မာတိကာကြည့်ရန်

(ခ)

ဘယ်သူက မြွေပွေးလဲ။

နေ့ခင်းရောက်တော့ လုံခြုံရေးတပ်သားတစ်ဦးက ဟိဟာရကို ထူးခြားတဲ့ အခြေအနေတစ်ရပ် တင်ပြအစီရင်ခံတယ်။ ဖြစ်စဉ်ရဲ့ အကြောင်းခံက မြသန္တာပဲ။

အဖြစ်အပျက်က ဒီလို။ ဗိုလ်လေးနဲ့ တခြားလူတွေ စကားထိုင်ပြောလိုက်ကြတာ နေ့လယ်စာ ထမင်းစားချိန်လောက် ရောက်သွားတယ်။ စည်းကမ်းအရဆိုရင် စားရေးသောက်ရေးကိစ္စတွေကို ဦးဆောင်စီမံတာက ဦးဟန်ထွန်းပဲ။ အချိန်ရောက်တာနဲ့ သူက သူတို့ကို စားသောက်ဆောင်ခေါ်ပြီး ထမင်းကျွေးရမယ်။ ဒါပေမယ့် အဲဒီနေ့ နေ့လယ်က သူ မသွားနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိဟာရက ကိုယ်ယောင်ပြလို့ မဖြစ်သေးတော့ (မြို့ထဲသွားတယ်လို့ ညာပြောထားတာကြောင့်) သူက ဟိဟာရနဲ့အတူ အရှေ့တိုက်မှာ နေ့လယ်စာအတွက် အဖော်ပြုပေးနေရတယ်။ ဒါကြောင့် ဗိုလ်ဝတုတ်က သူ့အစား သူတို့တတွေကို နေ့လယ်စာစားဖို့ စီစဉ်ပေးရတယ်။ ဗိုလ်ဝတုတ်က ဗိုလ်လေးကို သွားပြောတယ်။ “ဦးဟန်ထွန်းက မြို့ထဲသွားပြီး မာစတာကို သွားကြိုနေတယ်။ မကြာခင် ပြန်လာမယ် ထင်ပါတယ်”

အဲဒီလို အကြောင်းပြချက်ပေးပြီး ဗိုလ်ဝတုတ်က သူတို့နဲ့အတူ ထမင်းစားဖို့ ထွက်လာကြတယ်။ စားဖိုဆောင်ကနေ အရှေ့တိုက်ကို စားကောင်းသောက်ဖွယ်တွေ ပို့ထားပေးတယ်။

ဒါပေမယ့် မြသန္တာက ဗိုလ်ဝတုတ်ကို အကျပ်တွေ့အောင် လုပ်လိုက်တယ်။ သူက ဗိုက်မဆာလို့ လိုက်မစားတော့ဘူးတဲ့။

ဒါက ထူးခြားတဲ့ အခြေအနေတစ်ရပ်ပဲ။ ဗိုလ်ဝတုတ်ကလည်း သဘောတူ၏ မတူ၏၊ ဘယ်လိုမှ မဆုံးဖြတ်တတ်အောင် ဖြစ်သွားတယ်။ ဒါပေမယ့် သဘောမတူတော့ရော ဘာတတ်နိုင်ဦးမှာတဲ့လဲ။ မြသန္တာက ခုတင်ပေါ် ကျောခင်းပြီး တုတ်တုတ်မှ မလှုပ်တော့ဘူး။ ကဲ … ဘာတတ်နိုင်သေးလဲ။ မတတ်နိုင်ဘူးလေ။ ခွင့်ပြုရတော့တာပေါ့။ ခွင့်မပြုချင်လည်း ခွင့်ပြုရမှာပဲ။ မတော် တကယ်ကြီး နေမကောင်းဖြစ်နေရင် ဘယ်လို လုပ်မလဲ။ ဒီတော့ မတတ်နိုင်တဲ့အဆုံး ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သူ့ကို စောင့်ကြည့်ဖို့ တပ်သားတစ်ယောက် ထားပစ်ခဲ့တယ်။

အဲဒါမှ ခွကျကုန်ရော။ မြသန္တာရဲ့ ထောင်ချောက်ထဲ လျောဝင်လိုက်သလို ဖြစ်သွားတယ်။

ပြီးတော့ ဟိဟာရနဲ့ ဦးဟန်ထွန်းတို့လည်း ပြတင်းပေါက်ကနေ အတိုင်းသား မြင်နေရတယ်။ ထမင်းစား ထွက်သွားတဲ့ လူအုပ်ထဲမှာ မြသန္တာ ပါမသွားဘူး။ ဘာများ ဖြစ်ပါလိမ့်ပေါ့။ ဟိဟာရရဲ့ အထင်က ဒီမိန်းမ နေမကောင်းချင်ယောင် ဆောင်နေတာပဲ ဖြစ်ရမယ်လို့။

“သူက နေမကောင်းဘူးလို့ ပြောနေတယ်။ ခင်ဗျား ဘယ်လိုလုပ်မလဲ။ သူ့ကို အတင်း သွားခိုင်းမှာလား” ဟိဟာရက ဦးဟန်ထွန်းကို စမ်းကြည့်ချင်တဲ့ သဘောနဲ့ မေးခွန်းထုတ်လိုက်တယ်။

ဦးဟန်ထွန်းက ပြောတယ်။ “တကယ်လို့ ညာတာပါတေးနဲ့ နေမကောင်းချင်ယောင် ဆောင်နေတာဆိုရင်တော့ သူ့ကို ဒီအတိုင်း ပစ်ထားလိုက်မယ်။ တကယ်လို့ အမှန်တကယ် နေမကောင်းဖြစ်နေတာ ဆိုရင်တော့ ဆရာဝန် ပင့်ပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီခြံထဲကနေ ထွက်သွားဖို့တော့ စိတ်မကူးလေနဲ့”

ဖြေလိုက်တဲ့ လေသံက အထစ်အငေါ့ မရှိဘူး။ ဟာကွက်မရှိဘူး။ မာန်အပြည့်နဲ့။ အစောကြီးကတည်းက ကြိုတင် စဉ်းစားပြင်ဆင်ထားပြီးသားပဲဟာ။

ဟိဟာရက သူ့ကို တမင် ကလိလိုက်တယ်။ “ပြောတော့ဖြင့် လွယ်လိုက်တာ။ ပထမဆုံးအနေနဲ့ သူ တကယ် နေမကောင်း ဖြစ်မဖြစ် ဆိုတာကို ခင်ဗျား ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။ ဟိုက မိန်းမလေ။ မီးယပ်နဲ့ဆိုင်တဲ့ ရောဂါတွေအကြောင်း လျှောက်ပြောနေရင် ခင်ဗျား ဘယ်လိုလုပ်ပြီး ဝေခွဲနိုင်တော့မလဲ။ နောက်ပြီး သူက တကယ် နေမကောင်း ဖြစ်နေရင် ဆရာဝန်ပင့်ပေးမယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်။ အဲဒီဆရာဝန်က ကျုပ်တို့ ဒီမှာ လုပ်နေတဲ့ လုပ်ငန်းရဲ့ သဘောသဘာဝ အစစ်အမှန်ကို ရိပ်မိသွားပြီး အပြင်မှာ လျှောက်ပြောနေရင် ဘယ်နှယ့်လုပ်မလဲ”

ဟုတ်လည်း ဟုတ်တာပဲ။ ဒီကိစ္စက ပြဿနာ သေးသေးမွှားမွှားလေးတော့ မဟုတ်ဘူး။ တကယ်လို့သာ မြသန္တာက တမင် ခွင်ဖန်နေတာ ဆိုရင်တော့ ခက်ရချည့်သေးရဲ့။

ကံကောင်းတာက မြသန္တာက အဲဒီလို ခွင်ဖန်နေတာ မဟုတ်ဘူး။ ဒါပေမယ့် ဦးဟန်ထွန်းကိုတော့ အတော်အတန် ဒုက္ခပေးနိုင်လိုက်တာတော့ အမှန်ပဲ။ သူ့ခမျာ ထမင်းတစ်နပ်ကိုတောင် ဖြောင့်ဖြောင့် မစားလိုက်ရရှာဘူး။ ပို့လာပေးတဲ့ ထမင်းဟင်းတွေက ကောင်းမိကောင်းရက်နဲ့။ သခင်နဲ့ နှစ်ယောက်တည်းသီးသန့် ထမင်းစားခွင့်ရတဲ့ ခံစားချက်ကလည်း မဆိုးလှဘူး မဟုတ်လား။ ပုံမှန်ဆိုရင် ဘယ်လိုလုပ်ပြီး ဒါမျိုး အခွင့်အရေး ရနိုင်ပါ့မလဲ။ နှစ်ယောက်တည်း မျက်နှာချင်းဆိုင်ထိုင်ပြီး သူတစ်ခွန်း ကိုယ်တစ်ခွန်းနဲ့ တကယ့်ကို ငယ်ပေါင်းကြီးဖော်တွေလိုမျိုးလေ။ ဒါပေမယ့် ခမျာမှာ စကားနှစ်ခွန်းတောင် မပြည့်သေးဘူး။ ထမင်း နှစ်လုတ်တောင် မဝင်သေးဘူး။ အနောက်တိုက်ရဲ့ လုံခြုံရေးတပ်သားတစ်ယောက်က အရေးပေါ် တံခါးလာခေါက်ပါလေရော။ အခြေအနေ ထူးခြားလို့တဲ့။

အခြေအနေက တကယ့်ကို ထူးခြားလာတယ်။

ဗိုလ်လေးတို့ တိုက်ထဲကနေ ထွက်သွားခါစပဲ ရှိသေးတယ်။ မြသန္တာက အောက်ထပ်ကို ဆင်းလာပြီးတော့ လုံခြုံရေးတပ်သားကို စကားရောဖောရော လာလုပ်တယ်။ အစပိုင်းမှာတော့ ဟိုလိုလို ဒီလိုလိုနဲ့ စကားတွေ တောင်စဉ်ရေမရ လျှောက်ပြောနေပြီး နောက်တော့ သူ့ကို ဘာကောင်မှတ်နေလဲ၊ သေသွားမယ်၊ ရှင်သွားမယ်၊ မသေမရှင် ဖြစ်သွားမယ် ဆိုတဲ့ အထာမျိုးနဲ့ သူဟာ လူကြီးတစ်ယောက်ရဲ့ သမီးဖြစ်ကြောင်း ပြောလာတယ်။ အဲဒီလို ပြောပြီးတော့မှ သူ့ရဲ့ ရည်ရွယ်ချက်ကို ချပြတော့တာပဲ။ ဘာလုပ်ချင်တာတဲ့လဲ။ တပ်သားလေးကို သူ့အတွက် ဖုန်းတစ်ကော ခေါ်ပေးစေချင်တာ။ ဖုန်းခေါ်ပြီး အဲဒီလူကို ဒီကို ချက်ချင်းလာဖို့ ပြောပေးပါတဲ့။ သူ့ကို အရေးတကြီး ပြောစရာ ရှိတယ်တဲ့။ သေချာပါတယ်။ တပ်သားလေးက အခုလို ကူညီပေးတဲ့အတွက် လာဘ်သပ္ပကာ တစ်ခုခုတော့ တုံ့ပြန်ခံရမှာပါ။ အလုပ်ပြီးမြောက်တာနဲ့ သူ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်ပါမယ်လို့ သူက ကတိပေးသတဲ့။ ဖုန်းလက်ခံမယ့် လူနဲ့ ပတ်သက်တဲ့ အကြောင်းကတော့ တပ်သားလေး ပြောပြတဲ့အတိုင်းဆို သူ့နာမည်က ကိုလွင်။ နောက်ပြီး ဖုန်းနံပါတ်တစ်ခု။ ကျန်တာကတော့ ဘာမှ မသိရဘူး။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *