မာတိကာကြည့်ရန်

(က)

နောက်တစ်နေ့ မနက်ခင်း မိုးတောင် စင်စင်မလင်းသေးဘူး။ တိုက်ထဲက လူတွေလည်း အိပ်ရာက မနိုးကြသေးဘူး။ အိပ်မက်ထဲက ဗိုလ်ကြီးအောင်သူရဲ့ ငိုရှိုက်သံတွေကြောင့် ဟိဟာရ အိပ်ရာက လန့်နိုးလာတယ်။ အိပ်မက်ထဲမှာ ဗိုလ်ကြီးက သေခါနီး မြွေတစ်ကောင်လို သူ့ခြေရင်းမှာ အခွေလိုက်ကလေး သူ့ကို တိုးလျှိုးတောင်းပန်နေတယ်။ မျက်ရည်နဲ့မျက်ခွက်ပေါ့။ နိုးလာတော့ သူ ပထမဆုံး သတိထားလိုက်မိတာက တိုက်ထဲမှာ အတော်ကြီးကို တိတ်ဆိတ်နေတယ်။ တစ်ခုခု ဖြစ်ထားသလိုပဲ။ လူသေထားသလိုပဲ။ အရုဏ်မတက်ခင် မှောင်တဲ့ အမှောင်က သိပ်သိပ်သည်းသည်းနဲ့။ မှန်ပြတင်းပေါက်ကနေ အတွင်းကို ဝင်လာပြီး ခုတင်အထက်ကနေ လေးလေးပင်ပင် တက်ဖိထားသလိုပဲ။ အားပါတယ်။ ခိုင်မာတယ်။ အိပ်မက်ကမ္ဘာထဲ ရောက်နေသလိုလို … တိတ်ဆိတ်နေတာကြောင့် ဖြစ်မယ်။ အရုဏ်ဦးလင်းရောင်ခြည်ရဲ့ တပ်ချီလာသံကိုတောင် သူ ကြားနေရသယောင်။ လွန်ကဲတဲ့ ဆိတ်ငြိမ်မှုက သူ့ကို အမင်္ဂလာတစ်ခု ရောက်လာတော့မယ့်အတိုင်း ခံစားရစေတယ်။ သူ ခုတင်ပေါ်ကနေ အလျင်အမြန် လူးလှိမ့်ထပြီး အဝတ်အစားတွေကို ဝတ်ဆင်လိုက်တယ်။ တံခါး ဖွင့်လိုက်တဲ့အချိန်မှာ သူ့လက်ထဲ သေနတ်တစ်လက် ဆုပ်ကိုင်ထားတယ်။ တံခါးရဲ့ ဟိုမှာဘက်ခြမ်းမှာ တခြားသေနတ်တစ်လက်က သူ့ကို စောင့်နေတဲ့အတိုင်းပဲ။

တံခါးဖွင့်လိုက်တော့ အပြင်ဘက်မှာ ဘာမှ ရှိမနေဘူး။ သေနတ်လည်း မရှိဘူး။ လူလည်း မရှိဘူး။ ဘေးဘက် အသံဖမ်းခန်းထဲကနေ အသံတချို့ တိုးတိုးညှင်းညှင်း ထွက်နေတာပဲ ရှိတယ်။ အထဲမှာ လူရှိနေတယ်။ သူ လှမ်းကြည့်တော့ အဲဒီအခန်းတံခါးက ပိတ်လျက်သား ရှိနေတယ်။ အထဲမှာ ဘယ်သူ ရှိနေမှန်း မသိတော့ လက်ထဲက သေနတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားတုန်းပဲ။ မျက်နှာချင်းဆိုင် တိုက်ရှေ့က လုံခြုံရေးတပ်သားတွေရဲ့ ဘာမှ မဖြစ်သလို နေနေကြတဲ့ အရိပ်မဲတွေကို ပြတင်းပေါက်ကနေ လှမ်းမြင်ရမှ သူ့စိတ်ထဲ အလုံးကြီး ကျသွားတော့တယ်။ သေနတ်ကိုင်ထားတဲ့ လက်လည်း လျော့ရဲသွားတယ်။ သူက ဘေးတံခါးကို ခေါက်ပြီး ဘာထူးခြားသလဲလို့ မေးလိုက်တယ်။ တကယ်တမ်းကတော့ အထဲမှာ ဦးဟန်ထွန်း ရှိနေသလားလို့ သူ သိချင်တာပါ။ မရှိဘူး။ ဘာမှလည်း မထူးခြားဘူး။ တစ်နည်းပြောရရင်တော့ သူတို့ (အသံခိုးနားထောင်နေတဲ့ ဝန်ထမ်းတွေ) ရဲ့ ပြောစကားတွေကို သူက ထူးခြားတယ်လို့ မယူဆဘူး။

ဒါနဲ့ အောက်ထပ်ကို ဆင်းလာတယ်။

ဗိုလ်ဝတုတ်က တစ်ညလုံး ‘ဗျင်း’ နေရတော့ ပင်ပန်းသွားပုံပဲ။ ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်ရင်း အိပ်ငိုက်နေတယ်။ ကိုယ်ပေါ်မှာလည်း ချွေးတွေ ရွှဲလို့။ တင်ပါးအောက်မှာ သေနတ်ကို ဖိထိုင်ထားတယ်။ သူ့ကိုယ်သူ အပျိုစင်လေးပါလို့ ဂိုက်ပေးနေတဲ့ ဇိမ်မယ်တစ်ယောက်နဲ့တောင် တူသယောင်ယောင်။ ဟိဟာရက ချောင်းတစ်ချက် ဟန့်လိုက်တော့ ဗိုလ်ဝတုတ်က ချက်ချင်း နိုးလာပြီး ကမန်းကတန်း မတ်တတ်ထရပ်လိုက်တယ်။ ဒူးနှစ်လုံးကတော့ သာခွေယိုင်ဖြစ်လို့။

“ဝန်ခံပြီလား”

“ဟင့်အင်း”

တွေ့လား။ အခုထိ ဝန်မခံသေးဘူး။

ဟိဟာရက တွေးတယ်။ အတော်ကို ခေါင်းမာတဲ့ကောင်ပဲ။ မာလည်းမာ နံလည်းနံနဲ့။

“လူကရော”

“အထဲမှာပါ”

ဟိဟာရက အခန်းထဲ ဝင်ကြည့်မလားလို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမယ့် မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဗိုက်က ရုတ်တရက် နာလာတယ်။ အိမ်သာတက်ပြီးတဲ့နောက် သူ တွေ့ရှိလိုက်တာက သာမန် ဗိုက်နာတာမျိုး မဟုတ်ဘူး ဆိုတာပဲ။ အန်လည်းအန် လျှောလည်းလျှော ဆိုတော့ အထက်လန်အောက်လျှောလို ဖြစ်နေတယ်။ ဒီတော့ ဆေးရုံကို အမြန်ဆုံး ပြေးသွားမှ ဖြစ်တော့မယ်။ အခြေအနေက အတော်ဆိုးရွားလာလို့ ဦးဟန်ထွန်းကိုတောင် သွားနှိုးဖို့ မဖြစ်နိုင်တော့ဘူး။ ဒါနဲ့ ဗိုလ်ဝတုတ်ကို ခေါ်ပြီး ခပ်သုတ်သုတ် ထွက်ခွာသွားတော့တယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *