နိပွန်းလေတပ်မတော်က ၁၉၄၁ ခု၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့နဲ့ မော်လမြိုင်မြို့ကို စစ်ကြေညာတဲ့အနေနဲ့ အဦးဆုံး ဗုံးကြဲချခဲ့ကြတယ်။ နောက်တော့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နှစ်သစ်ကူးလက်ဆောင်အဖြစ်နဲ့ ပဲခူးမြို့ကို ဗုံးကြဲခဲ့ကြပြန်တယ်။ ပဲခူးမြို့ကို ဗုံးကြဲရာမှာတော့ လူနေအိမ်ခြေတွေကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ပဲခူးဘူတာနဲ့ စစ်ရေးပစ်မှတ်တွေကိုပဲ ဦးတည်ပြီး ဗုံးကြဲသွားခဲ့တာ။ ဒါကြောင့် လူနေအိမ်ခြေတွေက လုံးဝနီးပါး မထိခိုက်သလောက်ပဲ။ ဒါပေမယ့် ၁၉၄၂ ခု မတ်လဆန်းမှာ အင်္ဂလိပ်တပ်တွေ အကုန်လုံး ပဲခူးမြို့ကနေ စွန့်ခွာကြတော့ မြေလှန်စနစ်အရ မြို့ကို မီးတိုက်ခဲ့ကြတယ်။ ဒီတော့ ဂျပန်ဗုံးကြဲလို့ မပျက်ခဲ့တဲ့ မြို့က အင်္ဂလိပ်မီးတိုက်လို့ ပြာပုံအတိ ဖြစ်သွားခဲ့ရတော့တာပေါ့။ ၁၉၄၄ ခုနှစ်ကို ရောက်လာတဲ့အချိန်မှာ ပဲခူးမြို့က ၁၉၄၂ ခုနှစ်ကလို ယမ်းနံ့၊ ညှော်နံ့၊ မီးခိုးနံ့တွေ အူထမနေတော့ပေမယ့် မြို့ရဲ့ တစ်ဝက်ကျော်လောက်ကတော့ အပျက်အစီး ပုံတွေကြားကနေ နလန်မထနိုင်ကြသေးဘူး။ ဘယ်နားကိုပဲ မျှော်ကြည့်လိုက် မျှော်ကြည့်လိုက် အုတ်ပုံတွေ၊ မီးကျွမ်းနေတဲ့ သစ်တိုသစ်စတွေ၊ အိမ်ပြိုအိမ်ပျက်တွေက အတုံးအရုံး စုပုံနေကြတုန်းပဲ။
ပဲခူးမြို့ဆိုတာ တစ်ချိန်က ဟံသာဝတီမြို့တော်ရယ်လို့ ဟီးထအောင် ကြီးကျယ်ခမ်းနားခဲ့တဲ့ နေပြည်တော်ကြီးတစ်ခုပါ။ အဲဒီမြို့တော်ကြီးကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ၊ ၁၇၅၇ ခုနှစ်မှာ အခုလိုပဲ မီးတိုက်ခံရလို့ ပြာပုံအတိ ဖြစ်သွားခဲ့ဖူးတာပဲ မဟုတ်လား။ ဒါကိုက ပဲခူးမြို့ရဲ့ ကံကြမ္မာလို့ပဲ ဆိုရမလား မပြောတတ်တော့ဘူး။ အဲဒီလို ပြာပုံအတိ ဖြစ်သွားခဲ့တဲ့ မြို့ရဲ့ ကြမ္မာဆိုးနဲ့ လားလားမှ မပတ်သက်သလို ခန့်ခန့်စန့်စန့်ကြီး နေသွားနိုင်ခဲ့တဲ့ စံအိမ်ကြီးတစ်ခုတော့ ရှိခဲ့တယ်။ အဲဒီစံအိမ်ရဲ့ နာမည်က ‘နေလ’ စံအိမ်တဲ့။
အဲဒီနေလစံအိမ်က နန်းတော်ရာရဲ့ အနောက်ဘက် တစ်မိုင်ပျော့ပျော့လောက် အကွာမှာ ရှိတယ်။ စံအိမ်ရဲ့ မြေဧရိယာက ၁၀ ဧကကျော် ရှိတာမို့ အတော် ကျယ်တဲ့ ခြံကြီးတစ်ခြံလို့ ပြောရလိမ့်မယ်။ ခြံထဲမှာက တစ်ထပ်အုတ်တိုက်နှစ်လုံးနဲ့ နှစ်ထပ်အုတ်တိုက် နှစ်လုံး၊ စုစုပေါင်း အုတ်တိုက်လေးလုံး ရှိတယ်။ အဲဒီအုတ်တိုက်လေးလုံး စလုံးနဲ့ ခြံကြီးထဲက မုခ်ဦး၊ ရေပန်းခုံ၊ အပန်းဖြေဆောင်၊ ငါးကန်၊ ကနုတ်မီးတိုင် စတဲ့ အလှပြအဆောက်အဦတွေက စစ်ဘေးစစ်ဒဏ်ကြောင့် ဘာတစ်ခုမှ ပျက်စီးယိုယွင်းသွားတာ မရှိခဲ့ဘူး။ ပြောရရင် ကမ္ဘာစစ်ကြီးက သူနဲ့ လားလားမှ မသက်ဆိုင်ခဲ့သလိုပဲ။ ပဲခူးမြို့ကို ဝေဟင်အထက်ကနေ ငုံ့ကြည့်လိုက်မယ်ဆိုရင် နောက် (နွား) ချေးပုံထက်မှာ ပန်းတစ်ပွင့်ထိုးထားတဲ့အလား မခိုးမခန့်နဲ့ ပဲခူးမြို့သူမြို့သားတွေကို လှောင်ပြောင်နေတဲ့အတိုင်း။
ဒါပေမယ့် ပဲခူးမြို့သူမြို့သားတွေကတော့ အဲဒီနေလစံအိမ်ကြီးကို ကွယ်ရာမှာ နေလစံအိမ်လို့ မခေါ်ကြဘူး။ ဓမြစံအိမ်တဲ့။ အဲဒီစံအိမ်ကြီးထဲက အဆောက်အအုံတွေ၊ ရှုခင်းတွေ ဘယ်လောက်တောင်ပဲ လှပနေပါစေ၊ သူတို့က အဲဒီစံအိမ်ကြီးကို ပဲခူးမြို့ရဲ့ အမာရွတ်ကြီးလို့ ယူဆထားကြတာ။
ဘာကြောင့် ဓမြစံအိမ်လို့ ခေါ်ကြတာလဲ။ ဘာဖြစ်လို့ အမာရွတ်ကြီးလို့ မှတ်ယူထားကြတာလဲ။
ဒါက အဲဒီနေလစံအိမ်ရဲ့ ပိုင်ရှင်အကြောင်းကို ပြောပြမှ ရလိမ့်မယ်။ ပိုင်ရှင်ရဲ့အကြောင်းကို မပြောခင်မှာ အဲဒီဓမြစံအိမ် … အဲ … နေလစံအိမ်ရဲ့ တည်နေရာ ပတ်ဝန်းကျင်အကြောင်းကို အရင် စပြောရအောင်။ စောစောကလည်း ပြောခဲ့ပြီးပါပြီ။ နေလစံအိမ်က နန်းတော်ရာရဲ့ အနောက်ဘက်စူးစူးမှာ ရှိတယ်။ နန်းတော်ရာရဲ့ အနောက်ဘက်ဆိုတာ လူသတ်ကုန်း မဟုတ်လား။ အဲဒါ လွန်ခဲ့တဲ့ အနှစ်နှစ်ရာလောက်က ဆိုပေမယ့် လူတွေက အစွဲကြီးကြတာကလား။ ဒီတော့ အဲဒီနယ်မြေတစ်ဝိုက်ကိုလည်း လူတွေက လာဘ်မရှိဘူး၊ ကျတ်ကုန်း၊ ဖုတ်ကုန်း၊ သရဲကုန်း ဆိုပြီး ဟံသာဝတီပျက်ပြီးတာတောင် ဘယ်သူမှ မက်မက်စက်စက် မရှိခဲ့ကြဘူး။ ပြောရရင် အဲဒီပတ်ဝန်းကျင်မှာ ရှိတဲ့ စေတီပုထိုးတွေကိုတောင် ပြုပြင်မယ့်သူ မရှိလို့ အနှစ် နှစ်ရာနီးပါး ဒီအတိုင်း ပစ်ထားခဲ့ကြတာ အခုဆို ဘုရားအများစုက အုတ်ကမူသာသာပဲ ကျန်တော့တယ်။ ပြီးတော့ အဲဒီနေရာက မြေနိမ့်ပိုင်း ဖြစ်လေတော့ မိုးဝင်ပြီ ဆိုတာနဲ့ အင်းကြီးတစ်အင်းလို ဘယ်နားကြည့်ကြည့် ရေတွေက ဖွေးဖွေးလှုပ်နေတယ်။ နောက်နှစ် တပို့တွဲ၊ တပေါင်းကို မရောက်မချင်း ရေက ခန်းသွားတယ်ရယ်လို့ မရှိဘူး။ ဒါကြောင့် အဲဒီနေရာမှာ ဖားရှာ၊ ငါးရှာတဲ့ လူတချို့ကလွဲလို့ တော်တန်ရုံလူက မနေရဲ၊ မလာရဲတာ နှစ်ပရိစ္ဆေဒ ကြာပေါ့။
ဒါပေမယ့် အဲဒီအခြေအနေက နေလစံအိမ်ကြီးရောက်လာတော့ အတော်အတန် ပြောင်းလဲသွားတယ်။ အဲဒီ ဆယ်ဧကခြံကြီးကို ဘယ်တုန်းက ဘယ်လို ဝယ်လိုက်သလဲဆိုတာကို လူအများစု မသိလိုက်ကြပေမယ့် အဲဒီခြံထဲမှာ နှစ်ထပ်တိုက်ကြီးတစ်လုံး ဟီးထနေအောင် စဆောက်တော့ လူတွေ သိသိသာသာ သတိထားမိသွားကြတယ်။ ပြီးတော့ ရေလွှမ်းနေတဲ့ အင်းကြီးကိုလည်း တာဖို့ပြီး ကျောက်လမ်းမကြီး ဖြူးနေအောင် ခင်းထားလိုက်သေးတာကိုး။ နောက်တော့ အဲဒီခြံကြီးရဲ့ ပိုင်ရှင်က ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုလည်း သိလိုက်ရရော လူတွေရဲ့ စိတ်ဝင်စားမှုက ဒီဂရီအမြင့်ဆုံးအထိ ရောက်ရှိသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီခြံကြီးရဲ့ ပိုင်ရှင်က ဓားပြဗိုလ် ဗိုလ်မျက်ခုံး ဖြစ်နေလို့ပဲ။
ဗိုလ်မျက်ခုံးဆိုတာက ၁၈၈၀ – ၁၉၀၀ ပတ်ဝန်းကျင်လောက်မှာ ပဲခူးနယ်ထဲက ရွာသူရွာသားတွေ ဖိန့်ဖိန့်တုန်နေအောင် ကြောက်ကြရတဲ့ ဓားပြဗိုလ်ကြီးကိုး။ သို့ပေမယ့် သူက အောက်ဘက် ပဲခူးခရိုင်ထဲမှာတော့ လှုပ်ရှားလေ့မရှိဘူး။ အဓိကအားဖြင့် ပဲခူးတိုင်းမြောက်ပိုင်းမှာ သောင်းကျန်းနေခဲ့တာပေါ့။ အဲဒီ ဓားပြဗိုလ်ကြီးက ၁၉၂၀ ကျော်လောက်မှာ အခု နေလစံအိမ်လို့ ခေါ်ဆိုသမုတ်မယ့် ဆယ်ဧကခြံကြီးကို ပဲခူးဝန်ရှင်တော်မင်းကြီးဆီကနေ ဂရံနဲ့ ဝယ်ယူလိုက်တယ်။ မိသားစုလိုက် ပြောင်းနေတာကတော့ ၁၉၂၅ ခုနောက်ပိုင်းမှ ဖြစ်မယ်။ ကြည့်ရတာ ဓားပြဗိုလ်ကြီးက စုမိဆောင်းမိ ရှိသွားပြီမို့၊ ပြီးတော့ အသက်ကလည်း ထောက်လာပြီမို့ ဓားပြဗိုလ်ဘဝကို စွန့်လွှတ်ပြီး တောသူဌေးကြီးဘဝကို ခံယူဖို့ ဆုံးဖြတ်လိုက်ဟန် တူပါရဲ့။ အဲဒီဗိုလ်မျက်ခုံး ဆိုတဲ့လူက ပဲခူးဝန်ရှင်တော်မင်းကြီးနဲ့ ပဲခူးအရေးပိုင်ကို ဘယ်လောက်တောင် ဆို့ထား၊ ခွံ့ထားလည်း မပြောတတ်ဘူး။ နေလစံအိမ်ကို ပြောင်းလာပြီး တစ်နှစ်အတွင်းမှာပဲ ဗိုလ်မျက်ခုံးက ပဲခူးမြို့ရဲ့ အရာရှိကလပ်တွေကို တက်ခွင့်ရတဲ့ မြို့မျက်နှာဖုံး သူဌေးကြီးတစ်ယောက် ဖြစ်သွားခဲ့ပြီ။
ဒါပေမယ့် ဝဋ်မှာအမြဲ၊ ငရဲမှာအပ မဟုတ်လား။ သူ့ခမျာ သက်တမ်းစေ့အောင် နေမသွားရဘဲ ထိုက်သင့်တဲ့ ဓမ္မရဲ့ ဒဏ်ခတ်မှုကို ခံသွားရရှာတယ်။ ၁၉၃၈ ခုနှစ်ရဲ့ မိုးညတစ်ညမှာ ခြံကြီးထဲကို လူတစ်အုပ် ရောက်ချလာပြီး တိုက်ကြီးနှစ်လုံးပေါ်မှာ နေနေကြတဲ့ ဗိုလ်မျက်ခုံးရဲ့ အိမ်သားတွေ အကုန်လုံးကို တစ်ယောက်မှမကျန်အောင် သတ်ပစ်လိုက်ကြတယ်။ အသက် ၄ နှစ်ပဲ ရှိသေးတဲ့ ဗိုလ်မျက်ခုံးရဲ့ မြေးအငယ်ဆုံးလေးကိုတောင် မချန်ဘဲ မညှာမတာ သတ်သွားခဲ့တာ။ ကလေးမပြောနဲ့ ခွေးကိုတောင် အလစ်မပေးကြဘူး။ ဒါနဲ့ အဲဒီနေလစံအိမ်ကြီးက လူသူမနေတဲ့ တစပြင်ကြီး ဖြစ်သွားပါရော။
တိုက်ကြီးနှစ်လုံးက ဥရောပစတိုင်နဲ့ ဟီးထနေအောင် သပ်သပ်ရပ်ရပ် ဆောက်လုပ်ထားတာ ဆိုတော့ တစ်ယောက်မဟုတ် တစ်ယောက်တော့ ဒီစံအိမ်ကြီးကို တစ်နည်းနည်း အသုံးချမှာပဲ၊ ဒီအတိုင်းတော့ ပစ်ထားမှာ မဟုတ်ဘူးလို့ အစက ထင်ထားခဲ့ကြတာ။ သို့ပေမယ့် တစ်နှစ်ပြီးတစ်နှစ်သာ ကုန်ဆုံးသွားတယ်။ ဘယ်သူကမှ အဲဒီစံအိမ်ကြီးကို မျက်စောင်းမထိုးဝံ့ခဲ့ကြဘူး။ အစောပိုင်းက ပြောခဲ့သလို ဒီစံအိမ်ကြီးက လူသတ်ကုန်းမှာ တည်ရှိနေလို့ပဲလား။ ဒါမှမဟုတ် စေတီအကျိုးအပျက်တွေ ကြားမှာ တည်ရှိနေတာမို့ ကျိန်စာသင့်မှာ ကြောက်ပြီး ဘယ်သူမှ မတို့မထိ ရဲတာလည်း ဖြစ်နိုင်တာပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ သွေးမြေကျထားခဲ့ဖူးတဲ့ နေရာမို့ လာဘ်မရှိဘူး၊ ဂြိုဟ်ဆိုးဝင်လိမ့်မယ် ဆိုပြီး ယူဆထားကြတာကြောင့်ပဲ နေမယ်။
အဲဒီလိုနဲ့ ဂျပန်ခေတ်ကို ရောက်လာခဲ့တယ်။
ဂျပန်တပ်တွေ ပဲခူးမြို့ကို သိမ်းပြီးသွားတဲ့နောက်မှာ မြို့ပေါ်မှာ အထိုင်ချထားတဲ့ ဆက်သွယ်ရေးတပ်ရင်းရဲ့ တပ်ရပ်မှူးဖြစ်တဲ့ ဗိုလ်မှူးစောလှက အဲဒီနေလစံအိမ်ကြီးကို သတိထားမိသွားပြီး မျက်စိကျသွားတယ်။ ဒါနဲ့ သူ့မိသားစုကို ပဲခူးခေါ်ပြီး အဲဒီစံအိမ်ထဲမှာ နေသွားတော့တာပေါ့။ သူက ဒီစံအိမ်ကြီးကို သဘောကျသွားရတဲ့ အကြောင်းကို ပြောရရင် ခြံနဲ့တိုက်ရဲ့ အပြင်ပန်းအာရုံတွေက ဖမ်းစားသွားရုံကြောင့်တော့ မဟုတ်ဘူး။ ပြီးတော့ ဒီစံအိမ်ကြီးရဲ့ နောက်ကြောင်းရာဇဝင်ကို နကန်းတစ်လုံးမှ မသိလို့ စိတ်ဝင်စားသွားတာလည်း မဟုတ်ဘူး။ တကယ်တော့ အဖြစ်မှန်က အဲဒါရဲ့ ဆန့်ကျင်ဘက်ပဲ။ ဒီစံအိမ်ကြီးရဲ့ ပိုင်ရှင်အကြောင်းကို ဂဃနဏ သိနေခဲ့လို့သာလျှင် ဒီစံအိမ်ကြီးကို အရူးအမူး ဖြစ်သွားခဲ့တာ။ တကယ်ဆို ရည်မှန်းချက်ကြီးကြီး ရှိနေခဲ့လို့သာပေါ့။ ဒီတော့ ဗိုလ်မှူးစောလှရဲ့ လက်ဝယ် ရောက်သွားတဲ့အခါမှာ နေလစံအိမ် တည်းဟူသော အမာရွတ်ကြီးက အရင်ထက် အခြေအနေ ပိုဆိုးသွားပြီးတော့ ပြည်တစိုစို ယင်တလောင်းလောင်းနဲ့ ဖြစ်လာခဲ့တော့တယ်။
သို့ပေမယ့် ခမျာမှာလည်း ရည်မှန်းချက်တွေ အထမြောက်မသွားခဲ့ရှာဘူး။ သူလည်းပဲ၊ အတိအကျ ပြောရရင် သူ့မိသားစုလည်းပဲ ဗိုလ်မျက်ခုံးတို့ရဲ့ ခြေရာနောက် ထပ်ကြပ်မကွာ လိုက်သွားခဲ့ရရှာတယ်။ ဟုတ်တယ်။ သူတို့ ပြောင်းနေပြီး တစ်နှစ်နီးပါးလောက်အကြာ ၁၉၄၃ ခု၊ အောက်တိုဘာလထဲမှာ သူတို့ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပြန်တယ်။ ဒီလိုနဲ့ ဒုတိယအကြိမ်မြောက် သွေးမြေကျလို့ အပြီးမှာ နောက်ထပ် တစ်နှစ်ကျော်ကျော်လောက် အဲဒီတိုက်ကြီးနှစ်လုံးပေါ်ကို ဘယ်သူမှ မတက်ရဲ၊ မနေရဲကြတော့ဘူး။
ဒီလိုနဲ့ပေါ့။ ၁၉၄၄ ခု မိုးစပ်စပ် ရွာထားလို့ မြူခိုးမှုန်ဝေသီနေတဲ့ မလင်းတုံ့လင်းတုံ့ ညသန်းခေါင်ယံအချိန်မှာတော့ လူအုပ်စုနှစ်စု တိတ်တဆိတ် ပေါက်ချလာပြီး တိုက်ကြီးနှစ်လုံးပေါ်ကို အလျှိုလျှို တက်သွားကြတော့တယ်။