မာတိကာကြည့်ရန်

(ဃ)

နောက်ဆုံးအနေနဲ့ ဟိဟာရတို့ လူစုရဲ့အကြောင်းကို ပြောရအောင်။

ဟိဟာရကတော့ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာကို ဘယ်သိပါ့မလဲ။ မှန်းဆကြည့်လို့ ရနိုင်မှာပါ။ ဟိဟာရတစ်ယောက် လူသူကင်းမဲ့နေတဲ့ စားသောက်ဆိုင်ထဲမှာ ရပ်နေရင်း ဘယ်လောက်တောင် လမ်းပျောက်နေလိမ့်မလဲ။ သူ့မျက်စိရှေ့မှာ မြင်နေရတဲ့ အဖြစ်သနစ်ကို သူ ဘယ်လိုမှ ယုံနိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ သူပုန်ဖမ်းပွဲကြီး ကျရှုံးသွားခဲ့ပြီ မဟုတ်လား။ တစ်နည်းပြောရရင်တော့ မြွေပွေးက အတွင်းသတင်းကို အောင်မြင်စွာနဲ့ အပြင်ကို ထုတ်နိုင်ခဲ့ပြီပေါ့။ သို့ပေမယ့် မြွေပွေးက ဘယ်သူလဲ။ သတင်းကို ဘယ်ပုံဘယ်နည်းနဲ့ ထုတ်သွားခဲ့တာလဲ ဆိုတာတွေကိုတော့ ဟိဟာရခမျာ ဦးနှောက်ပွင့်မတတ် စဉ်းစားတောင်မှ အဖြေရှာမတွေ့ခဲ့ဘူး။ အဲဒီတုန်းက ဟိဟာရခမျာလည်း အဲဒီကိစ္စကို အထူးတလည် စိတ်မဝင်စားခဲ့ဘူး။ ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်ရမယ့် လုပ်ရပ်မဟုတ်လား။ သူ အထူးတလည် စိတ်ဝင်စားနေတာက သူ နေလစံအိမ်ကို မထွက်ခွာခင် ဗိုလ်ချုပ်မတ်စုအိ ပေးလိုက်တဲ့ လျှို့ဝှက်စာတစ်စောင်ပဲ။ အချိန်မတိုင်ခင် လုံးဝ ဖွင့်ကြည့်ခွင့် မရှိတဲ့ လျှို့ဝှက်စာတစ်စောင်။ အခု အချိန်ရောက်ပြီ ဆိုတော့ ဟိဟာရက စာအိတ်ကို ဖွင့်ဖောက်ကြည့်တယ်။ အထဲမှာ စာတစ်ကြောင်းပဲ ရေးထားတယ်။

လူတစ်ထောင် မှားသတ်မိတာထက် လူတစ်ယောက် မှားမလွှတ်မိဖို့ ပိုအရေးကြီးတယ်။

ဆိုလိုတာက သံသယရှိသူ မည်သူ့ကိုမဆို တစ်ယောက်မှ အလွတ်မပေးနဲ့တဲ့။

ဟိဟာရက ဘယ်သူတွေကို လက်စဖျောက်ပစ်ခဲ့သလဲ ဆိုတဲ့ တိကျခိုင်မာတဲ့ စာတမ်းအထောက်အထားကိုတော့ လုံးဝ မတွေ့ရဘူး။ လုံထိန်းတစ်ယောက်ရဲ့ ပြောစကားအရတော့ အဲဒီနေ့ညက ဟိဟာရရဲ့အမိန့်နဲ့ ရှိသမျှ လုံထိန်းတွေနဲ့ ရဲဘော်တွေ အားလုံးကို တစ်ယောက်မချန်ဘဲ ညတွင်းချင်း မြို့ပေါ် ပြန်လွှတ်လိုက်တယ်။ သူ မပြန်ခင်မှာ ဗိုလ်မှူးမောင်ကိုက စံအိမ်ကို အမောတကော ရောက်လာပြီး ဟိဟာရနဲ့အတူ ညလယ်စာ စားနေကြတာကို တွေ့ခဲ့ရတယ်။ ရဲဘော်လေးက တပ်ထဲကို ပြန်ရောက်တော့ သူ့ပိုက်ဆံအိတ် ပါမလာတာကို သတိထားမိသွားတယ်။ ဒါကြောင့် နောက်တစ်နေ့ မနက်မှာ နေလစံအိမ်ကို ပြန်သွားပြီး သူ့ရဲ့ ပိုက်ဆံအိတ်ကို ပြန်သွားရှာခဲ့တယ်။ အဲဒီကိုရောက်တော့ အရှေ့တိုက်ရော၊ အနောက်တိုက်မှာပါ ဘယ်သူမှ မရှိတော့ဘူး။ အဲဒီလူတွေ ဘယ်တုန်းက ထွက်သွားကြတာလဲ၊ ဘယ်ကို ရောက်သွားကြသလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြတော့ဘူး။ နောက်တော့ မြသန္တာနဲ့ ဦးဟန်ထွန်းတို့ နှစ်ယောက်က တပ်ထဲကို ပြန်ရောက်လာကြတယ်။ တခြားလူတွေ ဖြစ်တဲ့ တပ်ကြပ်ကြီးမျိုးဇော်၊ ဗိုလ်လေးထွန်းမြင့်၊ ဗိုလ်ဝတုတ်နဲ့ အသံခိုးဖမ်းပေးကြတဲ့ ရဲဘော်တွေကို ဘယ်သူမှ မတွေ့ကြရတော့ဘူး။ လေထဲ ပျံ့ဝဲသွားတဲ့ မီးခိုးငွေ့လို အစအနတောင် ရှာမတွေ့တော့ဘူး။ အဲဒီလုံထိန်းရဲ့ ထင်မြင်ချက်ကတော့ အဲဒီလူတွေက ဟိဟာရရဲ့ လက်ချက်ကြောင့် မာလကီးယားသွားကြပြီတဲ့။ နောက်ပိုင်း ဟိဟာရလည်း လုပ်ကြံသတ်ဖြတ်တာ ခံလိုက်ရတယ်။ အဲဒါလည်း ဟိုလူတစ်စုရဲ့ မိသားစု ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေက လက်စားချေတာပဲ ဖြစ်လိမ့်မယ်လို့ အဲဒီရဲဘော်က ယူဆနေတယ်။

ဟိဟာရရဲ့အကြောင်းကို များများစားစား သိထားတာ မရှိဘူးလို့ ဘကျော်က ဝန်ခံတယ်။ ဒါပေမယ့် ဟိဟာရ လုပ်ကြံခံရတဲ့ အကြောင်းကို ပြောတော့ အဘိုးကြီးရဲ့ မျက်လုံးအစုံမှာ မျက်ရည်တွေ ဝေ့ဝဲလာတယ်။ သူက စိတ်လှုပ်ရှားစွာ ပြောတယ်။ “အဲဒီနှစ် နွေရာသီမှာ မြို့ထဲ သတင်းတွေ ပြန့်နေခဲ့တယ်။ တချို့က ပြောတာတော့ သူ့ကို သတ်ပေးနိုင်ရင် ရွှေ ၁၀ ပိဿာ ဆုချမယ်ပေါ့။ တချို့ ပြောတာတော့ ရွှေပိဿာချိန် ၂၀ ပေးမယ်လို့ ပြောကြတယ်။ ဇွန်လဆန်းလောက်မှာ ဖြစ်လိမ့်မယ်။ ရက်စွဲအတိအကျတော့ အဘလည်း မမှတ်မိတော့ဘူး။ အဘဆီကို စာတစ်စောင် ရောက်လာတယ်။ စာအိတ်ထဲမှာတော့ ဓာတ်ပုံတစ်ပုံပဲ ပါတယ်။ ဟိဟာရကို အတုံးတုံး အတစ်တစ် ခုတ်သတ်ထားတဲ့ပုံပေါ့။ အဲဒီစာကို ဘယ်သူ ပို့လာမှန်း မသိဘူး။ ဒါနဲ့ အဘလည်း စုံစမ်းကြည့်ရတော့တယ်။ ဒီစာကို ဘယ်သူ ပို့တာလဲ ဆိုတာနဲ့၊ ဟိဟာရ ဘယ်ပုံဘယ်နည်း စခန်းသိမ်းသွားသလဲ ဆိုတာ။ ဒီတော့ မုပွန်ဘက်မှာ အဲဒီဂျပန်ကောင် အသတ်ခံခဲ့ရတယ် ဆိုတာကို သိလာခဲ့ရတယ်။ သတ်တဲ့လူက ခြေလက်တွေကို ဖြတ်ပစ်ရုံတင် မကဘူး။ မျက်လုံးနှစ်လုံးကိုတောင် ဖောက်ထုတ်ထားတယ် ဆိုပဲ။ တကယ့်ကို အသေဆိုးနဲ့ သေရတာပါ။ ဝဋ်လည်တာပေါ့လေ”

ဘယ်သူက သူ့ကို သတ်ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောနေကြတာတွေကတော့ အမျိုးမျိုးပဲ။ တချို့က မြေအောက်အဖွဲ့က သတ်တာတဲ့။ တချို့ကတော့ ပြည်သူ့ရဲဘော်အဖွဲ့က လုပ်တာလို့ ပြောတယ်။ တချို့ကျတော့ ဗိုလ်မှူးမောင်ကိုနဲ့ ဗိုလ်ကြီးအောင်သူရဲ့ လက်အောက်က လုပ်တာတဲ့။ တချို့ အပြောအရတော့ မြသန္တာက လူသတ်သမားတွေကို ပိုက်ဆံပေး ငှားတယ်လို့ ဆိုတယ်။ အစုံအစုံပါပဲ။ အမျိုးမျိုး ပြောနေကြပေမယ့် အားလုံးက လေဖမ်းပြီး ဒန်းစီးနေကြတာ။ ဒါကြောင့် ဟိဟာရလို ဂျပန်အရာရှိတစ်ယောက် အသတ်ခံရတဲ့ ကိစ္စက ဒေသခံ လူတွေရဲ့ ပါးစပ်ဖျားမှာ ပုံစံအမျိုးမျိုးနဲ့ ခံတွင်းတွေ့စရာ ဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်လာခဲ့တယ်။

ကျွန်တော့်အတွက် ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ချက်က မြသန္တာကို ဘယ်လိုမှ ရှာမတွေ့ခဲ့တာပဲ။ သူ အသက်ရှင်လျက် ရှိနေသေးတယ်လို့တော့ သတင်းရတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ သူက အင်္ဂလန်ကို အပြီး ပြောင်းသွားပြီး တော်လှန်ရေးအစိုးရ အာဏာမသိမ်းခင်အထိ သူက မြန်မာပြည်မှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ ငွေတွေ အများကြီး လှူဒါန်းခဲ့တယ် ဆိုတဲ့ သတင်းတော့ ရှာတွေ့ထားတယ်။ သူက ဝန်ကြီးချုပ် ဦးနုရဲ့ ပထစအစိုးရနဲ့ အတော်လေး လက်ပွန်းတတီး ရှိခဲ့ပုံ ရတယ်။ ဒါကြောင့် အဲဒီခေတ်က ဝန်ကြီးဟောင်းတစ်ဦးရဲ့ အကူအညီနဲ့ သူ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ အတွင်းအရေးမှူးက ဘာအကြောင်းပြချက်မှ မပေးဘဲ ကျွန်တော်ကို အဖက်မလုပ်ခဲ့ဘူး။ ဒီတော့ ကျွန်တော့်အဖို့လည်း မျှော်လင့်ချက်တွေ ကင်းမဲ့သွားခဲ့ရတာပေါ့။ ကျွန်တော့်ဆီမှာ ရှိနေတဲ့ အချက်အလက်တွေအရ ဆိုရင် အဲဒီအမျိုးသမီးကြီးက နောက်နှစ်ဆို အသက် ၈၃ နှစ် ပြည့်ပြီ။ ဒီနေရာကနေပဲ သူ့ကို ကျန်းကျန်းမာမာနဲ့ သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

စာပြီးချိန် – ၇၊ ၁၁၊ ၂၀၀၆။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *