မာတိကာကြည့်ရန်

(စ)

ဗိုလ်မှူးပြောခဲ့သလိုပါပဲ။ ဝှက်စာက ဖော်ရမခက်လှဘူး။ အတော်ကြီးကို လွယ်တယ်လို့တောင် ပြောလို့ရတယ်။ လွယ်လွန်လွန်းလို့ ဝှက်စာလို့တောင် ကင်ပွန်းတပ်ဖို့ မသင့်တော့ဘူး။ ဝှက်စာရဲ့ အခြေခံသဘောတရားကို နားလည်ထားရုံနဲ့တင် ဖော်လို့ ရနေတယ်။

တကယ်တော့ ဗိုလ်မှူးက သူ့လူတွေကို အပျော်သက်သက် သွေးပူလေ့ကျင့်ခန်းလေးတစ်ခု လုပ်ပေးလိုက်ရုံ သက်သက်ပါပဲ။ ဂဏန်းတွဲတစ်တွဲမှာ စာမျက်နှာနံပါတ်၊ စာကြောင်းရေနဲ့ စာလုံးရေကို ကိုယ်စားပြုတဲ့ ဂဏန်းတန်ဖိုးတွေ ပါနေတယ်။ အဲဒီဂဏန်းတန်ဖိုးတွေနဲ့ ဇိနတ္ထပကာသနီ စာအုပ်ထဲမှာ လှန်ရှာလိုက်ရုံပေါ့။ စာမျက်နှာ ၁၄၅၊ စာကြောင်းရေ ၂၀၊ စာလုံးရေ ၅ မှာ ရှိနေတဲ့ စကားလုံးက ‘ဒီ’ ဆိုတာမျိုး။

တစ်လုံး ဖော်နိုင်သွားတော့ ဒုတိယအလုံး၊ နောက်တော့ တတိယအလုံး … စသဖြင့် စာကြောင်းအပြည့်အစုံက အောက်ပါအတိုင်း ထွက်လာတယ်။

ဒီဝှက်စာကအလကား

သူလျှိုရှိတာတော့ အမှန်

မင်းဘယ်လောက်ပုန်းပုန်း

ပြေးလို့ကတော့ မလွတ်

ဟဲ့ မြွေပွေးကောင်

ခါးပိုက်တော့ ဆောင်မထားဘူး။

အောင်မျိုးမြချို ဒီလေးယောက်

ဘယ်သူမြွေပွေးလဲ

ဒီဝှက်စာကို ရအောင်ဖော်မယ်

ဝန်ခံလာရင်တော့ အကောင်းဆုံးပဲ

မောင်မောင်ခေါ်လို့မှ ဗျာမထူးရင်

ဒူးနဲ့မျက်ရည် သုတ်ရမယ်မှတ်။

ကဗျာတော့ ကဗျာပဲ။ ဘာကဗျာ အမျိုးအစားလည်းတော့ မပြောတတ်ဘူး။ စပ်ထားတာကတော့ တော်တော်ကို ဆိုးဆိုးဝါးဝါးပါ။ ဒါမှမဟုတ် တပ်ထဲ အနေကြာသွားလို့၊ တိုက်ပွဲတွေနဲ့ချည်း လုံးပန်းနေရလို့ပဲ ကဗျာစည်းကမ်းတွေ မေ့လျော့သွားလေသလား မပြောတတ်ဘူး။ ကာရန်တွေ၊ နဘေတွေ ဘယ်လောက်ပဲ စုတ်ပဲ့စုတ်ပဲ့၊ အဓိပ္ပာယ်ကတော့ အရှင်းကြီး။ အခု ဖတ်နေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထပ်ပြီး ရှင်းပြနေစရာ မလိုလောက်အောင် ပေါ်လွင်နေတယ်။ ဒီတော့ အောင်မျိုးမြချို ဆိုတဲ့ ဗိုလ်ကြီးအောင်သူ၊ တပ်ကြပ်ကြီးမျိုးဇော်၊ ချိုမာနဲ့ မြသန္တာတို့ လေးယောက်မပြောနဲ့၊ အတွင်းဝန်ဗိုလ်လေးတောင် ကြက်သီးထသွားတယ်။ ကာယကံရှင် လေးယောက်ကိုတော့ ထည့်ပြောနေစရာ မလိုလောက်တော့ဘူး။ သူတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကျောချမ်းနေကြလေရဲ့။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *