မာတိကာကြည့်ရန်

(ဃ)

မနက် အိပ်ရာနိုးလာတော့ ဦးဟန်ထွန်းက အသံဖမ်းခန်းထဲကို တန်းဝင်သွားပြီး မနေ့ညက ဟိုလူတစ်စုရဲ့ စကားပြောမှတ်တမ်းကို ဖတ်ရင်း ဟိဟာရရဲ့ အရိပ်အခြည်ကို စောင့်ကြည့်နေတယ်။ မှတ်တမ်းက တစ်မျက်နှာတောင် မပြည့်ချင်ဘူး။ ဆိုလိုတာက သူတို့တတွေ စကားမပြောဖြစ်ကြဘူးပေါ့။ ဒါပေမယ့် အခြေအနေနှစ်ရပ် ဖြစ်ပေါ်လာတယ်။

၁။ ပွဲပြီးသွားတော့ (သူတို့မိသားစုကို ဖော်ရှိုးလုပ်ပြတဲ့ပွဲ) ဗိုလ်ကြီးအောင်သူက မြသန္တာကို သူ့အခန်းထဲ သီးသန့်ခေါ်သွားပြီး မြသန္တာကို အသေအချာ ပြန်စဉ်းစားပေးဖို့ တောင်းဆိုခဲ့တယ်။ သူ့စကားက ဘာအဓိပ္ပာယ်လဲ ဆိုတော့ ချိုမာရဲ့ ရုံးခန်းထဲကို သူ တကယ် မဝင်ခဲ့ပါဘူး ဆိုတဲ့အကြောင်း သူ့အစား သက်သေခံပေးဖို့ မြသန္တာကို အကူအညီ တောင်းနေတာပဲ။ ဒါပေမယ့် သူ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘူး။ မှတ်တမ်းအရဆိုရင် မြသန္တာက စကားတစ်ခွန်းပဲ ပြန်ပြောလိုက်တယ်။ “ဗိုလ်ကြီး၊ ကျွန်မကို ယုံပါ။ အထက်လူကြီးတွေကို ကျွန်မ အမှန်အတိုင်းပဲ တင်ပြပါ့မယ်။ တစ်လုံးတစ်ပါဒမှ လုပ်ကြံလီဆယ်ထားတာ မပါစေရဘူး။ အရှိကို အရှိအတိုင်း တင်ပြပေးပါ့မယ်”

၂။ တစ်ခဏကြာတော့ (မှတ်တမ်းထဲမှာတော့ တစ်မိနစ်နဲ့ ၄၁ စက္ကန့်အကြာလို့ အတိအကျ ဖော်ပြထားတယ်) မြသန္တာက သူ့အခန်းထဲ ပြန်ရောက်လာတယ်။ စောစောက ဗိုလ်ကြီးအောင်သူ ခေါ်တွေ့ရတဲ့ အကြောင်းအရင်းကို ချိုမာကို အမှန်အတိုင်း ပြောပြလိုက်တယ်။ ချိုမာရဲ့ မျက်နှာအမူအရာက ဘယ်လိုများ ဖြစ်သွားမှာပါလိမ့်လို့ ဦးဟန်ထွန်း အရမ်း သိချင်သွားတယ်။ ဒါပေမယ့် မှတ်တမ်းထဲမှာ ချိုမာရဲ့ ပြောစကားတွေ တစ်ခွန်းတစ်ပါဒမှ ပါမလာဘူး။ အောက်မှာ မှတ်ချက်တစ်ကြောင်းပဲ ရေးထားတယ်။ ချိုမာ ဘာမှ ပြန်မပြောပါတဲ့။ တာဝန်ကျ ရဲဘော်က ရှင်းပြတယ်။ အဲဒီတုန်းက ချိုမာက တကယ့်ကို ဘာမှ ပြန်မပြောခဲ့ဘူး။ အင်း အင်း ဆိုပြီး တစ်ခွန်းနှစ်ခွန်း ပြောပြီး စကားစကို ဖြတ်ချလိုက်တယ်။ ကျေးဇူးတင်စကားတောင် ပြောဖော်မရဘူး။

ဒီမှာ ထူးခြားနေတဲ့ အချက်တချို့ ရှိတယ်။ (၁) က မြသန္တာဟာ ဘာဖြစ်လို့ ချိုမာအပေါ် ဒီလောက်တောင် ကောင်းနေရတာလဲ။ ချိုမာအတွက်နဲ့ သူ့ထက် ရာထူးအများကြီး ကြီးတဲ့ ဗိုလ်ကြီးအောင်သူကို အာခံဝံ့နေတယ်။ (၂) က မြသန္တာက ချိုမာအပေါ် ကောင်းပြနေတာကို သိသာထင်ရှားနေပါလျက်နဲ့ ချိုမာက ဘာဖြစ်လို့ ကျေးဇူးတင်စကားကိုတောင် မပြောနိုင်ရတာလဲ။ သူတို့နှစ်ယောက်က သိပ်ပြီးတော့ကို ရင်းနှီးခင်မင်နေကြသလိုပဲ ခံစားရစေတယ်။ ကျေးဇူးတင်စကားတောင် တကူးတက ပြောနေစရာ မလိုတဲ့ အဆင့်မျိုးပေါ့။ သွေးသောက်တွေလောက် ခင်မင်နေကြတာမျိုး ဖြစ်မလား။ ဒါပေမယ့် မြသန္တာရဲ့ အေးတိအေးစက် အမူအရာ၊ ဂျစ်ကန်ကန် ရွတ်တွတ်တွတ် အပြုအမူနဲ့ မာနတစ်ခွဲသား သူ့ပုံပန်းသဏ္ဌာန်ကို ပြန်မြင်ယောင်လာမိတော့ ဦးဟန်ထွန်းအနေနဲ့ အလောတကြီး မဆုံးဖြတ်မိဖို့ ကိုယ့်ကိုယ်ကိုယ် ဘရိတ်ပြန်အုပ်လိုက်ရတယ်။ သူတို့အားလုံးက တိုက်တစ်တိုက်ထဲမှာ အလုပ်လုပ်နေကြရတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်က ထင်းခွေမကြုံရင် ရေခပ်တော့ ကြုံနေကြရတာပဲ။ ဒီတော့ ဦးဟန်ထွန်းက သူတို့ရဲ့ အကျင့်စရိုက်တွေကို အကြမ်းအားဖြင့်တော့ နားလည်သဘောပေါက်ထားပြီးသားပါ။ အထူးသဖြင့်တော့ မြသန္တာပေါ့။

သူတို့နှစ်ယောက် ဟိုးအရင်က ကတောက်ကဆတ်လေးတွေ တစ်ကြိမ်မက ဖြစ်ထားခဲ့ဖူးလေတော့ မြသန္တာရဲ့ နာမည်ကျော်တဲ့ သူဌေးသမီးစရိုက်ကို သူ ကောင်းကောင်းကြီး ကြုံကြိုက်ခဲ့ဖူးပြီးသား ဖြစ်နေတယ်။ တစ်ခေါက်ကပေါ့။ တစ်နှစ်လောက်တော့ ရှိသွားပါပြီ။ ပြောရရင် အတော်တော့ ရယ်စရာကောင်းသား။ တစ်နေ့မှာ သူနဲ့ မြသန္တာက ကားတစ်စီးထဲ အတူစီးပြီး အပြင်ထွက် အလုပ်လုပ်ကြရတယ်။ မြသန္တာက ရုံးအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေကို ဝယ်ရတာပေါ့။ သူက ကူပြီး ကားပေါ် တင်ပေးလိုက်တယ်။ ဘာရယ် မဟုတ်ပါဘူး။ လယ်ဂျာစာအုပ်တစ်အုပ်တည်းပါပဲ။ ဘာများ ကြီးကျယ်တာလိုက်လို့။ နှစ်ယောက်သားအတူတူ အလုပ်ထွက်လုပ်ရတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းကြတာ သဘာဝပဲ မဟုတ်လား။ ဘာမှ အပန်းကြီးတာမှ မဟုတ်ဘဲ။ သိပ်လည်း ရေးကြီးခွင်ကျယ် လုပ်နေစရာမှ မလိုဘဲဥစ္စာ။ ဒါပေမယ့် မြသန္တာကတော့ အဲဒီလို ယူဆပုံ မရဘူး။ သူ့ပစ္စည်းကို လက်နဲ့တောင် အထိမခံချင်တော့ ဦးဟန်ထွန်းခမျာ စေတနာက ဝေဒနာဖြစ်သွားရတာပေါ့။

အဲဒီလို သူမျိုးနဲ့ဆိုရင် လက်ရှိရထားတဲ့ အချက်အလက်တွေလောက်နဲ့တော့ ဘာကိုမှ ကောက်ချက်ချလို့ မရနိုင်သေးဘူးလို့ ဦးဟန်ထွန်းက ယူဆမိတယ်။ သူတို့နှစ်ယောက်အကြားမှာ ရှိခဲ့ဖူးတဲ့ ကတောက်ကဆတ် ဖြစ်ရပ်အပေါ် အခြေခံပြီး သူတို့ အရင်က ရန်ငြိုးရှိခဲ့ကြဖူးမှာပဲလို့ ကောက်ချက်ဆွဲလို့ မရသလိုမျိုးပေါ့။ တကယ်လည်း သူတို့နှစ်ယောက်က ဘာရန်ငြိုးမှ၊ ဘာပဋိပက္ခမှ ရှိခဲ့ဖူးကြတာ မဟုတ်ဘူး။ ကောင်းတာလည်း မဟုတ်သလို ဆိုးတာလည်း မဟုတ်ဘူး။ ရင်းနှီးတာလည်း မဟုတ်သလို ရန်လိုတာလည်း မဟုတ်ဘူး။ အနေနီးတာလည်း မဟုတ်သလို အနေဝေးတာလည်း မဟုတ်ဘူး။ စိမ်းတာလည်း မဟုတ်သလို ကျက်တာလည်း မဟုတ်ဘူး။ ပုံမှန် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးမျိုးပါပဲ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် ကတောက်ကဆတ် မဖြစ်ခင်တုန်းက ဦးဟန်ထွန်းဟာ မြသန္တာအပေါ်မှာ အကောင်းမြင်ခဲ့ဖူးတယ်။ အနည်းဆုံးတော့ အဆိုးမြင်တဲ့စိတ်ထက် အကောင်းမြင်တာ ပိုလွန်တယ်လို့ ဆိုရမှာပဲ။ နောက်တော့မှ ဦးဟန်ထွန်းက မြသန္တာအပေါ် တဖြည်းဖြည်း အမြင်ပြောင်းလာတယ်။ မြသန္တာရဲ့ကွယ်ရာမှာ သူ့ကို အသားလွတ်ဂိုက်ပေးနေတာလို့တောင် မကြာခဏ ပြောဖြစ်သေးတယ်။ အဲဒီလို ပြောလိုက်တာ ဆိုပေမယ့် အဲဒီအချက်ပေါ် မူတည်ပြီး တစ်ခုခုကို ယတိပြတ် ဆုံးဖြတ်ရမယ် ဆိုရင်တော့ အဲဒီလို လက်လွတ်စပယ် ပြောရဲမှာ မဟုတ်တော့ဘူး။ အခုချိန် ပြောရဲတာတော့ တစ်ခုပဲ ရှိတယ်။ ဘာလဲဆိုတော့ မြသန္တာက ချိုမာကို မျက်နှာလိုက်နေတယ်။ စေတနာပိုနေတယ် ဆိုတဲ့ အချက်ပဲ။

ဦးဟန်ထွန်းက အဲဒီအချက်ကို ဟိဟာရဆီ သတင်းပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျန်တာ သူ့ဘာသာသူပဲ ဆုံးဖြတ်ပါလေ့စေပေါ့။

ဟိဟာရက စကားတောင် ဆုံးအောင် အပြောမခံဘဲ လက်ပြပြီး ရပ်ခိုင်းလိုက်တယ်။ သူ စိတ်မဝင်စားဘူး။ ဟိဟာရက ပြောတယ်။ “ခင်ဗျား ကျုပ်ပြောတာကိုသာ နားထောင်စမ်းပါဗျာ။ ကျုပ်ပြောတဲ့အတိုင်းသာ လုပ်ပါ”

သူက အချက်သုံးချက် ပြောတယ်။ (၁) ဦးဟန်ထွန်းကို ဟိုဘက်တိုက် ချက်ချင်းသွားခိုင်းတယ်။ သူတို့ကို ခေါ်ပြီး နံနက်စာ သွားစားပါ။ (၂) သူတို့ကို ပြောလိုက်ပါ။ သူ – ဟိဟာရက မြို့ထဲကို မနေ့ညက ထွက်သွားခဲ့တယ်။ အခုထိ ပြန်မရောက်သေးဘူး။ ဘယ်အချိန် ပြန်ရောက်မလဲ ဆိုတာလည်း မသိဘူး။ (၃) အပါးတော်မြဲ ဗိုလ်လေးကို အကြောင်းကြားပါ။ နံနက်စာစားပြီးတာနဲ့ သူတို့အားလုံးကို အစည်းအဝေးခန်းထဲမှာ ခေါ်တွေ့ပြီး စကားပြောခိုင်းပါ။ တစ်ယောက်ချင်းစီ ပြောကြ။

ဘာပြောရမှာလဲ။

မြွေပွေးအကြောင်းပေါ့။ ဘယ်သူက မြွေပွေးလဲ ဆိုတာပေါ့။

ဟိဟာရက ပြောတယ်။ “အပြစ် ဝန်ခံတာပဲဖြစ်ဖြစ်၊ အပြန်အလှန် ဆွဲချက်တင်တာပဲ ဖြစ်ဖြစ်၊ မြွေပွေးတစ်ကောင် ပြူထွက်လာအောင်တော့ လူတိုင်း မဖြစ်မနေ ဖော်ထုတ်ပေးရမယ်”

ဒါက တောင်းဆိုချက်ပဲ။ အမိန့်လို့ ခေါ်ချင်လည်း ခေါ်လို့ ရတယ်။ ငြင်းဆန်ပိုင်ခွင့် လုံးဝ မရှိဘူး။ သူက ဆက်ပြောတယ်။ “ကြိုက်သလို ပြောကွာ။ မှားသွားလည်း ဘယ်သူ့ကိုမှ ဗွေမယူဘူး။ မှတ်တမ်းထဲမှာ ထည့်မမှတ်ဘူး။ ဘယ်သူ့ကိုမှလည်း ထပ်ဆင့် ဖောက်သည်ချမှာ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ လက်တုံ့ပြန်ခွင့်လည်း လုံးဝ မရှိဘူး။ ဒါပေမယ့် ဘယ်လို အကြောင်းပြချက်၊ ဘယ်လိုနည်းလမ်းနဲ့မှ မပြောဘဲနေလို့ မရဘူး”

အနှစ်ချုပ်ရရင် အဓိကအချက်က ဘာပြောရမလဲ ဆိုတာ မဟုတ်ဘူး။ ဘာဖြစ်ဖြစ် ပြောကိုပြောရမယ်။ ကိုယ့်စိတ်နဲ့ကိုယ် လူတိုင်း ပါးစပ်ဟပြီး ပြောနေရမယ်။ တစ်ယောက်ယောက်ကို စွပ်စွဲနေရမယ်။

သိသာပါတယ်။ ဟိဟာရက ဗိုလ်လေးထွန်းမြင့်ကို စင်ပေါ် တွန်းတင်ပေးလိုက်ပြီးတော့ သူက စင်နောက်ကနေ တိတ်တဆိတ် အကဲခတ်နေမယ်ပေါ့။ သွေးအေးအေးနဲ့ ရှုစားနေမယ်ပေါ့။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *