မာတိကာကြည့်ရန်

(ဂ)

လိပ်ကြီး ပြန်သွားပြီးတဲ့နောက်မှာ ဟိဟာရက တံခါးဝမှာရပ်ရင်း စိတ်ကူးယဉ်လို့ ကောင်းနေတယ်။ ရုတ်တရက်ဆိုသလို ဦးဟန်ထွန်းက သူ့အနောက်မှာ တစ္ဆေတစ်ကောင်လို ဘွားကနဲ ပေါ်လာတယ်။ ဘယ်လို ဖြစ်ရတာလဲ။ သူ စောစောက သစ်ပင်တန်းအောက်မှာ မဟုတ်ဘူးလား။ ဘယ်အချိန်တုန်းက တိုက်ထဲ ဝင်လာခဲ့တာလဲ။ အဖြစ်က ဒီလို။ လိပ်ကြီးကို ရဲဘော်တစ်ယောက် ခေါ်သွားတာ သူ မြင်လိုက်လို့ ဟိဟာရ ခေါ်ခိုင်းတာပဲ ဖြစ်ရမယ်လို့ သူ တွေးဆလိုက်မိတယ်။ သူက တံခါးမကြီးကနေ မဝင်ရဲတာနဲ့ တိုက်ကိုပတ်ပြီး အနောက်ဘက် ပြတင်းပေါက်ကနေ ကျော်ဝင်လို့ အခြေအနေကို အကဲခတ်နေခဲ့တာ။ ဒါကြောင့် စောစောက ဟိဟာရနဲ့ လိပ်ကြီးတို့ရဲ့ ရောက်တတ်ရာရာ စကားတွေ၊ ပြီးတော့ ဗိုလ်ဝတုတ်နဲ့ အချီအချ နှစ်ပါးသွား ကနေတာတွေကို သူ အကုန်လုံး ကြားနေခဲ့တယ်။ အခုချိန်မှာတော့ သူ ဘာပြောမလဲဆိုတာကို ဟိဟာရ နားထောင်ကြည့်ဖို့ အချိန်တန်ပြီ။

ဦးဟန်ထွန်းက ပြောတယ်။ “လွန်ခဲ့တဲ့ နာရီဝက်က ခြံပေါက်ဝမှာရှိတဲ့ ရဲဘော်က ကျွန်တော်ဆီကို ဖုန်းဆက်လာတယ်။ အခုလေးတင် အမှိုက်ကောက်တဲ့ အဘိုးကြီးကို အထဲဝင်ခွင့် ပေးလိုက်တယ်။ ကျွန်တော်တို့ရုံးဝင်းထဲက သန့်ရှင်းရေးလုပ်သားပဲတဲ့။ ကျွန်တော် စဉ်းစားကြည့်တယ်။ အဲဒါ လိပ်ကြီးပဲ မဟုတ်လားပေါ့။ ဒါနဲ့ အပြင်ထွက်ပြီး သူ့ကို စောင့်ကြည့်နေခဲ့တယ်။ ဘိုးတော်က သူ့အကြောင်းတွေ ပေါက်ကြားသွားပြီဆိုတာ၊ လူတွေ သူ့ကို စောင့်ကြည့်နေပြီ ဆိုတာကို သတိမထားမိသေးဘူး ဆိုတာကတော့ သိသာနေတယ်။ သူက အပြင်ဘက်မှာ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ တစ်ပတ်နေပြီးတော့ ခြံအနောက်ဘက်ကို တန်းရောက်လာတော့တာပဲ။ ခြံအနောက်ဘက်က ပုံမှန်ဆိုရင် လူရှင်းနေတတ်တာ မဟုတ်လား။ ဒီတော့ သူ အမှိုက်လာကောက်တယ် ဆိုတာကို ဘယ်သူက ယုံမှာတဲ့လဲ။ ဒီဘိုးတော်ကတော့ အတော်ကို သရုပ်ပျက်တယ်”

ဟိဟာရက မေးတယ်။ “သူ ခြံနောက်ဘက်ကို ရောက်တာနဲ့ အနောက်တိုက်ကို တန်းသွားတာပဲလား”

“ဆိုပါတော့”

“ဘာ ဆိုပါတော့လဲ။ ဟုတ်လား၊ မဟုတ်လားပဲ ပြော”

ဦးဟန်ထွန်းက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောတယ်။ “သူက လမ်းပေါ်မှာ တစ်ခဏလောက် လျှောက်ကြည့်နေပြီးတော့ အနောက်တိုက်ဘက်ကို သွားတော့တာပဲ”

ဟိဟာရက ထပ်မေးတယ်။ “သူ့ကို အနောက်တိုက်ထဲ ပေးမဝင်ဖို့ ရဲဘော်တွေကို ခင်ဗျား အမိန့်ပေးထားတာလား”

“ဟုတ် .. တယ် …” သူ လုပ်တာ မှားများ မှားသွားရော့သလားလို့ ဦးဟန်ထွန်း စိတ်ပူသွားတယ်။ ဒါကြောင့် သူ့စကားသံက တိုးလျပြီး ထစ်ငေါ့နေတယ်။ နောက်တော့ ချက်ချင်းပဲ သတိထားပြီး ဖြေရှင်းပြလိုက်တယ်။ “မာစတာက သူ့ကို တွေ့ချင်နေမှန်း ကျွန်တော်က မသိတော့ သူ့ကို အဝင်မခံရဲဘူးလေ”

“ဘယ်ပေးဝင်လို့ ဖြစ်မလဲ” ဟိဟာရက သူ့ကို အပြစ်မတင်ပါဘူး။ သူ့ကို ချီးတောင် ချီးကျူးလိုက်သေးတယ်။ “ဟိုဘက်မှာက ပါးစပ်ပေါက်တွေ များတယ်။ တော်ကြာ မူမမှန်တာတစ်ခုခုကို သတိထားမိသွားရင် ဘယ့်နှယ်လုပ်မလဲ။ ကိုယ့်ပြဿနာကိုယ် မီးထိုးရှာချင်လို့ ဘယ်ဖြစ်လိမ့်မတုံး”

ဒါပေမယ့် ဟိဟာရက သူ့ဘာသာသူ အပြစ်တင်နေတယ်။ လိပ်ကြီးကို ဒီဘက် ဒီလောက်စောစော ခေါ်မလာခဲ့သင့်ဘူးလို့ ယူဆနေတယ်။ “နည်းနည်း လောသွားတယ်ကွာ။ အခုတော့ ကျုပ်တို့ ခန့်မှန်းရခက်သွားပြီ။ လိပ်ကြီးက နဂိုကတည်းက ဒီဘက်ကို လာဖို့ စိတ်ကူးထားတာလေ။ ကျုပ်က သူ့ကို သွားခေါ်လာမိတယ်”

“ဘာများ ထူးခြားသွားလို့လဲ၊ မာစတာ”

“အများကြီး ထူးခြားတာပေါ့” ဟိဟာရက အိုက်တင်ခံနေရင်း ပြောတယ်။ “တကယ်လို့ သူ့ကို မလာခိုင်းဘဲ သူ အဲဒီကနေ လှည့်ပြန်သွားခဲ့မယ်ဆိုရင် အဲဒီအချက်ကို အကြောင်းပြုပြီး ကျုပ် လူတစ်ယောက်ကို ချက်ချင်း လွှတ်ပေးလိုက်လို့ ရတယ်”

“ဘယ်သူ့ကိုလဲ”

“မြသန္တာ”

ဟိဟာရက သုံးသပ်ကြည့်တယ်။ ဒီနေ့ လိပ်ကြီး လာရတဲ့ ရည်ရွယ်ချက်က အဆင့်နှစ်ဆင့် ရှိတယ်။ တစ်က ကြားထားတဲ့ သတင်းမှန်မမှန် စုံစမ်းဖို့။ နှစ်ကတော့ မီးစင်ကြည့်ကမယ့် သဘော။ မြွေပွေးနဲ့ အဆက်အသွယ် ရနိုင်၏၊ မရနိုင်၏ အကဲခတ်ကြည့်မယ်။ အဆက်အသွယ်ရရင်တော့ အကောင်းဆုံးပေါ့။ မရလည်း အရှုံး မရှိဘူး။ ဆိုလိုတာက ပထမအချက်က ဒီကိုလာရတဲ့ ပင်မရည်ရွယ်ချက်ပဲ။ ဒုတိယအချက်ကတော့ ကံစမ်းမဲ နှိုက်ကြည့်တဲ့သဘော။

“ဘာကြောင့်လဲ” ဟိဟာရက သူ့မေးခွန်းကို သူ့ဟာသူ ပြန်ဖြေသွားတယ်။ “ခင်ဗျားက သူ့ဆီကိုရောက်အောင် တမင် သတင်းဖြန့်ထားတာ မဟုတ်လား။ မြွေပွေးက ဒီနေရာမှာ အလုပ်တာဝန် ထမ်းဆောင်နေပါတယ် ဆိုတာ သူ့ကို မသိသိအောင် ပြောထားတာလေ။ ဒါပေမယ့် ကြားထားရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ သက်သေမရှိ ဘာမရှိနဲ့ ဘယ်လိုလုပ်ပြီး စိတ်ချရပါ့မလဲ။ မျက်စိနဲ့ တပ်အပ်မြင်ရမှ ယုံကြည်ရပေမပေါ့။ ဒါနဲ့ သူ ဒီကို ရောက်လာတာပဲ။ ရည်ရွယ်ချက်က သတင်းမှန်မမှန် စုံစမ်းဖို့။ တကယ့်လိုသာ သူက ဟိုဘက်တိုက်ကိုပဲ သွားပြီး စုံစမ်းကြည့်ခဲ့မယ် ဆိုရင် ဒီဘက် မလာခဲ့ဘူး၊ ကျုပ်ကလည်း သူ့ကို သွားမခေါ်ဘူးဆိုရင် ခင်ဗျား ဘယ်လို ထင်လဲ”

ဦးဟန်ထွန်းက ရုတ်ချည်း အဖြေမပေးနိုင်တာနဲ့ သူ့ကို ထပ်မေးလိုက်ပြန်တယ်။ “ခင်ဗျား သူ့ကို သတင်းပေးတဲ့ အခါတုန်းက မြွေပွေးက အဲဒီတိုက်မှာပဲ ရှိနေပါတယ်လို့ အတိအကျ ပြောခဲ့ဖူးလို့လား”

“မပြောဖူးဘူး” ဦးဟန်ထွန်းက ချက်ချင်း ပြန်ဖြေတယ်။

“ဒါဆို …” ဟိဟာရက တစ်ခဏလောက် စဉ်းစားပြီး ဆက်ပြောတယ်။ “တကယ်လို့ သူက ဟိုဘက်တိုက်ကိုပဲ သွားပြီး ဒီဘက်ကို လှည့်မလာခဲ့ဘူးဆိုရင် အဲဒါ ဘာကို ဆိုလိုနေသလဲ ဆိုတော့ မြွေပွေး အဲဒီဘက်မှာ ရှိနေပါတယ်လို့ သူ ကြိုသိထားလို့ပဲပေါ့။ ဒါပေမယ့် ခင်ဗျားက သူ့ကို ကြိုပြောမထားပါဘဲနဲ့ သူက ဘယ်နှယ့်လုပ်ပြီး သိနေရတာလဲ။ ဘယ်သူက သူ့ကို ပြောပြခဲ့တာလဲ။ ဖြစ်နိုင်တာကတော့ မြွေပွေးရဲ့ အိမ်သားတွေပဲ”

ခေတ္တရပ်နားပြီး ဟိဟာရက ခပ်သွက်သွက် ဆက်ပြောတယ်။ “မြွေပွေးရဲ့ အိမ်သားတွေက ဒီကို ရောက်ဖူးကြတယ်လေ။ သူတို့ အဲဒီအထဲမှာ နေနေပါတယ် ဆိုတာကို သိထားကြတယ်။ လိပ်ကြီးကတော့ သိမနေသင့်ဘူးပေါ့။ သိနေပြီ ဆိုကတည်းက အဲဒီအိမ်သားတွေက သူ့ကို ပြောပြခဲ့လို့ပဲ ဖြစ်ရတော့မယ်။ အိမ်သားတွေက ဘာကြောင့် သူ့ကို ပြောပြရမှာလဲ။ အမှိုက်သိမ်းတဲ့ အဘိုးကြီးတစ်ယောက်ကို ဘယ်သူက အဖက်လုပ်ချင်မှာတဲ့လဲ။ ဒီတော့ ဖြစ်နိုင်ခြေက တစ်ခုပဲ ရှိတယ်။ သူက မြွေပွေးရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်နေလို့ပေါ့။ သူတို့အားလုံးက ကွန်မြူနစ်သူပုန်တွေလေကွာ။ ဒါပေမယ့် မင်း သိပါတယ်။ ဟိုတစ်နေ့က မြသန္တာရဲ့အိမ်က နို့ထိန်းအဖွားကြီးတစ်ယောက်ကို လွှတ်လိုက်တယ် မဟုတ်လား။ ထမင်းတောင် မစားလိုက်ရဘဲ ကျုပ် သူ့ကို ပြန်လွှတ်ပစ်လိုက်တာလေ။ သူ ဒီကို လာခွင့်တောင် မရလိုက်ဘူး ဆိုမှတော့ မြွေပွေး ဟိုဘက်တိုက်မှာ နေပါတယ် ဆိုတာကို လုံးဝ သိနိုင်စရာ အကြောင်းမရှိဘူး။ ဒီတော့ အဲဒီလိုသာ တွက်ချက်ကြည့်မယ်ဆိုရင် ကျုပ်တို့က မြသန္တာကို သူလျှိုစာရင်းထဲကနေ ဖယ်ထုတ်ပစ်လိုက်လို့ ရပြီ”

ဒါပေမယ့် အခု မရတော့ဘူး။ အခုဆို လိပ်ကြီးက လမ်းခွတောင် မရောက်သေးခင်မှာပဲ ဗိုလ်ဝတုတ်က သူ့ကို လှမ်းခေါ်လိုက်တယ်လေ။ ဒါကြောင့် လိပ်ကြီးက သူတို့ ခေါ်လို့ပဲ ဒီဘက်ကို လာသလား၊ ဒါမှမဟုတ် သူ့ဟာသူ နဂိုကတည်းက လာဖို့ အစီအစဉ် ရှိခဲ့သလားဆိုတာကို ခွဲခြားလို့ မရနိုင်တော့ဘူး။ အချုပ်ပြောရရင်တော့ အစောတလျင် ခေါ်လိုက်မိတာပဲ။ တစ်မိနစ်လောက်ပဲ စောသွားတာ ဖြစ်ကောင်းဖြစ်မယ်။ ဆုံးရှုံးသွားလိုက်ရတာကိုတော့ ပြန်အဖတ်ဆယ်ဖို့ မဖြစ်နိုင်တော့ဘူး။

ဟိဟာရ စိတ်မကောင်းဖြစ်နေတာကို မြင်တော့ ဦးဟန်ထွန်းက သူ့ကို ချော့မော့တယ်။ “ကိစ္စမရှိပါဘူးဗျာ။ မဟုတ်လည်း မြွေပွေး ဘယ်သူလဲဆိုတာကို ကျွန်တော်တို့ သိထားပြီးပြီပဲဥစ္စာ”

ဒီအခြေအနေအထိ ရောက်လာပြီးမှ … မကြားဝံ့ မနာသာတွေကိုလည်း ပြောပြီးသွားပြီ၊ မအေတွေ နှမတွေအကုန်လည်း ရစရာ မရှိတော့ဘူး၊ လူကိုလည်း ရစရာ မရှိအောင် နှိပ်ကွပ်ထားပြီးသွားပြီ … ဗိုလ်ကြီးအောင်သူက မြွေပွေး မဟုတ်ရင် ဆိုတဲ့ အတွေးက သူ့ကို ထမင်းလုံးတစ္ဆေ ခြောက်နေတော့တယ်။

ဟိဟာရက ခေါင်းခါယမ်းလိုက်တယ်။ “အဲဒီလို ပြောလို့ မရဘူး။ ကျုပ်တို့ရဲ့အလုပ်မှာ နံပါတ်တစ် အရေးကြီးဆုံးက သက်သေအထောက်အထားပဲ။ ကျုပ်တို့က အခုချိန် ဗိုလ်ကြီးအောင်သူကို မြွေပွေးအဖြစ် အပိုင်တွက်ထားကြတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ခိုင်မာတဲ့ အထောက်အထား (သူ့လက်ရေး) ကို ကျုပ်တို့ ဆုပ်ကိုင်ထားနိုင်လို့ပဲ။ ဒါပေမယ့် အဲဒီအထောက်အထားက သူ့ကို မြွေပွေးပါလို့ သက်သေပြလို့ရမယ်။ သူ့မိန်းမကိုတော့ အဖွဲ့ဝင်တစ်ယောက်ပါလို့ သက်သေပြလို့ မရနိုင်ဘူး။ နောက်ပြီး ကိုယ့်လက်ထဲ ရောက်လာနိုင်တဲ့ အထောက်အထားတစ်ခုကို ကိုယ်ကိုယ်တိုင် မဆင်မခြင် လုပ်မိလို့ လက်လွှတ်ဆုံးရှုံးလိုက်ရတာ ဆိုတော့ စိတ်ထဲမှာ ဘယ်လိုလုပ် နေလို့ကောင်းပါတော့မလဲ”

ပြောမယ်ဆိုရင် အဲဒါက လုပ်ငန်းအပေါ်ထားတဲ့ စိတ်ဓာတ်ပြင်းထန်မှု တစ်မျိုးပဲ။ ဟိဟာရက စိတ်ပါလက်ပါ ပြောတယ်။ “ဥပမာတစ်ခု ပြောပြမယ်ကွာ။ လူနှစ်ယောက် စစ်တုရင်ကစားကြတယ်။ အရှုံးအနိုင်က သေချာပြီး ဖြစ်နေရင်တောင် ကိုယ်ရွှေ့လိုက်တဲ့ အကွက်တိုင်းကို အကောင်းဆုံး ဖြစ်နေအောင် ဆက်ကစားနေရဦးမှာပဲ။ အဲဒါ အလေ့အကျင့်တစ်ခုပဲ။ အဲဒီလို ကောင်းမွန်တဲ့ အလေ့အကျင့် ရှိလို့သာလျှင် ပွဲတိုင်းကျော်တဲ့ စစ်သူကြီးတစ်ယောက်အဖြစ် တစ်သက်လုံး လက်မ,ထောင်နေနိုင်တာပေါ့။ ဒီနေ့တော့ ကျုပ်က တစ်ချက်ကလေး ပေါ့ဆသွားလို့ အကွက်တစ်ကွက် မှားရွှေ့လိုက်မိတယ်။ တကယ်ဆို အဲဒီလို မဖြစ်သင့်ပေဘူး”

ဟိဟာရက တကယ်ကို စိတ်မကောင်းဖြစ်နေရှာတာ။ အဲဒီကိစ္စကိုပဲ ပြောလို့ကို မပြီးနိုင်တော့ဘူး။ ပြောလိုက်ရင်လည်း အထောက်အထား ဆိုတဲ့ စကားကို ပါးစပ်ဖျားက မချတော့ဘူး။ သူက သက်ပြင်းကြီးချပြီး ထပ်ပြောတယ်။ “တကယ်တော့ အခုချိန်မှာ ကျုပ်တို့ အဲဒီအထောက်အထားကို အင်မတန်မှ လိုအပ်နေတာ။ ဗိုလ်ကြီးအောင်သူက ဝန်မခံချင်ဘူး။ အဲဒါ ဘာကို ဆိုလိုနေသလဲ ဆိုတော့ ကျုပ်တို့လက်ထဲမှာ အထောက်အထား အလုံအလောက် မရှိဘူး ဆိုတဲ့သဘောပဲ။ အနည်းဆုံးတော့ သူ့အနေနဲ့ ခေါင်းရှောင်ဖို့ ဖြစ်နိုင်သေးတယ်လို့ ယူဆထားပုံ ရတယ်။ တကယ်လို့သာ အထောက်အထားတွေ တစ်ခုမကျန် ရှိထားပြီဆိုရင် သူ အခုလို ငြင်းကွယ်နေလို့ ရနိုင်ပါဦးမလား။ ငြင်းရော ငြင်းရဲပါ့မလား”

ဦးဟန်ထွန်းက ပြောတယ်။ “သူ ငြင်းနေသရွေ့ အသားနာရုံပဲ ရှိတော့မှာပေါ့”

“ခင်ဗျား မနေ့ညက သူ့ကို ဗျင်းလိုက်သေးတာလား” ဦးဟန်ထွန်းဆီကနေ ခိုင်မာတဲ့ အဖြေတစ်ခုရတော့ ဟိဟာရက သူ့ကို ခပ်တိုးတိုး ထပ်မေးလိုက်တယ်။ “သူသာ မြွေပွေး မဟုတ်ဘူးဆိုရင် ဘယ်နှယ့်လုပ်မလဲ။ ခင်ဗျား မကြောက်ဘူးလား”

“ဗျာ … ဟို … မာစတာမှာ သတင်းအသစ်တွေ ရထားလို့လား” ဦးဟန်ထွန်းတစ်ယောက် ကျောချမ်းသွားတယ်။

“မရပါဘူး” ဟိဟာရက ရယ်တယ်။ “ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဗျင်းစရာရှိတာတော့ ဗျင်းရမှာပဲ။ ကျုပ် သဘောတူပါတယ်။ ခင်ဗျား ဘာကြောက်စရာ လိုလဲ”

“ကျွန်တော် မကြောက်ပါဘူး” ဦးဟန်ထွန်းက ဇက်ပြန်ထောင်လာတယ်။ “သူ မဟုတ်ဘူးဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲ။ သူ့မှသူ အစစ်ပါ”

အဲဒီအချိန်မှာ ခြံပေါက်ဝက ရဲဘော်ဆီကနေ ဖုန်းဝင်လာပြီး အင်မတန် အံ့ဩစရာကောင်းတဲ့ သတင်းတစ်ခု ပေးလာတယ်။ လိပ်ကြီးက ခြံထဲကနေ ထွက်မသွားသေးဘူးတဲ့။ ထွက်မသွားသေးဘဲ ဘာလုပ်နေတာလဲ။ ဒီမှာ နေဖို့များ စိတ်ကူးနေတာလား။ ဒါပေါ့၊ နေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ သူ အဲဒီလောက်လည်း မကြောင်သေးပါဘူး။ သူက အင်မတန်မှ ဉာဏ်များတယ်။ မီးဖိုဆောင်ဘက်ကို တစ်ပတ်ပတ်ပြီးတော့ အဲဒီက လူတစ်ယောက်နဲ့ ဝင်လုံးတယ်။ ကြည့်လိုက်ရင် သူတို့နှစ်ယောက်က အင်မတန်မှ ခင်မင်ရင်းနှီးနေကြပုံပဲ။ မိတ်ဟောင်းဆွေဟောင်းတွေ ဖြစ်နိုင်တယ်။ သိပ်တော့ မသေချာဘူး။ အဲဒီလူက စားဖိုဆောင်ကလူ၊ တပ်ထဲမှာဆိုရင် မီးဖိုချောင်သန့်ရှင်းရေးကို တာဝန်ယူရတဲ့လူ။ သူနဲ့တော့ အသွင်တူတယ်လို့ ပြောရလိမ့်မယ်။ ဒါကြောင့်လည်း လေပေးဖြောင့်နေကြတာလည်း ဖြစ်နိုင်တာပဲ။ နောက်ပြီး လိပ်ကြီးက သူ့သဘောနဲ့သူ အလုပ်တွေတောင် ကူလုပ်ပေးနေသေးတယ်။ ထင်းခွဲတာမျိုးပေါ့။ အမယ် … ထင်းခွဲတဲ့နေရာမှာတော့ အားမာန်အပြည့်နဲ့ပဲ။

“လတ်တလောတော့ ဒီလူ ပြန်မယ့်ပုံ မပေါ်သေးဘူး” ဟိဟာရက ကောက်ချက်ချလိုက်တယ်။ “ညနေစာစားပြီးမှပဲ ပြန်တော့မှာထင်တယ်”

“သူက မြွေပွေးနဲ့ အဆက်အသွယ်ရဖို့ စိတ်ကူးနေတာများလား” ဦးဟန်ထွန်းက မေးတယ်။

“ဟုတ်တယ်” ဟိဟာရက ပြောတယ်။ “သူ အခုလောက်ဆို စားဖိုချောင်ထဲက လူတွေဆီကနေ သတင်းနှိုက်ထားပြီးလောက်ပြီ။ မြွေပွေးနဲ့ အဆက်အသွယ်ရဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားလို့သာ မပြန်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်မယ်။ ထမင်းစားချိန်ကို စောင့်ပြီး အလစ်မှာ မြွေပွေးနဲ့ အဆက်အသွယ် လုပ်လိမ့်မယ်”

“ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ကြမလဲ” ဦးဟန်ထွန်းက ဗိုလ်ကြီးအောင်သူအခန်းကို လက်ညှိုးထိုးပြတယ်။ “သူ့ကို ထမင်းသွားစားခွင့် ပေးရမှာလား”

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *