မာတိကာကြည့်ရန်

(က)

တစ်ရက်က တစ်သက်လောက် ကြာတယ် ဆိုတဲ့ ခံစားမှုမျိုးက ဘယ်လိုမျိုးလဲ။

လက်ရှိအချိန်မှာ မြွေပွေး ခံစားနေရတာ အဲဒီလို ခံစားမှုမျိုးပဲ။ စက္ကန့်မိနစ်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးနေကြတယ်။ ဖိုးစီနဲ့ ရဲဘော်တွေရဲ့ အသက်အန္တရာယ်က မိနစ်နဲ့အမျှ အဆိုးဘက်ကို ဦးတည်နေတယ်။ ဒါပေမယ့် သူ့ခမျာ အချိန်ရဲ့ ရွေ့လျားနေမှုကို လက်ပိုက်ကြည့်နေရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ဘူး။ ပြတင်းပေါက်ရဲ့ ဟိုးအပြင်ဘက်မှာတော့ အရင် တွေ့မြင်နေကျ ပြာလွင်တဲ့ မိုးကောင်းကင်ကြီးက ရှိနေဆဲပဲ။ ပြီးတော့ မျက်နှာသေတွေနဲ့ လုံခြုံရေးတပ်သားတွေ။ ရင်ထဲမှာတော့ မှောင်မိုက်လွန်းနေတယ်။ မျှော်လင့်ချက် ကင်းမဲ့နေတယ်။ သူ မြင်ယောင်ကြည့်မိတယ်။ သူ့ရဲဘော်တွေကတော့ ဖိုးစီကို ကြိုဆိုဖို့အတွက်နဲ့ လျှို့ဝှက်အစည်းအဝေး လုပ်ဖို့အတွက် တော်တော်လေး ပြင်ဆင်ထားပြီးနေလောက်ပြီ။ သူ အသံနက်ကြီးနဲ့ အော်ပြောလိုက်တယ်။

အစည်းအဝေးကို အမြန်ဆုံး ဖျက်သိမ်းပစ်။ အမြန်ဆုံး ဖျက်သိမ်းပစ်လိုက် …

ဒါပေမယ့် သူ့ရဲ့ အော်ဟစ်သတိပေးစကားကို ကြားရတဲ့သူက သူတစ်ယောက်တည်း ဖြစ်နေတယ်။ အဲဒါက သူ့အတွက်တော့ အပြင်းထန်ဆုံးသော ဒဏ်ခတ်မှုတစ်မျိုးပဲ။ သူ့ဘော်ဒါတစ်ယောက် ပြောပြခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သူ ပြန်ပြီး ကြားယောင်မိတယ်။ ဒီလိုတာဝန်မျိုး (သူလျှိုအလုပ်) ယူထားတဲ့ သူတွေအတွက် စိတ်ဒုက္ခအရောက်ဆုံး ကိစ္စက ဘာလဲဆိုတော့ တစ်ခါတစ်ခါမှာ ကိုယ့်ရဲဘော်တွေကို ရန်သူက ဒုက္ခပေးနေတာ သိနေပါလျက်နဲ့ မဖြစ်မနေ လက်ပိုက်ကြည့်နေရတဲ့ အဖြစ်ပဲ။ အဲဒီအဖြစ်မျိုး ကြုံရမှာကို သူ သေမလောက် စိုးကြောက်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲဒီလို ဖြစ်ပျက်လာမှာကို ရှောင်လွှဲလို့ ရနိုင်ဟန် မတူတော့ဘူး။ သူ အတော်လေးကို စိတ်သောက ရောက်နေတယ်။ စိတ်သောက ရောက်ရတဲ့ အတိုင်းအတာက သူ မှန်းဆထားတာထက်ကို အပုံကြီး သာလွန်နေတယ်။

သူက သူ့ကိုယ်သူ အမြဲမပြတ် မေးခွန်းထုတ်နေမိတယ်။

သတင်းကို အပြင်ရောက်အောင် ငါ ဘယ်လို ခိုးထုတ်ရပါ့မလဲ။

တစ်ခေါက်ပြီး တစ်ခေါက်၊ တစ်ကျော့ပြီး တစ်ကျော့ မေးနေမိတယ်။ အဲဒီလို ဆက်တိုက် မေးခွန်းထုတ်နေလိုက်ရင် သူ့ရဲ့ စိတ်သောကတွေက တဖြည်းဖြည်း လျော့ကျသွားတော့မယ့် အတိုင်းပဲ။ တကယ်တမ်းကျတော့ ပိုလို့တောင် တိုးပွားလာတယ်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *