မာတိကာကြည့်ရန်

(ဆ)

ဗိုလ်ကြီးအောင်သူကို ဦးဟန်ထွန်းက ဆွဲခေါ်လာတယ်။

ဆွဲခေါ်လာတယ် ဆိုမှတော့ စစ်ကြောမလို့ပေါ့။ သက်သေအထောက်အထားက ဝေပုလ္လတောင်လို အခိုင်အမာ ရှိနေပြီ ဆိုမှတော့ စစ်မေးတဲ့ စကားလုံးတွေကလည်း ပြောရိုးပြောစဉ် စကားလုံးတွေပဲ ဖြစ်နေတော့မှာပေါ့။ ဟိဟာရနဲ့ ဗိုလ်မှူးက အဲဒီစကားလုံးတွေကို အလွတ်တောင် ရနေလောက်ပြီ ထင်ပါရဲ့။ သူတို့နှစ်ယောက်က သူတစ်ခွန်း၊ ငါတစ်ခွန်းနဲ့ ဘယ်ညာညှပ်ပြီး နားကို မုဒိန်းကျင့်နေကြတယ်။

ပြောစမ်း၊ မင်း ဘယ်တုန်းက ကွန်မြူနစ်အဖွဲ့ထဲကို ဝင်ခဲ့တာလဲ။

ပြောစမ်း၊ မင်းရဲ့ အထက်လူကြီးက ဘယ်သူလဲ။

ပြောစမ်း၊ မင်းရဲ့ အောက်လူက ဘယ်သူလဲ။

ပြောစမ်း၊ မင်း သိထားသမျှ အကုန်လုံး ငါ့ကို ပြောပြစမ်း။

ဗိုလ်ကြီးအောင်သူက အစပိုင်းမှာတော့ အတော်လေး စိတ်ဓာတ်ခိုင်မာတယ် ပြောရမယ်။ အရမ်းလည်း ပျာယာခတ်မနေဘူး။ စကားတွေကိုလည်း ဆင်ဆင်ခြင်ခြင် ပြောနိုင်သေးတယ်။ လူကလည်း တည်တည်ငြိမ်ငြိမ်နဲ့။ ဒါပေမယ့် ဟိဟာရက မြွေပွေးရဲ့ မူရင်းစာရွက်ပိုင်းနဲ့ သူ ညက ရေးခဲ့တဲ့ စာရွက်လေးရွက်ကို သူ့ရှေ့ ချပြလိုက်တဲ့အခါမှာတော့ သူ ငိုင်ကျသွားတယ်။ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို မျက်လုံးတွေက ကြက်သေသေကုန်တယ်။ မျက်နှာကလည်း လူသေတစ်ကောင်လို ဖြူဆွတ်သွားတယ်။ သူ့အတွင်းစိတ်ထဲမှာ နတ်ကနားပွဲလို ဗလောင်ဆူနေမှာ သေချာသလောက်ပဲ။ ဟိဟာရက လျှို့ဝှက်ထောက်လှမ်းရေးသမား လုပ်နေတာ အံတိုနေပြီ ဆိုတော့ တစ်ဖက်လူရဲ့ မျက်နှာအမူအရာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့တယ်။ သူ မျက်နှာပျက်သွားတာကို ကြည့်ခြင်းအားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်ဖို့ မဝေးတော့ဘူးဆိုတာကို သိနေတယ်။

“ဝန်ခံလိုက်ပါတော့လား၊ ဗိုလ်ကြီးရာ” ဟိဟာရက သူ့ပခုံးကို ပုတ်လိုက်တယ်။

“ကြားတယ်မဟုတ်လား။ ဝန်ခံတော့လေ” ဗိုလ်မှူးရဲ့ လက်ညှိုးက ဓားမြောင်တစ်ချောင်းလို သူ့ရဲ့ ခေါင်းပေါ်ကို ထိုးစိုက်ထားတယ်။

ဟိဟာရက ဗိုလ်မှူးရဲ့လက်ကို ဖယ်ရှားလိုက်ပြီးတော့ သူ့ကို ချော့မော့ပြောတယ်။ “ပညာရှိမှန်ရင် အရိပ်သုံးပါးကို နားလည်ရမယ်လို့ အဆိုရှိတယ် မဟုတ်လား။ အခုချိန်မှာ ခင်ဗျားအနေနဲ့ ထပ်ပြီး ငြင်းဆန်နိုင်လိမ့်ဦးမယ်လို့ ထင်နေသေးတာလား”

“ကုလားဘုရားလို လက်အများကြီး ရှိတဲ့သူတောင် မင်းလက်ရေးနဲ့ တူအောင် ရေးနိုင်မှာ မဟုတ်ဘူး” ဗိုလ်မှူးက ငေါက်လိုက်တယ်။

“ဟုတ်တယ်” ဟိဟာရက စားပွဲပေါ်က စာရွက်တစ်ထပ်ကို လက်ညှိုးထိုးပြတယ်။ “ခင်ဗျား ဝန်မခံလည်း ခင်ဗျားရဲ့ စာလုံးတွေက ဝန်ခံနေကြပြီ။ ခင်ဗျား ဘာငြင်းနိုင်သေးလဲ”

ဗိုလ်မှူးက စာရွက်တစ်ရွက်ကို ဗိုလ်ကြီးအောင်သူဆီ ပစ်ပေးလိုက်တယ်။ “ကြည့်ကြည့်စမ်း။ မျက်ကန်းတစ်ယောက်က လက်နဲ့ ပွတ်စမ်းကြည့်ရင်တောင် မင်းလက်ရေးမှန်း သူ အတပ် ပြောနိုင်လိမ့်မယ်”

ဟိဟာရက တဟားဟားရယ်ပြီး ပြောတယ်။ “ဗိုလ်မှူးရဲ့စကားက အတိဿယဝုတ္တိအလင်္ကာ မြောက်သွားပြီ။ မျက်ကန်းက စမ်းကြည့်ရုံနဲ့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲဗျာ။ ဒါပေမယ့် ကျုပ်တို့မှာက မျက်လုံးတွေ ပါတယ် မဟုတ်လား။ ကောင်းကောင်း မြင်နေရတယ်လေ။ ဘယ်သူမဆို ကြည့်ရုံနဲ့ ခွဲခြားတတ်ပါတယ်။ ကျုပ် အသေအချာ ရေကြည့်ထားတယ်ဗျ။ ဒီစာထဲမှာ စုစုပေါင်း စာလုံး ၁၈ လုံးနဲ့ ဂဏန်း ၃ လုံးပါတယ်။ အဲဒီအထဲက အနည်းဆုံး စာလုံး ၉ လုံးနဲ့ ဂဏန်းတစ်လုံးက မြွေပွေးရဲ့ လက်ရေးနဲ့ အတော်ကြီး ဆင်တူနေတယ်။ တိုက်ဆိုင်လွန်းမနေဘူးလားဗျာ။ အဲဒီအထဲမှာ စာလုံး ၄ လုံးက တံဆိပ်တုံးနဲ့ နှိပ်ထားသလားလို့တောင် အောက်မေ့ရတယ်။ တစ်နည်းပြောရရင်တော့ မျက်ကန်းတောင် စမ်းကြည့်ရုံနဲ့ သိနိုင်တယ်”

ဗိုလ်မှူးက ဟောက်တယ်။ “မင်းက ကောင်းကောင်းပြောတာ မရဘူး။ အသားနာချင်နေပြီလား”

ဟိဟာရက ချော့တယ်။ “ဘာလို့ အနာခံမလဲဗျာ။ ဝန်ခံလိုက်စမ်းပါ”

ဒါပေမယ့် ဗိုလ်ကြီးအောင်သူက ဝန်မခံဘူး။ လုံးဝ လုံးဝ ဝန်မခံဘူး။ သူက တစ်ခါတစ်ခါကျတော့ စကားကြီး စကားကျယ်တွေ ပြောပြီး သူမလုပ်ကြောင်း ကျိန်ဆိုနေတယ်။ တစ်ခါတစ်ခါကျတော့ မကျေနပ်တဲ့ လေသံနဲ့ မတရား စွပ်စွဲခံရကြောင်း တိုင်တည်နေတယ်။ ဗိုလ်မှူးကတော့ အံကို တကျိကျိ မြည်အောင်ကြိတ်ပြီး ဒေါသတွေ တရှူးရှူးထွက်လို့။ သူ့ရဲ့ အပြုအမူတွေက ငပျော့ ငထူတွေကြားမှာ အနေကြာလို့ အကျင့်ပါသွားတဲ့ ဟိဟာရရဲ့ ပျော့ညံ့တဲ့ စိတ်ဓာတ်နဲ့ အကန့်အသတ်ရှိတဲ့ သည်းညည်းခံစိတ်ကို အကြီးအကျယ် နှိပ်စက်ကလူ ပြုနေကြတယ်။

မူလ ထင်ထားတာက သက်သေအခိုင်အမာ ရထားပြီးပြီ ဆိုရင်တော့ စစ်ကြောရတာ ဘာမှ အခက်အခဲ တွေ့နိုင်လိမ့်မယ် မဟုတ်ဘူးပေါ့။ လုပ်စရာရှိတာကို မြန်မြန်သွက်သွက် လုပ်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာ။ အခုတော့ တိုင်ပတ်နေလေရဲ့။ ထင်ထားသလို ဖြစ်မလာဘဲ ကြန့်ကြာနေတယ်။ တကယ်တမ်းကျတော့ စစ်ကြောတဲ့အခါမှာ ဟိဟာရက တတိယလူတစ်ယောက်ကို ရှိနေစေချင်တာမဟုတ်ဘူး။ အခုဆို ပထမပိုင်းက သူ မျှော်လင့်မထားတဲ့အတိုင်း အခြေအနေ ဆိုးရွားသွားတာ ဆိုတော့ နောက်တစ်ကြိမ် ထပ်ပြီး အရှက်ကွဲ မခံနိုင်တော့ဘူး။ ဒါနဲ့ သူက ဗိုလ်မှူးကို အပြင် ခေါ်ထုတ်သွားပြီး အိမ်ပြန်ဖို့ ယဉ်ယဉ်ကျေးကျေးပဲ အကြံပြုလိုက်တယ်။ ဟုတ်တယ်လေ။ စစ်ကြောတယ်ဆိုတဲ့ ကိစ္စအသေးအမွှားလေးကို ဗိုလ်မှူးတစ်ယောက်က လုပ်စရာတဲ့လား။ ဗိုလ်မှူးရဲ့ အလုပ်က အမိန့်ချပြီး အိမ်ပြန်နှပ်နေရုံပဲ ဥစ္စာ။ ဗိုလ်မှူးလည်း ဘယ်တုန်းကတည်းက ပြန်ချင်နေသလဲ မသိပါဘူး။ နှစ်ခါ မပြောရဘူး။ အမိန့်ချပြီး တစ်ချိုးတည်း လစ်သွားလေရဲ့။

ဟိဟာရက ဗိုလ်မှူးကို ပြန်လွှတ်လိုက်ပြီးတဲ့နောက်မှာ ဦးဟန်ထွန်းကို အမိန့်ပေးပြီး ဗိုလ်ကြီးအောင်သူကို ခေါ်သွားခိုင်းလိုက်တယ်။ ဘယ်ခေါ်သွားရမှာလဲ။ မျက်နှာချင်းဆိုင် တိုက်ထဲကို။ ဘာလုပ်ဖို့လဲ။ ဆက်ပြီးတော့ စစ်ကြောဖို့ပေါ့။ စစ်ကြောတယ် ဆိုတာကလည်း ပညာလိုသေးတယ်။ နေရာ၊ နည်းလမ်း၊ စကားအသုံးအနှုန်း၊ ပတ်ဝန်းကျင်၊ အနေအထား၊ အလေးအပေါ့၊ အရေးပါမှုအတိုင်းအတာ၊ လုပ်ထုံးလုပ်နည်း၊ အပြင်းအပျော့ စတဲ့ အချက်တွေကို စနစ်တကျ ကိုင်တွယ်ထိန်းချုပ်တတ်ဖို့ အင်မတန်မှ အရေးကြီးတယ်။ ဟိဟာရက သူ့ကို ဟိုဘက်တိုက် ခေါ်သွားရတဲ့ အကြောင်းအရင်းက အထက်ပါအချက်တွေနဲ့ စနစ်တကျ ကိုင်တွယ်သွားဖို့ပဲ။ အဲဒီနည်းနဲ့ သူ့ကို ဖိအားတွေ ပေးမယ်၊ စိတ်ဓာတ်ကျအောင် လုပ်မယ်၊ ဖြူခါပြာခါကျအောင် လုပ်မယ်။ အချုပ်ပြောရရင်တော့ ကောင်းကောင်း နွှာမယ်ပေါ့။

အရှေ့တိုက်ကို ပြန်ရောက်လာတော့ အိမ်ပြန်ရောက်သွားတဲ့ အတိုင်းပဲ ဟိဟာရက တစ်ဖက်က ရေနွေးကြမ်းလေး သောက်ရင်း တစ်ချိန်တည်းမှာပဲ ဘာကိုမှ ပူပန်စရာ မလိုတော့ဘဲ စစ်ကြောနေလို့ ရတယ်။ မျှဉ်းပြီး ဆဲဆိုနေလို့ ရတယ်။ ခြိမ်းခြောက်နေလို့ ရတယ်။ ဒဏ်ခတ်နှိပ်စက်နေလို့ ရတယ်။ ဘာလုပ်လုပ်ပဲ။ ငြီးစီစီ ဖြစ်လာသလား၊ ပင်ပန်းလာသလား။ ဧည့်ခန်းထဲက ဆိုဖာတွေမှာ အနားယူလို့ ရတယ်။ ဒါမှမဟုတ် အပေါ်ထပ်တက်ပြီး တစ်ရေးတစ်မော အိပ်ပစ်လိုက်လို့လည်း ရသေးတယ်။

အစပိုင်းမှာတော့ စစ်ကြောရေးကို ဧည့်ခန်းထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်။ ဟိဟာရက သူ့ကို ဆိုဖာပေါ် ထိုင်ခိုင်းပြီး ဗိုလ်ဝတုတ်ကိုတောင် ရေနွေးကြမ်းတွေ ငှဲ့ထည့်ပေးခိုင်းနေသေးတယ်။ သူက ဆေးလိပ်သောက်တတ်မှန်းသိတော့ ဆေးလိပ်တစ်ဗူးကို ချထားပေးပြီး ဟိဟာရကိုယ်တိုင် ဆေးလိပ်တစ်လိပ် တည်ပေးလိုက်သေးတယ်။ ပြောတဲ့ စကားတွေကလည်း မာရေကျောရေ တစ်လုံးမှ မပါဘူး။ အကုန်လုံးက ယဉ်ယဉ်ကျေးကျေးပဲ။ ကုန်ကုန်ပြောရရင် မျက်နှာမှာ အပြုံးလေးတောင် ချိတ်လို့။ ဘေးလူအနေနဲ့ ကြည့်မယ်ဆိုရင် စစ်ကြောနေတာနဲ့ မတူဘဲ ငယ်သူငယ်ချင်းတစ်ယောက်ကို ဧည့်ခံနေတဲ့အတိုင်းပဲ။ ဒါမှမဟုတ် အဝေးက ရောက်လာတဲ့ လက်အောက်ငယ်သားတစ်ယောက်ပေါ့။ ဗိုလ်ဝတုတ်ကတော့ အဲဒီလို အောက်မေ့နေတာပဲ။ သူ စောစောက ဟိုဘက်ကို မရောက်လိုက်တော့ အခြေအနေမှန်ကို သိတာ မဟုတ်ဘူးလေ။ ဗိုလ်ကြီးအောင်သူကို သံသယတရားခံ အဖြစ်ကနေ ဖယ်ရှားလိုက်ပြီလို့ ယူဆနေတာပေါ့။ သူ့ကို စစ်ကြောနေပါတယ်လို့ ဘယ်သိပါ့မလဲ။

စစ်ကြောတယ် ဆိုတာက ခင်ဗျားကို စကားပြောခိုင်းတာပဲ။ ပါးစပ်ဟပြီး အမှန်အတိုင်း ဝန်ခံခိုင်းတာပဲ။ ဝန်မခံဘူးလား။ ဒါဆိုရင်တော့ ခင်ဗျားက အကင်းမပါးရာ ရောက်တယ်။ အထူအပါး နားမလည်ရာ ရောက်တယ်။ ဟိဟာရက ပင်ကိုအားဖြင့်တော့ စိတ်ရှည်တဲ့ လူတစ်ယောက်ပဲ။ အချိုသပ်တဲ့ စကားတွေ ပြောစရာ ကုန်သွားတော့ ခဏလောက် သည်းခံနေသေးတယ်။ အဆုံးမှာတော့ သည်းမခံနိုင်တော့ဘဲ လက်ထဲက ရေနွေးကြမ်းခွက်နဲ့ ကိုင်ပေါက်ပြီး ဆဲပါလေရော။ “ငါ-ိုးမသားရဲ့၊ မင်းက အတော် ခေါင်းမာတဲ့ကောင်ပါလား”

ဦးဟန်ထွန်းက သူ့သခင် ဒေါသထွက်နေတာကို မြင်တော့ သခင် စိတ်ကျေနပ်သွားအောင် ဆိုပြီး အရှေ့ကို ပြေးတဲ့ပြီး ဗိုလ်ကြီးအောင်သူရဲ့ ရင်ဝကို ခြေထောက်နဲ့ ဆောင့်ကန်ချလိုက်တယ်။ ဗိုလ်ကြီးခမျာမှာ ဟိဟာရ ပစ်လိုက်တဲ့ အကြမ်းပန်းကန်ကို ရှောင်နိုင်ဖို့အတွက် ရုတ်တရက် မတ်တတ်ထရပ်လိုက်ရတာ ဆိုတော့ ခြေထောက်က မတ်မတ်ရပ်နိုင်တဲ့ အနေအထားမှာ ရှိမနေသေးဘူး။ အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့ ခြေတစ်ချောင်းက ရင်ဝရောက်လာလေတော့ ရှောင်ချိန်မရဘဲ အွတ်ကနဲ အော်မြည်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားတယ်။

ဟိဟာရက သူ့အနား လျှောက်သွားပြီး ခနဲ့တဲ့တဲ့ ပြုံးရင်း ပြောတယ်။ “ယောက်ျားမှန်ရင် ဒူးမထောက် လက်မမြှောက်ကြေးဆို။ ဘယ်နှယ့် ဒူးထောက်နေရတာလဲ။ ထ ထ။ မင်း မရှက်တတ်ပေမယ့် ဟောဒီ စစ်ဝတ်စုံကိုတော့ အားနာဖို့ကောင်းတယ်” သူ မတ်တတ်ရပ်တာ စောင့်ပြီး ဆက်ပြောတယ်။ “နားထောင်။ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်။ ဒီလောက်ဆို မင်း သဘောပေါက်”

ဗိုလ်ကြီးအောင်သူကတော့ အရင်အတိုင်း သဘောမပေါက်နိုင်သေးဘူး။ ဆိုလိုတာက သူ့ရဲ့ နောက်ဆုံးအခွင့်အရေးကို လက်လွှတ်ခံလိုက်တယ်။ ဝန်မခံဘူးပဲ။ ဘူးဆို ဖရုံမသီးဘူးပဲ။ ရှေ့တစ်ခေါက်နဲ့ မတူတဲ့အချက်က ဒီတစ်ခေါက်မှာ ဝန်မခံတဲ့ ပုံစံက ပြောင်းလဲသွားတယ်။ အကြီးအကျယ် ပြောင်းလဲသွားတယ်။ ကြမ်းပြင်ပေါ် ဒူးထောက်ချပြီး မျက်ရည်နဲ့မျက်ခွက် ငိုယိုတိုင်တည်နေတော့တာပဲ။ အရင်က ပိုင်ဆိုင်ထားခဲ့သမျှ သတ္တိဗျတ္တိတွေနဲ့ ဂုဏ်သိက္ခာတွေ အကုန်လုံးက ကြမ်းပြင်ပေါ်မှာ တစ်စမကျန် ကြေမွကွဲကြေကုန်တယ်။ မရှိတော့ဘူး။ ကုန်းကောက်စရာကို မရှိတော့ဘူး။

ဦးဟန်ထွန်းက ဆဲတယ်။ “ဟန်ဆောင်မနေနဲ့။ သေးတွေ၊ မျက်ရည်တွေ အကုန်ထွက်သွားလည်း ငါတို့က မင်းကို သနားမှာ မပါဘူး။ ငါတို့ကို လှည့်စားဖို့ ကြိုးစားမနေနဲ့”

ဟိဟာရက သူ့ကို လက်ပြပြီး တားလိုက်တယ်။ ဗိုလ်ကြီးအောင်သူရဲ့ အရှေ့မှာ သွားရပ်ပြီး သူ့ကို တည့်တည့် စိုက်ကြည့်နေတယ်။ ပြီးတော့ အတည်ပေါက်မျက်နှာထားနဲ့ ပြောတယ်။ “ယောကျ်ားမှန်ရင် မျက်ရည်မကျရဘူးလို့ ပြောကြတယ် မဟုတ်လား။ ဘာကြောင့် ငိုနေရတာလဲ။ ငါက ယောက်ျားတွေ မျက်ရည်ကျတာကို တစ်စက်ကလေးမှ ကြည့်ရတာ မဟုတ်ဘူး။ အခြောက်ကျနေတာပဲ။ ဘာငိုစရာ ရှိလဲ။ မငိုနဲ့။ ငါက မင်းကို ငိုခိုင်းနေတာ မဟုတ်ဘူး။ ပြောခိုင်းနေတာ။ မင်းရဲ့ မျက်ရည်က ငါ့ကို စိတ်နူးညံ့သွားအောင် လုပ်နိုင်တယ်ပဲ ဆိုပါတော့။ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ကြိမ် ထပ်ပေးဦးမယ်” ဟိဟာရက နောက်စကားတွေကို သတိပေးတဲ့သဘောနဲ့ ခပ်ဆတ်ဆတ် ပြောလိုက်တယ်။ “ဒါပေမယ့် ငါ့ရဲ့ သည်းခံနိုင်စွမ်းကို ထပ်ပြီး စမ်းသပ်ဖို့ စိတ်မကူးနဲ့တော့။ ဒီတစ်ကြိမ်က တကယ့်ကို နောက်ဆုံး အခွင့်အရေးပဲ”

ဗိုလ်ကြီးအောင်သူက ဘုရားပေးတဲ့ နောက်ဆုံးအခွင့်အရေးကိုလည်း ဖြုန်းတီးပစ်လိုက်တယ်။

ဝန်မခံဘူး။

ဟင့်အင်း၊ ဘူးဆို ဘူးပဲ။

ကွန်မြူနစ်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အတိအလင်း ဖော်ပြလိုက်တာပါပဲ။ သေတောင် ခေါင်းမညိတ်ဘူး။ သေတောင် မလိုက်လျောဘူး။

ဂိတ်ဆုံးသွားပြီ။ ဟိဟာရက စားပွဲကို ဖြန်းကနဲ ရိုက်ပြီး မတ်တတ်ထရပ်တယ်။ “-ီးပဲ။ အိမ်သာကျင်းထဲက ကျောက်ခဲလို မာကမာ၊ နံကနံနဲ့။ အေးလေ။ မင်းက မာချင်ယောင်ဆောင်ပြီး အပျော့မကြိုက်ဘူး ဆိုမှတော့ မင်းကြိုက်တဲ့ အမာကိုပဲ မင်းကို ကျွေးရတော့မှာပေါ့”

လှည့်ထွက်သွားခါနီးမှာ ဦးဟန်ထွန်းကို တစ်ခွန်း လှမ်းပြောလိုက်တယ်။ “ကဲ … ခင်ဗျား လက်ဆကို ကြည့်ရတော့မှာပဲ။ သူ ဘယ်လောက် မာနိုင်မလဲ ဆိုတာ”

လမ်းတစ်ဝက်ရောက်တော့ ပြန်လှည့်ပြီး ဘေးဘီဝဲယာကို ကြည့်နေပြန်တယ်။ နောက်တော့ အရှေ့ဘက်ဆုံးက အခန်းတစ်ခန်းကို လက်ညှိုးထိုးပြပြီး ဦးဟန်ထွန်းကို အမိန့်ပေးလိုက်တယ်။

“ဟိုအခန်းထဲကိုသွား။ အသံ သိပ်မထွက်စေနဲ့”

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *