Show contents

(ခ)

“ဒါဆို အခု ဘယ်သူ့ကို မြွေပွေးလို့ ယူဆမလဲ၊ မာစတာ”

“ကျုပ် ပြတ်ပြတ်သားသား အဖြေမပေးနိုင်သေးဘူး”

“ကျွန်တော်ကတော့ ဗိုလ်ကြီးအောင်သူလို့ပဲ ထင်တယ်၊ မာစတာ။ သူ့ရဲ့ လှည့်ကွက်ထဲမှာ လမ်းမပျောက်စေချင်ဘူး”

ညရောက်တော့ ဗိုလ်မှူးက ဟိဟာရဆီကို ဖုန်းဆက်လာတယ်။ နောက်ဆုံးအခြေအနေတွေကို နားလည်သိရှိသွားပြီးတဲ့နောက်မှာ သူက ဝေ့ဝိုက်မနေဘဲ တဲ့တိုးပြောချလိုက်တယ်။ ဗိုလ်ကြီးအောင်သူက မြွေပွေးပဲတဲ့။ ဗိုလ်မှူးက တယ်လီဖုန်းထဲမှာ ဟိဟာရကို ဗိုလ်ကြီးအောင်သူရဲ့ ငယ်ကျိုးငယ်နာတွေ ခရားရေလွှတ် တတွတ်တွတ်နဲ့ ပြောပြနေတော့တယ်။ ၁၉၃၃ ခုမှာ ဗိုလ်ကြီးအောင်သူက အင်္ဂလိပ်စစ်တပ်ရဲ့ အမှတ် ၆ ခြေလျင်တပ်ရင်းမှာ တပ်သားသစ်အနေနဲ့ အမှုစထမ်းခဲ့တယ်။ သူက ကချင်သွေးစပ်တော့ အင်္ဂလိပ် တပ်သားစုဆောင်းရေး အရာရှိတွေက သူ့ကို သိပ်ပြီး စစ်လားမေးလား မလုပ်ဘဲ တပ်ထဲကို အလွယ်တကူပဲ အဝင်ခံလိုက်တယ်။ နောက်တော့ မကြာခင် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်လာတယ်။ ဒီတော့ သာယာဝတီဘက်မှာ ရှိတဲ့ လယ်သမားသူပုန်တွေကို ဖမ်းဖို့ သူတို့တပ်တွေကို စေလွှတ်လိုက်တယ်။ အဲဒီမှာ စပြီး သူ့ရဲ့ ဇာတိက ပြလာပါရော။ အထက်လူကြီး စစ်ဗိုလ်တွေကို နည်းနည်း ကလန်ကဆန် လုပ်ချင်လာတယ်။ သူပုန်တွေကို ပစ်ရခတ်ရမယ့် ကိစ္စဆို ရှောင်ဖယ်ဖယ် လုပ်လာတယ်။ ဒါပေမယ့် အလွန်အကျွံကြီး မသိသာတော့ သူ အဲဒီအချိန်က ဘာပြဿနာမှ မတက်ခဲ့ဘူး။ ဒါပေမယ့် ၁၉၃၉ – ၄၀ လောက်မှာ ကွန်မြူနစ်ဖမ်းပွဲကြီး လုပ်တော့ သူ့စရိုက်က အတိအလင်း ထင်ရှားလာတော့တာပဲ။ အဲဒီအချိန်မှာ သူက တပ်စိတ်မှူး ဖြစ်နေပြီ။ နောက်တော့ အင်္ဂလိပ်တပ်တွေ အကုန်လုံး မြန်မာပြည်ကနေ အိန္ဒိယနယ်စပ်ကို ဆုတ်ပြေးပြေးကြတော့ သူတို့တပ်စိတ်က ရေတာရှည်အရောက်မှာ တောခိုပြီး တပ်စိတ်တစ်စိတ်လုံးက ဂျပန်စစ်တပ် ဗိုလ်မှူးစောလှရဲ့ လက်အောက်ကို လက်နက်နဲ့တကွ ပူးပေါင်းဝင်ရောက်သွားခဲ့တယ်။

“မာစတာကို မကွယ်မဝှက်တမ်း ပြောပြရရင်” ဗိုလ်မှူးမောင်ကိုက ပြောတယ်။ “သူ မြေအောက်သူပုန်တွေ ဖမ်းဆီးတဲ့ တာဝန်ကို ယူထားရတုန်းက သူ ဖမ်းခဲ့သမျှ လူတွေက အင်္ဂလိပ်လက်ပါးစေတွေပဲ များတယ်။ ကွန်မြူနစ်သူပုန်က အနည်းအကျဉ်းရယ်။ အဲဒါ တော်ရုံ မရိုးသားမှုမျိုး မဟုတ်ဘူး။ ဒါပေမယ့် အဲဒီတုန်းကတော့ ကျုပ် အဲဒီလောက်ကြီး သတိမထားမိခဲ့ဘူး။ အခုပြန်တွေးကြည့်တော့ သူ့စိတ်က ကွန်မြူနစ်ဘက်ကို ယိုင်နေတာ လုံးဝ သေချာတယ်။ သူ ဗိုလ်မှူးစောလှကို ပူးပေါင်းတယ် ဆိုတာက ဗန်းပြသက်သက်ပဲ။ တကယ်တမ်းက သူ လက်စားချေနေတာ။ သူက ကျုပ်တို့ကို အသုံးချပြီး အင်္ဂလိပ်လက်ပါးစေတွေကို သတ်နေခဲ့တာ။ အဲဒါ ဘာကိုဆိုလိုသလဲ။ သူက ကွန်မြူနစ်အဖွဲ့ဝင်တစ်ယောက်ပေါ့” ဗိုလ်မှူးက အင်မတန် စိတ်မကောင်းတဲ့ ဟန်ပန်နဲ့ ဆက်ပြောတယ်။ “တကယ်တော့ အဲဒီကိစ္စကို ကျုပ် အစောကြီးကတည်းက သတိထားမိခဲ့သင့်တာ။ သူ့ရဲ့ သစ္စာရှိမှုကို ကျုပ်က အဟုတ်ကြီး မှတ်ထင်ခဲ့မိတာလေ။ နိပွန်တပ်မတော်အပေါ် ကျုပ် တာဝန်မကျေပါဘူးဗျာ”

ဗိုလ်မှူးခမျာ အခုမှ အိပ်မက်ကနေ နိုးထလာရသလို ခံစားမှုမျိုး ဖြစ်နေတယ်။

ဖုန်းချလိုက်ပြီးတော့ ဟိဟာရက ဦးဟန်ထွန်းကို ဗိုလ်မှူးရဲ့ ပြောစကားတွေ ပြန်ပြောပြလိုက်တယ်။ ဦးဟန်ထွန်းကလည်း ဗိုလ်မှူးရဲ့ အမြင်ကို ခြွင်းချက်မရှိ ထောက်ခံပါသတဲ့။ ပြီးတော့ ပိုပြီး ခိုင်လုံတဲ့ အထောက်အထားတစ်ခုကိုလည်း ထုတ်ပြလိုက်သေးတယ်။ ကရင်နဲ့ဗမာတွေ အဓိကရုဏ်းဖြစ်ကြတုန်းက အဖြစ်အပျက်ပေါ့။

ဦးဟန်ထွန်းကပြောတယ်။ “ဧရာဝတီတိုင်း မြောင်းမြခရိုင်ထဲမှာ ကရင်တွေက ဗမာရွာတွေကို မီးတင်ရှို့နေကြတဲ့ အချိန်လေ။ အဲဒီအချိန်မှာ ကွန်မြူနစ် သခင်ခေါင်းဆောင်တွေကလည်း အဲဒီကိစ္စတွေမှာ တစ်နည်းတစ်ဖုံ ဝင်ပါနေတယ်။ မူလတာဝန်ပေးချက်အရတော့ ဗိုလ်ကြီးအောင်သူက အဲဒီမှာ လျှို့ဝှက်စတည်းချနေတဲ့ မြေအောက်ကွန်မြူနစ်အဖွဲ့တစ်ဖွဲ့ကို သွားဖမ်းဖို့ပဲ။ ဒါပေမယ့် သူက ကွန်မြူနစ်သူပုန်တွေကို ဖမ်းမလာဘဲနဲ့ ကွန်မြူနစ်တွေနဲ့ အစေးမကပ်တဲ့ သခင်ဗစိန်ရဲ့ လူတွေကိုပဲ ဖမ်းပြီး ပြန်လာခဲ့တယ်။ အဲဒီမှာ ကွန်မြူနစ်တွေကို တမင် လွှတ်ပေးလိုက်သလား ဆိုတာတော့ သူပဲ အသိဆုံး ဖြစ်လိမ့်မယ်”

ပြောနေလိုက်တာ အကြောင်းနဲ့ အကျိုးနဲ့၊ အမြီးအမောက်ကို တည့်လို့။ ယုံမယ်ဆိုရင်တော့ ယုံချင်စရာချည်းပဲ။

ဒါပေမယ့် ဟိဟာရကတော့ မယုံတစ်ဝက် ယုံတစ်ဝက်၊ မယုံတစ်ယုံနဲ့ ဆုံးဖြတ်ချက် မချနိုင်ဘူး။ သဘောသဘာဝအရ သူတို့ ပြောတာ မှန်တယ်လို့တော့ သူက ဝန်ခံတယ်။ ဗိုလ်ကြီးအောင်သူနဲ့ ပတ်သက်ရင် ပစ္စည်းသက်သေက ရှိထားပြီးပြီဆိုတော့ သူ့အနေနဲ့ ဆင်ခြေဆင်လက်တွေ လျှောက်ပေးနေတတ်တာကလည်း သဘာဝကျတာပဲ။ ဒါပေမယ့် သူ့ရဲ့ ဆင်ခြေဆင်လက် ဆိုတဲ့ စကားလုံးတွေကလည်း ယုတ္တိကင်းမဲ့နေတဲ့ ဗရွတ်ရွှတ်တတွေတော့ မဟုတ်ပြန်ဘူး။ ပြီးတော့ အခုချိန်မှာ ချိုမာရဲ့ လစ်ကွက် ဟာကွက်ကိုလည်း တစ်စက်ကလေးမှ သူ ဖမ်းဆုပ်မိထားတာ ရှိမနေဘူး။ တစ်ခါတလေမှာ ဟိဟာရက သူ့ကိုယ်သူတောင် ပြန်ပြီး အံ့ဩနေမိတယ်။ သူ ဘာဖြစ်လို့ ဗိုလ်ကြီးအောင်သူရဲ့ ပြောစကားတွေကို ဒီလောက်တောင် အလေးထားမိနေတာလဲ။ မျက်စိအောက်က သက်သေသက္ကာယကို ဘာဖြစ်လို့ ဒီလောက် ပေါ့ပေါ့ဆဆ ကြည့်မြင်နေမိတာလဲ။ အဲဒါ တော်တော်တော့ မယုံနိုင်စရာ ကောင်းလွန်းနေတယ်။ ဒါပေမယ့် အသေအချာ ပြန်တွေးကြည့်ပြန်တော့လည်း သူက သူ့အတွက်သူ ဆင်ခြေတစ်ခု ရှာတွေ့ထားတယ်။ တကယ်လို့သာ သူတို့ပြောသလို ဗိုလ်ကြီးအောင်သူက နှစ်ပေါင်းများစွာ ကိုယ်ယောင်ဖျောက်နေတဲ့ မြွေပွေး အစစ်အမှန် ဖြစ်နေခဲ့မယ်ဆိုရင် ဒီလောက် လွယ်လွယ်ကူကူနဲ့ ခြေရာခံလို့ ရနိုင်စရာ အကြောင်းမရှိဘူးလို့ သူ ယူဆတယ်။ သူ အခုချိန်ထိ ဘယ်သူ မြွေပွေးလဲ ဆိုတာကို မသိသေးဘူး ဆိုပေမယ့် မြွေပွေးရဲ့ အရိပ်ကို သူ အကြိမ်ကြိမ် မြင်ခဲ့ရဖူးသလိုပဲ။ အဲဒီအရိပ်က သူ့ကို ပေးတဲ့ တွက်ဆချက်တချို့၊ မှန်းဆချက်တချို့အရဆိုရင်တော့ သူ့အထင် ဗိုလ်ကြီးအောင်သူနဲ့ သိပ်ပြီး မအပ်စပ်လှဘူး။

ဟိဟာရက ဦးဟန်ထွန်းကို ပြောတယ်။ “ဒီနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် မြွေပွေးက တော်ရုံ ကွန်မြူနစ်တစ်ယောက် မဟုတ်ဘူးဆိုတာကို ခင်ဗျားလည်း နားလည်ခံစားရလောက်ရောပေါ့။ အကောင်ကြီးကြီးတစ်ယောက်တောင် ဖြစ်ချင် ဖြစ်နေမှာ။ ဒါပေမယ့် ဗိုလ်ကြီးအောင်သူက ဒီအထဲ ရောက်လာပြီ ဆိုကတည်းက တငိုငိုတရယ်ရယ်နဲ့ တစ်ချိန်လုံး ပွစိပွစိ လုပ်နေတော့တာပဲ။ လက်ရေးလက်သားကလည်း ဒီလောက်လွယ်လွယ်နဲ့ တိုက်စစ်လို့ ရသွားတာဆိုတော့ နှယ်နှယ်ရရ ပုဂ္ဂိုလ်နဲ့ တစ်စက်ကလေးမှ မတူဘူး”

ဦးဟန်ထွန်းက ပြောတယ်။ “သူက အခုချိန်ထိ ဒီလောက်တောင် ခေါင်းမာမာနဲ့ ဆက်ပြီး တောင့်ခံနေခဲ့တာလေ။ ပြီးတော့ မျက်တောင်တစ်ချက် မခတ်ဘဲ မာလာရဲ့ ခေါင်းကို ဖောက်ခွဲပစ်ခဲ့တာ။ အဲဒါပဲကြည့်တော့။ ဘယ်နေရာမှာ ငချွတ်တစ်ကောင်ရဲ့ အပြုအမူနဲ့ တူနေလို့လဲ”

ဟိဟာရက ပြောတယ်။ “ကျုပ်က ဒီလို တွေးမိတယ်။ ဒီလောက် ဝါရင့်သမ္ဘာရင့်တဲ့ ဆရာကြီးတစ်ယောက်က လက်ရေးလက်သားလို ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတစ်ခုမှာ အမှားလုပ်မိလိမ့်မယ် မထင်ဘူး။ သူ နောက်ပိုင်း ရေးထားတဲ့ စာတွေကို ခင်ဗျား ကြည့်ကြည့်။ လက်ရေးတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်မနေဘူး။ ဖုံးချင်ဖိချင်သပ ဆိုရင် အစောကြီးကတည်းက လုပ်နိုင်၊ လုပ်တတ်တဲ့ အရည်အချင်းမျိုး မရှိတဲ့သူမှ မဟုတ်ဘဲ”

ဦးဟန်ထွန်းကလည်း အဲဒီကိစ္စကို အစောကြီးကတည်းက တွေးထားခဲ့ဖူးတယ်။ ဒါကြောင့် သိပ်စဉ်းစားမနေဘဲ နှုတ်ကနေ လွှတ်ကနဲ ပြောချလိုက်တယ်။ “ဒါပေမယ့် ကျွန်တော်အထင်တော့ သူ အဲဒီလို တမင်လုပ်နေတယ်လို့ ယူဆတယ်။ အရင်ဆုံး ရည်ရွယ်ချက်ရှိရှိနဲ့ သဲလွန်စ ချပြလိုက်မယ်။ ပြီးမှ အဲဒါကို ပြန်ပြီး ချေဖျက်မယ်။ ရည်ရွယ်ချက်ကတော့ ချိုမာကို ချောက်ချဖို့ပဲ” ဟိဟာရရဲ့ အမူအရာက သူ့ဘက်ကို ယိုင်လာသလို ထင်မှတ်ရတာကြောင့် စိတ်အားတက်လာပြီး သူက ဖြည့်စွက်ပြောကြားတယ်။ “သူက ကြေးနန်းဝှက်စာကို မသိပါဘူးလို့ ပြောနေတာက တစ်စက်ကလေးမှ ယုံချင်စရာ မရှိဘူး။ ကျွန်တော်တော့ အဲဒီလိုပဲ အမြဲ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ သိပါတယ်လို့ ပြောတဲ့ ချိုမာရဲ့ စကားက ကျွန်တော်တို့ ဒီကို မရောက်ခင်ကတည်းက ပြောထားခဲ့တာ။ အဲဒီတုန်းကဆိုရင် ဘာတွေဖြစ်နေမှန်းတောင် ဘယ်သူမှ သိကြသေးတာ မဟုတ်ဘူး။ ချိုမာက ဘာအတွက်နဲ့ သူ့ကို ချောက်တွန်းနေရမှာလဲ”

နောက်တစ်ချက်အနေနဲ့ ဦးဟန်ထွန်း ယူဆတာက ဘယ်သူကပဲ မြွေပွေး ဖြစ်နေပါစေ။ ဒီလို ပြဿနာဖြစ်လာပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ဖုံးဖိကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ သူတစ်ပါးကို စွပ်စွဲပုတ်ခတ်ခြင်းပဲ။ အခြေအနေကို ပိုပြီး ရှုပ်ထွေးသွားအောင် ပြုလုပ်ခြင်းပဲ။ ဒါပေမယ့် ဗိုလ်ကြီးအောင်သူက သေတမ်းစာနဲ့ ချိုမာကို လက်ညှိုးမထိုးခင်အထိ ချိုမာက ဘယ်သူ့ကိုမှ စွပ်စွပ်စွဲစွဲ လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ပြီး ဗိုလ်ကြီးအောင်သူက ဟိုးကနဦးအစကတည်းက ချိုမာကို လက်ညှိုးထိုးလာခဲ့တာ။ အခုလည်း သူ့ကို နောက်တစ်ကြိမ်ထပ်ပြီး ဒုက္ခပေးနေပြန်ပြီ။ ဒီတစ်လျှောက်လုံး သူ့လုပ်ရပ်က တစ်သမတ်တည်းပဲ။ ချိုမာတစ်ယောက်တည်းကိုပဲ မလွှတ်တမ်း အသေခဲထားတယ်။ နောက်ထပ်တစ်ချက်အနေနဲ့ သေးနုပ်တဲ့ အမှားတစ်ခုကို တမင် ကျူးလွန်ပြီးတော့ ကိုယ့်ကို မျက်စိမှောက်သွားအောင် လုပ်တဲ့ နည်းလမ်းက ထိရောက်တဲ့ ပရိယာယ်တစ်ခုပဲ။ လူတစ်ဖက်သားကို လှည့်စားဖို့ အင်မတန်မှ လွယ်ကူတယ်။ ဦးဟန်ထွန်းက ဟိဟာရရဲ့အရှေ့မှာ ဗိုလ်ကြီးအောင်သူကို အင်မတန်မှ မာယာများတဲ့၊ ဝါရင့်တဲ့ သူလျှိုကြီးအဖြစ် ပုံဖော်ပြလိုက်တယ်။

“ခင်ဗျား အတော်ကို တိုးတက်လာပြီပဲဗျ” ဟိဟာရက ဦးဟန်ထွန်းကို ချီးကျူးတယ်။ “ခင်ဗျား ဒါတွေကို စဉ်းစားနိုင်တယ် ဆိုတာက ခင်ဗျား ဦးနှောက်ကို ကောင်းကောင်း အသုံးချခဲ့တယ်၊ နက်နက်နဲနဲ တွေးတောခဲ့တယ်လို့ ဆိုလိုရာရောက်တယ်။ ကောင်းတယ်ဗျာ။ ခင်ဗျားရဲ့စကားက ယုတ္တိယုတ္တာလည်း ရှိတယ်။ ယုံကြည်ကိုးစားလောက်တဲ့ သဘောသဘာဝလည်း ရှိတယ်။ ဒါပေမယ့် ကျုပ်ကို ယုံအောင်တော့ အပြည့်အဝ မစွမ်းဆောင်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ကြီးအောင်သူက ဒေါ်ချိုမာကို စွပ်စွဲထားတဲ့ အချက်တွေကလည်း သူ့အတိုင်းအတာနဲ့သူ ယုတ္တိရှိနေပြန်တယ်။ တစ်၊ သူလျှိုတစ်ယောက်အနေနဲ့ တခြားလူတစ်ဦးရဲ့ လက်ရေးကို ခိုးကျင့်ထားတယ် ဆိုတာမျိုးက လုံးဝ ဖြစ်နိုင်ခြေ ရှိတယ်။ လျှို့ဝှက်လှုပ်ရှားသူတွေ အများစုက အဲဒီလိုပဲ လုပ်ကြရတယ်။ အဲဒါက သူတို့ တတ်အပ်တဲ့ ပညာရပ်ထဲက တစ်ခုလို့တောင် ပြောလို့ရတယ်။ ဒါမှ သူတို့ကိုယ်သူတို့ ကိုယ်ယောင်ဖျောက်ထားလို့ရမှာ။ ရုပ်ပြောင်းရုပ်လွှဲ ပညာလိုပေါ့။ နှစ်၊ ဒေါ်ချိုမာက မြွေပွေး ဖြစ်တဲ့အတွက်ကြောင့် ဘာလုပ်လုပ် သတိဝီရိယ ပိုစိုက်ထုတ်ထားလိမ့်မယ်။ သူက သံကြိုးစာထဲက အကြောင်းအရာကို အပြင်ဘက် ခိုးထုတ်ပြီးပြီးချင်းမှာပဲ ကြေးနန်းဝှက်စာအကြောင်းကို တခြားလူ ဘယ်သူ သိသေးသလဲလို့ ဗိုလ်မှူးမောင်ကိုက သူ့ကို ရုတ်တရက် မေးလာတဲ့အခါမှာ သူ ဘယ်လို တွေးမယ် ထင်လဲ။ တစ်ခုခုတော့ လွဲမှားနေပြီလို့ သူ အလွယ်တကူ တွေးလိုက်မိမှာပဲ။ ဒီတော့ သူက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဓားစာခံတစ်ယောက်ကို ဆွဲထည့်ထားတဲ့ လုပ်ရပ်မျိုးက အထူးအဆန်းတော့ မဟုတ်ဘူး။ သုံး၊ ဓားစာခံက ကိုယ့်အနီးအနားမှာပဲ ရှိနေတာဆိုတော့ သူ့အဖို့ ဘာကိုမှ အလျင်စလို၊ ကမူးရှူးထိုး လုပ်နေစရာ မလိုဘူး။ ဣန္ဒြေမပျက် ပွဲကြည့်နေရုံပဲ။ ဒီလိုအမှုမျိုးမှာ လက်ရေးတိုက်စစ်တဲ့ အလုပ်က မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခုပဲလေ။ ဒီတော့ သူ့အနေနဲ့ အချဉ်ထုပ်လေး ဘာလေးစားရင်း ထိုင်ရှုစားနေရင်ကို ရပြီ။ ကဲ … ပြောစမ်းပါဦး။ အခုလိုဆိုတော့လည်း ယုတ္တိရှိနေတာပဲ မဟုတ်လား။ အခုလက်ရှိ တက်နေတဲ့ ပြဿနာက အဲဒါပဲ။ ခင်ဗျားနဲ့ကျုပ်ရဲ့ အယူအဆတွေက သူ့ဟာသူတော့ မှန်နေကြတာချည်းပဲ။ ဘယ်သူကမှ ဘယ်သူ့ကို ယိမ်းယိုင်သွားအောင် မလုပ်နိုင်ဘူး။ ခင်ဗျားက ကျုပ်ကို မချေပနိုင်သလို ကျုပ်ကလည်း ခင်ဗျားကို မချေပနိုင်ဘူး။ ခင်ဗျား ချေပချင်သပဆိုရင် နောက်တစ်ဆင့်တက်ပြီး အထောက်အထား ရှာနိုင်မှ ဖြစ်မယ်။ ကျုပ်အတွက်လည်း အဲဒီလိုပဲပေါ့”

နောက်ဆုံးတော့ ဟိဟာရက ပြောတယ်။ “ဒါကြောင့် ကျုပ်တို့ အခုချိန်မှာ ကောက်ချက်တစ်ခုကို အလောတကြီး ချဖို့ စိတ်မကူးနဲ့ဦး။ စောင့်ကြည့်ရဦးမယ်။ အထောက်အထား ရှာရဦးမယ်။ ခင်ဗျား အခုချက်ချင်း ဒေါ်ချိုမာရဲ့ရုံးခန်းကို သွားရှာပါ။ တကယ်လို့သာ သူ့ဆီကနေ ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးကို ခိုးကျင့်ခဲ့တဲ့ အထောက်အထားတစ်ခုခု ရှာနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *