Show contents

(င)

ညစာစားကြတဲ့အချိန်မှာ ဟိဟာရကိုယ်တိုင် သူတို့နဲ့အတူ စားသောက်ခဲ့တယ်။ စားစရာတွေကတော့ အမယ်ကိုစုံလို့။ ငါးလည်း ပါတယ်။ ဖားလည်း ပါတယ်။ ကြက်လည်း ပါတယ်။ အရက်လည်း ပါတယ်။ အရက်က တော်တော်ကိုပြင်းတဲ့ ဂျပန်ဆာကေးအရက်ပဲ။ ဟိဟာရရဲ့ ရည်ရွယ်ချက်က သူတို့ကို အရက်သောက်စေချင်တာ။ များများသောက်လေ ကောင်းလေ။ မူးလေ ကောင်းလေပဲ။ မြန်မာစကားပုံက ထန်းရည်မူး ကျွဲခိုးပေါ်တဲ့။ ဒီမှာတော့ ဆာကေးမူး မြွေပွေးပေါ်လို့ ဆိုရတော့မယ်။ ဒဏ္ဍာရီပုံပြင်ထဲမှာလည်း ရှိတယ်လေ။ လူယောင်ဖန်ဆင်းလာတဲ့ မြွေနဂါးကြီးက အရက်သောက်လိုက်မိလို့ လူလုံးလူဖန်ပျောက်ပြီး အမြီးထွက်လာသတဲ့။ ဒါကြောင့် စားပွဲမှာ ထိုင်မိပြီ ဆိုတာနဲ့ ဟိဟာရက လူအားလုံးကို သူကိုယ်တိုင် အရက်တစ်ခွက်စီ ငှဲ့ပေးလိုက်တယ်။ ပြီးတော့ သူက ဦးဆောင်ပြီး အရက်ခွက်ကို မြှောက်ကိုင်လိုက်ရော။ “လာဗျာ၊ ချလိုက်ကြရအောင်။ ဒါ ခင်ဗျားတို့နဲ့ ပထမဆုံးအကြိမ် ထမင်းဝိုင်းမှာ အတူထိုင်ဖူးတာပဲ။ နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်”

အဓိပ္ပာယ်က မြွေပွေးကို မြန်မြန် ဖော်ထုတ်ပြီး ကိုယ့်အိမ်ကို ပြန်ကြတာပေါ့ ဆိုတဲ့သဘော။

တစ်နည်း လှည့်ပြောရရင် မြွေပွေးက အရက်ရှိန်ကြောင့် သူ့ဖင်ကြားကနေ အမြီးထွက်လာပါစေ ဆိုတဲ့သဘော။

ဒါပေမယ့် ချိုမာက အရက်ခွက်ကို ကောက်မကိုင်ဘူး။ သူက အရက်နဲ့ ဓာတ်မတည့်လို့ ဘယ်တုန်းကမှ အရက်မသောက်ခဲ့ဘူးလို့ ပြောလာတယ်။ ချိုမာရဲ့ စကားက အမှန်ပဲလားလို့ စားပွဲမှာ ရှိသမျှ လူအားလုံးကို ဟိဟာရက မေးတယ်။ အားလုံးက မသိပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ချိုမာက အဲဒီလို လူအများနဲ့ ရုတ်ရုတ်ရုတ်ရုတ် နေခဲ့ဖူးတာမှ မဟုတ်ဘဲ။ ဒါကြောင့် သူက ဘယ်သူဆို ဘယ်သူနဲ့မှ အပြင်မှာ ထမင်းအတူ ထွက်မစားဖူးဘူး။

ဟိဟာရက ကြားတော့ ရယ်တယ်။ “ကြည့်ရတာ ကျုပ်တို့ ဒေါ်ချိုမာက ဘုရားဖြစ်မယ့် အုတ်နီခဲပဲဗျ”

ချိုမာက မျက်နှာကို တင်းထားတယ်။ “ဒါပေါ့ရှင်။ မာစတာက ကျွန်မကို ဘုရားမကြိုက်တဲ့ အလုပ်ကို လုပ်စေချင်တာလား”

ဟိဟာရက အားရပါးရ ရယ်ချလိုက်တယ်။ “ဘုရားမကြိုက်ပေမယ့် ကျုပ် ကြိုက်တယ်ဗျ။ ဒါကြောင့် ခင်ဗျားကိုလည်း တစ်ခေါက်လောက်တော့ စမ်းကြည့်စေချင်တယ်။ ဒါမျိုး အခွင့်အရေးက ကြုံရခဲတယ် မဟုတ်လား”

ဟင့်အင်း။

မသောက်ဘူး။

မသောက်ဘူးဆို လုံးဝ မသောက်ဘူးပဲ။

ချိုမာက အဲဒီလို ဘူးခံငြင်းနေတော့ အရက်သောက်ကြမယ့် ကျန်လူတွေကလည်း အကုန်လုံး ဖီးအောက်ကုန်တယ်။ ဒီတော့ ဟိဟာရတစ်ယောက်လည်း တင်းလာတော့တာပေါ့။ လူက တင်းလာပြီဆိုရင် တောင်တွေးမြောက်တွေးနဲ့ သံသယတွေလည်း ကြီးလာတတ်တာ မဟုတ်လား။ သူနဲ့ မဆိုင်သလို အေးတိအေးစက် မျက်နှာပေးနဲ့ ဘေးထွက်နေတဲ့ ချိုမာကို ကြည့်ပြီး ဟိဟာရရဲ့ စိတ်ထဲမှာ သူက အရက်မူးပြီး ကျွဲခိုးပေါ်မှာကို ကြောက်နေလို့များလားလို့ မတွေးဘဲ မနေနိုင်အောင် ဖြစ်လာတယ်။ ချိုမာက အရက်ကြောင့် ဖုံးမနိုင်ဖိမရ ဖြစ်သွားမှာကို ကာကွယ်နေတဲ့အနေနဲ့ အရက်မသောက်ဘဲ နေနေတယ် ဆိုတဲ့ အတွေးက ဟိဟာရအတွက်တော့ သူ့ကို သံသယဝင်ဖို့အတွက် လမ်းစတစ်ခု ဖြစ်လာတယ်။ တကယ်လို့ အဲဒီအတွေးက ခေတ္တမျှ ဖျတ်ကနဲ ပေါ်ပြီး ပျောက်သွားတဲ့ မီးပွားကလေးမျှပဲ ဆိုရင်တော့ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်က သူ့ (ချိုမာ) ကို ဟိဟာရရဲ့ အာရုံစူးစိုက်မှု ခံလာခဲ့ရတဲ့ ပင်မအကြောင်းအရင်းပဲလို့ ပြောရလိမ့်မယ်။

အဖြစ်အပျက်က ဒီလိုပါ။ ညစာစားလို့ နာရီဝက်လောက် ကြာသွားတဲ့အခါမှာ ချိုမာနဲ့ ဗိုလ်ကြီးအောင်သူတို့ ထသတ်ကြပါလေရော။ ဒါကတော့ တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်လာမှာပဲ။ သူတို့နှစ်ယောက်က အချင်းချင်း မျက်စောင်းခဲနေကြတာ အတော်ကြာပြီ။ ဖောက်ထုတ်ပစ်ဖို့ အခါအခွင့်ကိုပဲ စောင့်နေကြတာလေ။ အခု ဟိဟာရရဲ့ ညစာစားပွဲက အဲဒီ အခွင့်အရေးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားတယ်။ စထိုင်ကြကတည်းက ဗိုလ်ကြီးအောင်သူက ချိုမာကို မျက်စောင်းထိုးလိုက်၊ မျက်မှောင်ကုတ်လိုက်၊ ရွဲ့လိုက်စောင်းလိုက် လုပ်နေခဲ့တာ။ ပြီးတော့ မျက်လုံးချင်း ဆုံမိသွားကြရင်လည်း ဗိုလ်ကြီးက အများမမြင်အောင် လက်သီးပုန်းပြပြီး ခြိမ်းခြောက်လိုက်သေး။ စားကြပြီ သောက်ကြပြီ ဆိုတော့ သူက မူးတာကို ကာဗာယူပြီး စကားလုံးတွေက မထိခလုတ် ထိခလုတ်နဲ့ တဖြည်းဖြည်း အတင့်ရဲလာတယ်။ ချိုမာကတော့ ဘာမှ ခွန်းတုံ့မပြန်ဘဲ သည်းခံနေတယ်။ မကြားချင်ယောင် ဆောင်နေတယ်။ သိပ်ကို သဘောထား ကြီးနေသယောင်ယောင်၊ ဒါပေမယ့် အများရှေ့မှာတော့ ပျော့ညံ့နေသယောင်ယောင်ပေါ့။

နောက်တော့ ဗိုလ်ကြီးက ရုတ်တရက် သတိရသွားသလို ဟန်ပန်မျိုးနဲ့ ချိုမာကို အများရဲ့ အရှေ့မှာ မနေ့ညက ပြောခဲ့တဲ့စကားတွေကို နောက်တစ်ခေါက် ပြန်ပြောပြဖို့ တောင်းဆိုလိုက်တယ်။ ချိုမာက သူ့ကို ရုံးခန်းထဲ ဘယ်ပုံ ခေါ်သွားတယ် ဆိုတာနဲ့ ကြေးနန်းဝှက်စာအကြောင်းကို ဘယ်လို ပြောပြခဲ့တယ် ဆိုတဲ့ အကြောင်းတွေပေါ့။ ချဲလင့်ခေါ်လိုက်တဲ့ သဘော။

ဗိုလ်ကြီးအောင်သူက ဟိဟာရကို ပြောတယ်။ “တကယ်လို့ သူပြောတာ တစ်ထပ်တည်း ကျမနေဘူးဆိုရင် သူ လိမ်ပြောတာ သေချာနေပြီ”

ချိုမာက သူ့ကို ပြန်မေးလိုက်တယ်။ “တကယ်လို့ တစ်ထပ်တည်း ကျနေရင်ရော။ ဒါဆို ဗိုလ်ကြီးက မြွေပွေးပါလို့ ဆိုလိုရာ ရောက်သွားမလား”

ဗိုလ်ကြီးအောင်သူက ပြောတယ်။ “တစ်ထပ်တည်း ကျတယ်ဆိုရင် မင်းက သိပ်ကို ကောက်ကျစ်တယ်လို့ ဆိုလိုရာ ရောက်တာပေါ့။ မုသားစကားကိုတောင် အသေ မှတ်ထားတာလေ”

ချိုမာက ပြောတယ်။ “အဲဒီလိုဆိုမှတော့ ကျွန်မက ဘာလုပ်ဖို့ ပြောနေဦးမလဲ။ ဘယ်လိုပြောပြော၊ ကျွန်မအမှားချည်း ဖြစ်နေမှာ မဟုတ်လား”

ဗိုလ်ကြီးအောင်သူက ပြောတယ်။ “ခင်ဗျားက မပြောရဲတာလေ။ အရက်ကိုတောင် မသောက်ရဲဘူး။ အိုးမလုံ အုံပွင့်နေတာ မဟုတ်လား”

စကားဆုံးတာနဲ့ ချိုမာက ဆတ်ကနဲ ထရပ်ပြီး ခွက်ထဲက အရက်တွေနဲ့ ဗိုလ်ကြီးအောင်သူရဲ့ မျက်နှာကို ဖြန်းကနဲ ပက်ချလိုက်တယ်။

တစ်ခဏလောက်တော့ ညစာထမင်းဝိုင်းမှာ အခြေအနေတွေ ရှုပ်ယှက်ခတ်သွားတယ်။ ဖျန်ဖြေပေးမယ့်သူတွေက များနေလို့ တော်ပါသေးရဲ့။ ဆွဲလားယမ်းလားနဲ့ သူတို့နှစ်ယောက်ကို ခွဲထုတ်နိုင်လိုက်ကြတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ချိုမာခမျာ မျက်နှာတစ်ခြမ်း ဖူးဖူးယောင်သွားနိုင်တယ်လေ။ ဗိုလ်ကြီးအောင်သူက ဘယ်လိုလူစားမျိုးလဲ။ လူသတ်လာတဲ့လူ။ ခြေတွေလက်တွေက လျင်ကလျင်နဲ့။ ချိုမာက မိန်းမသားတစ်ယောက်ဆိုတော့ ဘယ်လောက်ပဲ ခေါင်းမာစိတ်မာပါတယ် ပြောပြော၊ ဝမ်းဘိုင်ဝမ်း တွေ့ကြပြီဆိုရင် ခံရမယ့်သူက သူပဲ။

လူတွေ ဖူးယောင်မသွားအောင် သွေးထွက်သံယိုမဖြစ်အောင် တားမြစ်လိုက်နိုင်တယ် ဆိုပေမယ့် ဟိဟာရရဲ့ မူလစီမံကိန်းကြီးက အခုဆို လုံးဝဥဿုံ ရေစုန်မျောသွားပြီ။ ဟိဟာရက လူတစ်ယောက်ချင်းစီရဲ့ မျက်နှာကို အသေအချာကြည့်ပြီး ထမင်းစားပွဲကနေ ထွက်ခွာသွားတယ်။ ဒါပေမယ့် သူ့မျက်ဝန်းအိမ်ထဲမှာ၊ သူ့ စိတ်အာရုံထဲမှာ ထင်ကျန်နေခဲ့တဲ့သူကတော့ တစ်ယောက်တည်းရယ် … ချိုမာ။ ဒီညမှာ ချိုမာတစ်ယောက် ရှေ့စွယ်နှစ်ချောင်း ပေါ်သွားခဲ့ပြီလို့ ဟိဟာရက ယူဆမိတယ်။ အလည်လွန်တဲ့ဘီး ချေးနင်းမိတယ် ဆိုတာမျိုးပေါ့။ ဗိုလ်ကြီးအောင်သူရဲ့ အရှေ့မှာ ပြောခဲ့တဲ့ အယုတ္တအနတ္တ စကားတွေကိုတောင် ချိုမာက မသိကျိုးကျွံ ပြုနိုင်ခဲ့သေးတာပဲ။ ဘာဖြစ်လို့ သူက အဲဒီအချိန်မှာ သည်းမခံနိုင်အောင် ဖြစ်သွားခဲ့ရတာလဲ။ ဟိဟာရ အဲဒီလို မတွေးဘဲ မနေနိုင်အောင် ဖြစ်နေတယ်။ အဲဒီစကားက ဒီလောက်တောင် နားခါးသလား။ အဲဒီစကားက ဘယ်နေရာမှာ နားခါးနေတာလဲ။ အဲဒီစကားက ယုတ်တီးယုတ်ပတ် တစ်ခုမှ မပါဘူး။ သန့်သန့်ရှင်းရှင်းလေးပဲ။ ငါနဲ့ ကိုင်တုတ်ပြီး ဆဲနေတာလည်း မဟုတ်ဘူး။ ဘာဖြစ်ပါစေ ညာဖြစ်ပါစေဆိုပြီး ကျိန်ဆဲနေတာလည်း မဟုတ်ဘူး။ ပြောမယ်ဆိုရင်တော့ မခံချင်အောင် ဆွပေးတဲ့ စကားသက်သက်ပဲ။ ဒီလောက် ဟောဟောဒိုင်းဒိုင်း လုပ်စရာ လိုလို့လား။ တောင်တွေးမြောက်တွေးနဲ့ တစ်ခုခုတော့ လွဲနေပြီ ဆိုတာကို ဟိဟာရ ခံစားနေရတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်လာအောင် ချိုမာက တမင် ဖန်တီးခဲ့တာပဲလို့ သူ တွေးဆမိတယ်။ ရည်ရွယ်ချက်ကတော့ ဗိုလ်ကြီးအောင်သူရဲ့ တောင်းဆိုချက်ကို ရှောင်ကွင်းနိုင်ဖို့ပေါ့။ သူ နောက်တစ်ဆင့်တက်ပြီး တွေးဆကြည့်ပြန်တယ်။ ဒါဆို ချိုမာက သူ့ရဲ့ အရင်စကားအတိုင်း တထေရာတည်းတူအောင် မပြောနိုင်မှာကို တကယ် စိုးကြောက်နေတယ်လို့ ဆိုလိုရာ ရောက်နေတယ်။ နောက်တစ်ဆင့် ထပ်တက်ပြီး တွေးဆကြည့်ရရင် သူက တကယ်ကိုပဲ ညာနေတာ ဖြစ်ရမယ်လို့ အဓိပ္ပာယ် ထွက်လာတယ်။ နောက်တစ်ဆင့် ထပ်တက်လိုက်ရင် …

အခြေအနေက ပိုပိုပြီး ရှုပ်ထွေးလာတယ်။

ထူးဆန်းတာက အဲဒီအတွက်နဲ့တော့ ဟိဟာရက နည်းနည်းလေးမှ စိတ်ရှုပ်မသွားဘူး။ ပိုလို့တောင် ဝမ်းသာလာသေးတယ်။ သူ့စိတ်ထဲမှာ အဲဒီလို ပြောနေမလား မဆိုနိုင်ဘူး။ သူက ချိုမာကိုတော့ မြွေပွေး မဖြစ်စေချင်ဘူးလေ။ သူ့အဖေနဲ့ သူ့အစ်ကိုတွေက အင်္ဂလိပ်အရင်းရှင်နဲ့ ကွန်မြူနစ်တွေ သတ်လို့ သေခဲ့ရတဲ့ ရဲရဲတောက် သူရဲကောင်းကြီးတွေ မဟုတ်လား။ သူ့စိတ်ထဲမှာ အဲဒီလူသတ်သမားတွေကို ဘယ်လောက်တောင် မုန်းနေမလဲဆိုတာ ကိုယ်ချင်းစာပေးလို့ ရပါတယ်။ အဲဒီလို လူတစ်ယောက်ကိုမှ ကွန်မြူနစ်သူပုန်၊ မြေအောက်သူလျှို၊ မြွေပွေးပါလို့ စွပ်စွဲရတာကတော့ သိပ်ပြီး မနိပ်လှဘူး။

ဒါပေမယ့် ထင်ကြေးတွေ လျှောက်ပေးနေလို့လည်း အဖြစ်မှန်က ထင်သလို ဖြစ်သွားနိုင်တာမှ မဟုတ်ဘဲ။ အခုချိန်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်လို့ ဆုံးဖြတ်ဖို့ရာက စောနေပါသေးတယ်လေ။ ကြည့်ကြသေးတာပေါ့။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *