အဖွားမြသန္တာနဲ့ ကျွန်တော်ရဲ့ အင်တာဗျူးက မနေ့ကပဲ တရားဝင် ဆုံးခန်းတိုင်သွားခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော့်မှာ မေးစရာ မေးခွန်းတချို့ ရှိနေသေးတယ်။ ဒါပေမယ့် ကျွန်တော့်စကားကို ကြားတော့ ကျွန်တော့်ကို ကျောပေးလိုက်ပြီး လက်ခါပြရင်း ပြောတယ်။
“ပြောစရာ ကုန်သွားပြီ။ ငါ ပြောခဲ့တဲ့ စကားတွေက နည်းတာမှ မဟုတ်ဘဲ။ နင့်ကို အဲဒီလောက် အများကြီး ပြောခဲ့မိတဲ့အတွက်တောင် ငါ နောင်တရနေမိတယ်။ ပြီးသွားပြီ။ အားလုံး ပြီးသွားပြီ။ ဇာတ်လမ်းလည်း ပြီးသွားပြီ။ မင်းရဲ့ အင်တာဗျူးလည်း ပြီးသွားသင့်ပြီ။ ငါ့ဆီ လာပြီး ထပ်မနှောင့်ယှက်နဲ့တော့။ ပြန်တော့ ပြန်တော့။ ငါ့သမီးက မင်းပြန်ဖို့အတွက် စီစဉ်ပေးလိမ့်မယ်”
အဲဒီလိုပြောပြီး အပေါ်ထပ်ကို တက်သွားပါရော။ သူ တက်သွားပြီ ဆိုရင်တော့ ဒီနေ့အဖို့ ပြန်ဆင်းလာစရာ အကြောင်းမရှိတော့ဘူး။ သူက ကျွန်တော့်ကို တမင်သက်သက် နှုတ်တောင် နှုတ်ဆက်မသွားခဲ့ဘူး။ လမ်းမှာ ဂရုစိုက် လို့သာ တစ်ခွန်းတည်းပြောပြီး နောက်မလှည့်တမ်း ထွက်ခွာသွားတယ်။
ဒီနေ့တော့ ထွေထွေထူးထူး အလုပ်မရှိတာနဲ့ ကုန်တိုက်တွေကို လျှောက်ပတ်ကြည့်တယ်။ စင်္ကာပူအမျိုးသားပြတိုက်နဲ့ အမျိုးသားစာကြည့်တိုက်ကိုလည်း ရောက်ခဲ့သေးတယ်။ ဒါပေမယ့် ဘယ်နေရာကိုပဲရောက်ရောက် အပြင်ပန်းမှာ ဘာတွေပဲရှိရှိ၊ ကျွန်တော့်မျက်စိထဲမှာ မြင်နေရတာကတော့ အဖွားအိုရဲ့ အရေးအကြောင်းနဲ့ မျက်နှာကိုပဲ။ နားထဲ ကြားနေရတာကတော့ အဖွားအိုရဲ့ နည်းနည်း မာဆတ်ဆတ်နိုင်နေသေးတဲ့ အသံစူးစူးကိုပဲ။ ဒီလိုနဲ့ နေ့ခင်းဘက် ထမင်းစားနားချိန်မှာတော့ ကျွန်တော်ရဲ့ မှတ်စုစာအုပ်ထဲမှာ မေးခွန်းကြီး ငါးခုကို ချရေးမိလျက်သား ဖြစ်နေခဲ့ပြီ။ အဲဒီ မေးခွန်းကြီး ၅ ခုက —
၁။ လိပ်ကြီးက သတင်းကို သူ့ကလာပ်စည်းဆီ ဘယ်ပုံဘယ်နည်းနဲ့ အောင်အောင်မြင်မြင် ပို့ပေးနိုင်ခဲ့တာလဲ။ အဲဒီအချိန်တုန်းက ရန်သူက သူ့ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေခဲ့တာ မဟုတ်လား။ ပြီးတော့ ပြဿနာတစ်ခုရဲ့ အဦးအစက သူ ငန်းကြီးကို သတင်း လက်ဆင့်ကမ်းပေးရာမှာ ရန်သူရဲ့ ကြားဖြတ်လုယူခြင်းကို ခံလိုက်ရတာကနေ အစပြုခဲ့တာ။ ဒီတစ်ခေါက်မှာ ရန်သူရဲ့ အလစ်တိုက်ခိုက်ခြင်းကို မခံရနိုင်ပါဘူးလို့ ဘယ်လိုလုပ် အာမခံနိုင်ပါ့မလဲ။
၂။ အဖွားအိုက အကြိမ်ကြိမ် အထပ်ထပ် ပြောပြခဲ့ဖူးတယ်။ ချိုမာက သူ့ရဲ့ လက်ရေးလက်သားနဲ့ သတင်းကို ရေးပြီး အပြင်ခိုးထုတ်ဖို့ ကြိုးစားရာမှာ သူ တွေ့ရှိသွားတာကြောင့် သူက ချိုမာကို အမုန်းကြီး မုန်းသွားခဲ့တယ်။ နောက်တော့ ဖော်ကောင်မလုပ်ပါဘူးလို့ ဆုံးဖြတ်လိုက်ပြီး ဖယောင်းလုံးသုံးလုံးကို နဂိုမူလ နေရာအတိုင်း ပြန်ထားပေးပါမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီလို လုပ်ပေးရတဲ့ အကြောင်းအရင်းက ချိုမာကို သူ ကြောက်လို့၊ ချိုမာက သူ့ကို ပြန်ပက်မှာ ကြောက်လို့။ ဒါပေမယ့် နောက်ဆုံးကျတော့ ချိုမာတစ်ယောက် သေသွားခဲ့တယ် မဟုတ်လား။ ဒါဆို သူ့ကို ဘယ်လိုမှ ပြန်ပက်နိုင်စရာ အကြောင်းမှ မရှိတော့တာပဲဥစ္စာ။ သူက ဘာဖြစ်လို့ ချိုမာကို ဆက်ပြီး ကူညီပေးခဲ့ရသေးတာလဲ။
၃။ ကိစ္စပြီးတဲ့နောက်မှာ ဟိဟာရက နေလစံအိမ်မှာ ဖမ်းချုပ်ထားတဲ့ လူတွေအားလုံး၊ ဗိုလ်မှူးမောင်ကိုနဲ့ တခြားဝန်ထမ်းတွေကိုပါ တစ်နေရာ ခေါ်ဆောင်သွားတယ်။ ဘယ်ကို ခေါ်သွားခဲ့တာလဲ။ အဲဒီလူတွေအကြောင်းကို နောက်နောင်မှာ ဘာသတင်းမှ မကြားရတော့ဘူး။ ဘာဖြစ်ကုန်ကြတာလဲ။ သေသလား၊ ရှင်းသလားတောင် မသိရတော့ဘူး။
၄။ ဟိဟာရက ဘယ်သူ့လက်ချက်ကြောင့် အသက်ထွက်ခဲ့ရတာလဲ။
၅။ အဖွားအိုက ဘကျော်ကို ဘာကြောင့် ဒီလောက်တောင် အမြင်မကြည်နေရတာလဲ။ အရင်က ပဋိပက္ခများ ဖြစ်ခဲ့ကြဖူးလို့လား။
အဲဒီမေးခွန်းတွေက ဘိန်းသမား ယင်းထသလို ကျွန်တော့်ကို တစ်နေကုန်လုံး ထိန်းချုပ်လွှမ်းမိုးနေကြတယ်။ ကျွန်တော့်မယ် ဘယ်ရောက်ရောက် စိတ်မပါနိုင်ဘဲ အဖွားကြီးဆီကိုသာ ပြေးသွားချင်နေတော့တယ်။ သူ့ဆီ အကြိမ်ကြိမ် ဖုန်းဆက်ပြီး တွေ့ခွင့်တောင်းပါသော်လည်း သူက ငြင်းပြီးရင်း ငြင်းနေတာကြောင့် ကျွန်တော်လည်း လက်မှိုင်ချလို့သာ နေနေခဲ့ရတယ်။ ဒါပေမယ့် စင်္ကာပူမှာ နေရမယ့် နောက်ဆုံးရက် အရောက်မှာတော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲကြီး ချပစ်လိုက်တယ်။ မတတ်နိုင်ဘူး။ မုန်းချင်လည်း မုန်းရော့။ ဆဲချင်လည်း ဆဲရော့။ နှင်ချင်လည်း နှင်ရော့။ ကျွန်တော် တက္ကစီတစ်စီး ငှားပြီး သူ့ရဲ့ ခြံရှိရာကို ဦးတည်ပြီး ထွက်လာခဲ့လိုက်တယ်။
အဲဒီအချိန် အဖွားအိုက ပန်းခြံထဲမှာ ထိုင်ပြီး နေပူစာလှုံနေတယ်။ ကျွန်တော့်ကို မြင်သွားတော့ မျက်မှောင်ကုတ်ပြီး စူးစူးရဲရဲ စိုက်ကြည့်နေတယ်။ သူ့မှာ ခွန်စိုက်အားစိုက် လုပ်နိုင်လောက်အောင် အားအင်မရှိတော့တာကိုပဲ ကျေးဇူးတင်ရမလား မဆိုနိုင်ဘူး။ ဒါပေမယ့် သူ လုပ်နိုင်တဲ့ အတိုင်းအတာအရတော့ သူက တာဝန်ကျေကျေ လုပ်နေရှာတုန်းပဲ။ သူ့ပုံက သာမန်အဖွားအိုတစ်ယောက်လို ခေါင်းတခါခါ လည်တယမ်းယမ်း၊ သက်ပြင်းတချချနဲ့ ပါးစပ်ကလည်း ပွစိပွစိ လုပ်ပြီး ပြစ်တင်မောင်းမဲနေတယ်။ အဝေးက လှမ်းကြည့်ရင် ဂါထာတစ်ပုဒ် ရွတ်နေသလို၊ ဆီမန်းမန်းနေသလိုပဲ။
ကျွန်တော် သူ့ကို တောင်းပန်မနေတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သိတယ်လေ။ တောင်းပန်လိုက်ရင် သူ့ရင်ကို ဆွပေးလိုက်သလိုသာ ဖြစ်သွားနိုင်တယ် မဟုတ်လား။ ဒီတော့ ကျွန်တော့်အတွက် အကျိုးယုတ်သွားလိမ့်မယ်။ ဒီတော့ ကျွန်တော်က သူ စကားပြောချင်လာအောင် လက်ဦးမှုယူပြီး သူ့ကို ကလိပေးလိုက်တယ်။
“ကျွန်တော် အခုလို အခွင့်မရဘဲ လာတွေ့ရတဲ့ အကြောင်းအရင်းက အဖွားရဲ့ စကားတချို့ကို ယုတ္တိမရှိဘူးလို့ ကျွန်တော် ခံစားလာရလို့ပါ”
“ဘာရယ်၊ မဖြစ်နိုင်တာပဲ” ဒီတိုက်ကွက်က တကယ် အသုံးတည့်သွားတယ်။ အဖွားအိုရဲ့ တန်ပြန်တိုက်ကွက်က ဖြေရှင်းချက် ထုတ်တာပဲ။ “ငါ ပြောခဲ့သမျှ အားလုံး အမှန်တွေချည်းပဲ”
ကျွန်တော် လိုချင်နေတာကလည်း သူ့ရဲ့ ဖြေရှင်းချက်ပဲဥစ္စာ။
တကယ်ပါ။ အဖွားအိုက ကျွန်တော့်ရဲ့ မေးခွန်းတွေကို အလေးအနက် သဘောထားပြီး အားလုံးကို စိတ်ပါလက်ပါ ဖြေရှင်းပြခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး မေးခွန်းတစ်ခုပဲ … ဘာဖြစ်လို့ ဘကျော်ကို မျက်မုန်းကျိုးနေရသလဲ ဆိုတဲ့ မေးခွန်းအတွက် သူ့ရဲ့ အမူအရာက သိသိသာသာ စိတ်မရှည်ဟန်နဲ့ ကျွန်တော်ကို စကားတစ်ခွန်းပဲ ပြန်တုံ့ပြန်ခဲ့တယ်။
“သူ့အကြောင်း လာမပြောနဲ့။ သူ့နာမည် ကြားရတာနဲ့တင် ငါ စိတ်ရှုပ်လွန်းလို့”
အတိတ်တစ်ချိန်တုန်းက သူတို့နှစ်ယောက် အကြားမှာ ရန်ငြိုးရန်စတွေ ရှိခဲ့မှာပဲလို့တော့ အကြမ်းဖျင်း ကျွန်တော် သဘောပေါက်တယ်။ ဒါပေမယ့် ဘယ်လိုမှ မှန်းဆကြည့်လို့ မရဘူး။ ဘယ်လို ကိစ္စမျိုးက ဒီလို အသက်အရွယ်မျိုး ရောက်လာတဲ့ အချိန်ထိတောင် မကျေမချမ်းနိုင်၊ ခွင့်မလွှတ်နိုင်ဘဲ ရှိနေစေခဲ့တာလဲ။ ကျွန်တော်ဆိုရင် အသက်အရွယ်လေး ရလာတာနဲ့အမျှ အတွေးအခေါ် ပညာရှင်တစ်ယောက်ရဲ့ အဆိုအမိန့်တစ်ခုကို ယုံကြည်သထက် ယုံကြည်လာတယ်။ လောကမှာရှိတဲ့ လူလုပ်သမျှ အရောင်အဆင်းတွေ အားလုံးကို အချိန်က တိုက်စားသွားလိမ့်မယ်။ အင်မတန် နက်ရှိုင်းတဲ့၊ အင်မတန် စာတင်လောက်တဲ့ အချစ်အမုန်းတွေ အပါအဝင်ပေါ့ တဲ့။
အဖွားအိုရဲ့ ရင်ထဲက ခံစားချက်တွေ ပွင့်အန်ထွက်လာအောင် အဲဒီ အဆိုအမိန့်နဲ့ ခနဲ့တဲ့တဲ့ ပြောကြည့်လိုက်ရင် ရကောင်းရနိုင်တယ် ဆိုပေမယ့် ကျွန်တော် တကယ်ပဲ မပြောရက်ခဲ့ဘူး။ တကယ်ဆို ကျွန်တော့်အဖို့ ဒီလောက်နဲ့လည်း ကျေနပ်နေပါပြီ။ ပြီးတော့ တချို့အရာတွေက မရမက ဖွင့်ဖောက်ကြည့်တာထက် လုံလုံခြုံခြုံ သိမ်းဆည်းထားတာကမှ ပိုကောင်းလိမ့်ဦးမယ်လေ။