မာတိကာကြည့်ရန်

(ဂ)

ဒါပေမယ့် ချိုမာရဲ့ ကိုယ်ပေါ်နဲ့ ကျန်ရှိပစ္စည်းတွေကို နှံ့နေအောင် ရှာဖွေခဲ့ပေမယ့် ဘကျော် ဘာမှ ရှာမတွေ့ခဲ့ဘူး။

ဘယ်လိုလုပ် ရှာတွေ့နိုင်ပါ့မလဲ။ ဟိဟာရက လက်ဦးမှုယူပြီး ချိုမာရဲ့ ရုပ်အလောင်းနဲ့ ကျန်ရှိပစ္စည်းတွေကို ဗြောင်းဆန်အောင် မွှေထားခဲ့ပြီးပြီလေ။ ပြီးတော့ အလောင်းမှာ ဝတ်ပေးထားတဲ့ အဝတ်အစားတွေ အားလုံးက အကုန်လုံး အသစ်တွေချည်းပဲ။ ပိုပြီးတော့တောင် ရှာလို့ မတွေ့နိုင်သေးတယ်။

“ဒါပေမယ့် ရှိကိုရှိရမယ်လို့ အဘ အခိုင်အမာ ယုံကြည်ထားတယ်။ အဘ လက်မလျှော့ဘူး။ မရမက ဆက်ရှာတယ်။ တရစပ် စဉ်းစားတယ်။ မနားတမ်း မှန်းဆကြည့်တယ်” ဘကျော်က မျက်မှောင်နှစ်ခုကို ထိလုမတတ် ကျုံ့ထားတယ်။ အတိတ်ကာလထဲကို ပြန်ရောက်နေတဲ့အလားပဲ။ “အကြိမ်ကြိမ် ရှာပြီးလို့ ဘာပစ္စည်းမှ မရှိနိုင်ဘူး ဆိုတာ ယုံကြည်သွားပြီးတဲ့နောက်မှာ အဘ နောက်တစ်မျိုး သံသယဝင်လာမိတယ်။ သူက လျှို့ဝှက်တဲ့ နည်းစနစ်တစ်မျိုးမျိုးနဲ့ ဝှက်ထားခဲ့တာများလား။ ဘယ်လို နည်းစနစ်လဲ။ အဘ စဉ်းစားကြည့်တယ်။ တကယ်လို့သာ သူ့ကိုယ်မှာ ရှိရိုးမှန်ရင် သူ့ဗိုက်ထဲမှာပဲ ရှိရလိမ့်မယ်ပေါ့။ သူ မျိုချထားတာ နေမှာ။ ဒါပေမယ့် အဲဒီအချက်ကို သူက သေတမ်းစာထဲမှာ အရိပ်အမြွက် ပြောမထားတာကတစ်ကြောင်း၊ မှန်မမှန် လက်တွေ့ စမ်းသပ်ကြည့်ဖို့ကလည်း သိပ်မလွယ်ကူတာက တစ်ကြောင်းမို့ အဲဒီအချက်ကို ခဏ ဖေးဖယ်ထားလိုက်တယ်။ ကိုယ်မှာ မရှိဘူးဆိုရင်တော့ ကျန်ရှိပစ္စည်းထဲမှာပဲ ရှိရတော့မှာပေါ့။ တကယ်လို့သာ ကျန်ရှိပစ္စည်းထဲမှာ ဆိုရင်လည်း သတင်းကို ဝှက်ထားနိုင်တဲ့ တစ်ခုတည်းသော နေရာက သူ့ရဲ့ ပန်းချီကားပဲ။ ပြီးတော့ သူ့ရဲ့ သေတမ်းစာထဲမှာ အဲဒီပန်းချီကားအကြောင်းကို တကူးတက ထည့်ရေးထားသေးတယ်လေ။ ဒါနဲ့ အဘလည်း အဲဒီပန်းချီကားကို စေ့စေ့စပ်စပ် လေ့လာရတော့တာပေါ့။ ပန်းချီကားထဲကနေ တစ်ခုခု တွေ့မြင်ရပါစေလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ စူးစမ်းရှာဖွေခဲ့ပေမယ့် ဘယ်လိုပဲကြည့်ကြည့်၊ ဘယ်နှခေါက်ပဲ ကြည့်ကြည့်၊ ဖင်ပြန်ခေါင်းပြန်ကြည့်ကြည့်၊ ဘာထူးခြားချက်မှ တွေ့မလာခဲ့ဘူး”

အဲဒီပန်းချီကားက အဲဒီအချိန် ဘကျော်ရဲ့ ဧည့်ခန်းထဲမှာ အခန့်သား ချိတ်လျက် ရှိနေတယ်။ အခုတော့ မှန်ဘောင်နဲ့ ကျကျနန ခတ်ပြီး အလှပြထားလေရဲ့။ ပန်းချီကားရဲ့ အသွင်အပြင်အရ ကောက်ကြောင်းဆွဲထားတဲ့ ပုံကြမ်းသာသာပဲလို့ ပြောလို့ရပေမယ့် ဆွဲထားတဲ့ လက်ရာက အတော်လေး စေ့စပ်တယ်။ အနုစိတ်တယ်။ ပင်စည်နဲ့ အကိုင်းအခက်တွေကို ခဲသားတုတ်တုတ်နဲ့ ကောက်ကြောင်း ဖော်ထားပေမယ့် သစ်ရွက်တွေနဲ့ မြက်ပင်တွေကိုတော့ ခဲချွန်ချွန်နဲ့ အနုစိတ် ပုံဖော်ထားတယ်။ သစ်ရွက်တွေထဲမှာ ပိုးကိုက်ထားတဲ့ သစ်ရွက်တွေတောင် ပါလိုက်သေးတယ်။ မြက်ပင်တွေဆိုရင်လည်း လှိုင်းကြက်ခွပ်လေးတွေလို နိမ့်ချည်မြင့်ချည်နဲ့။ အချုပ်ပြောရရင်တော့ ပုံက ရှင်းတယ်။ ပြတ်တယ်။ မှန်ဘီလူးနဲ့ ပြူးပြဲပြီး ကြည့်ရင်တောင် အဲဒီကားချပ်ပေါ်မှာ ဘာလျှို့ဝှက်စာလုံးကိုမှ တွေ့မြင်နိုင်စရာ အကြောင်းမရှိဘူး။

ဒါပေမယ့် ဘကျော်က ပြောတယ်။ လျှို့ဝှက်သတင်းက အဲဒီပန်းချီကားပေါ်မှာ ရှိနေတယ်။ ကျွန်တော့်ကို မှန်းကြည့်ကြည့်စမ်း ဆိုပဲ။

အစပိုင်းမှာတော့ ပုံဆွဲစက္ကူက အတော်လေး ထူနေလို့ အဲဒါကို သံသယဝင်ခဲ့မိတယ်။ စက္ကူကို လွှာပြီး ကြားထဲမှာများ ညှပ်ထည့်ထားခဲ့သလားပေါ့။ နောက်တော့ ပုံထဲက သစ်ပင်နှစ်ပင်ကို သံသယဝင်မိပြန်တယ်။ သစ်ပင်တွေရဲ့ အကိုင်းအခက်တွေက လမ်းပြမြေပုံတစ်ပုံနဲ့ ဆင်တူနေသလားလို့။ လျှို့ဝှက်ချက်က အဲဒီမှာများ ရှိနေမလားလို့ အောက်မေ့ခဲ့မိတယ်။ နောက်တော့ ကလေးတွေအတွက် ရေးပေးထားတဲ့ စာကြောင်းကပဲ တစ်စုံတစ်ရာကို ဖော်ညွှန်းနေသလား တွေးမိပြန်တယ်။ သို့ပေမယ့်လည်း ဘကျော်က တစ်ခုပြီးတစ်ခု ငြင်းဆိုနေခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော့်ဆီကနေ ဘာအကြံအစည်အသစ်မှ ထွက်မလာနိုင်တော့ဘူး ဆိုတာကို ရိပ်မိသွားတော့ ဘကျော်က ကျွန်တော်ကို အရိပ်အမြွက် ပြောပြတယ်။

“ဟောဒီမြက်ပင်တွေကို ကြည့်ကြည့်စမ်း။ ဘာများ ထူးခြားနေသလဲ”

အဲဒီမြက်ပင်တွေကို အစောကြီးကတည်းက အထပ်ထပ် အခါခါ လေ့လာကြည့်ခဲ့ပြီးသားပါ။ အရှည်အတိုမညီဘဲ အတန်းလိုက်ဆွဲထားတယ်။ မြက်ပင်တန်းက နှစ်တန်း။ တစ်တန်းက အထက်၊ တစ်တန်းက အောက်။ တစ်ပင်ချင်းစီရဲ့ အကွာအဝေးက ညီသလိုလိုနဲ့ ညီတယ်လို့လည်း အတိအကျ ပြောလို့ မရဘူး။ ဖြစ်သလို ဆွဲထားတဲ့ပုံမျိုးပဲ။ အားလုံးလိုလိုက တစ်ကြောင်းဆွဲတွေ။ တစ်ခုခု ထူးခြားပါတယ်လို့ မဖြစ်မနေ ပြောရမယ် ဆိုရင်တော့ ဆွဲထားတာက အတော်လေး ပစ္စလက်ခတ်နိုင်တယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် အဲဒီမြက်ပင်တွေရဲ့ အကြားမှာတော့ ဘာကိုမှ ဖွက်ထားလို့ မရနိုင်တာ သေချာနေတယ်။

ဘကျော်က ရယ်ပြီး ပြောတယ်။ “မင်းက အတော်ချော်နေတာပဲကွ။ မင်းက ပုံပေါ်မှာ တစ်စုံတစ်ခုကို ပေါ်တင်ကြီး တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ထားတာကိုး။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ အဲဒီတုန်းက ချိုမာ ကြုံတွေ့နေရတဲ့ အနေအထားအရ အဘတို့ကို တိုက်ရိုက်ပြောပြဖို့ ဖြစ်မှ မဖြစ်နိုင်ဘဲဟာ။ အဲဒီအထဲကနေ ယူထုတ်လာတဲ့ ပစ္စည်းမှန်သမျှကို အပြန်ပြန် အထပ်ထပ် စစ်ဆေးထားခဲ့ကြတာလေ။ မင်း မြင်နိုင်မှတော့ ရန်သူလည်း မြင်နိုင်တာပေါ့။ အဲဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူက သတင်းကို အဘပဲ သတိထားမိနိုင်တဲ့ နေရာမျိုးမှာ ဖွက်ထားလိမ့်မယ်လို့ မင်း စဉ်းစားကြည့်သင့်တယ်။ ဒါဆို အဘနဲ့ တခြားလူတွေနဲ့ မတူတဲ့အချက်က ဘာဖြစ်မလဲ။ အဘမှာ ဘာအရည်အချင်းတွေ ရှိလဲ။ အဘ စောစောက မင်းကို ပြောခဲ့ပြီးပါပြီ။ အဘက သတင်းဖြန့်ပေးရတဲ့သူလေ။ ပဲခူးနယ်မှာရှိတဲ့ မြေအောက်သတင်းဖြန့်ဝေရေး ကိစ္စမှန်သမျှကို အဘကပဲ တာဝန်ယူထားရတာ။ ပြီးတော့ ချိုမာကလည်း ကျွမ်းကျင်တဲ့ ကြေးနန်းဝှက်စာ ဖော်တဲ့သူတစ်ယောက်။ ဒီတော့ သူက မော့စ်ကုတ်ကို အင်မတန်မှ ပိုင်နိုင်ကျွမ်းကျင်တယ်”

အဲဒီလို ပြောပြီးတော့ ဘကျော်က စကားကို ရပ်တန့်လိုက်ပြီး ကျွန်တော့်ကို မော့စ်ကုတ်အကြောင်း နားလည်သလားလို့ မေးလာတယ်။

မော့စ်ကုတ်မှာ အသံတို (·) နဲ့ အသံရှည် (-)၊ အသံနှစ်မျိုးကို လိုသလို တွဲစပ်ပြီး ဖွဲ့စည်းထားတယ်။ ဥပမာ ပြောရရင် အင်္ဂလိပ်အက္ခရာ A လို့ ရေးချင်ရင် မော့စ်ကုတ်နဲ့ ·- လို့ ရေးတယ်။ B ဆိုရင် -··· ၊ Z ဆိုရင် –·· စသဖြင့်ပေါ့။ မြန်မာစာနဲ့ကျတော့ နည်းနည်း ရှုပ်လို့ အင်္ဂလိပ်လိုပဲ ရှင်းပြလိုက်တာပါ။ တကယ်လို့ မြန်မာစာကို မော့စ်ကုတ်နဲ့ ဘယ်လို ရေးသလဲ၊ ကြေးနန်း ဘယ်လို ပို့သလဲ သိချင်ရင်တော့ ယောအတွင်းဝန် ဦးဘိုးလှိုင်ပြုစုထားတဲ့ လိပိဒိပိကာကျမ်းကို ဖတ်ကြည့်ပါလို့ပဲ ညွှန်းလိုက်ပါရစေတော့။ မော့စ်ကုတ်ကို ဒီဘက်ခေတ် ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြောမယ်ဆိုရင်တော့ 0 1 နဲ့ သွားဆင်တာပေါ့။

မော့စ်ကုတ်ကို ဖမ်းတဲ့အခါ ဖမ်းစက်ထဲမှာ တိတာတိတိတာတာတိတာတာတာတိ စသဖြင့် တီတာအသံတွေပဲ ကြားရတယ်။ အဲဒါကိုပဲ အသံတိုဖြစ်တဲ့ တိ ကို (·) dot အဖြစ်ယူပြီး အသံရှည်တဲ့ တာ ကို (-) dash အဖြစ်ယူတယ်။ အသံက တိုလိုက်ရှည်လိုက်၊ ရှည်လိုက်တိုလိုက်နဲ့ အဆုံးတော့ ပြောချင်တဲ့ စာကြောင်းတစ်ကြောင်း ထွက်လာတော့တာပေါ့။ အဲဒီလိုပါပဲ။ မြက်ပင်လေးတွေကလည်း သဘာဝအရကိုပဲ တိုလိုက်ရှည်လိုက် ဖြစ်နေကြတာပဲ မဟုတ်လား။

ဘကျော်က ပုံထဲမှာ ဆွဲထားတဲ့ မြက်ပင်တွေကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ ကျွန်တော်ကို ပြောပြတယ်။ “အခုလောက်ဆို သဘောပေါက်ရောပေါ့။ အဲဒါတွေက မြက်ပင်တွေ မဟုတ်ဘူး။ သတင်းတစ်ပုဒ်ပဲဗျ။ မော့စ်ကုတ်တွေလေ။ မြက်ပင်ရှည်တွေက တာ (-) ကို ကိုယ်စားပြုတယ်။ မြက်ပင်တိုတွေက တိ (·) ကို ကိုယ်စားပြုတယ်”

ဒီတော့ ပန်းချီကားပေါ်မှာ ဆွဲထားတဲ့ မြက်ပင်တွေရဲ့ အတိုအရှည် ဖွဲ့စည်းပုံကို မော့စ်ကုတ်အဖြစ် ပြောင်းပြီး စာလုံးဖော်ကြည့်လိုက်တော့ …

အရေးပေါ်၊ တွေ့ဆုံပွဲကို ဖျက်သိမ်းပါ။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *