Show contents

(ဂ)

ဦးဟန်ထွန်းက ဟိဟာရနဲ့ ဗိုလ်မှူးတို့ကို အပေါ်ထပ်ခေါ်သွားတယ်။

အပေါ်ထပ်မှာက စုစုပေါင်း အိပ်ခန်းသုံးခန်းနဲ့ သန့်စင်ခန်းတစ်ခန်း ရှိတယ်။ အခန်းတွေက တစ်ဆစ်ချိုး L ပုံစံ စီတန်းထားတယ်။ အပေါ်ရောက်ရောက်ချင်း မြင်ရတဲ့ ပထမဆုံးအခန်းမှာ အခု ဦးဟန်ထွန်း နေနေတယ်။ ဒုတိယအခန်းကိုတော့ ဟိဟာရအတွက် ပြင်ဆင်ပေးထားတယ်။ ဆက်သွားရင်တော့ နှစ်မျိုးသုံးလို့ရတဲ့ သန့်စင်ခန်းပဲ။ အပြင်ဘက်အခြမ်းက ရေချိုးဖို့နဲ့ အတွင်းပိုင်းက အပေါ့အလေးသွားဖို့။ ရှေ့ဆက်သွားရင် နောက်ထပ် အခန်းတစ်ခန်း ရှိသေးတယ်။ အဲဒီအခန်းက အခြားနှစ်ခန်းထက် ပိုကျယ်တယ်။ အဲဒီအခန်းက စင်္ကြံလမ်းရဲ့ အဆုံးမှာ ရှိတဲ့ လမ်းဦးတိုက် ထိပ်ပိတ်အခန်းဆိုတော့ အခန်းရဲ့ အကျယ်အဝန်းက စင်္ကြံလမ်းကိုပါ ပေါင်းထည့်ထားသလို ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် ဗိုလ်မှူးစောလှက ဒီအိပ်ခန်းသုံးခန်းစလုံးကို လူနေအိပ်ခန်းတွေအဖြစ်နဲ့ အသုံးပြုခဲ့တာဆိုတော့ ထွေထွေထူးထူး ဘာမှ ပြုပြင်နေစရာ မလိုတော့ဘူး။ တစ်ခုပဲ ရှိတယ်။ ဟိဟာရရဲ့ အခန်းကိုတော့ အလယ်ခေါင်တည့်တည့်မှာ အပြောက်အမွမ်းတွေနဲ့ စီချယ်ထားတဲ့ နံရံရှင်တစ်ခု တပ်ဆင်ပေးထားလိုက်တယ်။ အခန်းကို နှစ်ကန့် ခွဲပေးလိုက်တဲ့သဘောပေါ့။ အတွင်းပိုင်းက နားနေခန်း၊ အပြင်ပိုင်းက စတီတွေ ချထားတဲ့ ဧည့်တွေ့ခန်း။

ဟိဟာရက ညအချိန်တွေမှာ ခုတင်ပေါ်လှဲရင်း စာအုပ်ဖတ်တတ်တဲ့ အလေ့အကျင့် ရှိတာကို ဦးဟန်ထွန်းက သိထားသူမို့ သူ့အတွက် စာကြည့်မီးအိမ်တစ်လုံးကို တသီးတသန့် စီစဉ်ပေးထားတယ်။ အတော် လှတဲ့ မီးအိမ်လေးတစ်လုံးပါ။ ခြံအရှေ့ဘက် အရာရှိရိပ်သာမှာ ရှိတဲ့ ဗိုလ်ချုပ်နားနေခန်းထဲကနေ ခဏငှားထားတာ။ ပြီးတော့ကာ အခုချိန်က မိုးတွင်းဆိုတော့ မိုးမရွာရင် နေ့ခင်းဘက်တွေက အတန်အသင့် ပူနေတတ်တယ်။ ဒါကြောင့် ဟိဟာရရဲ့ အခန်းထဲမှာ စားပွဲတင်ပန်ကာတစ်လုံး စီစဉ်ပေးထားသေးတယ်။ ပြီးတော့ အလှပန်းအိုးတို့၊ သစ်သီးပန်းကန်တို့ ဆိုတာတွေက အပြင်ဘက် ဧည့်ခန်းမှာ သူ့နေရာနဲ့သူ အစီအရီ ရှိနေကြတယ်။ အလှပန်းအိုးထဲမှာ ထိုးထားတဲ့ ခတ္တာပန်းတွေက ပြွတ်ခဲလို့။

ဟိဟာရ အခန်းထဲ ဝင်ရောက်သွားတော့ ခတ္တာပန်းနံ့တွေရဲ့ ညှို့ငင်ခြင်းကို အရင်ဆုံး ခံလိုက်ရတာပဲ။ ဒါနဲ့ ပန်းအိုးဆီ တိုးကပ်သွားပြီး တစိမ့်စိမ့် ရှုစားနေလေရဲ့။ သူက ပန်းပွင့်တွေရဲ့ ပွင့်ဖက်လေးတွေကို လက်နဲ့ ပွတ်သပ်နေရင်း ကျန်နှစ်ယောက်ကို လှမ်းပြောလိုက်တယ်။ “ကြည့်စမ်းပါဦး၊ ဘယ်လောက်များ ကဗျာဆန်လိုက်သလဲလို့။ ကျုပ် ကဗျာတစ်ပုဒ်ကိုတောင် အမှတ်ရသွားတယ်။ ဘာတဲ့ … လေညှင်းငယ်လာ သိဟ်ရာသီမို့၊ ရှုတိုင်းငယ် ဘယ်ညာက၊ ပန်းခတ္တာ ဝတ်မှုံကျင်းတယ်၊ သင်းပျံ့လှိုင်လို့”

ဗိုလ်မှူးမောင်ကိုကလည်း စာသမားဟောင်းကြီးဆိုတော့ သူ အလွတ်ရထားတဲ့ ကဗျာတွေကလည်း နည်းတာမှ မဟုတ်တာ။ ဂျပန်ကြီးကျောသွားတာကို သူလည်း ဘယ်ခံချင်ပါ့မလဲ။ ဒီတော့ အဲဒီကဗျာတွေက သူ့ဝမ်းခေါင်းထဲကနေ ရုန်းကန်ထွက်ဖို့ တာစူနေရင်း ပါးစပ်ကို ဟဖို့ ကြံကာ ရှိသေးတယ်။ လမ်းဦးတိုက် အခန်းကျယ်ကြီးထဲကနေ ဒေါသတကြီး အော်ဟစ်လိုက်တဲ့ မိန်းမတစ်ယောက်ရဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။

ကျွန်မ ဗိုလ်မှူးမောင်ကိုနဲ့ တွေ့ချင်တယ်။

မြသန္တာရဲ့ အသံ။

ဓာတ်ကြိုးထဲကနေတစ်ဆင့် ဖြတ်ပြီး စပီကာမှာ လာမြည်နေတယ် ဆိုတာတောင်မှ အသံက သိသိသာသာကို စူးရှနေတယ်၊ တင်းမာနေတယ်၊ ပြတ်သားနေတယ်။ အဲဒီအရှိန်ကြောင့် အခန်းထဲက ပတ်ဝန်းကျင်လေထုတောင် တဆတ်ဆတ် တုန်ခါသွားသလားပဲ။ ဦးဟန်ထွန်း ပြောပြထားသလိုပါပဲ။ ဟိုဘက်အခန်းတွေထဲမှာ ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေ တပ်ထားတာဆိုတော့ ဟိုဘက်ကလူတွေရဲ့ စကားအခွန်းတိုင်းကို ဒီဘက်မှာ ရှင်းရှင်းပြတ်ပြတ် ကြားနေရတယ်။

ဟိဟာရက ပန်းကို ချထားလိုက်ပြီး အခန်းကျယ်ဆီကို လျှောက်သွားတယ်။ စပီကာထဲကနေ ထွက်လာနေတဲ့ အသံနှစ်သံကို နားထောင်ရင်းပေါ့။

ဗိုလ်လေး – ခင်ဗျားက ဗိုလ်မှူးနဲ့တွေ့ပြီး ဘာလုပ်မလို့လဲ။

မြသန္တာ – ဘာလုပ်မလို့လဲ ဟုတ်လား။ အဲဒီမေးခွန်းကို ကျွန်မက မေးရမှာလေ။ ရှင်တို့က ဘာလုပ်ချင်နေကြတာလဲ။

ဗိုလ်လေး – ကျွန်တော် ပြောပြဖို့ လိုသေးလို့လား။ အသိသာကြီးပဲဥစ္စာ။

မြသန္တာ – ကျွန်မက သူပုန်မဟုတ်ဘူး။

ဗိုလ်လေး – အဲဒီလို ပြောလိုက်ရုံနဲ့ ပြီးသွားရောလား။ ဘယ်သူမဆို အဲဒီလို ပြောနိုင်တာပဲ။

မြသန္တာ – ရှင့်လို ရာထူးလောက်နဲ့ ရာရာစစ ကျွန်မကို ယိုးစွပ်ရဲတယ်ပေါ့၊ ဟုတ်လား။ တွေ့ကြသေးတာပေါ့။

အလောသုံးဆယ် နင်းလျှောက်သွားတဲ့ မြသန္တာရဲ့ ခြေသံတွေကို ဟိဟာရက မြိန်ရေရှက်ရေနဲ့ နားထောင်နေတယ်။ ခြေသံတွေ လုံးဝ တိတ်သွားတော့ သူက ခေါင်းထောင်လာပြီး ဗိုလ်မှူးကို မေးတယ်။ “သူက ဘယ်သူလဲ။ လေသံက တယ် မာလှချည်လား”

ဗိုလ်မှူးက ပြန်မေးတယ်။ “ဆာဘိုးလွန်း ဆိုတဲ့နာမည်ကို မာစတာ ကြားဖူးလား။ အင်မတန်မှ ချမ်းသာတဲ့ သစ်ကုန်သည်ကြီးတစ်ယောက်ပဲ။ ဆန်စက်တွေ ဘာတွေလည်း ပိုင်တယ်”

ဟိဟာရက စဉ်းစားကြည့်တယ်။ “မော်လမြိုင်အဆက်တွေ ထင်တယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ဗိုလ်ချုပ်ကြီး အီဒကို စစ်တပ်ရိက္ခာအတွက် ဆန်အိတ် တန် ၁၀၀ လှူသွားတဲ့ သူလား”

“ဟုတ်တယ်။ သူပဲ” ဗိုလ်မှူးက ပြောတယ်။ “အဲဒါ သူ့ရဲ့ သမီးပဲဗျ။ သူ့ဘိုးတော်ရဲ့ အရှိန်အဝါကြောင့် နည်းနည်းမှ ကြောက်ရကောင်းမှန်း သိတာမဟုတ်ဘူး”

ဟိဟာရက သဘောပေါက်သွားသလိုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ စားပွဲနားကို လျှောက်သွားပြီး အသံဖမ်းတဲ့ စက်ကိရိယာတွေကို ကြည့်ရှုနေတယ်။ စက်ပစ္စည်းတွေကို လေးထောင့်သေတ္တာထဲမှာ တန်းစီပြီး ထည့်ထားတယ်။ အဓိကကတော့ အသံချဲ့စက်တစ်လုံးရယ်၊ စပီကာတစ်လုံးရယ်၊ နားကြပ်နှစ်စုံရယ်၊ မိုက်တစ်လုံးရယ်၊ အသံကြားတာနဲ့ အလိုအလျောက် အသံသွင်းပေးနိုင်တဲ့ အသံဖမ်းစက်တစ်လုံးရယ်၊ စသဖြင့်ပေါ့။ နောက်ပြီး ဂျာမနီလုပ် နှစ်လုံးပြူးမှန်ပြောင်း နှစ်လက်လည်း ရှိသေးတယ်။ သူက မှန်ပြောင်းတစ်လက်ကို ကောက်ယူပြီး ပြတင်းပေါက်နား လျှောက်သွားတယ်။ ဟိုဘက်တိုက်ကို ချိန်ပြီး ပါးစပ်က ရေရွတ်နေတယ်။ “သူက အပေါ်ထပ် အလယ်ခန်းမှာ နေတာပဲ။ အိုး … တော်တော်ငယ်၊ တော်တော်လှပါလား။ သူ့နာမည်က ဘာတဲ့။ မြသန္တာ … မြသန္တာ။ အင်း … သူက အခုထိ စိတ်ဆိုးနေတုန်းပါလား။ ဒေါသက မသေးဘူးပဲ”

ဗိုလ်မှူးက နောက်ထပ် မှန်ပြောင်းတစ်လက်ကို ကောက်ယူပြီး ဟိဟာရရဲ့ နံဘေးကနေ အဝေးကို လှမ်းကြည့်လိုက်တယ်။ မြသန္တာက ရှူးရှူးရှားရှားနဲ့ ခုတင်ပေါ်မှာ ထိုင်လို့။ ချိုမာကတော့ ပျင်းရိပျင်းတွဲနဲ့ ခေါင်းဖြီးနေတယ်။ တပ်ကြပ်ကြီးမျိုးဇော်က သူ့အခန်းထဲမှာ လျှောက်ချည်ရပ်ချည်နဲ့ သူလည်း စိတ်ကသိကအောက် ဖြစ်နေတာ သေချာတယ်။ ဗိုလ်ကြီးအောင်သူက ဆိုဖာခုံပေါ်မှာ တစ်ယောက်တည်းထိုင်ပြီး ရှမ်းဖက်ဆေးလိပ်ကြီး ခဲလို့။ အကုန်လုံးက မြင်ကွင်းထဲမှာ အထင်းသားပဲ။ မှန်ပြောင်းထဲမှာ ဘယ်လောက်တောင် ရှင်းရှင်းပြတ်ပြတ် မြင်နေရသလဲဆိုရင် တပ်ကြပ်ကြီးမျိုးဇော်ရဲ့ မျက်ခုံးစွန်းမှာရှိတဲ့ မှဲ့နက်ကြီးနဲ့ ဗိုလ်ကြီးအောင်သူရဲ့ ဖက်ကြမ်းဆေးလိပ်ပေါ်က အကြောအမျှင်တွေရယ်၊ ဆေးလိပ်ကထွက်တဲ့ မီးခိုးငွေ့တွေကိုတောင် မြင်နေရတယ်။ အခုမှ ဗိုလ်မှူးမောင်ကိုက ရုတ်တရက် သဘောပေါက်နားလည်သွားတယ်။ ဦးဟန်ထွန်းက ဘာကြောင့် အခန်းတွေကို အဲဒီလို စီစဉ်ထားရသလဲ ဆိုတာကိုပေါ့။ ဆိုလိုတာက အခန်းတစ်ခန်းကို အသေပိတ်ထားပြီး ချိုမာနဲ့ မြသန္တာကို အခန်းတစ်ခန်းထဲမှာ အတူပေါင်းနေခိုင်းရတဲ့ အကြောင်းအရင်းကို ပြောတာ။ ဘာဖြစ်လို့လဲဆိုတော့ အခု လူနေနေတဲ့ အခန်းသုံးခန်းကိုပဲ ဒီဘက်ကနေ လှမ်းကြည့်လို့ ရနေလို့ပဲ။ တကယ်လို့သာ အဲဒီလို မစီစဉ်ဘဲ ချိုမာနဲ့ မြသန္တာကို တစ်ခန်းစီ ပေးနေလိုက်မယ်ဆိုရင် သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို လျှို့ဝှက်ထောက်လှမ်းဖို့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။

နှစ်ယောက်သား ခဏလောက် ကြည့်နေပြီးတဲ့နောက်မှာ ဟိဟာရက မှန်ပြောင်းကို အရင် အောက်ချလိုက်တယ်။ ဗိုလ်မှူးရဲ့ ပခုံးကို ပုတ်လိုက်ပြီး “သွားစို့။ ကျုပ်တို့ သွားကြည့်ရအောင်။ ဟိုက ခင်ဗျားကို အသည်းအသန် တွေ့ချင်နေတာ မဟုတ်လား”

ဒါနဲ့ ထွက်လာခဲ့ကြရော။

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *