မာတိကာကြည့်ရန်

(ဃ)

နောက်တစ်ယောက် အလှည့်ကျတဲ့သူကတော့ ချိုမာ။

ဗိုလ်ကြီးအောင်သူက သူ့ကို မြွေပွေးပါလို့ ဦးအောင် စွဲချက်တင်ထားခဲ့လို့ ဖြစ်မယ် ထင်တယ်။ ဗိုလ်လေးထွန်းမြင့်က ချိုမာနဲ့ စကားစတဲ့အခါမှာ စစချင်းမှာတင် အင်မတန်မှ အားမာန်ပြည့်နေသလိုပဲလို့ ဟိဟာရ ခံစားနေရတယ်။ မျက်နှာပေါ်မှာလည်း ကျေနပ်အားရတဲ့ အပြုံးမျိုး တွဲခိုနေလိမ့်မယ် ထင်တယ်။

ဗိုလ်လေး – ဒေါ်ချိုမာက အကင်းပါးသူတစ်ယောက်ပါ။ ဒီတော့ ကျွန်တော် ခင်ဗျားကို ဘာအတွက်နဲ့ ဒီကို ခေါ်ရသလဲဆိုတာ သိထားပြီး ဖြစ်မှာပေါ့။

ချိုမာ – …

ဗိုလ်လေး – ဒေါ်ချိုမာက ကြေးနန်းဝှက်စာ ဖော်တဲ့အပိုင်းမှာ ဆရာကြီးတစ်ဆူလေ။ ဝှက်စာတွေ ဆိုတာက ခင်ဗျားအတွက်တော့ ထမင်းစားရေသောက်ပဲ မဟုတ်လား။ မနေ့က ပကာသနီဝှက်စာကိုလည်း ဖော်လိုက်တာ ဘယ်လောက်မှ ကြာတာ မဟုတ်ဘူး။ အဲဒါ ခင်ဗျားရဲ့ အစွမ်းအစပဲ ဖြစ်ဖို့များတယ်။ ဒီတော့ ဒီနေ့စကားဝှက်ဖြစ်တဲ့ မြွေပွေးစကားဝှက်ကိုလည်း ခင်ဗျား မြန်နိုင်သမျှ အမြန်ဆုံး ဖြေပေးရင် ကောင်းမယ်။

ချိုမာ – …

ဗိုလ်လေး – ဘယ်လိုလဲဗျ။ မပြောချင်တာလား။ ဒါမှမဟုတ် ပြောစရာ မရှိတာလား။

ချိုမာ – …

ဗိုလ်လေး – ခင်ဗျားက စကားနည်းတဲ့ လူတစ်ယောက်ဆိုတာ ကျွန်တော် သိပါတယ်။ တချို့က ပြောကြတယ်။ ခင်ဗျားက ဒီကမ္ဘာမှာ အလုပ်တာဝန် အကျေပွန်ဆုံး ကြေးနန်းရုံးဝန်ထမ်းတစ်ယောက်ပဲတဲ့။ ပြီးတော့ ပါးစပ်ကလည်း သိပ်လုံတာ။ ဒါပေမယ့် ဒီနေ့၊ အခု၊ ဒီအချိန် ဒီအခါမှာ ခင်ဗျားက ကြေးနန်းရုံးဝန်ထမ်းတစ်ယောက် မဟုတ်ဘူး။ မြွေပွေးနဲ့ ပတ်သက်တဲ့ သံသယတရားခံတစ်ယောက် ဖြစ်နေတယ်။ ခင်ဗျား အခုလို ရေငုံနှုတ်ပိတ်နေလို့ မရဘူး။ တစ်ခုခု ပြောကို ပြောရမယ်။

ချိုမာ – …

ဗိုလ်လေး – ကဲ … ဘာအဓိပ္ပာယ်လဲ၊ ဒေါ်ချိုမာ။ စကားပြောဦးလေဗျာ။ ဆွဲချလုပ်မလား၊ အပြစ်ဝန်ခံမလား။ တစ်ခုခုတော့ ခင်ဗျား လုပ်မှ ဖြစ်မယ် …

ဗိုလ်လေးထွန်းမြင့်က အတင်းကာရော မရမက မေးနေရင်းနဲ့ စပီကာထဲကနေ ဘာလူသံကိုမှ မကြားရတော့ဘူး။ လူသံကြားရမယ့်အစား ဗလစ် ဗလစ် ဆိုတဲ့ အသံတွေပဲ စည်းချက်ကျကျ ထွက်ပေါ်လာတယ်။ ဗိုလ်လေးက တိုင်ကပ်နာရီကြီးတစ်လုံးနဲ့ စကားပြောနေတဲ့အတိုင်းပဲ။

“အဲဒါ ဘာအသံလဲ” ဟိဟာရက မေးတယ်။

“ကျွန်တော်လည်း မသိဘူး” ဦးဟန်ထွန်းက ဖြေတယ်။

ခေါင်းဖြီးနေတဲ့ အသံပါ။ သူက မေးတာကို မဖြေဘဲ ခပ်တည်တည်နဲ့ ခေါင်းဖြီးနေတယ်။ အတော်ဟုတ်တဲ့ဟာမပဲ။

ဗိုလ်လေးက သည်းမခံနိုင်တော့ဘဲ အသံက မာထန်လာတယ်။ “ဒီမယ် ဒေါ်ချိုမာ၊ ကျုပ် ပြောမယ်။ ခင်ဗျားကို မြွေပွေးပါလို့ တိုင်ချက်ဖွင့်ထားတဲ့သူ ရှိတယ်။ ခင်ဗျား နှုတ်ဆိတ်နေရတဲ့ အကြောင်းအရင်းက ကိုယ့်ကိုယ်ကိုယ် မြွေပွေးပါလို့ ဝန်ခံနေတဲ့ သဘောလား”

အခုတော့ ချိုမာ ခေါင်းထောင်လာပြီ။ သူက ဗိုလ်လေးကို ကြည့်ပြီး အေးတိအေးစက်လေသံနဲ့ ပြောလိုက်တယ်။ “ဗိုလ်လေး၊ ကျွန်မလည်း ရှင့်ကို ပြောပြရဦးမယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်က ကျွန်မရဲ့အဖေကို အင်္ဂလိပ်နယ်ချဲ့တွေက ဘက်နက်နဲ့ ထိုးသတ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်မရဲ့ အစ်ကိုလတ်ကို ကွန်မြူနစ်တွေက ရေနှစ်သတ်ခဲ့တယ်”

ဗိုလ်လေး – အဲဒီတော့ ဘာဖြစ်လဲ။

ချိုမာ – ကျွန်မ ကွန်မြူနစ် မဟုတ်သလို အင်္ဂလိပ်နယ်ချဲ့ရဲ့ လက်ပါးစေလည်း မဟုတ်ဘူး။

ဗိုလ်လေး – ကွန်မြူနစ်လည်း မဟုတ်ဘူး၊ နယ်ချဲ့လက်ပါးစေလည်း မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ဗိုလ်ကြီးအောင်သူကို ချောက်တွန်းချင်ရတာလဲ။

ချိုမာ – တကယ်လို့ ကျွန်မက သူ့ကို ချောက်တွန်းတာပါ ဆိုရင်တော့ ကျွန်မက အကြားအမြင်ရထားလို့ပဲ ဖြစ်ရတော့မှာပေါ့။

ဗိုလ်လေး – ခင်ဗျား ဘာပြောချင်တာလဲ။ အူကြောင်ကြောင်နဲ့ …

ဟိဟာရကလည်း ချိုမာရဲ့ စကားကို အူကြောင်ကြောင်နိုင်တယ်လို့ ယူဆနေမိတယ်။ ဒါပေမယ့် သူ ရှင်းပြပြီးတဲ့နောက်မှာတော့ မျက်နှာချင်းဆိုင်က ဗိုလ်လေးရော၊ အကွယ်တစ်နေရာမှာ ရှိနေကြတဲ့ ဟိဟာရနဲ့ ဦးဟန်ထွန်းရော သူ့ပြောစကားကို အဓိပ္ပာယ်ရှိတယ်လို့ သဘောပေါက်လာကြတယ်။ သူက အရင်ဆုံး ဗိုလ်လေးကို မေးခွန်းထုတ်လိုက်တယ်။ မနေ့ညက သူတို့ ဒီကို ဘာကိစ္စအတွက်နဲ့ လာကြရသလဲဆိုတာကို ဗိုလ်လေး သိမသိ မေးလိုက်တယ်။

ဘယ်သိပါ့မလဲ။

ဘယ်သူမှ မသိကြဘူးလေ။

ချိုမာက ပြောတယ်။ “ရှင် မသိဘူး။ ကျွန်မလည်း မသိဘူး။ ဒီတော့ ရှင်ပဲ စဉ်းစားကြည့်ပေါ့။ ကျွန်မက ဒီကို ဘာအတွက် ရောက်နေရသလဲ ဆိုတာကို နကန်းတစ်လုံးမှ မသိပါဘဲနဲ့ ဗိုလ်မှူးဆီမှာ ဘယ်လိုလုပ်ပြီး သူ့ကို ချောက်တွန်းနိုင်ပါ့မလဲ”

ဟုတ်တာပေါ့။ အဲဒီနေ့ညက သူတို့ကို ဗိုလ်မှူးက ဘာအတွက် လူစုထားသလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ အဲဒီလို မသိဘူးဆိုမှတော့ ချိုမာက တစ်ယောက်ယောက်ကို ချောက်တွန်းတယ် ဆိုတဲ့အဖြစ်က နားလည်ရခက်နေတယ်။ ဗိုလ်မှူးက သူနဲ့ ပေါင်းပြီး နှစ်ပေါက်တစ်ပေါက် ရိုက်မှပဲ ရတော့မယ်။ အဲဒါက … … ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ ဖြစ်နိုင်စရာ မရှိပါဘူး။ … အဲဒီလို တွေးလိုက်တော့ ချောက်တွန်းတယ်ဆိုတဲ့ ကိစ္စကို မဖြစ်နိုင်ဘူးလို့ ဗိုလ်လေး ယုံကြည်လက်ခံလာတယ်။ နောက်တော့ စပီကာထဲမှာ ထွက်ပေါ်လာတဲ့ ဗိုလ်လေးရဲ့ လေသံနဲ့ စကားအသုံးအနှုန်းတွေက သိသိသာသာ နုညက်ချိုပျောင်းလာတယ်။

ဗိုလ်လေး – အဲဒီလိုဆိုတော့ သူက ညာနေတာပေါ့။

ချိုမာ – အဲဒီလိုပဲ ဖြစ်ရတော့မှာပေါ့။

ဗိုလ်လေး – ဒါဆို သူက မြွေပွေး ဖြစ်နိုင်တယ်လို့ ခင်ဗျား မထင်ဘူးလား။

ချိုမာ – ဘယ်သူလဲ။

ဗိုလ်လေး – ဗိုလ်ကြီးအောင်သူလေ။

ချိုမာ – ကျွန်မ မသိဘူး။

ဗိုလ်လေး – ခင်ဗျားက ဘယ်နှယ့် မသိဘူး ဖြစ်သွားရပြန်တာလဲ။ သူက ညာနေတယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်လား။

ချိုမာ – သူက ညာနေတာတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီလို ညာနေတာနဲ့ပဲ သူ့ကို မြွေပွေးပါလို့ အတပ် ပြောနိုင်တာမှ မဟုတ်ဘဲ။

ဗိုလ်လေး – ဘာဖြစ်လို့လဲ။

ချိုမာ – ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်မဆီကနေ ကြေးနန်းပါ အကြောင်းအရာကို လာပြီး စုံစမ်းနေတာကိုက စည်းကမ်းဖောက်ဖျက်ရာ ကျနေပြီ။ ပြီးတော့ သူ စိတ်ဝင်စားနေတာက ရာထူးအပြောင်းအရွှေ့ ကိစ္စလေ။ ရှင်က သူ့ကို ဗိုလ်မှူးအရှေ့မှာ အဲဒါကို ဝန်ခံခိုင်းရင် သူ ခွေးဖြစ်သွားမှာပေါ့။ ဒီတော့ ဖင်ပိတ်ငြင်းရုံပဲ ရှိတော့တာပဲ။ အဲဒီဖြစ်နိုင်ခြေမျိုးက ရှိတာပဲ မဟုတ်လား။

ဗိုလ်လေး – ဒါဆို ခင်ဗျား ဘယ်သူ့ကို မြွေပွေးလို့ ထင်လဲ။

ချိုမာ – အခု ပြောရခက်သေးတယ်။

ဗိုလ်လေး – ပြောရခက်လည်း ပြောရမှာပဲ။

ချိုမာကတော့ မပြောဘူးဆို မပြောဘူးပဲ။ ပါးစပ်ကို တင်းတင်း စေ့ထားတယ်။ အချိန်အကြာကြီးကို ရေငုံနှုတ်ပိတ်နေတယ်။ ကျောက်ရုပ်တစ်ရုပ်လို တိတ်ဆိတ်လို့။ ဗိုလ်လေးက သူ့ကို ဘယ်ပုံပဲ ချော့ချော့၊ ဘယ်လိုပဲ မြှူမြှူ၊ ဘယ်လောက်ပဲ တွန်းတွန်း၊ ရလဒ်ကတော့ ပြောင်းမသွားဘူး။ ပါးစပ်ကို အပ်နဲ့ ချုပ်ထားသလားတောင် အောက်မေ့ရတယ်။ ဗိုလ်လေးခမျာ ရှူးရှူးရှားရှား ဖြစ်လာရတဲ့အထိပဲ။ အော်ဟစ်ငေါက်ငန်းသံတွေ ထွက်ပေါ်လာတယ်။ “ခင်ဗျား အ,နေတာလား၊ ဒေါ်ချိုမာ။ အသံထွက်ဦးလေဗျာ”

စကားသံက ဆုံးမယ်မှ မကြံသေးဘူး။ ချိုမာက ရုတ်တရက် မတ်တတ်ထရပ်ပြီး ဗိုလ်လေးကို ပြန်ဟောက်လိုက်တယ်။ “ကျွန်မ ဆွံ့အနေတယ် ဆိုတာက ကျွန်မ မသိလို့ပေါ့။ အဲဒီလို တွေ့ကရာ လျှောက်ပြောလို့ ဖြစ်တဲ့ကိစ္စလို့ ရှင် ထင်နေတာလား။ တကယ်ပဲ”

ပြောပြီးတာနဲ့ တစ်ခါတည်း လှည့်ထွက်သွားတော့တယ်။ လက်ထဲမှာ ဘီးတစ်ချောင်း ကိုင်ထားရင်း ခြေလှမ်းကျဲကြီးတွေနဲ့ အခန်းထဲက ထွက်ခွာသွားတော့ ဗိုလ်လေးလည်း ဘာပြန်ပြောရမှန်း မသိဘဲ ငုတ်တုတ်မေ့ပြီး ကျန်နေရစ်ခဲ့တယ်။

ဦးဟန်ထွန်းက နားထောင်နေရင်း ကျေကျေနပ်နပ်ကြီး ပြုံးနေတယ်။ “ထွန်းမြင့်၊ ထွန်းမြင့်။ မင်း ပျားအုံကို တုတ်နဲ့ ထိုးမိပါပကော”

ဟိဟာရဘက်ကို လှည့်ပြီး ရှင်းပြတယ်။ “အဲဒါ ချိုမာရဲ့ စရိုက်ပဲ။ အတော်ကို နားလည်ရခက်တဲ့ မိန်းမ။ ပုံမှန်ဆိုရင် သူက ဘယ်သူနဲ့မှ အဆက်အဆံ လုပ်တတ်တာမဟုတ်ဘူး။ သူ့ဟာသူ တစ်ယောက်တည်း ကုပ်နေတတ်တယ်။ အတော် ပျင်းစရာကောင်းတဲ့ အစားမျိုးပေါ့။ ဒါပေမယ့် သူ့ကိုတော့ ပြဿနာ သွားမရှာနဲ့။ ပြဿနာရှာမိရင်တော့ မိုးမီးလောင်ပြီသာ မှတ်ပေတော့။ မကျေနပ်ဘူးဆို မကျေနပ်ဘူးပဲ။ ဘယ်သူ့ကိုမှ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး”

ဦးဟန်ထွန်းက ပြောသေးတယ်။ သူ အရင်က သူနာပြုဆရာမ လုပ်ခဲ့ဖူးတယ်။ ဝမ်းတွင်းဘက်မှာ သူ တာဝန်ကျနေတုန်းအချိန် တစ်နေ့မှာ ဗိုလ်မှူးမောင်ကိုက မြွေတစ်ကောင်ကို တက်နင်းမိရာကနေ မြွေပေါက်လို့ မြွေဆိပ်တက်ပါလေရော။ တိုက်နယ်ဆေးရုံ ရောက်လာနိုင်ပေမယ့် ခက်တာ မြွေဆိပ်ဖြေဆေးက အဆင်သင့် ရှိမနေဘူး။ အချိန်မရွေး သေသွားနိုင်တဲ့ အခြေအနေမျိုးမှာ ချိုမာက ဗိုလ်မှူးရဲ့ မြွေဆိပ်ကို ပါးစပ်နဲ့ စုပ်ထုတ်ပေးခဲ့လို့ အသက်ချမ်းသာရာ ရခဲ့တယ်။ ဆိုလိုတာက သူက ဗိုလ်မှူးရဲ့ အသက်ကို ကယ်ခဲ့ဖူးတယ်။ ဒီတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်ကို ကောင်းလိမ့်မယ်လို့ ခန့်မှန်းနိုင်တာပေါ့။ ဦးဟန်ထွန်းက မှန်းဆကြည့်တယ်။ အဲဒီလို ဗိုလ်မှူးနဲ့ ကျေးဇူးခံ ကျေးဇူးစားတွေ ဖြစ်နေတာကြောင့်လည်းပဲ ချိုမာက သူ့ရဲ့ အပါးတော်မြဲကို (သူ့ကိုလည်း သိပ်ပြီး လေးစားသမှု ရှိတာ မဟုတ်ဘူး) မထီမဲ့မြင် ပြုရဲတာ ဖြစ်လိမ့်မယ်ပေါ့။

ဟိဟာရက နားထောင်ပြီး ဘာ မှတ်ချက်မှတော့ မပေးဘူး။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *