Show contents

(ဃ)

ပေးရမှာပေါ့။

ပေးကို ပေးမှ ဖြစ်မယ်။

ဟိဟာရက သုံးသပ်ကြည့်တယ်။ အခုချိန်မှာ လိပ်ကြီးက သူ့ကို စောင့်ကြည့်ခံနေရတယ်လို့ သိဦးမှာ မဟုတ်တာ သေချာတယ်။ တစ်ချိန်တည်းမှာပဲ သူက မြွေပွေးနဲ့ အဆက်အသွယ်ရနိုင်ဖို့ စိတ်စောနေတယ်။ ဒါကြောင့် မြွေပွေးသာ သူ့အရှေ့မှာ ကိုယ်ထင်ပြလိုက်ရင် အဆက်အသွယ်ရဖို့ တစ်နည်းနည်းနဲ့ မဖြစ်မနေ ကြံစည်လိမ့်မယ်။ အနည်းဆုံးတော့ ဆက်သွယ်ဖို့ ကြိုးစားတဲ့ အရိပ်အခြည်၊ လှုပ်ရှားမှုနဲ့ တုံ့ပြန်မှုတစ်ခုခုတော့ ရှိလာမှာပဲ။ ပြောဖို့ မလိုလောက်တော့ဘူး ထင်တယ်။ သူ ဘယ်သူ့နားမှာ ယောင်တောင်ပေါင်တောင် လုပ်နေမလဲ။ အဲဒီလူက မြွေပွေးပဲ ဖြစ်တော့မှာပေါ့။

တကယ်တော့ လိပ်ကြီးရဲ့ လက်ရှိအနေအထားက လူမြင်ကွင်းထဲမှာ ထင်သာမြင်သာကြီးပဲ။ မြွေပွေးနဲ့ ဆက်သွယ်ချင်တဲ့ သူ့ရဲ့ စိတ်ဆန္ဒကလည်း ထင်သာမြင်သာကြီးပဲ။ ဆက်သွယ်တဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ လှုပ်ရှားမှု တစ်စုံတစ်ရာကလည်း ထင်သာမြင်သာကြီးပါပဲ။ နောက်ဆုံး မျက်စပစ်ပြတာပဲဖြစ်ဖြစ်၊ ကြောင်တစ်ကောင်လို တညောင်ညောင်နဲ့ အချက်ပြတာပဲဖြစ်ဖြစ်၊ မြွေပွေးအနားမှာ လျှောက်ပတ်သွားနေတာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက အနုစိတ် စောင့်ကြည့်နေမှုအောက်မှာ တစ်ချက်ကလေးမှ လွှတ်ထွက်သွားနိုင်စရာ အကြောင်းမရှိဘူး။ ဖုံးဖိထားလို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ ဆိုတော့ အခုချိန်မှာ လိပ်ကြီးက မြွေပွေးရဲ့ လစ်တမတ်စ်စက္ကူပဲ။ မြွေပွေးရဲ့ ဘာရိုမီတာပဲ။ ဗိုလ်ကြီးအောင်သူက သူ့ကိုယ်သူ မြွေပွေး မဟုတ်ပါဘူးလို့ ပြောနေတယ်။ ဟုတ်မဟုတ် သိရဖို့ ဘာမှ မခက်ဘူး။ လိပ်ကြီးမြင်အောင် ခေါ်ထုတ်ပြလိုက်ရုံနဲ့ လယ်ပြင်မှာ ဆင်သွားသလို အတိုင်းသား ထင်ရှားသွားတော့မှာ။ ဟိဟာရရဲ့ စကားနဲ့ ပြောရရင်တော့ မျက်နှာစာကနေ တိုက်လို့မရရင် ဘေးဘက်ကနေ ပန်းတိုက်တဲ့။

ဒါပေမယ့် တံခါးဆွဲဖွင့်လိုက်ပြီး ဗိုလ်ကြီးအောင်သူရဲ့ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရတဲ့ တစ်ခဏမှာတော့ ခဲလေသမျှ သဲရေကျဖြစ်သွားပြီ ဆိုတာကို ဟိဟာရ သဘောပေါက်လိုက်တယ်။ သူ့ရဲ့ အစီအစဉ်တွေ ရေစုန်မျောသွားပြီ။ တစ်ညတည်း မမြင်လိုက်ရတာနဲ့ ဗိုလ်ကြီးအောင်သူကို ဟိဟာရ မှတ်တောင် မမှတ်မိနိုင်လောက်အောင် ဖြစ်သွားတယ်။ သူက အသက်ရှူနေတဲ့ တစ္ဆေတစ်ကောင်လိုပဲ။ ရင်ဘတ်က ဟောင်းလောင်း။ အဝတ်အစားတွေအားလုံးကို အပေါ်လိပ်တင်ပြီး ခေါင်းမှာ စွပ်အုပ်ထားတယ်။ ကျောပြင်ကတော့ ကျားတစ်ကောင်အလား အလျှိုးရာတွေ အမြောင်းရာတွေ အပြည့်နဲ့။ အောက်ဘက်မှာတော့ ခါးပတ်ကို ချွတ်ပြီး ဘောင်းဘီရှည်ကို ခြေချင်းဝတ်နားအထိရောက်အောင် ဆွဲချထားတယ်။ အတွင်းခံဘောင်းဘီပေါ်မှာလည်း သွေးစသွေးနတွေ ပေလို့။ တကယ်လို့သာ မိန်းမတစ်ယောက်ဆိုရင် မုဒိန်းကျင့်ခံထားရတာပဲလို့ အတပ်ပြောကြမှာ သေချာတယ်။ ဟိဟာရရဲ့ ခြေလှမ်းတွေက သူ့အလိုလို နောက်ပြန်ဆုတ်သွားကြတယ်။ သူ့ကို ကြည့်ကောင်းအောင် ပြင်ဆင်ပေးပြီးမှ ခေါ်ထုတ်လာဖို့ ဦးဟန်ထွန်းကို အမိန့်ပေးလိုက်တယ်။ ဦးဟန်ထွန်းတစ်ယောက် ဒီလောက် နွှာထားလိမ့်မယ်လို့ သူ ထင်တောင် ထင်မထားခဲ့ဘူး။

ခေါ်ထုတ်ခံလာရတဲ့ ဗိုလ်ကြီးအောင်သူခမျာ ဒီလောက်ကြီးလည်း သားနားမသွားရှာဘူး။ ခါးက ကိုင်းလို့၊ ခြေက တရွတ်ဆွဲလို့။ တစ်လှမ်းလှမ်းလိုက်တိုင်းမှာ ခြေက အထဲကို ခွင်ဝင်သွားတယ်။ စစ်မြေပြင်ထဲကနေ ကယ်ထုတ်လာတဲ့ ဒဏ်ရာရ စစ်သည်တစ်ယောက်လိုပဲ။ မျက်နှာပေါ်မှာကတော့ ထင်ရှားသိသာတဲ့ အဖုအပိန့် ဒါမှမဟုတ် အပဲ့အရွဲ့တွေ ဘာမှ မရှိဘူး။ ဒါကတော့ ဦးဟန်ထွန်းရဲ့ ပါးနပ်မှုလို့ ဆိုရတော့မယ်။ ခေါင်းကို အင်္ကျီနဲ့ အချိန်မီ အုပ်ထားလိုက်တော့ သူနဲ့ မျက်လုံးချင်း ဆုံစရာလည်း မလိုတော့သလို ဟိဟာရဆီကိုလည်း ဆူညံသံတွေ မရောက်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် ပါးစပ်ထဲ အတင်းဆို့ထည့်ထားတဲ့ ခေါင်းအုံးစွပ်ကြောင့် သူ့မေးရိုးကတော့ ပြုတ်သွားပုံ ရတယ်။ ပါးစပ်က လုံးဝ ပိတ်မရတော့ဘူး။ နှုတ်ခမ်းထောင့်နှစ်ဖက်မှာလည်း သွေးစီးကြောင်းနှစ်ခု ထင်နေတယ်။ တကယ့်ကို ဒုက္ခိတတစ်ယောက်လိုပါပဲ။ ဟိဟာရက သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ဟန်တောင် မရဘူး။ လက်ပြပြီး ခေါ်ထုတ်သွားခိုင်းလိုက်တယ်။ တော်ပြီ၊ ကြည့်ရတာ ထမင်းစားပျက်တယ်။

တရားခံကို မျက်မြင်သက်သေနဲ့တကွ ရုံးထုတ်စစ်ဆေးဖို့ အခွင့်အရေးတစ်ခု ရမယ်မှ မကြံသေးဘူး။ ထပ်ပြီး ဖျက်သိမ်းလိုက်ရပြန်ပြီ။

ဗိုလ်ကြီးအောင်သူက မကျေနပ်နိုင်ဘူး။ တွန်းဖယ်ရုန်းကန်တုန်း၊ အော်ဟစ်ဆဲဆိုတုန်း၊ အခန်းထဲကို ပြန်မဝင်ချင်ဘူး။ ဟိဟာရကို အော်ဟစ်တိုင်တန်းနေတယ်။ ဟိဟာရက သူ့ဆီကို လျှောက်သွားပြီး ခပ်တိုးတိုး ပြောတယ်။ “မအော်နဲ့။ ဆက်အော်ရင် မင်းပါးစပ်ကို ဆို့ထားလိုက်မယ်”

စောစောကလေးတင် သူ့ ပါးစပ်ထဲကနေ ဆွဲထုတ်ထားတဲ့ ခေါင်းအုံးစွပ်ကို ဆုပ်ကိုင်ထားတဲ့ ဗိုလ်ဝတုတ်ရဲ့ လက်ကို လှမ်းကြည့်ပြီးနောက် ဗိုလ်ကြီးအောင်သူ ပါးစပ်ပိတ်သွားတယ်။ အဲဒါကြီးက သူ့ပါးစပ်ထဲကို အချိန်မရွေး ပြန်ရောက်သွားနိုင်တယ် မဟုတ်လား။

ဟိဟာရက သူ့ကို မေးတယ်။ “စောစောက အိပ်ပျော်နေတာ မဟုတ်ဘူးမလား။ မင်းကို လူတစ်ယောက်လာရှာတာ သိလိုက်မှာပေါ့”

“ဘယ်သူလဲ” ဗိုလ်ကြီးအောင်သူက အူတိအူကြောင် ဖြစ်နေတယ်။ သို့တည်းမဟုတ် အူတိအူကြောင် ဖြစ်သလို ဟန်ဆောင်နေတယ်။

“လိပ်ကြီးလေ”

“လိပ်ကြီးဆိုတာ ဘယ်သူလဲ။ ကျွန်တော် မသိဘူး။ … ဘယ်ကလိပ်ကြီး … ”

ဟိဟာရက ဖြတ်ပြောလိုက်တယ်။ “ဟန်ဆောင်မနေစမ်းပါနဲ့။ အမှန်အတိုင်း ပြောရရင် မင်းတို့နှစ်ယောက်ကို တွေ့ပေးဖို့ နဂိုက စိတ်ကူးထားခဲ့တာပဲ။ ဒါပေမယ့် မင်းကို ဒီပုံစံနဲ့တော့ အတွေ့ခံပေးလို့ မဖြစ်သေးဘူး။ လိပ်ကြီးက မင်း ဒီလိုဖြစ်နေတာကို မြင်လိုက်တာနဲ့ အဖမ်းခံထားရပြီ၊ အဗျင်းခံထားရပြီ ဆိုတာကို သိသွားလိမ့်မယ်။ အဲဒီလိုဆိုရင် ဖိုးစီကို ငါတို့ ဘယ်လိုလုပ်ပြီး သွားဖမ်းနိုင်တော့မလဲ။ ဒါကြောင့် မဖြစ်ဘူး။ မင်း အခန်းထဲပဲ ပြန်နေဦးတော့”

ဦးဟန်ထွန်းက အနားရောက်လာပြီး သူ့ကို ဆွဲခေါ်သွားတော့မယ် ဆိုတာကို သိတော့ ဗိုလ်ကြီးအောင်သူက အလျင်အမြန် တစ်ဘက်ကို ရုန်းထွက်လိုက်ပြီး ခပ်မြန်မြန် အော်ပြောလိုက်တယ်။ “မာစတာ၊ ကျွန်တော် မြွေပွေး မဟုတ်ဘူး … ကျွန်တော် သူ့ကို မသိဘူး … ဘာလိပ်ကြီးလဲ … ကျွန်တော် ပြောတာ နားထောင်ပါဦး … ” သို့ပေမယ့် ပြောခွင့်မရလိုက်ဘူး။ ဦးဟန်ထွန်းနဲ့ ဗိုလ်ဝတုတ်က သူ့ကို ဖမ်းချုပ်ပြီး ပါးစပ်ကို ခေါင်းအုံးစွပ်နဲ့ ဆို့လိုက်ကြလို့ပဲ။

ဆိုတော့ ဟိဟာရနဲ့ လိပ်ကြီးက အတော်လေးကို ရေစက်နည်းကြတယ်လို့ ဟိဟာရက ယူဆမိတယ်။ လက်တစ်ကမ်းကို ရောက်လာခဲ့တဲ့ အခွင့်အရေးနှစ်ခုက ရှေးရေစက်မပါလို့ အသုံးချခွင့် မရတော့ဘူး။ ပြီးတော့ အဖြစ်အပျက်တွေက ထင်ထားထက် အကုန် ကိုးရိုးကားရားတွေ ဖြစ်ကုန်တယ်။ ရေသောက် အနားယူချိန်တောင် မရခဲ့ဘူး။ ရင်ထဲ ပူနေတော့ အာခေါင်လည်း ခြောက်လာတယ်။ သူ အပေါ်ထပ်တက်ပြီး လက်ဖက်ရည်ကြမ်းသောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ဆေးလည်း သောက်ရဦးမယ်လေ။

ဆေးသောက်ပြီးတော့ ဟိဟာရက အောက်ထပ်ကို ချက်ချင်း ဆင်းမလာသေးဘဲ ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေတယ်။ လက်ဖက်ရည်ကြမ်းကို အရသာခံသောက်ရင်း အပြင်ဘက်ကို ငေးကြည့်နေတယ်။ နေရောင်ခြည်က မျက်နှာချင်းဆိုင်မှာရှိတဲ့ အနောက်တိုက်ကို လင်းလက်နေအောင် အားကုန် သွန်းလောင်းထားတယ်။ မှန်ပြတင်းတိုင်းက တဖိတ်ဖိတ် တောက်လို့။ တိုက်ကြီးတစ်တိုက်လုံးက တရွေ့ရွေ့ တငွေ့ငွေ့ လှုပ်ရှားနေသလိုမျိုးပဲ။ မရေမတွက်နိုင်တဲ့ ပုရွက်ဆိတ်တွေက တိုက်ကြီးကို မ,ချီသွားနေကြသယောင်။ သူတို့အားလုံး အိမ်ပြန်ချင်ကြမှာပဲလို့ ဟိဟာရက တွေးတယ်။ ပြီးတော့ ထပ်တွေးလိုက်ပြန်တယ်။ သူတို့ မကြာခင် အိမ်ပြန်ခွင့် ရကြတော့မှာပါပဲ။ ဗိုလ်ကြီးအောင်သူရဲ့ ခေါင်းတစ်ညိတ်စာပဲ လိုတော့တာ မဟုတ်လား။

ဒါပေမယ့် ဗိုလ်ကြီးအောင်သူရဲ့ လက်ရှိပုံစံက ဝန်ခံနေတာနဲ့ ဘယ်နှယ့်တူရမှာလဲ။ သူက အသေခံသွားဖို့ ပြင်ဆင်ထားတယ်။ သေတောင် ဝန်မခံဘူး။ ဘယ်တော့မှ အမှုကို ပိတ်လို့ မရစေရဘူး … တခြားလူတွေကိုလည်း သံသယဝင်နေစေရမယ် … လူတစ်ဖက်သားကို မတရား စွပ်စွဲနေတာမျိုး ဖြစ်သွားစေရမယ် … ငါ့ပါးစပ်ထဲကတော့ ဘာမှ မထွက်စေရဘူးလို့ သန္နိဋ္ဌာန် ချထားသလိုပဲ။ အဲဒီလိုတွေးရင်း ဗိုလ်ကြီးအောင်သူအပေါ် ထားတဲ့ ဟိဟာရရဲ့ အမုန်းတရားတွေက ပြင်းသထက် ပြင်းထန်လာတယ်။ ပြတ်သထက် ပြတ်သားလာတယ်။ ဒီလိုနဲ့ သူ့ဦးနှောက်ထဲမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီး ကြည်လင်သထက် ကြည်လင်လာတယ်။ အတွေးတွေ အတွေးတွေဆိုတာ အဆုပ်လိုက် အဆုပ်လိုက် သူ့ခေါင်းထဲကို ပြုံတိုးဝင်ရောက်လာကြတယ်။

အဲဒီလိုနဲ့ အကြံကောင်းတစ်ခု ဖျတ်ကနဲ ပေါ်လာပြီး အောက်ထပ်ကို ချက်ချင်း ပြေးဆင်းသွားတော့တယ်။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *