မာတိကာကြည့်ရန်

(ခ)

အရှေ့တိုက်ရဲ့ အမိုးက အနောက်တိုက်ထက် သိသိသာသာ အထက်ကို ထိုးထွက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်မှာ ရှိတဲ့ ပထဝီမြေကြီးကိုယ်၌ကိုက ဟိုဘက်ထက် ပိုပြီး မြင့်နေလို့ပဲ။ ပြီးတော့ တိုက်ရဲ့ အောက်ခြေ ဘိနပ်ခုံကိုလည်း လှေကားသုံးထစ်စာ ပိုမြှင့်ထားသေးတယ်။ အရှေ့တည့်တည့်ကနေ ကြည့်ရင်တော့ တိုက်နှစ်လုံးက တစ်ပုံစံတည်းလိုလိုပဲ။ နှစ်တိုက်စလုံးရဲ့ မျက်နှာစာတွေက တောင်ဘက်ကို လှည့်ထားကြတယ်။ ပြီးတော့ အရှေ့နောက် အလျားလိုက် ဆောက်ထားကြပြီး နှစ်တိုက်စလုံးက နှစ်ထပ်ခွဲမြင့်တဲ့ တိုက်တွေချည်းပဲ။ အနီရောင် အုတ်ကြွပ်မိုးတွေရယ်၊ အဖြူရောင် အုတ်နံရံတွေရယ်၊ ပြီးတော့ အပေါ်၊ အလယ်နဲ့ အောက်အနားကွပ်တွေမှာ အလှဖော်ထားတဲ့ မီးခိုးရောင်အုတ်ချပ်တွေရယ်။ တစ်ခုတည်းသော ခြားနားချက်ကတော့ အရှေ့တိုက်မှာ ကားဂိုဒေါင်မရှိဘူး။ ဒါကြောင့် အလယ်တည့်တည့်ကနေ ကြည့်မယ်ဆိုရင်တော့ အရှေ့တိုက်က နည်းနည်းပိုသေးမယ် ထင်ရတယ်။ အဓိကကတော့ ဗြက်ကျဉ်းနေတာ။ ဒါပေမယ့် သိပ်ကြီးတော့လည်း မသိသာလှပါဘူး။ ကျဉ်းသယောင်ယောင်ပေါ့။ တိုက်ထဲကို ဝင်သွားလိုက်တော့မှ ပိုကျဉ်းတယ် ဆိုတာ ထင်သာမြင်သာ ဖြစ်သွားတယ်။ ပထမဆုံးအချက်အနေနဲ့ အောက်ထပ်မှာရှိတဲ့ ဧည့်ခန်းဆောင်က အနောက်တိုက်ကလို ကျယ်ကျယ်လွင့်လွင့် မရှိဘူး။ လှေကားခွင်ကလည်း ကရော်ကမယ်နဲ့။ မြောက်ဘက်နံရံနားမှာ လူမြင်မခံဝံ့လို့ ပုန်းခိုနေတဲ့အတိုင်းပဲ။ လှေကားက အချိုးအကွေ့မပါဘဲ အပေါ်ကို တည့်တည့်တက်သွားတဲ့ ရိုးရိုးလှေကားမျိုး။ သာမန် ရိုးရိုးအိမ်တွေမှာ မြင်ရတတ်တဲ့ဟာမျိုးပေါ့။

အပေါ်ထပ်က ပိုလို့တောင် ရိုးရှင်းသေးတယ်။ တကယ့်ကို သာမန် ဆင်းရဲသားတွေ နေတဲ့အိမ်အတိုင်းပဲ။ အပေါ်ထပ် တက်သွားလိုက်ရင် မျက်နှာချင်းဆိုင် တည့်တည့်နဲ့ ညာဘက်အခြမ်းက နံရံပဲ ရှိတယ်။ မျက်နှာချင်းဆိုင်က အနောက်နံရံ၊ ညာဘက်က မြောက်ဘက်နံရံ။ ဘယ်ဘက်အခြမ်းမှာပဲ အတော်လေး ကျယ်ပြန့်တဲ့ စင်္ကြံလမ်းကြီးတစ်ခု ရှိတယ်။ စင်္ကြံလမ်းရဲ့ ညာဘက်က အုတ်နံရံ (အနောက်နံရံ) ဆိုတာတော့ ပြောဖို့ မလိုလောက်ဘူး ထင်တယ်။ အဲဒါ ဘာကို ဆိုလိုနေသလဲ ဆိုတော့ တိုက်အပြင်ဘက်ကနေ လှမ်းကြည့်လို့ မြင်နေရတဲ့ အနောက်ဘက်က အိပ်ခန်းပြတင်းပေါက် လေးပေါက် ဆိုတာတွေက တကယ်တော့ ဟန်ပြထားတာတွေ။ လျှောက်လမ်းတစ်လမ်းပဲ ရှိတယ်။ အခန်းတွေက ကျယ်တော့ ကျယ်ပါရဲ့။ အရည်အသွေးကတော့ မည်မည်ရရ မဟုတ်ဘူး။ သာမန် ရိုးရိုးတုံးတုံးကြီး နေဖြစ်ရုံလောက်ပဲ။ အချုပ်ပြောရရင်တော့ အရှေ့အနောက် တိုက်နှစ်လုံးက အပြင်ပန်းအရ ဆင်တူနေပေမယ့် အတွင်းပိုင်း အခြေအနေကတော့ မိုးနဲ့မြေလို ကွာခြားနေတယ်။ မြင်ရတဲ့လူအဖို့ ဘယ်လို ထင်သွားနိုင်သလဲ ဆိုတော့ ဒီခြံပိုင်ရှင်က တိုက်ဆောက်နေတုန်း ကံဆိုးမိုးမှောင်ကျပြီး တိုက်တစ်တိုက်ကို လက်စသတ်ဖို့ အခြေအနေ မပေးတော့ဘူးလို့ ထင်သွားနိုင်စရာ အကြောင်းရှိတယ်။ ဒါကြောင့် အရှေ့တိုက်ကို ဖြစ်ကတတ်ဆန်း အကျဉ်းရုံး ဆောက်ဖြစ်လိုက်တာများလားပေါ့။

အဖြစ်မှန်က အဲဒီလို မဟုတ်ပါဘူး။

အဲဒီတုန်းက ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်ကြီးကြပ်ခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောစကားအရ သိရတာက အနောက်တိုက်ကို ဆောက်လို့ ပြီးခါနီး အချိန်လောက်မှ မူလကြံရွယ်ထားခြင်း မရှိဘဲ အရှေ့တိုက်ကို စဆောက်ဖြစ်တယ်လို့ ဆိုတယ်။ အကြောင်းအရင်းကတော့ လမ်းကြုံလို့ မတော်တဆရောက်လာတဲ့ ဘိုးတော်တစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့်ပဲ။ ဘိုးတော်ဆိုတာက ဝိဇ္ဇာလိုင်းက ဘိုးတော်ကို ပြောတာ။ အဲဒီဘိုးတော်က အညာဘက်က။ ရန်ကုန်ကို ဘုရားဖူးသွားရင် ပဲခူးမှာ တစ်ထောက်နားတယ်ပဲ ဆိုပါတော့။ သူက ပဲခူးဘုရားတွေကို လျှောက်ဖူးရင်း ရေဖွေးဖွေးနဲ့ ကန်ကြီးကိုမြင်တော့ တာရိုးအတိုင်း လမ်းလျှောက်လာရင်း ဒီခြံထဲကို ချော်တောငေါ့ပြီး ရောက်ချလာခဲ့တာပဲ။ ဆောက်လက်စ အနောက်တိုက်ကြီးက အုတ်ကြွပ်မိုးတွေတောင် မိုးပြီးနေပြီ။ အတွင်းပိုင်းကို ရွှိုင်းတီးဂွိုင်းတီး လုပ်နေကြတဲ့ အချိန်ပေါ့။ ဒီတော့ အပြင်ဘက်ကနေ ကြည့်ရင် အုတ်တိုက်ကြီးကို အင်မတန် ခန့်ခန့်ညားညား တွေ့မြင်နေရတယ်။ ထူးဆန်းတဲ့ ညှို့ဓာတ်တစ်စုံတစ်ရာက သူ့ကို ညှို့ငင်နေတဲ့အလား သူက ဆောက်လက်စတိုက်ကြီးကို သုံးပတ်ပတ်ကြည့်ပြီး ပြန်ခါနီးမှာ စကားတစ်ခွန်း ပြောသွားခဲ့တယ်။

“ဒီလောက် ခမ်းနားကြီးကျယ်တဲ့ တိုက်ကြီးမှာ နေနိုင်ဖို့ဆိုတာ တော်ရုံ ဘုန်းကံနဲ့တော့ မရဘူး။ စုတ်နဲ့လာဘ်က အမြဲတမ်း ဒွန်တွဲနေတတ်တာကလား။ မထိုက်ရင်တော့ ဒီအိမ်ရှင်အတွက် မစားသာလှဘူး။ စုတ်ဝင်ရင် အရှေ့ဘက်ကနေ ဝင်လာမှာပဲ”

ခြံပိုင်ရှင်က အဲဒီသတင်းကိုလည်း ကြားရော ပဲခူးတစ်မြို့လုံးပတ်ပြီး အဲဒီအကြားအမြင်ဆရာကို မရအရ ရှာတော့တာပဲ။ အစကတော့ ကောက်ရိုးပုံထဲ အပ်ရှာသလိုများ ဖြစ်နေမလားပေါ့။ စိတ်ပူမိခဲ့သေးတာ။ နောက်တော့ ပျောက်သောသူ ရှာလျှင်တွေ့ ဆိုတဲ့ စကားပုံလိုပဲ ရှာလို့ တွေ့သွားတယ်။ ခြံရှင်က အဲဒီဘိုးတော်ကို တကယ့် ငယ်ဆရာတစ်ယောက်လို တခမ်းတနား ပင့်ဆောင်ပြီး စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ ဧည့်ခံကျွေးမွေးရင်း သူသိချင်တာတွေကို မေးတော့တာပေါ့။ ဒါနဲ့ ဘိုးတော်က ခြံထဲကို နောက်တစ်ခေါက်ထပ်ပြီး စေ့စေ့စပ်စပ် လိုက်ကြည့်ပေးပြန်တယ်။ နောက်ဆုံးကျတော့ အခု အရှေ့တိုက်ဆောက်ထားတဲ့ မြေကွက်လပ်အရောက်မှာ ဆက်မသွားတော့ဘဲ မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ပါးစပ်က ဆီမန်းမန်းသလို ပွစိပွစိ ရွတ်နေတော့တယ်။ ထားတော့။ အချုပ်ပြောရရင် အဲဒီနေရာမှာ နောက်ထပ်တိုက်တစ်လုံးတည်ဖို့ ခြံရှင်ကို အကြံပေးတော့တာပဲ။ အရှေ့ဘက်ကနေ ဝင်လာမယ့် မကောင်းတဲ့ အငွေ့အသက်တွေကို ဒီနေရာကနေ ကာထားရမယ်တဲ့။ ကာတယ် ဆိုမှတော့ မြင့်မြင့် ကာရတော့မှာပေါ့။ ဒါကြောင့် အရှေ့တိုက်နေရာက မြေနေရာအရ ပိုပြီး မြင့်တဲ့အပြင် အောက်ခြေ ဘိနပ်ခုံကိုလည်း အမြင့်ကြီး ဆောက်ထားတယ်။ မားမားမတ်မတ် ကာကွယ်ပေးထားတယ် ဆိုတဲ့သဘောပေါ့။ ဒါကြောင့်လည်း အပြင်ဘက်ကနေကြည့်ရင် အရှေ့တိုက်နဲ့ အနောက်တိုက်က အရွယ်အစားအရ ဘာမှ သိပ်မကွာလှဘူး။ နောက်ပြီး ကာဖို့ ရည်ရွယ်ထားတာဆိုတော့ အတွင်းခန်းတွေရဲ့ အကျဉ်းအကျယ်က ဘာမှ အရေးမပါတော့ဘူးပေါ့။ အတွင်းပိုင်းကလည်း သားသားနားနား ရှိနေဖို့ ဘယ်လိုတော့မလဲ။ သာမန်လောက်လည်း ဖြစ်နေတာပဲဟာ။ ဒါကြောင့် အခုလို မြင်နေရတာ။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *