ဟိဟာရက အနောက်တိုက်ကိုသွားပြီး အားလုံးနဲ့အတူ အစည်းအဝေးလေးတစ်ခု ကျင်းပလိုက်တယ်။
အစည်းအဝေးမှာ ဟိဟာရက ပွင့်ပွင့်လင်းလင်း အသိပေး ပြောကြားလိုက်တယ်။ ဗိုလ်ကြီးအောင်သူကို မြွေပွေးပါလို့ သက်သေပြနိုင်မယ့် သံမဏိလို ခိုင်မာတဲ့ အထောက်အထားတွေ သူ့မှာ ရှိနေပြီလို့ ကြေညာလိုက်တယ်။
“အားလုံးက မေးချင်လိမ့်မယ်။ မြွေပွေးကို ဖမ်းထားပြီးပြီ ဆိုမှတော့ ဘာဖြစ်လို့ ကျွန်တော်တို့ကို အိမ်ပေးမပြန်သေးတာလဲလို့” ဟိဟာရက ပြုံးပြီး ဖော်ရွေတဲ့ မျက်နှာထားနဲ့ ပြောတယ်။ “ပြန်ရမှာပါ။ ပြန်ခွင့်ရသင့်တာပေါ့။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့် ကျန်နေသေးတာ ဆိုတော့ အချိန်တော့ ပေးရဦးမယ်။ ဘာလုပ်ထုံးလုပ်နည်းလဲ။ ဗိုလ်ကြီးအောင်သူရဲ့ အပြစ်ဝန်ခံစာပဲ။ အခု ကျုပ်အနေနဲ့ ခင်ဗျားတို့ကို ဘာမှ ကွယ်ဝှက်နေစရာလည်း အကြောင်းမရှိတော့ပါဘူး။ အမှန်အတိုင်း ပြောရရင် သက်သေသက္ကာယက ခိုင်မာတယ် ဆိုပေမယ့် ဗိုလ်ကြီးအောင်သူက အခုထိ စိတ်ကူးယဉ်ကောင်းနေတုန်းပဲ။ ဝန်မခံချင်ဘူး” သူက ခေါင်းခါယမ်းပြီး အင်မတန် ခေါင်းရှုပ်နေတဲ့ပုံ ဖမ်းထားတယ်။ “အဲဒါ သူ တုံးလို့ပဲ။ အဲ … သိပ်ကို လည်လွန်းတယ်လို့လည်း ပြောလို့ ရနိုင်တာပေါ့။ အလည်လွန်တဲ့ဘီးက ချေးနင်းမိတယ် ဆိုတဲ့အတိုင်းပဲ။ ခေါင်းမာလွန်းအားကြီးတော့ သူ့ကိုယ်သူ ဒုက္ခပေးသလို ဖြစ်သွားတော့တယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်လေ။ သူ ဝန်မခံမချင်းတော့ ပတ်စာခွာ ဖျာလိပ်လို့ မရသေးဘူးပေါ့။ ဒါကတော့ လုပ်ထုံးလုပ်နည်းပဲ။ စာတစ်ကြောင်း ရေးပြီးလို့ အဆုံးသတ်ချင်ရင် ပုဒ်မတော့ ချရသေးတာပဲ မဟုတ်လား။ ကျုပ်တို့ အခု အဲဒီပုဒ်မချဖို့ စောင့်နေကြရတာပဲ”
အဲဒီနေရာအရောက်မှာ ဟိဟာရက စကားကို ရပ်ပြီး အားလုံးကို ဝေ့ကြည့်လိုက်တယ်။ ပါးစပ်ပြင်နေတဲ့ မြသန္တာကို တွေ့လိုက်ရတော့ သူက မြသန္တာကို လှမ်းအားပေးတယ်။ “ပြောလေ၊ မြသန္တာ။ ဘာပြောချင်တာလဲ။ လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်”
မြသန္တာက ပြောတယ်။ “ဒါဆို သူက အဲဒီပုဒ်မကို မချချင်ဘူးဆိုရင် ဘယ့်နှယ်လုပ်မလဲ” ပြောထွက်လာတဲ့ စကားက အားလုံးရဲ့ စိုးရိမ်မှုကို ထင်ဟပ်နေတယ်။
ဟိဟာရက ပြုံးတယ်။ “ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ခေါင်းတစ်လုံးနဲ့ ခြေလေးချောင်းက ရေထဲနစ်နေမှတော့ အမြီးက ဘယ်လိုလုပ်ပြီး ကမ်းပေါ်မှာ ကျန်နေရစ်လို့ ရနိုင်ပါ့မလဲ။ မဖြစ်နိုင်ပါဘူးဗျာ။ အနှေးနဲ့အမြန်ပဲ ကွာမယ်။ အိပ်မက်မက်နေရုံပဲ ရမယ်။ အိပ်မက်မက်တယ် ဆိုမှတော့ တစ်ချိန်ချိန် နိုးလာရဦးမှာပဲ။ လောကမှာ မနိုးသော အိပ်မက်ရယ်လို့ ဘယ်လို ရှိနိုင်ပါ့မလဲ။ အော်လို့မှ မနိုးဘူး ဆိုရင်တောင် ရိုက်လို့ မနိုးဘဲ နေပါ့မလား။ စိတ်မပူပါနဲ့။ ခင်ဗျားတို့ ယုံကြည်ထားရမှာက အကြောင်းကိစ္စတွေက သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေရတာ မဟုတ်ဘူး။ ကျုပ်တို့ ရှိသေးတာပဲ ဥစ္စာ။ ခင်ဗျားတို့လည်း ရှိသေးတာပဲလေ။ အားလုံးကို စုပြီး ဒီအစည်းအဝေးလေး လုပ်ရတဲ့ ရည်ရွယ်ချက်က အဲဒီကိစ္စပါပဲ။ ခင်ဗျားတို့တတွေ ရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေကို တစ်ခဏလောက် ပစ်ချထားပြီး ကျုပ်တို့ ပေါင်းစုအားနဲ့ သူ့ကို အိပ်မက်ထဲကနေ ဆွဲထုတ်ကြရအောင်။ သူ့ကို နှိုးလိုက်ကြရအောင်။ သူ ၁၅ မိနစ်လောက် စောနိုးရင် ကျုပ်တို့လည်း ၁၅ မိနစ်လောက် စောပြီး အထုပ်အပိုး ပြင်လို့ ရတာပေါ့”
ဟိဟာရပြောတဲ့ အဲဒီစကားတွေ အားလုံးက တကယ့် အစစ်အမှန်တွေချည်းပဲ။ ရင်ထဲကနေ ဆွဲထုတ်ထားတဲ့ တကယ့် ရင်တွင်းဖြစ်တွေ။
ဟိဟာရက ရှင်းပြတယ်။ “ကျုပ် ဘွင်းဘွင်းပဲ ပြောပါရစေတော့။ ရည်ရွယ်ချက်ကတော့ ခင်ဗျားတို့ ဘာကိုမှ စိုးရိမ်ကြောင့်ကြမနေဘဲ လွတ်လွတ်လပ်လပ် ပြောစေချင်တယ်။ ရင်ထဲရှိသလောက် မခြွင်းမချန် ပြောနိုင်ပါတယ်။ ဗိုလ်ကြီးအောင်သူက မြွေပွေးပဲ ဆိုတာကို ကျုပ် လုံးဝ ယုံကြည်တယ်။ ဒီတော့ ခင်ဗျားတို့ မကြောက်ပါနဲ့။ အေးအေးဆေးဆေး စဉ်းစားကြည့်ပါ။ ရှာကြည့်ပါ။ အထောက်အထားရှာတွေ့တာနဲ့ သူ ဂွမ်းပြီပဲ”
ရှာမတွေ့ရင် ဘယ်နှယ့်လုပ်မလဲ။
ကိစ္စ မရှိဘူး။ တစ်နည်းနည်းနဲ့ ပြောရရင် ရှာမတွေ့ဘူးဆိုတာကလည်း သဘာဝကျတာပဲ။ အခုလိုအခြေအနေ ရောက်နေမှတော့ ဗိုလ်ကြီးအောင်သူက မြွေပွေးပါ ဆိုတဲ့ အထောက်အထားကို ကိုင်ထားတဲ့ ဘယ်သူမဆို ဟုတ်သည်ဖြစ်စေ၊ မဟုတ်တဟုတ်ဖြစ်စေ၊ ခပ်မြန်မြန် တင်ပြလိုက်ဖို့ ကောင်းတယ်။ လူပဲလေ။ အသိဉာဏ်တော့ ရှိကြတာချည်းပေါ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ် ဆိုတာက အခြေခံအကျဆုံး အသိဉာဏ်တစ်ခုပဲ မဟုတ်လား။
တကယ်ပဲ အားလုံးဆီမှာ အသုံးတည့်တဲ့အရာ ဘာတစ်ခုမှ ရှိမနေကြဘူး။ ဟိဟာရကလည်း တစ်စက်ကလေးမှ စိတ်ပျက်သွားဟန် မပြဘူး။ အားလုံးကို သူက အားတောင် ပေးလိုက်သေးတယ်။ “သဘောက ဗိုလ်ကြီးအောင်သူဟာ သာမင်ညောင်ညတစ်ယောက် မဟုတ်ဘူးပေါ့။ သူက ဉာဏ်နီဉာဏ်နက်များပြီး အကြံကြီးလို့ ဘာလုပ်လုပ် သတိဝီရိယနဲ့ ပိပိရိရိ လုပ်သွားခဲ့လို့ အားလုံးကို မလိမ့်တပတ် လုပ်သွားနိုင်ခဲ့တယ်လို့ပဲ ယူဆရတော့မှာပဲ”
တောင်ပြောလိုက် မြောက်ပြောလိုက်နဲ့ အမြှုပ်တစီစီထွက်အောင် ပြောနေတဲ့ ဟိဟာရရဲ့ ရည်ရွယ်ချက်က အားလုံးကို စိတ်ဒုန်းဒုန်း ချသွားစေချင်တာ။ စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်ရွှင်ရွှင်နဲ့ ညစာကို သွားစားစေချင်တာပဲ (လိပ်ကြီးကို သွားတွေ့စေချင်တာပဲ)။ တစ်နေရာမှာလည်း လိပ်ကြီးက အားခွန်အပြည့်နဲ့ ထင်းခွဲပေးနေတယ်။ တစ်ချိန်တည်းမှာပဲ ထမင်းလာစားမယ့် မြွေပွေးကို ပူပန်စွာ စောင့်မျှော်နေရင်းပေါ့။ ဒီအတိုင်းဆိုရင်တော့ ဗိုလ်ကြီးအောင်သူကိုတော့ သူ တွေ့ရမှာ မဟုတ်တော့ဘူး။ အဲဒီလို ကားနင်းခံထားရတဲ့ သွေးစုပ်ဖုတ်ကောင်လို ရုပ်မျိုးကို တခြားလူနဲ့ ဘယ်လိုလုပ်ပြီး အတွေ့ခံခွင့် ပေးရဲပါ့မလဲ။ မပေးရဲဘူး။ တွေ့လို့ မဖြစ်ဘူး။ လစ်တမတ်စ်စက္ကူက ဘယ်လို တုံ့ပြန်လိမ့်မလဲ။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးတစ်ခု … ကိုယ့်ဆီ ဒုတ်ဒုတ်ထိ ပြေးဝင်လာတဲ့ အခွင့်အရေးတစ်ခုကို မျက်စိရှေ့မှာတင် အလေလွင့်ခံလိုက်ရတာ ဟိဟာရတော့ မချိအောင် ခံရခက်နေတုန်းပဲ။
ဒါပေမယ့် စိတ်မပူပါနဲ့။ ဟိဟာရမှာက အကြံကောင်းတစ်ခု ရှိနေသေးတယ်။ သူက အင်မတန်မှ ပညာသားပါတဲ့ တိုက်ကွက်တစ်ကွက်ကို စဉ်းစားလို့ ရထားတယ်။ ဒီတိုက်ကွက်က ဘယ်ခြေပြပြီး ညာခြေနဲ့ ကန်မယ့် သဘောမျိုး။ သဘောတရား အတိအကျကတော့ ဒီလိုရှိတယ်။ လိပ်ကြီးက မြွေပွေးကို မြင်ရင် တစ်နည်းနည်း တစ်ဖုံဖုံနဲ့ ပြုမူတုံ့ပြန်မယ် ဆိုတာ သေချာသလောက်ပဲ။ ဒါပေမယ့် မတုံ့ပြန်ရင်ရော ဘယ်နှယ့်လုပ်မလဲ။ ဒါဆို မြွေပွေး မဟုတ်လို့ပဲပေါ့။ အခုသိထားသလောက်ဆိုရင် ဗိုလ်ကြီးအောင်သူက မြွေပွေးပဲဆိုတာ လွဲစရာအကြောင်း သိပ်မရှိတော့ဘူး။ တကယ်လို့သာ ဟိဟာရက ဒီလူတွေကို ထမင်းစားဆောင် ခေါ်သွားပြီး လိပ်ကြီးမြင်အောင် ပြလိုက်မယ်၊ သူ့ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရအောင် အခွင့်အရေး ပေးလိုက်မယ် ဆိုပါစို့။ အဲဒီလို ဖန်တီးပေးထားတာတောင်မှ လိပ်ကြီးက ဖာသိဖာသာ နေနေခဲ့မယ်ဆိုရင် ဗိုလ်ကြီးအောင်သူက မြွေပွေးပဲဆိုတာ သက်သေပြရာ ရောက်မသွားပေဘူးလား။ ဒါက ရိုးရှင်းတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ပါပဲ။
ယူဆချက် — မြွေပွေး = X
ပေးထားချက် — X = 1/ABCD
အကယ်၍ X ≠ ABC
ထို့ကြောင့် X = D
တကယ်တော့ ဒီထက်ပိုပြီး ရိုးရှင်းအောင် ပြောလို့ ရပါသေးတယ်။ ဒီဟာမဟုတ်ရင်တော့ ဟိုဟာပဲ ဆိုတဲ့သဘော။ ABC မှ မဟုတ်ရင် D ပဲ ဖြစ်ရတော့မှာပေါ့။
ဒါက လောဂျစ်နည်းအရ၊ တက္ကဗေဒနည်းအရ လွန်စွာမှ မှန်ကန်မှုရှိတဲ့ တွက်ချက်နည်းတစ်ခုပေပဲ။ ဖြစ်လာမယ့် အကျိုးဆက်ကို ဘာမှ ငဲ့ကွက်မနေဘဲ ရဲရဲကြီး ‘အော’ ပစ်လိုက်လို့ရတဲ့ အကွက်တစ်ကွက်ပဲ။ ဒါကြောင့်လည်း ဟိဟာရက အူမြူးပြီး ဒီအစည်းအဝေးကို ကျင်းပနေတာပေါ့။ ပွင့်ပွင့်လင်းလင်းကြီး ပြောချနေတာပေါ့။ အူမြူးနေရတဲ့ အကြောင်းအရင်းတစ်ခုက ဘာလဲ ဆိုတော့ ဒီကိစ္စက အဓိပ္ပာယ် ပြည့်ဝတယ်၊ ဆိုးကျိုးမရှိ ကောင်းကျိုးသာ ပေးနိုင်မယ်၊ ဆွဲဆောင်မှု ရှိတယ်လို့ သူ ယူဆထားလို့ပဲ။ ပွင့်ပွင့်လင်းလင်း ချပြရတဲ့ အကြောင်းကတော့ တစ်ဝက်က ABC စတဲ့ လူတွေကို သူ ယုံကြည်လို့။ နောက်တစ်ဝက်ကတော့ လက်တွေ့လိုအပ်ချက်အရပါ။ ဟိဟာရက အားလုံးအတွက် ပေါ့ပေါ့ပါးပါး စားသောက်နိုင်မယ့် ညစာတစ်နပ်ကို စီစဉ်ပေးထားတယ်။ ပြီးတော့ လိပ်ကြီးကလည်း လွတ်လွတ်လပ်လပ်နဲ့ အဲဒီနေရာမှာတင် လှုပ်ရှားတုံ့ပြန်နိုင်အောင်လို့ပဲ။ ဒါကြောင့်လည်း အဲဒီလို အခြေအနေမျိုး ဖန်တီးပေးနိုင်ဖို့အတွက် အားလုံးက ပေါ့ပေါ့ပါးပါး ရှိနေဖို့ လိုအပ်နေတယ် မဟုတ်လား။ လက်ရှိအခြေအနေအရဆိုရင် အဲဒီလို ပေါ့ပေါ့ပါးပါး ဖြစ်ဖို့ဆိုတာက အားလုံးကို အရှိအတိုင်း ဘွင်းဘွင်းပဲ ချပြလိုက်မှ ရတော့မှာလေ။ အဲဒီလို လုပ်လိုက်တော့ အလုပ်ရှုပ်လည်း သက်သာသွားတာပေါ့။ ခေါင်းစားပြီး ဇာတ်လမ်းတွေ လျှောက်ထွင်နေဖို့လည်း မလိုတော့ဘူး။
လက်ထဲမှာ ခိုင်လုံတဲ့အထောက်အထား ရှိလို့ ဗိုလ်ကြီးအောင်သူကို အပြည့်အဝ သံသယရှိထိုက်တယ် ဆိုပေမယ့် အမှုကို လက်စသတ်မရမချင်းတော့ သေချာမှုက ရာနှုန်းပြည့်ပါလို့ မဆိုသာပေဘူး။ မတော်တဆ ဆိုသလို လမ်းကြောင်းပြောင်းသွားလို့ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားခဲ့ရင် ဘယ့်နှယ်လုပ်မလဲ။ အဲဒီလို ဖြစ်နိုင်ခြေကတော့ အတော်ကြီးကို နည်းလွန်းပါတယ်။ ၀.၀၁% လောက်ပဲ ဖြစ်ချင်ဖြစ်မှာ။ ဒါပေမယ့် အခြေအနေက ဘယ်လို ဖြစ်ပျက်ပြောင်းလဲသွားမလဲ ဆိုတာကို ဘယ်သူမှ တပ်အပ် ပြောနိုင်တာမဟုတ်ဘူး။ မတော် ၀.၀၁% က ၁၀၀% ဖြစ်သွားနိုင်တယ်လေ။ လမ်းကြောင်းက ပုံစံနှစ်မျိုးနဲ့ ပြောင်းသွားနိုင်တယ်လို့လည်း ဟိဟာရက တွက်ဆထားတယ်။
၁။ X ≠ D, X = 1/ABC. ဆိုလိုတာက မြွေပွေးက ဗိုလ်ကြီးအောင်သူ မဟုတ်ဘူး။ ကျန်တဲ့ သုံးယောက်ထဲက တစ်ယောက်ပဲ။
၂။ X = D+1/ABC. ဆိုလိုတာက မြွေပွေးက တစ်ယောက်တည်း မဟုတ်ဘူး။ အတွဲလိုက်။
လမ်းကြောင်းက ပြောင်းပြောင်း မပြောင်းပြောင်း၊ အရှိကို အရှိအတိုင်း ပြောလိုက်တာကတော့ မမှားဘူး။ ဆိုးပြစ်ထက် ကောင်းကျိုးကပဲ ပိုများစေနိုင်တယ်။ လမ်းကြောင်းမပြောင်းဘဲ မှန်းထားတဲ့အတိုင်း ဖြစ်မယ် ဆိုရင် (ဗိုလ်ကြီးအောင်သူက မြွေပွေး၊ X = D) ကျန်သူတွေ (ABC) အပေါ် ယုံကြည်မှုရှိရှိ ဆက်ဆံတဲ့သဘောမျိုး သက်ရောက်သွားတယ်။ အဲဒါ သူတို့ ရသင့်ရထိုက်တဲ့ အရာတစ်ခုပဲ မဟုတ်လား။ ထင်သလို ဖြစ်မလာခဲ့ရင် (X = 1/ABC ဒါမှမဟုတ် D+1/ABC) လည်း ထောင်ချောက်တစ်ခုအနေနဲ့ ဆက်ရှိနေဦးမှာပဲ။ ABC ထဲက မြွေပွေးရဲ့ အပေါင်းပါကို စိတ်လက်ပေါ့ပါးသွားအောင်၊ လိပ်ကြီးနဲ့ သတ္တိရှိရှိ ဆက်သွယ်ဝံ့အောင် အချိုသပ်ထားနိုင်တယ်။
အဲဒီလို မဟာစိတ်ကူးနဲ့ပဲ ဟိဟာရက အနောက်တိုက်ကိုလာပြီး ပွင့်လင်းရိုးသား၊ ယုံကြည်ကိုးစားထိုက်တဲ့ မဟာ သူတော်ကောင်းကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်နေတာပေါ့။ သူ့မှာ လုံလောက်တဲ့ သည်းခံနိုင်စွမ်းတွေ ရှိတယ်။ လုံလောက်တဲ့ ဖော်ရွေမှုနဲ့ ဝမ်းမြောက်မှုကိုလည်း ထိန်းသိမ်းထားပြီးတော့ အားလုံးကို ရှေ့ဆောင်လို့ ထမင်းစားဆောင်ကို ပျော်ပျော်ရွှင်ရွှင် ထွက်ခွာသွားကြတော့တယ်။