ကိုလွင်က အညာသားကြီးတစ်ယောက်ပဲ။ အသားညိုညို၊ လူက ထောင်ထောင်မောင်းမောင်းနဲ့။ ချည်တဘက်ကို ခေါင်းမှာ အခန့်သား ပေါင်းထားသေးတယ်။ အချုပ်ပြောရရင် ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး သူ့ကို ဘာရယ်လို့ မှန်းဆရ အတော်ခက်တယ်။ လှေထိုးသားတစ်ယောက်လို ဗလကောင်းကောင်း။ နောက်ပြီး ဘုန်းကြီးလူထွက်တစ်ယောက်နဲ့လည်း တူနေပြန်ရော။ စကားပြောပုံက ဖော်ဖော်ရွေရွေ ချိုချိုသာသာနဲ့။ လူချင်းတွေ့ရတော့ ဦးဟန်ထွန်းရဲ့ စိတ်ထဲမှာ သူ့ကို တွေ့ဖူးနေသလိုလို ခံစားနေရတယ်။ မေးရင်းမြန်းရင်း၊ ပြောရင်းဆိုရင်းနဲ့မှ သူ သဘောပေါက်သွားတယ်။ လက်စသတ်တော့ ကိုလွင်က ဇာတ်အဖွဲ့တစ်ဖွဲ့က ဇာတ်မင်းသားပေကိုး။ ဒီနှစ်ဆန်းပိုင်းတုန်းကတောင် သူ့ဇာတ်ကို တပ်ထဲမှာ ကြည့်လိုက်ရသေးတယ်။ ဇာတ်ဝတ်ဇာတ်စားနဲ့ သူ့ရုပ်ပုံ ပန်းချီကားက ဈေးထိပ်၊ လမ်းထိပ်တွေမှာလည်း ကြေညာထားလို့ မတွေ့ချင်မှ အဆုံးပဲ မဟုတ်လား။
ကိုလွင်က မြို့ထဲ အိမ်တစ်အိမ်မှာ အခန်းတစ်ခန်းငှားပြီး နေနေတာပါ။ အခန်းက နည်းနည်း ကျယ်တယ်။ ခုတင်အပြင် နေရာလွတ်မှာ ထမင်းစား စားပွဲနဲ့ ထိုင်ခုံနှစ်လုံး သုံးလုံး ချထားသေးတယ်။ ခုတင်ခေါင်းရင်းနားက စားပွဲပေါ်မှာ မြသန္တာရဲ့ ဓာတ်ပုံတစ်ပုံ ထောင်ထားတာ တွေ့ရတယ်။ သဘောက သူတို့နှစ်ယောက်ရဲ့ ပတ်သက်ဆက်နွှယ်မှုက သာမန် မဟုတ်ဘူးပေါ့။ အတွဲတွေလည်း ဖြစ်နိုင်တာပဲ။ ဓာတ်ပုံက အဖြူအမည်း ဓာတ်ပုံဆိုတော့ အများကြီး သဲသဲကွဲကွဲ မမြင်ရပေမယ့် မြသန္တာရဲ့ ပင်ကိုအလှကတော့ ထင်းထင်းကြီး ပေါ်လွင်နေတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ မြသန္တာလို့ မထင်ရဘူး။ စေ့စေ့ကြည့်ကာမှ သူမှန်း သိနိုင်တော့တယ်။
ဦးဟန်ထွန်းက ထမင်းစား စားပွဲဘေးက ကုလားထိုင်တစ်လုံးမှာ ခဏလောက် ထိုင်ပြီး ရှမ်းဖက်ဆေးလိပ်ဖွာရင်း ကိုလွင်နဲ့ တောင်တောင်ဤဤ လျှောက်ပြောဖြစ်တယ်။ ဦးဟန်ထွန်းရဲ့ အမြင်အရတော့ ကိုလွင်ရဲ့ ကိုယ်ဟန်အမူအရာက မူမှန်တယ်လို့ ပြောလို့ရတယ်။ မဟုတ်တာ လုပ်ထားလို့ ကျီးလန့်စာ စားနေရတဲ့ ရုပ်မျိုး မဟုတ်ဘူး။ စကားပြောနေတာတွေက အေးအေးဆေးဆေးပဲ။ မြေအောက်လှုပ်ရှားသူနဲ့ နည်းနည်းမှ မတူဘူး။ ဒါပေမယ့် စားပွဲပေါ်မှာ ပစ်တင်ထားတဲ့ စာအုပ်တစ်အုပ်က ဦးဟန်ထွန်းရဲ့ မျက်ခုံးတွေကို ပင့်တက်သွားစေခဲ့တယ်။ နာမည်ကျော် စာရေးဆရာကြီး မက္ကဇင် ဂေါ်ကီ ရေးထားတဲ့ အမေ ဆိုတဲ့ ဝတ္ထု။ နောက် စာအုပ်စင်ပေါ် ကြည့်လိုက်မိပြန်တော့လည်း ရှိုလိုကော့၊ အဂ္ဂါစနိုး စတဲ့ လက်ဝဲသမားတွေရဲ့ စာအုပ်အတော်များများကို တွေ့လိုက်ရတယ်။ ဒါဆို သူက ဇာတ်မင်းသားအဖြစ် ဟန်ပြ လုပ်နေတာများလား။ ဟိဟာရက တယ်လီဖုန်းထဲမှာ အဲဒီကိစ္စကို ကြားသိသွားတော့ ချက်ချင်းပဲ ဦးဟန်ထွန်းကို အမိန့်ပေးလိုက်တယ်။
“သူ့ကို သေချာစောင့်ကြည့်ထား။ တကယ်လို့သာ စာရွက်ပိုင်းပေါ်က လိပ်စာအတိုင်း သူ အဲဒီကို သွားပြီဆိုတာနဲ့ တစ်ခါတည်း ဆွဲစိပစ်လိုက်တော့”
ဒါပေမယ့် ကိုလွင်က မသွားခဲ့ဘူး။ အနည်းဆုံးတော့ ချက်ချင်း မသွားဘူးပေါ့။ သူက ဦးဟန်ထွန်းကို အိမ်အပြင် လိုက်ပို့ပြီးတာနဲ့ သူ့ဇာတ်အဖွဲ့ဆီကို ထွက်သွားတယ်။ ဝင်သွားပြီး ပြန်ကို ထွက်မလာတော့ဘူး။ အပြင်မှာ သူ့ကို စောင့်ကြည့်နေတဲ့သူ ရှိနေမှန်း သိနေတဲ့အတိုင်းပဲ။ ဦးဟန်ထွန်းက နှစ်နာရီကျော်ကျော်လောက် ထိုင်စောင့်ပြီးတဲ့နောက်မှာ အတော်လေး စိတ်ညစ်လာတယ်။ နေလည်း ဝင်တော့မှာမို့ ရဲဘော်တစ်ယောက်ကို စောင့်ကြည့်ဖို့ တာဝန်ပေးပြီး သူကတော့ ဟိဟာရကို အစီရင်ခံဖို့အတွက် စံအိမ်ဆီ ပြန်လာခဲ့လိုက်တယ်။
ဟိဟာရက အစီရင်ခံတာကို နားထောင်ပြီးတဲ့နောက်မှာ ဖြစ်စဉ်အစအဆုံးကို အနုလုံ ပဋိလုံ ချင့်ချိန်ဝေဖန်ကြည့်တယ်။ မြသန္တာက မြွေပွေး ဖြစ်နိုင်တယ် ဆိုတဲ့ သံသယကိုတော့ ပယ်ဖျောက်လို့ မရသေးဘူးလို့ သူ ယူဆတယ်။ သူက ပြောတယ်။ “အခု မသွားဘူးဆိုတာနဲ့ ညအချိန် မသွားဘူးလို့ ဆိုလိုရာ မရောက်ဘူး။ ညဘက် မသွားဘူးပဲ ထားဦး။ တစ်သက်လုံး မသွားဘူးဆိုရင်တောင်မှ သူ့ကို အပြစ်ကင်းပါတယ်လို့ ယူဆလို့ မရဘူး”
ဒီစကားရဲ့ သွယ်ဝိုက်အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဦးဟန်ထွန်းရဲ့ လှုပ်ရှားမှုက မပိရိ မသေသပ်လို့ ကိုလွင်က ထောင်ချောက်ကို ရိပ်စားမိသွားတာ ဖြစ်နိုင်တယ်လို့ ဆိုလိုရာ ရောက်နေတယ်။
ဦးဟန်ထွန်းက သူ့သခင်ရဲ့ သံသယစိတ်ကို သတိထားမိသွားတာကြောင့် အလျင်အမြန် ဖာရထေးရတော့တယ်။ တစ်ဖက်လူကို သံသယ ဝင်သွားနိုင်လောက်အောင် အလုပ်ကို သူ ပေါ့တီးပေါ့ဆ မလုပ်ခဲ့ပါဘူးလို့ ဟိုကျိန်ဒီကျိန် ပြောတော့တာပေါ့။
ဟိဟာရက တဟားဟား ရယ်ပြီး ပြောတယ်။ “ခင်ဗျားက ကိုလွင်ကို မြေအောက်သူပုန် လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုလိုချင်တာလား” ဦးဟန်ထွန်းက ဘယ်နှယ့်လုပ်ပြီး အဲဒီလောက် အပြောကြီးရဲပါ့မလဲ။
“ဒါကြောင့် …” ဟိဟာရက ပြောတယ်။ “သူ့ကို လူလွှတ်ပြီး ဆက်သာ စောင့်ကြည့်နေပေတော့။ ပလိုင်းထဲက ဖားကို လွတ်မသွားစေနဲ့”
အချုပ်ပြောရရင် အခြေအနေက မှန်းဆထားသလို ဖြစ်မလာခဲ့ဘူး။ ဟန်မလိုလိုနဲ့ မဟန်ဘူး။ ပြေမလိုလိုနဲ့ မပြေဘူး။ ပြဿနာကို ခပ်မြန်မြန် ဖြေရှင်းပစ်ဖို့ ခက်ခဲနေတယ်။ ဒီတော့ ခဏပစ်ထားပြီး အရိပ်အခြည် စောင့်ကြည့်နေရုံပဲ ရှိတော့တယ်။ စောင့်ကြည့်တာတော့ ဟုတ်ပါပြီ။ ဘယ်လို စောင့်ကြည့်ရမှာလဲ။ သူ့အလိုလို ဖြစ်ပျက်လာမှာကိုလား။ ဒါမှမဟုတ် ရေလာအောင် မြောင်းပေးရမှာလား။ ဟိဟာရက နောက်က နည်းလမ်းကို ရွေးချယ်လိုက်တယ်။ ဒီတော့ မြောင်းဘယ်လို ပေးကြမလဲ။ ဘယ်ရေကို လာအောင် လုပ်ရမှာလဲ။ ဟိဟာရလည်း ဦးနှောက်ခြောက်ပြီး စဉ်းစားရကျပ်နေတယ်။ နောက်တော့ ဦးဟန်ထွန်းဆီက မထင်မှတ်ဘဲ စကားတစ်ခွန်း ကြားလာရတယ်။ မြသန္တာက မူးလာရင် ပါးစပ်စည်း မစောင့်တတ်ဘူးတဲ့။ ဒါနဲ့ ဟိဟာရလည်း ရုတ်တရက် အကြံရသွားလို့ ပြတ်ပြတ်သားသား ပြောချလိုက်တယ်။
“ဒါဆိုလည်း ကျုပ်တို့ အရက်ဝိုင်းလေးတစ်ဝိုင်း လုပ်ကြတာပေါ့”
လုံးဝ ထင်မှတ်မထားမိခဲ့တာက ညခင်းဘက် အရက်ဝိုင်းမှာ ချိုမာက နောက်တစ်မျိုး ဖောက်လာပြန်တယ်။ ဟိဟာရလည်း မျက်စိတွေ လည်ကုန်ပါရောလား။