မာတိကာကြည့်ရန်

(က)

ညမှောင်မှောင်မှာ လရောင်က မြူခိုးတိမ်တိုက်တွေလို အားလုံးကို ထွေးပွေ့ထားတယ်။ လေလေးတစ်ဝေ့မှာတော့ ချမ်းစိမ့်စိမ့် အရသာနဲ့အတူ အဝေးက မြေသင်းနံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။

မြွေပွေးက ပြတင်းအပြင်ကို ကြည့်ရင်း စိတ်ထဲမှာတော့ ညရောင်လို မဲမှောင်နေတယ်။ သူက သူ့ရဲ့ သေရေးရှင်ရေးကို အဲဒီလောက် အလေးထားလှတာ မဟုတ်ဘူး။ သူက တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ လွတ်မြောက်ရေးအတွက် အသက်စွန့်ဖို့ အစောကြီးကတည်းက စိတ်ပိုင်းဖြတ်ထားပြီးသား။ သူ စိတ်ပူနေတာက ဖိုးစီနဲ့ တခြားဘော်ဒါတွေရဲ့ အသက်အန္တရာယ်ပဲ။ အခု လက်ရှိအခြေအနေအရ ကြည့်မယ်ဆိုရင် သူ့ရဲ့ သတင်းပေးချက်သာ မရရင်တော့ သူ့ကလာပ်စည်းအဖို့ တခြားနေရာကနေ သတင်းရနိုင်စရာ အကြောင်းမရှိတော့ဘူး။ ရန်သူက တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည် သွားပြီ။ ခဲမှန်ဖူးတဲ့ စာသူငယ်လို သတိကြီးကြီးနဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုနည်းနဲ့မှ နောက်တစ်ကြိမ် အပေါက်ကြားခံမှာ မဟုတ်တော့ဘူး။ ပြီးတော့ သူတို့ သိထားတဲ့ မြေအောက်လှုပ်ရှားသူ အတော်များများကိုလည်း ဆွဲစိထားပြီးသွားပြီ။ ဆွဲစိမထားရသေးဘူး ဆိုရင်တောင် သံကွန်ချာအုပ်ပြီး ကုမ္ဘဏ် ၁၀၀၀ နဲ့ စောင့်ကြပ်ထားတဲ့အလား သူ့ရန်သူတွေကို မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။ တကယ်လို့သာ သူ့အနေနဲ့ သတင်းကို အပြင်မထုတ်နိုင်ခဲ့ရင် ဖိုးစီနဲ့ ဘော်ဒါတွေရဲ့ အန္တရာယ်ကင်းရှင်းရေးကို ဘယ်သူမှ အာမခံပေးနိုင်မှာ မဟုတ်တော့ဘူး။

ဒါဆို သတင်းကို အပြင်ရောက်အောင် ဘယ်လိုနည်းနဲ့ ထုတ်ရပါ့မလဲ။

မြွေပွေးက စဉ်းစားနေတယ်။ ခေါင်းပွင့်လုမတတ် ခြစ်ကုတ် ညှစ်ထုတ်ပြီး စဉ်းစားနေတယ်။ သူ အရင်က နည်းလမ်းတစ်ခုကိုတော့ စဉ်းစားလို့ ရခဲ့ဖူးတယ်။ အပြင်မှာ ရှိကြတဲ့ ဘော်ဒါတွေက ငန်းကြီး (မာလာ) အဖမ်းခံထားရတာကို သိထားကြပြီ။ နောက်တော့ သူ ပျောက်ဆုံးနေတာကိုလည်း သတိထားမိကြမယ်။ နောက်တော့ သူ့ကို ရှာတွေ့ဖို့ ကြိုးစားခဲ့ကြမယ်။ နောက်တော့ သူ ဒီမှာ ရှိနေတယ် ဆိုတာကို သိရှိသွားကြမယ်။ နောက်တော့ လိပ်ကြီးကို သူနဲ့ ဆက်သွယ်ဖို့ လွှတ်လိုက်မယ်။ အဲဒါကတော့ အတော်ကို ရှည်လျားထွေပြားတဲ့ ကွင်းဆက် သံကြိုးတစ်ကြောင်းပဲ။ ဘယ်ကွင်းဆက်ကနေမှ ပြုတ်ထွက်သွားလို့ မဖြစ်ဘူး။ အဲဒီလို ဖြစ်နိုင်ခြေက အင်မတန်မှ နည်းပါးလှပေမယ့် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ သူ တွေးကြည့်တယ်။ တကယ်လို့သာ လိပ်ကြီးက သူ့ကို လာဆက်သွယ်ခဲ့မယ် ဆိုရင် လိပ်ကြီးရဲ့ လိမ္မာပါးနပ်မှုကို အသုံးချပြီး သူ့အနေနဲ့ သတင်းကို လူမသိ သူမသိ ခိုးထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။

အတွေ့အကြုံ ရင့်ပြီးသား မြေအောက်လှုပ်ရှားသူ တစ်ယောက်အနေနဲ့ သူ ကောင်းကောင်းကြီး နားလည်ထားတဲ့ အချက်က သူလျှိုလုပ်ငန်း မှန်သမျှဟာ အင်မတန် သေးနုပ်တဲ့ အောင်မြင်နိုင်ခြေထဲကနေ အနိုင်ပိုင်းဖို့ လုပ်ရတာချည်းပဲ။ ဒီနေ့ နေလစံအိမ်ကို လိပ်ကြီး ရောက်လာတာ မြင်ရတော့ သူ အတော်လေး ဝမ်းသာသွားတယ်။ သူတို့နှစ်ယောက် နောက်ဆုံးအချိန်ထိ ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ကြဘူး ဆိုပေမယ့် အနည်းဆုံးတော့ သူ ဒီမှာ ရှိနေတယ် ဆိုတာကို လိပ်ကြီး သိသွားခဲ့ပြီ။ အဲဒါ သိပ်ကို အရေးကြီးတယ်။ မနက်ဖြန်ကျရင် လိပ်ကြီး ထပ်လာလိမ့်ဦးမယ်လို့ သူ တွက်ဆမိတယ်။ မျက်မှောက်အနေအထားက သူ တွေးကြံထားတဲ့အတိုင်း ဖြစ်ပျက်နေတယ်လို့ သူ ယူဆတယ်။ လိပ်ကြီးနဲ့ ဆက်သွယ်နိုင်ဖို့အတွက် သူ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားဖို့ လိုအပ်တယ်။

တကယ်တော့ သူ တိတ်တဆိတ် ပြင်ဆင်ထားခဲ့ပြီးသားပါ။ အရှေ့လေ ဝေ့တိုက်လာချိန်နဲ့အတူ ရောက်ရှိလာမယ့် လိပ်ကြီးကိုပဲ သူ စောင့်ဆိုင်းနေခဲ့တာ။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *