နောက်ဆုံးမှ ဆင်းလာတဲ့သူကတော့ မြသန္တာပဲ။
မြသန္တာက အခန်းထဲ ရောက်ပြီဆိုတာနဲ့ လက်ဦးမှုယူပြီး ဗိုလ်လေးကို ခွပ်တော့တာပဲ။ “ရှင် မေးလားမြန်းလား လုပ်တာကို နားထောင်ဖို့ ဆင်းလာတယ် ထင်မနေနဲ့။ ကျွန်မ ဆင်းလာပြီး ရှင့်ကို လာပြောတာ။ ကျွန်မ ဘာမှ မသိဘူး။ ကျွန်မကိုယ်တိုင် မြွေပွေး မဟုတ်သလို တခြားသူတွေ ဟုတ်မဟုတ် ဆိုတာကိုလည်း ကျွန်မ မသိဘူး။ မေးချင်ရင် သူတို့ကိုသာ သွားမေးပေတော့”
သူ့ပုံပန်းသဏ္ဌာန်ကို မမြင်ရဘူး ဆိုပေမယ့် သူ့ရဲ့ ထီမထင်တဲ့ အပြုအမူနဲ့ စကားအသုံးအနှုန်းကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ မောက်မာခက်ထန်တဲ့ သွင်ပြင်လက္ခဏာကို ဟိဟာရနဲ့ ဦးဟန်ထွန်းတို့ မှန်းဆကြည့်လို့ရတယ်။ သူတို့နှစ်ယောက်ရဲ့ ပြောစကားတွေကတော့ ဟိဟာရအတွက် အတော်လေး စိတ်ဝင်စားစရာ ကောင်းနေတယ်။
ဗိုလ်လေး – ကျွန်တော် လူတိုင်းကို မေးရမှာပဲ။ သူတို့ဟာ သူတို့ပြော၊ ခင်ဗျားဟာ ခင်ဗျားပြောပေါ့။ အခု ကျွန်တော်က ခင်ဗျားကို မေးနေတာလေ။
မြသန္တာ – ကျွန်မ စောစောက ပြောပြီးသွားပြီလေ။ သူတို့တွေက သူလျှိုဟုတ်မဟုတ် ဆိုတာကို ကျွန်မ မသိဘူး။ ကျွန်မ မဟုတ်ဘူး ဆိုတာပဲ သိတယ်။
ဗိုလ်လေး – ခင်ဗျား မဟုတ်ပါဘူးလို့ ခင်ဗျား ဘာနဲ့ သက်သေပြမှာလဲ။
မြသန္တာ – ဒါဆို ကျွန်မကို သူလျှိုပါလို့ ရှင်ကရော ဘာနဲ့ သက်သေပြမှာလဲ။
ဗိုလ်လေး – အနည်းဆုံးတော့ ခင်ဗျားမှာ ဖြစ်နိုင်ခြေ လေးပုံတစ်ပုံ ရှိတယ်။
မြသန္တာ – ဒါဆို ရှင်က ကျွန်မကို လေးပုံတစ်ပုံ သတ်မလို့လား။ ခေါင်းယူမှာလား၊ ခြေယူမှာလား။ ရှင့်သဘောပဲ။
ဗိုလ်လေး – ဒီမယ် မြသန္တာ၊ ခင်ဗျားရဲ့လုပ်ပုံက ဗိုလ်မှူးနဲ့ မာစတာကို အာခံနေတာပဲ။ ခင်ဗျား ဒုက္ခရောက်သွားနိုင်တယ် ဆိုတာကို ခင်ဗျား သိလား။
မြသန္တာ – ဒီမယ် ဗိုလ်လေးထွန်းမြင့်၊ ရှင် ကျွန်မကို သတ်နိုင်ရင် အခုပဲ သတ်ပစ်လိုက်။ မဟုတ်လို့ကတော့ အပြင်ရောက်ရင် ရှင် သေပြီသာမှတ်။
ဗိုလ်လေး – မြသန္တာ၊ ကျွန်တော် ခင်ဗျားအဖေအကြောင်း ကြားဖူးပြီးသားပါ … (မျက်နှာချိုသွေးတဲ့ ရယ်သံ) ဒါက ကျွန်တော့်အလုပ်တာဝန်လေဗျာ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကျပ်ရိုက်အောင် မလုပ်ချင်စမ်းပါနဲ့။
မြသန္တာ – သူတို့က သူလျှိုဟုတ်မဟုတ် ဆိုတာကို ကျွန်မ တကယ်ကြီးကိုပဲ သိမှမသိတာ။ စွတ်ဆတ်ပြောလို့ ဘယ်ဖြစ်ပါ့မလဲ။
ဗိုလ်လေး – ဒီလိုလုပ်ရအောင်၊ မြသန္တာ။ ဗိုလ်ကြီးအောင်သူနဲ့ ဒေါ်ချိုမာတို့ နှစ်ယောက်စလုံးက ခင်ဗျားရဲ့ အထက်အရာရှိတွေချည်းပဲ။ ခင်ဗျား သူတို့အကြောင်းတော့ နားလည်ထားမှာပါ။ တကယ်လို့သာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို စွဲချက်ဖွင့်ရမယ် ဆိုရင် ခင်ဗျား ဘယ်သူ့ကို ရွေးမလဲ။
မြသန္တာ – ကျွန်မ မရွေးတတ်ဘူး။
ဗိုလ်လေး – တစ်ယောက်ယောက်ကို မဖြစ်မနေ ရွေးရမယ် ဆိုရင်ရောဗျာ။
မြသန္တာ – ဒါဆိုလည်း ကျွန်မကိုယ်ကျွန်မပဲ ရွေးလိုက်တော့မယ်။ ဖြစ်ပြီ မဟုတ်လား …
အဝေးကို တစ်ဂွက်ဂွက်နဲ့ နင်းထွက်သွားတဲ့ မြသန္တာရဲ့ ခြေသံတွေကို နားထောင်နေရင်း ဟိဟာရရဲ့ စိတ်ထဲမှာ ပြောမပြတတ်တဲ့ ခံစားမှု တစ်မျိုးကြီး ဖြစ်ပေါ်နေတယ်။ ဒီလို ရလဒ်မျိုး ဖြစ်လာလိမ့်မယ်လို့ သူ ထင်တောင် ထင်မထားခဲ့ဘူး။ လူတိုင်းလူတိုင်းမှာ သူ့တိုက်ကွက်နဲ့သူ ရှိနေကြတယ်။ လူတိုင်းလူတိုင်းက သူ့နည်းသူ့ဟန်နဲ့ ရှောင်တိမ်းနေကြတယ်။ သူ နဂိုထင်ထားတာက သူတို့တတွေ ကြောက်ချေးပါနေကြပြီမို့ တစ်ယောက်ချင်းခေါ်ပြီး နည်းနည်း ဖြဲခြောက်ပြလိုက်ရင် အချင်းချင်း ပြန်ကိုက်ကြတော့မှာပဲပေါ့။ တစ်ယောက်ကိုတစ်ယောက် သွေးထွက်အောင်၊ ချေးထွက်အောင် ကိုက်နေကြတာကို မိန့်မိန့်ကြီး ထိုင်ရှုစားနေမယ်ပေါ့။ သူတို့ရဲ့ ဇာတိရုပ်တွေ ပေါ်လာတဲ့အထိ ထိုင်ကြည့်နေမယ်ပေါ့။ အဲဒီလိုနည်းသုံးပြီး စစ်ကြောလိုက်ရုံနဲ့ မြွေပွေးက ဘွားကနဲ အစွယ်ငေါငေါနဲ့ ထွက်ပေါ်လာလိမ့်မယ်လို့တောင် သူက တွေးထားခဲ့သေးတာ။
သူ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရဆိုရင် ကွန်မြူနစ်သူပုန်ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်သူလျှိုပဲဆိုဆို အားလုံးက ငပျော့ငကြောက်တွေချည်းပဲ။ ဓားရောင်လက်ကနဲ၊ သေနတ်သံ ချက်ကနဲ ဆိုတာနဲ့ အကုန်လုံး ပြားပြားဝပ်ကုန်ကြပြီ။ အတော်ကို ရယ်စရာကောင်းတယ်။ သူ ဘာကြောင့် အခုလို ရယ်ရယ်ပြုံးပြုံး နေနိုင်တာလဲ ဆိုတဲ့အကြောင်းကို တခြားလူတွေကို အရင်က ပြောပြခဲ့ဖူးတယ်။ ဗမာတွေနဲ့ နှစ်ချီပြီး နေလာရတော့ သူတို့ကိုယ်မှာ ရယ်စရာ အတော်များများကို အမြဲလိုလို တွေ့နေရတာကြောင့် အမြဲ ရယ်နေဖြစ်ခဲ့တယ်။ ဗမာတွေရဲ့ ကိုယ်ပေါ်မှာ ရယ်စရာက တစ်မျိုးမဟုတ် တစ်မျိုးတော့ တွေ့နေရစမြဲပဲ။ ရယ်နေနိုင်လို့လည်းပဲ စိတ်လက်တွေ အရမ်း ပေါ့ပါးနေသလား မဆိုနိုင်ဘူး။ ဒီတော့ မရယ်လို့ကို မဖြစ်နိုင်တော့ဘူးပေါ့။ ဒါပေမယ့် စောစောက ကပြသွားတဲ့ ဇာတ်ထုပ်ကို ကြည့်ပြီးတော့ သူမျှော်လင့်ထားခဲ့သလို ရယ်စရာကောင်းမယ့် အဖြစ်အပျက်တွေကို မမြင်ရလေတော့ စိတ်မကောင်းတောင် ဖြစ်သွားမိတယ်။
ဒါပေမယ့် မြွေပွေးကို ဖော်ထုတ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဟိဟာရရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက တစ်စက်ကလေးမှ ယုတ်လျော့မသွားခဲ့ဘူး။ သူ့လက်ထဲမှာ လူသတ်လက်နက်တစ်ခု ရှိနေတယ်။ လုံးဝ နိုင်ဖဲတစ်ချပ်ပဲ။ တကယ်လို့ လိုအပ်လာမယ်ဆိုရင် ကြိုက်တဲ့ ဖဲတစ်ချပ်ကို သူ ပစ်ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက် မြွေပွေးရဲ့ ဇာတိရုပ်ကို လှစ်ဟလာအောင် လုပ်ပစ်နိုင်တယ်လို့ ဟိဟာရ ယုံကြည်ထားတယ်။ ဆိုတော့ကာ … မြွေပွေးကို ဖော်ထုတ်ဖို့အတွက် သူ ယုံကြည်ချက်အပြည့် ရှိနေဆဲပဲ။ ဦးဟန်ထွန်းကတော့ အဲဒီလို မဟုတ်ပေါင်။ မျက်နှာပေါ်မှာရော ပါးစပ်ထဲမှာပါ စိတ်ရှုပ်တဲ့ နိမိတ်လက္ခဏာတွေ အထင်အရှား ပြသနေတယ်။ ဝူးဝူးဝါးဝါးနဲ့ အသားလွတ် စိတ်တိုနေလေရဲ့။
ဟိဟာရက မတ်တတ်ထရပ်ပြီး အပြင်ထွက်ရင်း သူ့ကို ချော့မော့အားပေးနေရတယ်။ “စိတ်မလောပါနဲ့။ ဟိုဟိုဒီဒီလည်း လျှောက်တွေးမနေနဲ့။ ခင်ဗျား ယုံကြည်ထားရမှာက မြွေပွေးက အခုဆို ယဇ်ပလ္လင်ပေါ်က ယဇ်ကောင် ဖြစ်နေပြီ။ ပြေးမလွတ်ပါဘူး။ စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ပဲ လိုတယ်။ အချိန်တန်ရင် နပိန်(နွားပိန်)ကန်လိမ့်မပေါ့”
ဦးဟန်ထွန်းက သူ့ဖင်အနောက်မှာ ကပ်လိုက်ပြီး သခင့်အလိုကျ လိုက်ပြောတယ်။ “ဟုတ်တယ်၊ ပြေးမလွတ်ဘူး။ မာစတာ ရှိနေမှတော့ မြွေပွေးက ဘယ်လောက်ပဲ ကူလီကူမာများများ ပြေးမလွတ်နိုင်တော့ဘူး”
ဟိဟာရက သူ့အခန်းထဲကို ဝင်ပြီး ထိုင်ခုံမှာ ထိုင်ချလိုက်တယ်။ လက်ဖက်ရည်ကြမ်းကို ငှဲ့သောက်ရင်း ဦးဟန်ထွန်းကို အေးတိအေးစက် လေသံနဲ့ ပြောလိုက်တယ်။ “ခင်ဗျားက မြွေပွေးကို ကူလီကူမာ များတယ်လို့ ပြောတယ်နော်။ ကူလီကူမာ များတော့ ကောင်းတာပေါ့ဗျာ။ ကူလီကူမာများမှ ပျော်စရာကောင်းတာ။ ခင်ဗျား စဉ်းစားကြည့်လေ။ သူတို့က ဒီနေ့ပဲ အပြစ်ဝန်ခံလိုက်မယ် ဆိုရင် ဘယ်လိုလုပ်ပြီး အရသာရှိတော့မလဲ။ ဒီအောင်မြင်မှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူချင်စိတ်လည်း ခင်ဗျားမှာ ရှိမှာ မဟုတ်ဘူး။ အဆုံးသတ်ရလဒ်က သိပ်အဆန်းကြီး မဟုတ်ပါဘူးဗျာ။ ဘယ်လို နိုင်အောင် ကစားမယ် ဆိုတဲ့ ကြားကာလကသာ စိတ်ကို မြူးထူးကျေနပ်စေတာ။ အနိုင်ရလဒ်က မဟုတ်ဘူး။ ဒါကြောင့် သူတို့ အခု ဝန်မခံလည်း ကိစ္စမရှိဘူး။ ကျုပ်က ပိုလို့တောင် သဘောကျသေးတယ်”