မာတိကာကြည့်ရန်

(ခ)

တချို့အရာတွေကိုတော့ ဖွင့်ဖောက်ကြည့်ဖို့ လိုအပ်တာတော့ အမှန်ပဲ။ ဥပမာပြောရရင်တော့ မေးခွန်းနံပါတ် (၁) နဲ့ (၂) ပေါ့။

မေးခွန်းနံပါတ် (၁) နဲ့ ပတ်သက်ပြီး အဖွားအိုက အခုလို ပြောပြတယ်။ “မင်းက မြေအောက်လုပ်ငန်းတွေကို သိပ်ပြီး နားမလည်ဘူးပဲကိုး။ အဲဒီလို အခြေအနေမျိုးမှာ၊ ငန်းကြီး (မာလာ) အဖမ်းခံထားရတာကို မချိုမာက သိနေတဲ့ အခြေအနေမျိုးမှာ လိပ်ကြီးကို ဒေါက်ထောက်ကြည့်နေကြပြီလို့ သူ သံသယမဝင်မိဘဲ ဘယ်နေပါ့မလဲ။ ဘယ်သူမဆို အဲဒီလို တွေးမိမှာပဲ။ မချိုမာကတော့ သာဆိုးပေါ့။ သူက တခြားလူတွေထက် ၁၀ ဆမက သတိဝီရိယကြီးတဲ့သူ မဟုတ်လား။ ဒါကြောင့် သူက ဖယောင်းလုံးထဲမှာ လိပ်ကြီးကို သတိပေးစာ ရေးထားမှာပဲ။ သူ့ကို သွားရေးလာရေး သတိထားဖို့ပေါ့။ ဒီတော့ လိပ်ကြီးကလည်း သတိပိုထားမှာ သေချာတယ်”

အဖွားအိုက ကျွန်တော်ကို ပြောပြတယ်။ သူက ကာယကံရှင်တစ်ယောက် မဟုတ်ပေမယ့် နောက်ပိုင်းကျတော့ အချုပ်ခန်းထဲမှာ လိပ်ကြီးကို သွားတွေ့ခဲ့ဖူးတာကြောင့် အခြေအနေတချို့ကို သူ နားလည်လာခဲ့တယ်။

အဖွားအိုက ပြောတယ်။ “အဲဒီနေ့ညမှာ ဟိဟာရက ဖိုးစီကို ဖမ်းမမိတော့ မြွေပွေးရဲ့ ကြံရာပါတွေ သူ့အနားမှာ ရှိကို ရှိရဦးမယ်လို့ သူ ကောက်ချက်ချလိုက်တယ်။ သူ အဓိက သံသယရှိနေတဲ့သူကတော့ ဗိုလ်မှူးမောင်ကိုပဲ။ ဒါနဲ့ သူ ပြန်ရောက်တာနဲ့ လိပ်ကြီးကို ဖမ်းပြီး စစ်ကြောရေး လုပ်တော့တာပဲ။ မြွေပွေးရဲ့ ကြံရာပါတွေက ဘယ်သူလဲလို့ သူ့ပါးစပ်က ထွက်ကျလာအောင် အကြမ်းပတမ်း စစ်မေးတော့တယ်”

ဒါပေမယ့် လိပ်ကြီးက သေတောင် မပြောဘူး ဆိုတဲ့ လူစားမျိုး။ တကယ်ဆိုတော့ သူ့မှာ ပြောပြစရာလည်း ရှိမနေဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဘယ်သူက ဖယောင်းလုံး ပစ်ပေးခဲ့သလဲ ဆိုတာကို သူ သိမှ မသိဘဲဥစ္စာ။ ဒါကြောင့် ဟိဟာရခမျာ သေသာ သေသွားရမယ်။ အဖြေမှန်ကို သိမသွားခဲ့ရှာဘူး။ နောက်တော့ ဟိဟာရက ရန်ကုန်ကို ပြန်သွားတယ်။ လိပ်ကြီးကိုတော့ အချုပ်ခန်းထဲမှာပဲ ချုပ်မြဲ ချုပ်ထားတယ်။ တစ်နေ့တော့ မြသန္တာက သူ့ကို တိတ်တိတ်လေး သွားတွေ့ခဲ့တယ်။ အဲဒီအချိန်မှာ လိပ်ကြီးအဖို့ နေ့ရက်တွေ အများကြီး မကျန်တော့ဘူး။ အဲဒီလို တွေ့ဖြစ်ခဲ့လို့လည်းပဲ လိပ်ကြီးဆီကနေ အခြေအနေတချို့ကို သူ နားလည်လာခဲ့တယ်။ လိပ်ကြီးက ဘယ်ပုံဘယ်နည်းနဲ့ သတင်းကို လက်ဆင့်ကမ်းခဲ့သလဲ ဆိုတာလည်း အပါအဝင်ပေါ့။

“လိပ်ကြီးက ငါ့ကို ပြောပြတယ်။ ရုတ်တရက်ကြီး သူ့အရှေ့ကို ဖယောင်းလုံးတစ်လုံး ရောက်လာတာဆိုတော့ သူ့အနေနဲ့ ချက်ချင်း ဖွင့်ဖတ်ကြည့်ဖို့ လိုအပ်လာတယ်။ သတင်းသွားကို နားလည်သဘောပေါက်မှသာ သတင်းရဲ့ အရေးပါမှု အခြေအနေနဲ့ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို ပိုင်းခြားဆုံးဖြတ်နိုင်မှာ မဟုတ်လား။ အရေးအကြီးဆုံး အခြေအနေကို ကိုင်တွယ်တဲ့ ပုံစံကတော့ စာတိုက်ကို သွားပြီး အဖွဲ့ရှိရာကို တိုက်ရိုက် ဖုန်းဆက်အကြောင်းကြားဖို့ပဲ” အဖွားအိုက ရှင်းပြတယ်။ “အဲဒီလိုလုပ်ဖို့က အန္တရာယ်တော့ နည်းနည်း ရှိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို လုပ်လိုက်ရင် မတော် ရန်သူက အဖွဲ့ရဲ့ ဖုန်းနံပါတ်ကိုလည်း ရသွားနိုင်တယ်လေ။ အဖွဲ့တစ်ဖွဲ့လုံး ဒုက္ခရောက်သွားနိုင်တာပေါ့။ ဒါပေမယ့် တစ်ခါတလေတော့လည်း အရဲစွန့်သင့်တာကို အရဲစွန့်ရတာပဲ။ တတ်မှ မတတ်နိုင်ဘဲဟာ။ ငါတို့ရဲ့ လုပ်ငန်းကိုယ်၌ကိုက အရဲစွန့်ရတဲ့ လုပ်ငန်း ဖြစ်နေတာကိုး။ အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အလုပ်မျိုးလေ။ လိပ်ကြီးရဲ့ ပြောစကားအရတော့ သူ နောက်တော့ အဖွဲ့ဆီကို ဖုန်းဆက်အကြောင်းကြားလိုက်တယ်။ သိပ်ပြီးတော့ကို အရေးကြီးလွန်းနေတာကြောင့် တခြားနည်းလမ်းနဲ့ကလည်း အလုပ်မဖြစ်တော့ဘူး။ ဒီတော့ အရဲကိုးရုံပဲ ရှိတော့တာပေါ့။ သူ အဲဒီလို အရဲကိုးလိုက်တာ အတော်ဖြစ်သွားတယ်။ ရန်သူက သူ့အနားကို ကပ်နေနိုင်တာမှ မဟုတ်တာ။ အကွာအဝေး တစ်ခုကနေပြီး ကြည့်နေတတ်တာ ဆိုတော့ သူ ဖုန်းဆက်နေတာကို မြင်တယ်ဆိုရင်တောင်မှ သူ ဘာပြောနေသလဲ ဆိုတာကို သိနိုင်မှာ မဟုတ်ဘူး။ သတင်းကို အဲဒီလိုနည်းနဲ့ ပို့ပေးနိုင်ခဲ့တယ်လေ။ မချိုမာလည်း အသေဖြောင့်သွားတာပေါ့”

ဆက်ပြီးတော့ ကျွန်တော်က ဒုတိယမေးခွန်းကို ချပြလိုက်တယ်။ အဖွားအိုက နားထောင်ရင်း သူ့ပုံက ဟန်ပျက်လာတယ်။ စိတ်တွေ အရမ်းကို လှုပ်ရှားလာတယ်။ အားငယ်လာတယ်။ ညှိုးနွမ်းလာတယ်။ ဝမ်းနည်းလာတယ်။ ကြေကွဲလာတယ်။ ဆို့နင့်လာတယ်။ နောက်ပိုင်း ပြောရင်းပြောရင်းနဲ့ တင်းမထားနိုင်တော့ဘဲ ရှိုက်သံတွေပါ ရောယှက်လာတယ်။ ကျွန်တော့်မယ် ဘေးကနေ နားထောင်ရင်း မေးမိတာ မှားများ မှားသွားပြီလားလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လာမိတယ်။ အဖွားအိုတစ်ယောက်ရဲ့ ပင့်ရှိုက်ငိုညည်းသံလေဗျာ။ ဘယ့်နှယ် ကြားရက်နိုင်ပါ့မလဲ။ … ရေနွေးမျက်နှာသုတ်ပဝါနဲ့ မျက်နှာကို သုတ်ပြီး ရေနွေးတစ်ငုံလောက် သောက်ပြီးသွားတဲ့နောက်မှာ အဖွားအိုလည်း ပြန်လည် တည်ငြိမ်လာတယ်။ ဟိုးအရင်တစ်ညက အိမ်သာထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ကျွန်တော်ကို ပြန်ပြောင်း ပြောပြတယ်။

အဖွားအိုက ပြောတယ်။ အဲဒီနေ့ညမှာ ချိုမာက သမံတလင်းပေါ် ဒူးထောက်ပြီး သူ့ကို ဖယောင်းလုံးသုံးလုံး ကမ်းပေးခဲ့တယ်။

“လိပ်ကြီးရဲ့ လက်ထဲကို ပစ္စည်းရောက်အောင် မဖြစ်မနေ ကူညီပေးပါ့မယ်လို့ ငါ့ကို သူက သစ္စာဆိုခိုင်းတယ်။ အဲဒီလို မလုပ်ရင် သူက တစ်သက်လုံး မထတော့ဘူးတဲ့” အဖွားအိုက ခေါင်းကို တဆတ်ဆတ် ခါယမ်းနေတယ်။ ချိုမာ ဒူးထောက်နေတာကို သူ့မျက်စိရှေ့မှာ အမှန်တကယ် မြင်တွေ့နေရတဲ့အတိုင်းပဲ။ “ငါက သူ့ကို တစ်ခါ ဆွဲထူလိုက်တော့ သူက နောက်တစ်ကြိမ် ပြန်ဒူးထောက်ချလိုက်တယ်။ အဲဒီလို ဆွဲထူလိုက် ပြန်ထောက်ချလိုက်နဲ့ အကြိမ်ကြိမ်ပဲ ဆိုပါတော့။ တကယ်ဆို ငါက သူ့အတွက် သစ္စာဆိုပေးချင်တာ မဟုတ်ဘူး။ မင်းပဲစဉ်းစားကြည့်။ လူတစ်ယောက်ကို အကူအညီလည်း တောင်းသေးတယ်။ ပြီးတော့ သစ္စာလည်း ဆိုခိုင်းသေးတယ် ဆိုတော့ သူ့ဟာက မလွန်လွန်းဘူးလား။ ဒါပေမယ့် သူက အဲဒီလောက်ကို ခေါင်းမာနေခဲ့တာ။ ဆွဲထူလိုက် ဒူးပြန်ထောက်လိုက်နဲ့ ထောက်ပြီးရင်း ထောက်နေတာ ကြာတော့ ဒူးပြဲပြီး သွေးတွေလည်း စီးထွက်လာတယ်။ ငါ တကယ်ပဲ မကြည့်ရက်နိုင်တော့ဘူး။ သူ့ကို သဘောတူပြီး ဆန္ဒအတိုင်း သစ္စာဆိုပေးလိုက်တယ်။ သူ ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ၊ ဘာဖြစ်လို့ အဲဒီလောက် ခေါင်းမာနေရတာလဲ၊ ဘာဖြစ်လို့ ငါ့ကို ဒူးထောက်နေရတာလဲ၊ မင်း သိလား။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအခြေအနေမျိုးမှာ သူ မနက်ဖြန် သေသွားပြီ ဆိုတာနဲ့ ငါ့ကို ဘယ်လိုမှ အကျပ်ကိုင်လို့ မရတော့ဘူး။ ငါက ပေးထားတဲ့ နှုတ်ကတိကို ဖျက်ပြီး သူ့ကို မကူညီဘဲ နေသွားလို့ ရနေတာကို သူ သိထားတယ်လေ။ ငါ သူ့ကို မကူဘူး (သတင်းကို ခိုးထုတ်မပေးဘူး) ဆိုရင် သူ ဘယ် အသေဖြောင့်ပါတော့မလဲ။ ငါ့ကို စိတ်ပြောင်းလာအောင် လုပ်နိုင်မှသာလျှင်၊ ငါ့ကို ကိုယ်ချင်းစာတတ်လာအောင် ဖမ်းစားနိုင်မှသာလျှင် ငါ့ရဲ့ အကူအညီကို ရနိုင်တော့မှာပေါ့။ အမှန်အတိုင်း ဝန်ခံရရင် ငါ နောက်ပိုင်းမှာ သူ့ကို မကူဘဲ နေရရင် ကောင်းမလားလို့ ငါ တကယ်ပဲ တွေဝေသွားခဲ့မိတယ်။ သူ့ကို ကူရင် ငါက အရဲစွန့်ရဦးမှာ မဟုတ်လား။ ဒါပေမယ့် ငါ တွေဝေနေမိတဲ့ အချိန်တိုင်းမှာ ဒူးထောက်နေတဲ့ သူ့ပုံပန်းသဏ္ဌာန်ကို ငါ အမြဲ မြင်ယောင်လာမိတယ်။ မျက်နှာပေါ်မှာက မျက်ရည်တွေ ရွှဲလို့၊ ဒူးခေါင်းပေါ်မှာကျတော့ သွေးတွေ နစ်လို့။ သနားစရာ ကောင်းလိုက်တာ။ ရင်ထဲ မချိလိုက်တာ။ ငါလည်း အသွေးနဲ့ကိုယ် အသားနဲ့ကိုယ်ပဲ ဥစ္စာ။ တချို့ကိစ္စက အဲဒီလိုပဲ။ တဒင်္ဂဆိုတဲ့ အချိန်လေးအတွင်းမှာ ဖြစ်ချင်သလို ဖြစ်သွားတတ်ကြတာပဲ မဟုတ်လား။ နောက်ဆုံးကျတော့ သူ့အပေါ် ထားရှိခဲ့ဖူးတဲ့ အမုန်းတရားနဲ့ အကြောက်တရားတွေကို တွန်းလှန်ပစ်နိုင်ခဲ့ပြီးတော့ ကရုဏာစိတ်၊ စာနာသနားစိတ်က အောင်ပွဲခံသွားခဲ့တယ်”

စာနာသနားတာနော်။ အမြင်မှန်ရသွားတာ မဟုတ်ဘူး။ အဖွားအိုက လူအထင်ကြီးသွားအောင် သူ့ကိုယ်သူ မြှင့်တင်ပြောလိုပုံ မရဘူး။

အဖွားအိုက ဆက်ပြောတယ်။ “စာနာသနားတဲ့အပြင် လုပ်ငန်းတာဝန်ပိုင်းမှာ သူ့ကို ရိုသေလေးစားတာလည်း ပါတယ်။ မင်း စဉ်းစားကြည့်။ အဲဒီလို အခြေအနေမျိုးမှာ အတွင်းကလူတွေ ဘယ်သူမှ အပြင်ထွက်လို့ မရဘူး။ အပြင်ကလူတွေ ဘယ်သူမှ အထဲဝင်လို့ မရဘူး။ ဘေးပတ်ပတ်လည်မှာလည်း လူတွေ တထွေးကြီးက အမဲလိုက်ခွေးလို မင်းကို အနံ့ခံနေကြတယ်။ မင်း ဘယ်လိုလုပ်ပြီး လျှို့ဝှက်သတင်းကို ခိုးထုတ်ပါ့မလဲ။ ငါ့အထင် ပြောရရင် ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်း မရှိဘူး။ ဘယ်သို့သောနည်းလမ်းမှ အလုပ်မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူက မရမကကို နည်းလမ်းတစ်ခု ရှာထုတ်ခဲ့တယ်။ အရိုးကျေကျေ အရေခန်းခန်း ဆိုတဲ့ နည်းလမ်းတစ်ခုပဲ။ အဲဒီအတွက် ရဲစွမ်းသတ္တိဆိုတာ လိုအပ်သလိုပဲ ဉာဏ်အမြော်အမြင်က သာလို့တောင် လိုအပ်သေးတယ်။ ငါ သူ့ကို ဆလံသရလောက်အောင် လေးစားသွားတယ်။ သူ့ရဲ့စေတနာ၊ သူ့ရဲ့သတ္တိ၊ သူ့ရဲ့ ဉာဏ်ပညာ၊ သူ့ရဲ့ စိတ်ဓာတ် … အိုး အားလုံးပါပဲ။ ငါ သူ့ကို အထင်ကြီးသွားတယ်။ အားကျသွားတယ်။ လေးစားသွားတယ်။ ဒါနဲ့ သူ့ရဲ့ နောက်ဆုံးဆန္ဒကို ငါ ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တယ်”

အဲဒီစကားကို ကြားရတော့ ထပြီး အဖွားအိုကို ပွေ့ဖက်လိုက်ချင်စိတ်တောင် ရုတ်တရက် ဖြစ်ပေါ်လာတယ်။

တကယ်တော့ သူက ဒီလောက်တောင် ပွင့်လင်းနေတာ၊ ဒီလောက်တောင် သဘောထားကြီးနေတာ၊ ဒီလောက်တောင် ဓမ္မဓိဋ္ဌာန်ကျကျ ပြောဆိုနေတာကို ကျွန်တော် သူ့ကို မယုံကြည်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ သူနဲ့ နှိုင်းစာကြည့်မယ်ဆိုရင် ကျွန်တော် လူတွေ့မေးမြန်းခဲ့ဖူးတဲ့ ဘကျော်အပါအဝင် တခြားလူတွေရဲ့ စကားတွေထဲမှာ စိုးရိမ်မှုတချို့၊ မာယာတချို့၊ သာဌေယျတချို့၊ တစ်ကိုယ်ကောင်းဆန်မှုတချို့နဲ့ ဂုဏ်ဆာမှုတချို့ အနည်းနဲ့အများတော့ ပါဝင်နေကြောင်း ကျွန်တော် သတိထားခဲ့မိတယ်။ အဲဒါတွေကို ကျွန်တော် နားလည်ပေးလို့ ရပါတယ်။ လူပဲလေ။ ငွေမက်တဲ့လူ၊ ဂုဏ်မက်တဲ့လူ၊ အာဏာမက်တဲ့လူ၊ စသဖြင့် လူမှန်ရင် တစ်ခုခုတော့ မက်မောဖက်တွယ်နေတတ်ကြတာပဲလေ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ရမယ် ဆိုတာကလည်း လူသားတစ်ယောက်ရဲ့ မူလဗီဇနဲ့ ပင်ကိုစရိုက်ပဲ မဟုတ်လား။ ဒါပေမယ့် မြင်တွေ့ရခဲတဲ့ အဖွားမြသန္တာရဲ့ ရိုးဖြောင့်တည်ကြည်မှု ဆိုတဲ့ အရှိန်အဝါအောက်မှာတော့ သူတို့တတွေက သိသိသာသာကို သေးနုပ်သိမ်ငယ်လွန်း အားကြီးနေကြတယ်။

မေးခွန်းနံပါတ် (၃) နဲ့ ပတ်သက်ပြီး အဖွားအိုက ကျွန်တော့်ကို ပြောပြတယ်။ ကိစ္စပြီးသွားတော့ ဟိဟာရက သူနဲ့ တခြားလူတွေအားလုံးကို ခေါ်ထုတ်သွားခဲ့တယ်။ ဟိဟာရက နောက်ဆုံးအထိတောင် မြွေပွေးရဲ့ အပေါင်းပါကို ဘယ်သူမှန်း ဖော်မထုတ်နိုင်ခဲ့တော့ လူတွေအားလုံးကို ရန်ကုန်အထိ ဖမ်းခေါ်သွားခဲ့တယ်။ ရန်ကုန်ရောက်တော့ သူ (မြသန္တာ) နဲ့ တခြားလူတွေ လမ်းခွဲလိုက်ကြတယ်။ ဒီတော့ သူတို့ ဘယ်ရောက်သွားကြသလဲ ဆိုတာကို သူ မသိတော့ဘူး။ နောက်ဆုံးကျတော့ ဦးဟန်ထွန်းနဲ့ သူ၊ နှစ်ယောက်တည်းကိုပဲ ပဲခူးကို ပြန်ပို့ပေးခဲ့တယ်။ ကျန်တဲ့လူတွေကတော့ ဘယ်ဘဝရောက်ကုန်မှန်း ဘယ်သူမှ မသိကြတော့ဘူး။

“မှန်းဆရသလောက်တော့ တစ်ယောက်မှ မစားသာလောက်ဘူး” အဖွားအိုက ပြောတယ်။ “မသေဘူးဆိုရင်တောင် သေလုမျောပါးလောက်တော့ ခံသွားရမှာပဲ”

နောက်ဆုံး မေးခွန်းတစ်ခုပဲ ကျန်တော့တယ်။ ဟိဟာရကို ဘယ်သူ သတ်ခဲ့တာလဲ။ အဲဒါနဲ့ ပတ်သက်ပြီး အဖွားအိုက တစ်ချက်မှတောင် ရှိုးတိုးရှန့်တန့် ဖြစ်မနေခဲ့ဘူး။ အသံကို မြှင့်ထည့်ပြီး ငါပဲလို့ အော်ပြောလိုက်တယ်။ “ငါပဲ။ ငါ သူ့ကို ယမမင်းဆီ ပို့ပေးလိုက်တာလေ”

ပြီးတော့ သတ်တဲ့အချိန်၊ နေရာ၊ လူအရေအတွက်၊ သတ်ပုံသတ်နည်း စတဲ့ အသေးစိတ် အဖြစ်အပျက်တွေကို လုံးစေ့ပတ်စေ့၊ ဂဃနဏ တစ်ခုမကျန် ပြောပြတယ်။

အချုပ်ပြောရရင်တော့ အင်္ဂလိပ်တွေ ရန်ကုန်ကို ဝင်လာတော့မယ် ဆိုတဲ့အခါမှာ ဟိဟာရတို့ တပ်ဖွဲ့က ယိုးဒယားနယ်စပ်ကနေ ဖြတ်ပြီး ပြေးဖို့ ကြံဆောင်ကြတယ်။ ဒီတော့ အရာရှိတွေက ပထမအဆင့်အနေနဲ့ ရန်ကုန်ကနေ မော်လမြိုင်ကို သင်္ဘောနဲ့ ပြေးတယ်။ မော်လမြိုင်ကနေမှ ယိုးဒယားနယ်စပ်ကို ကုန်းကြောင်းကနေတစ်ဆင့် ပြေးကြမယ်ပေါ့။ ဒါပေမယ့် ဟိဟာရခမျာ ကံဆိုးသွားရှာတယ်။ မော်လမြိုင်ဆိုတာက ဆာဘိုးလွန်းနဲ့ မြသန္တာတို့ရဲ့ ပိုင်နက်မဟုတ်လား။ ဒီတော့ စစ်အပြေးမှာ ခြုံခိုတိုက်ခိုက်တာကို ခံလိုက်ရတော့တာပေါ့။ အဲဒီခြုံခိုတိုက်တဲ့ လူတွေက တကယ်တော့ တော်လှန်ရေးသမားတွေ မဟုတ်ကြဘူး။ အဲဒါမှာ ဘိန်းမှောင်ခိုကူးနေတဲ့ မှောင်ခိုဂိုဏ်းတွေ ရှိတယ်။ အဲဒီမှောင်ခိုဂိုဏ်းကို သူက ရွှေချောင်းလေးချောင်းပေးပြီး ငှားရမ်းခဲ့တာ။

ကျွန်တော်က သူ့ကို မေးကြည့်တယ်။ ဘာဖြစ်လို့ ကိုယ့်ပိုက်ဆံကို အကုန်ခံပြီး ဟိဟာရကို သတ်ပစ်ချင်ရတာလဲ။ ပြီးတော့ သေတာတောင်မှ ရိုးရိုးသေတာ မဟုတ်ဘူး။ အလောင်းကို အမဲဖျက်သလို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်ခဲ့သေးတာ။ အဖွားအိုက ကျွန်တော့်ကို အတော်ကြာအောင် စိုက်ကြည့်နေတယ်။ စိုက်ကြည့်လို့ အားရသွားပြီ ဆိုမှ ကျွန်တော့်ကို လေသံပြတ်ပြတ်နဲ့ သတိပေးသလို စကားဆိုလာတယ်။ “တချို့လူတွေက သူတို့ လုပ်ခဲ့ဖူးတဲ့ တချို့ကိစ္စတွေကို တစ်သက်လုံး မေ့ဖျောက်ပစ်နိုင်ဖို့ ကြိုးစားနေခဲ့ကြတယ်။ မင်းက အဲဒါကို အတင်းကာရော လိုက်မေးနေတော့ တဆိတ်လောက် လွန်လွန်းမနေဘူးလား”

ကျွန်တော့်ခေါင်းထဲကို မေးခွန်းတစ်ခုက ဖျတ်ကနဲ ဝင်ရောက်လာတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြောလက်စနဲ့ မထူးတော့ဘူး ဆိုပြီး မဲတင်းပြီးသကာလ ရဲရဲကြီး မေးချလိုက်တယ်။

“ဒီမေးခွန်းကိုတော့ အဖွား ဖြေပေးနိုင်လိမ့်မယ် ထင်ပါတယ်။ ဟိဟာရကို မြင်လို့မကောင်းအောင် အမဲဖျက်ထားတဲ့ပုံကို ဘကျော်ဆီ ပို့ပေးခဲ့တဲ့သူက အဖွား မဟုတ်လား”

ဒီအဖြေကိုတော့ အဖွားအိုက လျှိုထားလိုဟန် မတူဘူး။ ရဲရဲတင်းတင်းပဲ ပြောချလိုက်တယ်။ “အေး”

တကယ်တော့ ကျွန်တော်ရဲ့ အင်တာဗျူးကို အဖွားအိုက ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တယ် ဆိုပေမယ့် သူ့စိတ်ထဲမှာတော့ အင်မတန်မှ ဗလောင်ဆူပြီး ယောက်ယက်ခတ်နေခဲ့မယ် ဆိုတာကို ကျွန်တော် သိသိသာသာ ခံစားနေခဲ့ရတယ်။ တစ်ဖက်မှာကလည်း ဒီသမိုင်းကြောင်းရဲ့ တကယ့်စစ်မှန်တဲ့ အဖြစ်အပျက်တွေကို ကျွန်တော့်ကို သူ သိစေချင်တယ်။ တခြားတစ်ဖက်မှာ ကျပြန်တော့လည်း အဲဒီသမိုင်းကြောင်းကို လူတွေ စိတ်ဝင်စားသွားမှာ စိုးရိမ်နေပြန်ရော။ တစ်နည်းပြောရရင် သူ့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်က အဲဒီသမိုင်းကြောင်းကို ရာသက်ပန် ဖုံးဖိပိတ်လှောင်ထားလိုက်ချင်တယ်။ လောကဇာတ်ခုံပေါ် ဘယ်တော့မှ ပေါ်မလာစေချင်တော့ဘူး။ အခုချိန်မှာ ပြန်ပြီး ပြောပြနေရတယ် ဆိုတာကလည်း ဘယ်လိုမှ ငြင်းဆန်လို့ မရနိုင်တော့လို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတချို့က အဲဒီသမိုင်းကြောင်းကို ပြင်ရေးဖို့ ကြံဆောင်နေကြပြီ မဟုတ်လား။ ကျွန်တော် အပါအဝင်ပေါ့။ သူတစ်ပါးရဲ့ ပါးစပ်ဖျားကနေ သမိုင်းလိမ်တွေ သမိုင်းညာတွေ အထွက်ခံမယ့်အစား ကိုယ်ကိုယ်တိုင် ရှေ့ထွက်ပြီး တကယ့်အဖြစ်မှန်ကို ချပြလို့ မသမာသူတွေကို နှုတ်ပိတ်လိုက်တာကမှ ကောင်းဦးမယ် မဟုတ်လား။ အဲဒါ အဖွားအိုရဲ့ သဘောထားအစစ်အမှန်ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးဆမိတယ်။ သူ အရင်တုန်းက ကျွန်တော့်ကို တစ်ကြိမ်မက သတိပေးခဲ့ဖူးတယ်။ ဒီသမိုင်းကြောင်းကို ရှင်းပြရမယ့် တာဝန်က သူ့ဆီမှာကလွဲလို့ ဘယ်သူ့မှာမှ ရှိမနေဘူး။ ဒါကြောင့် ဘေးစကားတွေကို မယုံဘဲ သူ ပြောတာကိုပဲ ယုံကြည်ပေးရမယ်တဲ့။ လမ်းခွဲခါနီးမှာ သူက ကျွန်တော်ကို အခုလို အခိုင်အမာ ပြောဆိုခဲ့သေးတယ်။

“ကောင်လေး၊ ငါက မကြာခင် သေရတော့မယ့်သူပါ။ ၈၆ နှစ်ကွဲ့။ ခြေတစ်ဖက်က သင်္ချိုင်းကို လှမ်းနေပြီ။ ငါ ဟိုးအင်္ဂလန်ကနေ ဒီကို တကူးတက ရောက်လာခဲ့တာ၊ မင်းကို တကူးတက လှမ်းခေါ်လိုက်တာ ယုံတမ်းစကားတွေ ပြောဖို့လို့များ မင်း ထင်နေတာလား။ ဂုဏ်တွေ ဒြပ်တွေဆိုတာ အခုချိန်မှာ ငါ့အတွက် ဘာမှ အရေးမကြီးတော့ပါဘူး။ ဟွန့် … နာမည်ဆိုတာလည်း ဘာလုပ်ရတော့မှာလဲ။ ငါက အခုဆို အဲဒီပကာသနတွေကို မက်မောခုံမင်ရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ ငါ လိုချင်တာက အမှန်တရားတစ်ခုပဲ။ မင်းတို့ လူငယ်တွေ ဆိုတာက အမှန်တရားကို ဘုရားသခင်လို ကိုးကွယ်တတ်ကြတာပဲ မဟုတ်လား။ ဟော အခုဆို သတင်းစာတွေ၊ ဂျာနယ်တွေမှာကလည်း ‘သတင်းမှန်’ ဆိုတဲ့ စကားလုံးက သိပ်ကို ခေတ်စားနေတယ်။ တကယ်လို့သာ ဒီနေ့ဒီအချိန်မှာ ငါ မင်းကို ဒီ လာဖို့ မခေါ်လိုက်ရင်၊ မင်းကို အဲဒီအကြောင်းတွေ မပြောလိုက်ရရင် ငါ သေသွားပြီ ဆိုပါတော့။ မင်းက အမှန်တရားကို ပြင်ရေးခဲ့တဲ့သူဆိုတော့ မင်းက မြန်မာပြည်သူတွေကို ညာစားနေတဲ့သူတစ်ယောက် ဖြစ်မသွားပေဘူးလား”

ကျွန်တော် သူ ပြောတာကို ယုံတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ သိပ်ပြီး အခဲမကျေချင်သေးဘူး။ ကျွန်တော်ရဲ့ အမြင်အရဆိုရင် ဒီသမိုင်းကြောင်းက အဖွားအိုအတွက် ဘာအစွန်းအထင်းမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ သူ့အဖို့ ဂုဏ်တက်ဖို့တောင် ရှိနိုင်သေးတယ်လေ။ ဒါကိုပဲ သူက ဘာကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ချင်ရတာလဲ။ အခုချိန်မှာဆိုရင် ဦးဟန်ထွန်းရဲ့ မြေးမြစ်တွေနဲ့ ကျွန်တော် အဆက်အသွယ် ရထားပြီးပြီမို့ အတွင်းသတင်း တချို့ကိုလည်း ကျွန်တော် အရင်ထက်ပိုပြီး နားလည်လာခဲ့ပြီ။ ဒါပေမယ့် အဲဒီအကြောင်းအရာတွေကို တရားဝင် မထုတ်ပြန်ဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။ အဖွားအိုအတွက် ကျွန်တော် လျှို့ဝှက်ပေးထားမယ်။ ကျွန်တော် မှန်းဆကြည့်နိုင်ပါတယ်။ အဖွားအိုက အဲဒီအတိတ်က အကြောင်းအရာကို ရေငုံနှုတ်ပိတ် နေနေရတဲ့ အကြောင်းအရင်းက သူ့ရဲ့ လျှို့ဝှက်ချက်ကို သူနဲ့အတူ အခေါင်းထဲကို တစ်ပါတည်း ယူဆောင်သွားချင်လို့ပဲ ဖြစ်ရလိမ့်မယ်။ သူ့ရဲ့ ရုပ်ခန္ဓာနဲ့အတူ ဗိုက်ထဲမှာပဲ ဆွေးမြည့်ပျောက်ပျက်သွားပါစေတော့လို့ စိတ်ကူးထားပုံ ရတယ်။ အခု သူ ပြောပြခဲ့တာ အတော်ကို များနေပြီ။ ကျွန်တော်တို့ သူ့အတွက် တစ်ခဏလောက် ငြိမ်သက်ပြီး ဂုဏ်ပြုလိုက်ကြရအောင်လား။ အဲဒီအတွက်နဲ့ ဘာကိုမှ နှမြောတသ ဖြစ်မနေပါနဲ့တော့။ တကယ်တော့ ဒီလောကကြီးမှာ လူမသိ သူမသိနဲ့ နစ်မြုပ်ကွယ်ပျောက်နေတဲ့ အကြောင်းကိစ္စတွေက လူသိရှင်ကြား အသိပေးထားတဲ့ အရာတွေထက်တောင် အပုံကြီး ပိုများနေပါသေးတယ်။

 

စာပြီးချိန် – ၅၊ ၆၊ ၂၀၁၀

 

ဖြိုးကျော်

အမျိုးသားလွတ်မြောက်ရေးအတွက်

လူမသိ သူမသိ အသက်စွန့်သွားခဲ့ကြသော

အာဇာနည်အပေါင်းကို ဤဝတ္ထုဖြင့် ဂုဏ်ပြုအပ်ပါသည်။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *