကို ဖောက်ထုတ်ချင်လို့ပဲ။ ဒီတစ်ခါတော့ ဗိုလ်လေးကို ယီးတီးယားတား လုပ်လို့ မရတော့ဘူး။ လူမြင်တာနဲ့ မျက်နှာကို ဆယ့်နှစ်ခေါက်လောက် ချိုးထားတယ်။ ချိုမာကို အေးတိအေးစက် စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကိုလည်း ရုပ်သိမ်းမပစ်ဘူး။ သူ့ကို ဆက်ပြီး စိန်ခေါ်နေတော့တယ်။ “ခင်ဗျား ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မယ်လို့ ထင်နေတာလား။ ပြောစရာရှိတာကို ရှင်းရှင်းလင်းလင်း မပြောမချင်း ခင်ဗျား ထွက်သွားလို့ ရမှာ မဟုတ်ဘူး”

ချိုမာက ဆိုခဲစေ မြဲစေ။ “ပြောစရာ ဘာမှ မရှိဘူး”

ဗိုလ်လေးကတော့ အတင်းကာရောပဲ။ “ခင်ဗျား ပြောကို ပြောရမယ်”

ချိုမာ – “ဘာပြောရမှာလဲ”

ဗိုလ်လေး – “ဝန်ခံရမှာ။ အမှန်အတိုင်း ဝန်ခံရမှာ”

ချိုမာ – “မာစတာက ရှင့်ကို အဲဒီလို လုပ်ဖို့ ခိုင်းတာလား။ ဒါမှမဟုတ် ဦးဟန်ထွန်းလား”

ဗိုလ်လေး – “ကိုယ့်သဘောနဲ့ကိုယ်ပဲ။ ဘာလဲ။ မရဘူးလား”

ချိုမာ – “ဘယ်ရမလဲ။ ရှင့်မှာ လုပ်ပိုင်ခွင့်မှ မရှိတာ”

ဗိုလ်လေး – “လုပ်ပိုင်ခွင့်ကို ခင်ဗျား သတ်မှတ်ပေးတာမှ မဟုတ်ဘဲ”

ချိုမာ – “ရှင် သတ်မှတ်ထားတာလည်း မဟုတ်ဘူးလေ။ ရှင်နဲ့ကျွန်မက အတူတူနဲ့ အနူနူချည်းပဲ။ အကုန်လုံးက သံသယတရားခံတွေ”

ဗိုလ်လေး – “ချီးပဲ။ အခုချိန်မှာ သံသယတရားခံက တစ်ယောက်ပဲ ရှိတယ်။ အဲဒါ ခင်ဗျားပဲ”

ချိုမာ – “ဒါဆိုလည်း ကျွန်မကို ဖမ်းလိုက်တော့။ သူတို့အားလုံးကို လွှတ်ပေးလိုက်။ ရှင့်ကိုရောပဲ”

ဗိုလ်လေး – “ဖမ်းမှာ။ ခင်ဗျား ကြည့်နေ။ ခင်ဗျားကို ဖမ်းမှာ”

အဲဒီနေရာအရောက်မှာ ဟိဟာရက ဟွန့်ကနဲ နှာမှုတ်လိုက်တယ်။ “သူ့ဉာဏ်လေး တစ်ထွာတစ်မိုက်လောက်နဲ့ ဘယ်လိုလုပ်ပြီး ဒေါ်ချိုမာကို ယှဉ်နိုင်မှာတဲ့လဲ”

အစောကြီးကတည်းက ဦးဟန်ထွန်းရဲ့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေခဲ့တာ။ အဲဒီလိုစကားကို ဟိဟာရဆီကလည်း ကြားလိုက်ရရော ဒေါသတွေ ပွင့်အန်ထွက်လာပြီး မိုက်ခွက်ထဲကို ဆဲပါလေရောလား။ “ဘယ်သူက ခင်ဗျားကို အဲဒီလို လုပ်ခိုင်းထားလို့လဲ”

ဟိဟာရက ရယ်ပြီး ပြောတယ်။ “ကျုပ်က ခင်ဗျား ခိုင်းထားတယ် ထင်တာ”

ဦးဟန်ထွန်းက ပြောတယ်။ “ဘယ်ကလာဗျာ။ မာစတာ၊ ကျွန်တော့်အထင်တော့ ချိုမာ မဟုတ်လောက်ဘူး။ ဗိုလ်ကြီးအောင်သူပဲ ဖြစ်လိမ့်မယ် ထင်တာပဲ”

ဟိဟာရက မတ်တတ်ထရပ်ပြီး အပြင်ကို လျှောက်သွားရင်း ပြောတယ်။ “ခင်ဗျားက ဗိုလ်ကြီးအောင်သူ လွတ်သွားရင် ခင်ဗျားကို လက်စားချေမှာ ကြောက်နေတာ မဟုတ်လား။ မကြောက်ပါနဲ့။ ခင်ဗျားက ကျုပ်လူပဲ။ သူ လုပ်ရဲမှာတဲ့လား။ အဲဒီသောကကို ခဝါချထားလိုက်။ ဒါဆို ဗိုလ်ကြီးအောင်သူက သိပ်မဖြစ်နိုင်ဘူး ဆိုတာကို ခင်ဗျား မြင်လာလိမ့်မယ်”

ဟိဟာရက တွေးကြည့်တယ်။ တကယ်လို့ ဗိုလ်ကြီးအောင်သူသာ မြွေပွေးဆိုရင်၊ သူက ဖင်ပိတ်ငြင်းပြီး ဓားစာခံတစ်ယောက် ရှာချင်တာပါဆိုရင်တော့ သူ့အဖို့ ပထမဆုံး ရွေးချယ်သင့်တဲ့သူက မြသန္တာပဲ ဖြစ်လိမ့်မယ်။ “ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေက အဓိပတိကြီး ဒေါက်တာဘမော်ရဲ့ မိတ်ဆွေရင်းချာတစ်ယောက်လေ။ ဒီတော့ သူ့ကို ဒုက္ခပေးရတာက ပိုပြီး တွက်ခြေကိုက်တယ်။ ဒေါက်တာဘမော်ရဲ့ အစိုးရအဖွဲ့ကိုလည်း ပြစ်တင်ပုတ်ခတ်လို့ ရတဲ့အပြင် သူ့အဖေရဲ့ ဒီအစိုးရအပေါ် အလိုမကျမှုကိုလည်း ဖန်တီးပေးနိုင်သေးတယ်”

ဒုတိယ ရွေးချယ်သင့်တဲ့ သူကတော့ ဗိုလ်မှူးမောင်ကိုပဲ။ တတိယကတော့ တပ်ကြပ်ကြီးမျိုးဇော်။ သူတို့ရဲ့ အရေးပါမှုက ချိုမာထက် အပုံကြီး သာလွန်တယ်။ ချိုမာဆိုတာက ဌာနခွဲ သေးသေးလေးတစ်ခုရဲ့ ဌာနခွဲမှူးအဆင့်ပဲ ရှိတာ။ သူ့ကို ဖြိုချင်ရုံသက်သက်ကတော့ ဘာမှ အဓိပ္ပာယ် မရှိလှဘူး။

ဟိဟာရက ပြတင်းအပြင်ဘက်ကို ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်နေသလိုမျိုး ပြောနေတယ်။ “ညနေက ကျုပ်တို့ မြို့ထဲကနေ ပြန်ရောက်တော့ ကျုပ် ဗိုလ်ကြီးအောင်သူဆီ စကားသွားပြောခဲ့သေးတယ်။ စုံစမ်းတဲ့အနေနဲ့ တစ်ယောက်ယောက်က ဗိုလ်မှူးမောင်ကိုကို မြွေပွေးအဖြစ် စွပ်စွဲနေတယ်လို့ သူ့ကို ပြောပြလိုက်တယ်။ သူက ယတိပြတ် ငြင်းတယ်။ သူသာ မြွေပွေးဆိုရင် ဒီလိုအခြေအနေမျိုး ရောက်လာနိုင်စရာ အကြောင်းမရှိဘူးတဲ့။ သူ့ရဲ့ ရာထူးအဆင့်အတန်းအရ သတင်းကို ထိန်ချန်ထားတာ၊ ဒါမှမဟုတ် လက်စဖျောက်ပစ်တာမျိုး လုပ်ပစ်လိုက်လို့ရတယ်”

ဦးဟန်ထွန်းက ခပ်တိုးတိုး ပြောတယ်။ “ဒါပေမယ့် ချိုမာသာ မြွေပွေးဆိုရင်လည်း ဗိုလ်ကြီးအောင်သူက သူ့ကို အသက်နဲ့လဲပြီး တိုင်တည်သွားတာ ဆိုတော့ အခုလို အခြေအနေမျိုးမှာ သူ ဝန်ခံသွားလောက်ပြီ။ အနည်းဆုံးတော့ ကလေးနှစ်ယောက်ရဲ့ မျက်နှာတွေကို ထောက်ထားပြီး လုပ်မှာပါပဲ”

“ဟုတ်တယ်ဗျ” ဟိဟာရက သက်ပြင်းချလိုက်တယ်။ “သဘောသဘာဝအရကတော့ အဲဒီအတိုင်းပဲ။ ဒါကြောင့်လည်း ကျုပ်က သူ့ကို အကြမ်းနည်းနဲ့ စစ်မေးဖို့ အခုချိန်ထိ စိတ်ကို ဒုန်းဒုန်း မချနိုင်သေးတာပေါ့”

“ဒါဆိုလည်း အကြမ်းနည်းကိုပဲ သုံးကြည့်ရအောင်ဗျာ” ဦးဟန်ထွန်းက ကျွန်ပါးဝစွာ ပြောလိုက်တယ်။ “တချို့လူတွေက အထူအပါး နားလည်ကြတာ မဟုတ်ဘူး”

“ဉာဏ်ရည်ဉာဏ်သွေးနဲ့ အနိုင်ယူနိုင်မှ ကစားပွဲက ပိုပြီး အရသာရှိတာ” ဟိဟာရက အားမလို အားမရ ပြောတယ်။ “ကျုပ်တို့ နောက်တစ်ပွဲလောက် ထပ်စမ်းကြည့်ကြရအောင်”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *