မာတိကာကြည့်ရန်

(က)

ဟိဟာရပဲဖြစ်ဖြစ်၊ ဦးဟန်ထွန်းပဲဖြစ်ဖြစ်၊ ဒီညနေ ထမင်းဝိုင်းမှာ ဗိုက်ကို ခွေးနမ်းချင်လောက်အောင် စားသောက်ခဲ့ကြရုံတင် မကဘူး။ သည်းခြေငြိမ်တဲ့ သွေးဆေးတစ်ဖုံပါ သောက်လိုက်ရသေးတယ်။ ဒါနဲ့ အရှေ့တိုက်ကို ပြန်ရောက်တဲ့အခါမှာ ဗိုလ်ကြီးအောင်သူကို ဧည့်ခန်းထဲထုတ်ပြီး ဟိဟာရကိုယ်တိုင် စစ်ကြောမေးမြန်းတော့တယ်။

ဆွဲထုတ်ခံလာရတဲ့ ဗိုလ်ကြီးအောင်သူခမျာ လက်တွေကိုလည်း ကြိုးတုပ်ခံထားရတယ်။ ပါးစပ်ကိုလည်း ဆို့ခံထားရတယ်။ သဘောက သူ တစ်ချိန်လုံး ယီးတီးယားတား လုပ်နေခဲ့လို့ပေါ့။ ဗိုလ်ဝတုတ်ရဲ့ စကားအရဆိုရင် သူက ဗိုလ်မှူးမောင်ကိုနဲ့ တွေ့ချင်တယ် ဆိုပြီး ဝံပုလွေဆိုးတစ်ကောင်လို တစ်ချိန်လုံး အူနေသတဲ့။ ဟိဟာရရဲ့ အရှေ့ကိုရောက်တော့ သူ့ပါးစပ်ထဲက ခေါင်းအုံးစွပ်ကို ဖယ်ထုတ်ပေးလိုက်တယ်။ “မင်းက ဗိုလ်မှူးကို တွေ့ချင်တယ် ဟုတ်လား။ အခု ငါက ဗိုလ်မှူးပဲ။ ငါ ဗိုလ်မှူးကို ကိုယ်စားပြုတယ်။ မင်း ဘာပြောချင်တာလဲ၊ ပြော”

ဘယ်နှယ့်လုပ်ပြီး ချက်ချင်းကြီး စကားပြောနိုင်မှာတဲ့လဲ။ လျှာတောင် အန်သေနေပြီလေ။ စကားပြောမလို့ နှစ်ကြိမ်၊ သုံးကြိမ် ဟန်ပြင်လိုက်ပေမယ့် ဘာအသံမှ ထွက်မလာခဲ့ဘူး။

ဟိဟာရက ပြောတယ်။ “ထားတော့။ ငါတို့ပြောတာကိုပဲ အရင် နားထောင်လိုက်ဦးပေါ့”

သူက ဦးဟန်ထွန်းကို ညနေခင်းက အခြေအနေတွေ အားလုံးကို အကြမ်းဖျင်း ပြောပြခိုင်းလိုက်တယ်။ စကားဆုံးသွားတော့ ဟိဟာရက ဗိုလ်ကြီးအောင်သူကို ပြောတယ်။ “ကြားတယ် မဟုတ်လား။ အခြေအနေက အဲဒီအတိုင်းပဲ။ လိပ်ကြီးက တစ်ချိန်လုံး မင်းကို တွေ့ရနိုးနိုးနဲ့ မျှော်နေခဲ့တာ။ ပထမတစ်ခေါက် အပြင်ထွက်လာတော့ မင်းကို မတွေ့တာနဲ့ လှည့်ပြန်သွားတာပဲ။ မင်း လာဦးမယ်လို့လည်း ကြားရော ဒုတိယအကြိမ် ထပ်ရောက်လာပြန်တယ်။ မင်းကို မမြင်တာနဲ့ ချက်ချင်း လှည့်ထွက်သွားတယ်။ မင်း မအားလို့ မလာနိုင်တော့ဘူးလို့လည်း ကြားလိုက်ရော နောက်ထပ် ပေါ်ကို မလာတော့ဘူး။ မင်းပဲ ပြောစမ်းပါဦး။ အဲဒါ ဘာအဓိပ္ပာယ်လဲ။ အဓိပ္ပာယ်ကတော့ မင်းကို လည်တမော့မော့နဲ့ သူက စောင့်နေတာပဲ။ ဒါတောင် မင်းက သူ့ကို မသိပါဘူးလို့ ပြောချင်နေသေးတယ်။ ဒါပေမယ့် အခု မင်း အဲဒီလို ပြောမှာ မဟုတ်တော့ဘူးလို့ ငါ ထင်တယ်။ ကဲ ဆိုစမ်းပါဦး။ အခု မင်း ဘာဆက်လုပ်မယ် စိတ်ကူးလဲ”

ဗိုလ်ကြီးအောင်သူရဲ့ လျှာက အခုမှ ပြန်အသက်ဝင်လာတယ်။ သွက်သွက်လက်လက် လှုပ်နိုင်သေးတာ မဟုတ်ပေမယ့် ဗလုံးဗထွေးနဲ့တော့ စကားသံ ထွက်လို့ ရနေပြီပေါ့။ တစ်လုံးပြောလိုက် တစ်ခါနားလိုက်နဲ့ စကားပြောတတ်စ ကလေးတစ်ယောက်လို အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတယ်။ “ကျွန် … တော် … သူ့ … ကို … တ … ကယ် … မ … သိ … ဘူး …”

ဟိဟာရက ကြားဖြတ် ဝင်ပြောလိုက်တယ်။ “အဲဒီလို စကားလုံးတွေကို ငါ မကြားချင်ဘူး” နောက်ပြန်လှည့်ပြီး ဦးဟန်ထွန်းနဲ့ ဗိုလ်ဝတုတ်ကို ပြောတယ်။ “ခင်ဗျားတို့ နားထောင်ချင်သပဆိုရင်တော့ နားထောင်ကြပေါ့။ ကျုပ်သွားတော့မယ်”

သူ ထွက်သွားပြီ ဆိုတာနဲ့ နောက်တစ်ကြိမ် ထပ်ပြီး အဗျင်းခံရမှာ မဟုတ်လား။ ဗိုလ်ကြီးအောင်သူက ဟိဟာရရဲ့ အရှေ့ကို ဖျတ်ကနဲ ဝင်ပိတ်လိုက်တယ်။ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေက ဖြစ်ချင်ရာဖြစ်၊ ဘာမဆို လုပ်ပစ်လိုက်တော့မယ် ဆိုတဲ့ သဘောမျိုး။ ဟိဟာရက အလိုလို အနောက်ကို ခြေတစ်လှမ်းဆုတ်သွားပြီး ငေါက်လိုက်တယ်။ “မင်း ဘာလုပ်ချင်တာလဲ”

ဦးဟန်ထွန်းက မြားတစ်စင်းလို သူတို့နှစ်ယောက်ရဲ့ အကြားကို လှစ်ကနဲ ပြေးဝင်လိုက်တယ်။ ရည်ရွယ်ချက်ကတော့ ဟိဟာရကို ကာကွယ်ပေးမလို့ ဆိုတာ သိသာပါတယ်။ ဒါပေမယ့် စောစောက ခြေတစ်လှမ်း ဆုတ်လိုက်မိတာကြောင့် ရှက်စိတ်မွှန်ထူပြီး ဟိဟာရတစ်ယောက် ဒေါသအိုး ပေါက်ကွဲသွားတော့တယ်။ သူ့ကိုယ်သူ အဖတ်ပြန်ဆယ်ချင်လို့ ထင်ပါရဲ့။ ဟိဟာရက ဦးဟန်ထွန်းကို တွန်းဖယ်ပစ်ပြီး အရှေ့ကို တစ်လှမ်းတိုးလို့ ဗိုလ်ကြီးအောင်သူကို နားရင်းအုပ်ချလိုက်တယ်။

“မင်း သေချင်လို့လား”

ဗိုလ်ကြီးအောင်သူက မျက်လုံးကို စုံမှိတ်ပြီး စိတ်ဆင်းရဲတာလိုလို စိတ်မကောင်းတာလိုလို အသံနဲ့ ပြောလိုက်တယ်။ “မာစတာ၊ မာစတာကို … ဒီလောက်တုံး … ဒီလောက်အ … နေလိမ့်မယ်လို့ … ထင်တောင် ထင်မထားမိဘူး … နိပွန်းတပ်မတော်အပေါ် … ဒီလောက်တောင် … သစ္စာစောင့်သိခဲ့တဲ့ လူကိုမှ … ကွန်မြူနစ်သူပုန်လို့ … ထင်ရက်တယ်နော်”

ဟိဟာရက ဟွန့်ကနဲ နှာမှုတ်လိုက်တယ်။ “အခုချက်ချင်း အပြစ်ဝန်ခံမယ် ဆိုရင် နိပွန်းတပ်မတော်အပေါ် အကောင်းဆုံး သစ္စာစောင့်သိမှုပဲ”

ဗိုလ်ကြီးအောင်သူက မျက်လုံး ဖွင့်ကြည့်တယ်။ လျှာကလည်း အရင်ထက် ပိုသွက်လာသလိုပဲ။ စကားလုံးတွေကို ပီပီသသကြီး ပြောထွက်လာတယ်။ “ကျွန်တော် သစ္စာရှိမရှိ သိချင်ရင် … ဒီမြို့ပေါ်က လူတွေကို … သွားမေးကြည့်ပါ မာစတာ။ … ဒိုက်ဦးက လူတွေကို သွားမေးကြည့်ပါ။ … ကျွန်တော် ဒိုက်ဦးမှာ ရှိတုန်းက … ကွန်မြူနစ်သူပုန်တွေ၊ … နယ်ချဲ့လက်ပါးစေ သူပုန်တွေကို … ဘယ်လောက်တောင် ဖမ်းခဲ့၊ သတ်ခဲ့သလဲဆိုတာ … အဲဒီနယ်ကလူတွေ အသိပါပဲ။ … ကျွန်တော်သာ ကွန်မြူနစ်သူလျှိုဆိုရင် … အဲဒီသူပုန်တွေကို ဘယ်သူ သတ်ခဲ့တာတဲ့လဲ”

ဟိဟာရကတော့ အဲဒီလို မယူဆဘူး။ “ငါ သိထားရသလောက်တော့ မင်း ဖမ်းခဲ့၊ သတ်ခဲ့တဲ့ လူတွေအများစုက အင်္ဂလိပ်လက်ပါးစေတွေပဲ များတယ်။ ကွန်မြူနစ်တွေက အနည်းအကျဉ်းပဲ”

လျှာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဆိုတော့ ဗိုလ်ကြီးအောင်သူက တစ်ဘရိတ်တည်းနဲ့ စကားကုန် ပြောချလိုက်တယ်။ “အဲဒါ ဘာကြောင့်လဲဆိုတော့ ကွန်မြူနစ်တွေက အဲဒီနယ်မှာ နည်းနည်းလေးပဲ ရှိလို့။ ပြီးတော့ ဒီကောင်တွေက လည်လည်း လည်တယ်။ အများစုက တောတောင်တွေထဲမှာ လှုပ်ရှားကြတော့ ဖမ်းဖို့ မလွယ်လှဘူး”

“မဟုတ်ပါဘူး” ဟိဟာရက ပြုံရင်း ပြောတယ်။ “ဘာကြောင့်လဲဆိုတော့ မင်းက မြွေပွေးမို့လို့ပဲ။ မင်းက ဘယ်နှယ့်လုပ်ပြီး ကိုယ့်လူကိုယ် ပြန်ဖမ်းချင်ပါ့မလဲ”

“မဟုတ်ဘူး” ဗိုလ်ကြီးအောင်သူက အော်လိုက်တယ်။ “ချိုမာကမှ မြွေပွေးအစစ်”

“မင်းဆိုလိုချင်တာက လိပ်ကြီးကလည်း ကွန်မြူနစ်မဟုတ်ဘူး ဆိုပါတော့”

“ကျွန်တော် လိပ်ကြီးကို မသိဘူး …”

“ဒါပေမယ့် သူက မင်းကို သိနေတယ်”

“မဖြစ်နိုင်ဘူး” ဗိုလ်ကြီးအောင်သူက အသံမြှင့်လိုက်တယ်။ “သူ့ကို သွားခေါ်ပြီး ကျွန်တော့်ကို သိမသိ ထိပ်တိုက် မေးကြည့်ပါလား”

“ငါက သူ့ကို သွားခေါ်ရမယ် …” ဟိဟာရက ခပ်ထေ့ထေ့ပြုံးလိုက်တယ်။ “ဘယ်ဖြစ်မလဲ။ ငါးကြီးဖမ်းဖို့အတွက် သူ့ကို ဥထားရဦးမယ်”

“ငါးကြီးက မာစတာဘေးမှာပဲ ရှိနေတာ”

“ဟုတ်တာပေါ့။ မင်းပဲလေ”

“ချိုမာပါဗျာ”

“ချိုမာ …”

“ဟုတ်တယ်။ ချိုမာပဲ”

ဟိဟာရက ခြေနှစ်ဖက်ကို အနည်းငယ် ဖြန့်ကားလိုက်တယ်။ မျက်နှာပေါ်က အပြုံးရိပ်ကလည်း တဖြည်းဖြည်းနဲ့ လွင့်ပါးကုန်ကြပြီ။ သည်းခံနိုင်တဲ့ အတိုင်းအတာကလည်း တတိတိ တိုက်စားကုန်ကြပြီ ထင်ပါရဲ့။ ဦးဟန်ထွန်းက အစောကြီးကတည်းက သူ့ကို နွှာမလို့ စိတ်ကူးနေခဲ့တာ။ အခုတော့ အခွင့်အရေး ရသွားတာနဲ့ အရှေ့ကိုတိုးပြီး ဗိုလ်ကြီးအောင်သူရဲ့ ဆံပင်ကို ဆောင့်ဆွဲလို့ မအေနှမ ကိုင်တုတ်ပစ်လိုက်တယ်။ “မင်းမေ xxxxx နောက်တစ်ခါထပ်ပြီး ချိုမာ ဆိုတဲ့ နာမည်ကို ပြောရဲပြောကြည့်၊ အဲဒီလျှာကို ဓားနဲ့ လှီးဖြတ်ပစ်မယ်။ ချိုမာက မင်းရဲ့ လက်ရေးအတိုင်း တထေရာတည်းတူအောင် ရေးတတ်နေပါ့မလား”

“ဟုတ်တယ်” ဗိုလ်ကြီးအောင်သူက အလျှော့ပေးလိုဟန် မရှိဘူး။ “သူ ကျွန်တော့်လက်ရေးကို ခိုးကျင့်နေတာ”

“စောက်ရေးမပါတာ” ဦးဟန်ထွန်းက ရိုက်မလို့ ဟန်ပြင်လိုက်တော့ ဗိုလ်ကြီးအောင်သူက ကိုယ်ကို ယို့လိုက်တာနဲ့ နောက်ပြန်လဲကျမလို ဖြစ်သွားတယ်။

ဗိုလ်ကြီးအောင်သူက ခြေကို မြဲမြဲခိုင်အောင် ရပ်ပြီး ဟိဟာရဆီကို တစ်လှမ်းတိုးဝင်သွားတယ်။ ပြီးတော့ တိုးလျှိုးတဲ့လေသံနဲ့ ပြောတယ်။ “ကျွန်တော် တကယ် ပြောနေတာ မာစတာ။ ချိုမာက ကျွန်တော့်လက်ရေးအတိုင်း တူအောင် ရေးတတ်တယ်။ သူ ခိုးကျင့်ထားတာ ကျွန်တော် သိတယ်”

အဲဒီစကားက အနည်းငယ်တော့ ထိတ်လန့်ဖို့ ကောင်းနေတယ်။ ဟိဟာရက မဆီမဆိုင် တဟားဟား အော်ရယ်လိုက်ပြီး ရယ်လို့ အားရသွားတော့လည်း ရယ်စရာ တစ်စက်ကလေးမှ ကောင်းမနေဘူးလို့ ထင်နေပြန်ရော။ ယုတ္တိရှိတဲ့ စကားမှ မဟုတ်တာ။ ဒါနဲ့ မျက်နှာကို ရှစ်ခေါက်ချိုးပြီး သူ့ကို သတိပေးလိုက်တယ်။ “မင်းမှာ ရှိသမျှ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ရောင်စုံတွေ အကုန်လုံးသာ ထုတ်ခဲ့ပေတော့။ စောက်ရေး နည်းနည်းမှ မပါဘူး။ ချိုမာက မင်းရဲ့ လက်ရေးလက်သားကို ခိုးကျင့်နေတယ်၊ ဟုတ်စ။ ဘယ်မလဲ သက်သေ။ သက်သေ ထုတ်ပြနိုင်ရင် ငါ မင်းကို အခုပဲ လွှတ်ပေးလိုက်မယ်”

“သက်သေက သိပ်ကို တူလွန်းတယ်ဆိုတဲ့ စာလုံးနှစ်လုံးပဲ” ဗိုလ်ကြီးအောင်သူက လည်တိုင်ကိုမော့ပြီး စိတ်လှုပ်ရှားစွာ ပြောတယ်။ “မျက်ကန်းတောင် ပွတ်ကြည့်ရုံနဲ့ သိတယ်လို့ မာစတာ ယူဆထားတဲ့ စာလုံးနှစ်လုံးက သက်သေပဲလေ။ အဲဒါက သူ ကျွန်တော့်ကို ချောက်ချတဲ့ သက်သေပဲ။ ဒီမှာကြည့် …” ဗိုလ်ကြီးအောင်သူက ကြိုတင်ပြင်ဆင်ထားတဲ့ စာရွက်တစ်ရွက်ကို အိတ်ကပ်ထဲကနေ ဆွဲထုတ်ပြီး ဟိဟာရကို လှမ်းပေးလိုက်တယ်။ “ဒါလည်း ကျွန်တော့်လက်ရေးတွေပဲ။ အဲဒီလောက် တူလား။ မျက်ကန်းတောင် လက်နဲ့ စမ်းလို့ရလောက်အောင် တူလို့လား”

ဟိဟာရက စာရွက်ကို လှမ်းယူပြီး ကြည့်တယ်။ စာမျက်နှာ တစ်မျက်နှာလုံး ဟိုစာကြောင်းတွေနဲ့ ပြည့်လို့။ အဲဒါတွေက ထမင်းစားဖို့ ဆိုပြီး သူ့လက်ကို ကြိုးဖြည်ပေးထားတုန်းက ဗိုလ်ကြီးအောင်သူ ရေးထားတဲ့ စာလုံးတွေပါ။ အကယ်၍သာ လက်ရေးပါရဂူကို ပြပြီး အသေအချာ စစ်ကြည့်မယ် ဆိုရင်တော့ ပိုပြီး ဂဃနဏ သိနိုင်တာပေါ့လေ။ အခုဟာကလည်း ဗိုလ်ကြီးအောင်သူရဲ့ လက်ရေး ဆိုပေမယ့် မနေ့က စာလောက်တော့ တူလှတယ်လို့ မဆိုနိုင်ဘူး။

ဟိဟာရက စာရွက်ကို သည်းကြီးမဲကြီး ကြည့်နေတဲ့အချိန်မှာ ဗိုလ်ကြီးအောင်သူက ကြိုးစားပမ်းစားနဲ့ ဖြေရှင်းချက် ထုတ်နေတယ်။ “တကယ်လို့သာ ကျွန်တော်က မြွေပွေးဆိုရင် မနေ့ည လက်ရေးတိုက်စစ်တဲ့ အချိန်တုန်းက ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ် လက်ရေးတစ်မျိုး ပြောင်းရေး …”

ဟိဟာရက သူ့ကို ဖြတ်ပြောတယ်။ “တော်စမ်းပါကွာ။ စာကို ကူးရေးစတုန်းက လက်ရေးစစ်နေတယ်လို့ သိတာမှ မဟုတ်ဘဲ”

ဗိုလ်ကြီးအောင်သူက ပြောတယ်။ “ကျွန်တော်သာ မြွေပွေးဆို မသိဘဲ ဘယ်နေပါ့မလဲ။ အဓိပ္ပာယ်မှ မရှိတာပဲဗျာ။ ရူးကြောင်မူးကြောင်နဲ့ ကျွန်တော်တို့ကို အကြောင်းမဲ့သက်သက် စာကူးခိုင်းရတယ်လို့။ အဲဒါ ကျွန်တော်တို့ကို လက်ရေးတိုက်စစ်ဖို့ လုပ်နေတာပဲ ဖြစ်ရမယ်လို့ ကျွန်တော်က မြွေပွေးမဟုတ်လည်း ခန့်မှန်းလို့ ရတယ်”

ဗိုလ်ကြီးအောင်သူကတော့ တစ်စက်ကလေးမှ မလျှော့ဘူး။ သူသာ မြွေပွေးဆိုရင် မနေ့ညတုန်းကလို အနေအထားမျိုးမှာ လက်ရေးကို တမင်သက်သက် ပြောင်းရေးမှာပဲလို့ အခိုင်အမာ ပြောနေတယ်။ “ပြောင်းရေးတဲ့ လက်ရေးက မသပ်ရပ်ဘူးပဲ ထားဦး။ နောက်ပိုင်းကျရင် မာစတာတို့က တစ်နည်းနည်းနဲ့ သဲလွန်စကို ရှာထုတ်လာနိုင်တယ်ပဲ ထားဦး။ ကျွန်တော်တော့ ကိုယ့်လက်ရေးကို တစ်စက်ကလေးမှ မပြောင်းဘဲ မူရင်းအတိုင်း ဘယ်တော့မှ ချရေးပေးမှာတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ ဘယ်သူကြည့်ကြည့် တထေရာတည်း တူနေတဲ့ စာလုံးတွေ တစ်လုံးမှ မပါစေရဘူး”

ဗိုလ်ကြီးအောင်သူက ပြောတယ်။ တံဆိပ်နှိပ်ထားသလို တစ်စွန်းတစ်စမကျန် တူနေတယ် ဆိုကတည်းက အဲဒါ သူလုပ်တာ မဟုတ်ဘူးလို့ သက်သေပြနေတယ်တဲ့။ အဲဒါက အကြောင်းပြချက် တစ်။ နှစ်က ပြောင်းပြန်လှန်ကြည့်လိုက်ရင် တကယ်လို့သာ သူက မြွေပွေးဆိုပါတော့။ ဒီလောက်တောင် ခိုင်မာတဲ့ သက်သေသက္ကာယနဲ့ ရင်ဆိုင်နေရမှတော့ အရှုံးမပေးဘူး ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် မြွေပွေးဖြစ်ကြောင်းတော့ ဝန်ခံလိုက်မှာပဲ။ ဘာဖြစ်လို့ အသားလွတ် အသားနာခံနေရဦးမှာလဲ။

“ဝန်ခံတာနဲ့ အရှုံးပေးတာက တစ်ကဏ္ဍစီပဲ” ဗိုလ်ကြီးအောင်သူက အားပါးတရ ဖြေရှင်းပြနေတယ်။ “ကျွန်တော် အဲဒီလောက်တော့ မအူသေးပါဘူး။ လက်ရေးစစ်တုန်းမှာ ငတုံးတစ်ယောက်လို ကိုယ်ရှူးကိုယ်ပတ်အောင် လုပ်မှာ မဟုတ်သလို အရူးတစ်ယောက်လို မြွေပွေးဆိုတဲ့ အမည်နာမအတွက် အသက်ကို အသေခံသွားမှာလည်း မဟုတ်ဘူး”

သူ့ကို ယုံကြည်ပေးဖို့ ဟိဟာရကို သူက အနူးအညွတ် တောင်းပန်တယ်။ သူ့ကို လူတစ်ယောက်က ချောက်တွန်းနေတယ်။ အဲဒီလူက မြွေပွေး ချိုမာပဲတဲ့။ “ချိုမာမှ ချိုမာအစစ်ပဲ။ မြေကြီးလက်ခတ် မလွဲနိုင်ဘူး”

သူ အဲဒီနေ့က ချိုမာရဲ့ ရုံးခန်းထဲကို လုံးဝ မဝင်ခဲ့သလို ချိုမာကလည်း သူ့ကို ကြေးနန်းဝှက်စာအကြောင်း တစ်လုံးတစ်ပါဒမှ ပြောမပြခဲ့ဘူးလို့ ဗိုလ်ကြီးအောင်သူက သူ့အသက်နဲ့ အလဲအထပ်လုပ်ပြီး အာမခံပါတယ်လို့တောင် ကျိန်လိုက်သေးတယ်။ ချိုမာက မြွေပွေးပါလို့ သူ ယုံကြည်ထားတဲ့ သက်သေအထောက်အထားက အဲဒါပဲ။

ချိုမာက ဘာဖြစ်လို့ သူ့လက်ရေးကို ခိုးကျင့်ပြီး သူ့ကို ချောက်တွန်းရတာလဲ ဆိုတာနဲ့ ပတ်သက်လို့ သူက အခုလို ရှင်းပြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက မျိုးချစ်သူပုန်တွေ၊ ကွန်မြူနစ်သူပုန်တွေ အတော်များများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးလေတော့ အဲဒီသူပုန်တွေရဲ့ ဘုံရန်သူလို ဖြစ်နေတယ်။ ချိုမာက သူလျှိုတစ်ယောက်ဆိုတော့ကာ သူ့ကို ရှင်းပစ်ချင်နေမှာပဲ။ လုပ်ကြံချင်မှာပဲ။ ဒါကြောင့် အလုပ်လုပ်ရင်းမှာ သူ့ရဲ့ လက်ရေးကို တိတ်တခိုး လေ့ကျင့်ထားပြီး သူ့ရဲ့လက်ရေးလက်သားအတိုင်း အပြင်ကို သတင်းတွေ ခိုးထုတ်နေခဲ့တယ်။

“အဲဒါက မှန်းဆချက်တစ်ခု ဆိုပေမယ့် အဲဒီလို ဖြစ်နိုင်ခြေမျိုးက လုံးဝ ရှိနိုင်တယ်လေ။ ရှိကို ရှိရမှာပါ” ဗိုလ်ကြီးအောင်သူက ပြောလေ စိတ်အားတက်လေပဲ။ “တကယ်တော့ အဲဒါက သူလျှိုတွေ လုပ်လေ့လုပ်ထရှိတဲ့ ကစားကွက်တစ်ကွက်ပဲ”

ဟိဟာရအတွက် နားယဉ်ပြီးသားဖြစ်တဲ့ ဥပမာတစ်ခုကို သူက ထုတ်ပြတယ်။ သူက ပြောတယ်။ ဂျပန်အပါအဝင် အနောက်တိုင်း နိုင်ငံတွေမှာ သင်တန်းတက်နေကြတဲ့ ကြေးစားသူလျှိုတိုင်းက အနည်းဆုံး လက်ရေးနှစ်မျိုး ရေးတတ်အောင် လေ့ကျင့်ထားကြရတယ်။ အဲဒီအထဲကမှ လက်ရေးတစ်မျိုးက သတင်းပို့တဲ့အခါ သီးခြား အသုံးပြုဖို့။

အဲဒါတွေအားလုံးက သူ့ရဲ့ ဆိုးရွားပြင်းထန်တဲ့ နာကျင်မှုတွေနဲ့ နက်ရှိုင်းတဲ့ ခြောက်ခြားတုန်လှုပ်မှုတွေ အတွင်းမှာ ကြိုးစားပမ်းစား ခြစ်ကုတ်စဉ်းစားထားလို့ ရလာတဲ့ ရလဒ်တွေပေါ့။ ကြားရသလောက်တော့ အတန်အသင့် အဓိပ္ပာယ် ရှိနေသလိုပဲ။ လုပ်ကြံမှုထဲက လုပ်ကြံမှု၊ ကောက်ကျစ်မှုထဲက ကောက်ကျစ်မှုလည်း ဖြစ်နိုင်သေးတာ အမှန်ပဲ မဟုတ်လား။ ဟိဟာရက သူ့စကားတွေကို နားထောင်ပြီး ဘာတစ်ခွန်းမှ မတုံ့ပြန်ဘဲ လှည့်ထွက်သွားတယ်။ အပေါ် တက်သွားတယ်။ ဗိုလ်ကြီးအောင်သူရဲ့ အဓိပ္ပာယ်ရှိတဲ့ ရှင်းလင်းချက်တွေကြောင့် စိတ်ပြောင်းသွားပြီလား၊ ဒါမှမဟုတ် သူ့ရဲ့ လုပ်ကြံမှုထဲက လုပ်ကြံမှုကြောင့် ဒေါဖောင်းသွားသလား ဆိုတာတော့ ဟိဟာရရဲ့ အပြင်ပန်းသဏ္ဌာန်ကို ကြည့်ပြီး ဝေခွဲလို့ မရနိုင်ဘူး။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *