အဲဒီအချိန်မှာ ချိုမာက လူရုပ်တောင် မပေါ်တော့ဘူး။ နဖူးပြင်ပေါ်က အာလူးသီးတွေ၊ နှာရိုးကျိုးသွားပြီမို့ အောက်ဘက်ကို တွဲကျနေတဲ့ နှာတံ၊ ရှေ့သွားတွေ ကျိုးထွက်ကုန်လို့ ဟောင်းလောင်းပွင့်နေတဲ့ ပါးစပ်၊ ခရမ်းသီးလို ဖူးယောင်နေတဲ့ နှုတ်ခမ်းတွေ၊ စမ်းရေလို တသွင်သွင် စီးထွက်နေကြတဲ့ သွေးသံရဲရဲတွေ … အမောတကော ရောက်လာတဲ့ သူနာပြုရဲဘော်က ပေါက်ပြဲနေတဲ့ နေရာတွေကို ဆေးကြောသုတ်သင်ပြီး ပတ်တီးစီးပေးနေတယ်။ မြသန္တာရဲ့ နှာခေါင်းထဲကို သွေးရဲ့ စိမ်းရွှင်ရွှင်အနံ့ရယ်၊ အရက်ပြန်ရဲ့ စူးရှရှအနံ့ရယ်၊ အဲဒီအနံ့နှစ်ခုပေါင်းရဲ့ ထူးခြားတဲ့အနံ့က တိုးဝင်နေလို့ ရင်ထဲ အော်ကလီဆန်လာတယ်။ သူက အနားကနေ ရှောင်ထွက်သွားပြီး ပြတင်းပေါက်နားကို ချဉ်းကပ်သွားတယ်။ အဲဒီအခါမှာ စာရေးစားပွဲပေါ်က အဲဒီပန်းချီကားကို သူ တွေ့လိုက်ရတာပဲ။ သူက စိုးရိမ်စိတ်နဲ့ စပ်စုလိုစိတ် နှစ်ခုပေါင်းစပ်ပြီး စားပွဲနားကို တိုးကပ်သွားလိုက်တယ်။ ပန်းချီကားက အင်မတန် ရိုးရှင်းလွန်းလှတယ်။ ဘယ်လိုပဲကြည့်ကြည့် ပုံထဲမှာ ဘာသတင်းမှ ဝှက်ထားနိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆမိတယ်။ အဲဒီတုန်းက သူ ထင်ထားခဲ့တာက သတင်းကို ပုံရဲ့ ကျောဘက် (ပြက္ခဒိန်အဖုံးပုံ) မှာ ဝှက်ထားတာ ဖြစ်နိုင်တယ်ပေါ့။ သူက စက္ကူကို လှန်ကြည့်လိုက်ချင်ပေမယ့် တခြားလူတွေ သတိထားမိသွားမှာကို စိုးရိမ်တာကြောင့် သူ လက်လျှော့လိုက်တယ်။ နောက်တော့ အားလုံး ပြန်သွားကြပြီ ဆိုမှ သူက ပန်းချီကားရဲ့ ကျောဘက်ကို အငမ်းမရ လှန်ကြည့်ဖြစ်တယ်။ အဝေးကကြည့်ကြည့်၊ အနီးကကြည့်ကြည့်၊ အတည့်ကြည့်ကြည့်၊ ဇောက်ထိုးကြည့်ကြည့်၊ မျက်နှာချင်းဆိုင်ကကြည့်ကြည့်၊ တစောင်းကြည့်ကြည့်၊ ထပ်ခါထပ်ခါ ဘယ်လောက်ပဲကြည့်ကြည့် ထူးခြားတာ၊ ဆန်းပြားတာ၊ မူမမှန်တာ ဘာတစ်ခုမှ မတွေ့ရဘူး။ သူက ပုံကိုပဲ အာရုံစိုက်ပြီး မှောက်လိုက်လှန်လိုက် လုပ်နေတော့ တရွှန်းရွှန်း မြည်နေတဲ့ စက္ကူသံကြောင့် မေ့မျောနေတဲ့ ချိုမာတောင် နောက်ဆုံးမှာ သတိပြန်လည်လာတယ်။ ချိုမာက ပန်းချီကား ကြည့်နေတဲ့ သူ့ကို သတိထားမိသွားတော့ ပန်းချီကားကို သူ့ဆီ ယူလာပေးဖို့ လက်ယပ်ခေါ်လိုက်တယ်။ အဲဒီအခါကျမှ ဘယ်မှာ ဘယ်လို ဝှက်ထားသလဲ ဆိုတာ သူ့ကို နှစ်ကိုယ်ကြား ပြောပြလိုက်တယ်။
(အသံသွင်းမှတ်တမ်း)
အဲဒီမြက်ပင်တွေက သတင်းတွေပဲလို့ သိလိုက်ရတော့ ငါ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
ငါ သူ့ကို မချီးကျူးဘဲ မနေနိုင်ဘူး။ အကြံက သိပ်ပိုင်တာပဲ။ လောကမှာ သူ့လို ပိရိသေသပ်တဲ့ အကြံမျိုး ဘယ်သူမှ ထုတ်နိုင်လိမ့်မယ် မထင်ဘူး။ အဲဒီလို လုပ်နိုင်တဲ့သူက မချိုမာကလွဲလို့ ဘယ်သူ ရှိနိုင်ပါဦးမလဲ။ ငါ မင်းကို ပြောခဲ့ဖူးပါတယ်။ သူက ငါ တွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ အတော်ဆုံး အထင်ကြီးစရာ အကောင်းဆုံး မြေအောက်တော်လှန်ရေးသမား တစ်ယောက်ပဲ။ သူ့ကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှ ရှိလာနိုင်မှာ မဟုတ်ဘူး။ သူ ဘယ်လိုများ စဉ်းစားလို့ ရခဲ့သလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ ဒါပေမယ့် ငါ ယုံတယ်။ ငါ ကျိန်ပြောရဲတယ်။ ဟိဟာရက အဲဒီလျှို့ဝှက်ချက်ကို ဘယ်နည်းနဲ့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ သူတင် မကပါဘူး။ ဘယ်သူမှ ရှာတွေ့နိုင်မယ် မထင်ဘူး။
ပြဿနာက … ရန်သူက မချိုမာကို အပြစ်ကင်းကြောင်း ခြွင်းချက်မရှိ ယုံကြည်သွားလိမ့်မယ်လို့ ဘယ်လိုမှ အာမ မခံနိုင်ဘူး။ ဒီတော့ သူ့ရဲ့ ရုပ်အလောင်းနဲ့ ကြွင်းကျန်ပစ္စည်းတွေကို အိမ်ပြန်ပို့ပေးဖို့ သဘောတူပါ့မလား။ အဲဒါ စဉ်းစားစရာပဲ။ ဘာဖြစ်လို့လဲဆိုတော့ … ငါ အစကတည်းက မင်းကို ပြောပြခဲ့ဖူးတယ်။ ခန္ဓာကိုယ်ပေါ်မှာ သတင်းကို ဖွက်ထားနိုင်တဲ့ နေရာတွေက နည်းတာ မဟုတ်ဘူး။ ရန်သူက သူ့ကို မြေလှန်မရှာရသေးဘဲနဲ့ သူ့ကိုယ်မှာ ဘာမှ ဖွက်မထားပါဘူးလို့ သူတို့ ဘယ်မှာလာပြီး အခိုင်အမာ ယူဆရဲပါ့မလဲ။ ပြီးတော့ ရှိသေးတယ်။ အချိန်က တစ်ရက်ပဲ ကျန်တော့တာ မဟုတ်လား။ ရန်သူက သူ့ကိုယ်ပေါ်မှာ ဘာသတင်းမှ ဖွက်ထားတာ မရှိပါဘူးလို့ သိသိကြီးနဲ့တောင် သူ့ရဲ့ အလောင်းကိစ္စကို ချက်ချင်းကြီး ထဖြေရှင်းဖို့ မသေချာလှဘူး။ တစ်ရက်နှစ်ရက်လောက် အချိန်ဆွဲထားတော့ရော ဘာအရေးလဲ။ ဘာမှ အရေးမကြီးဘူးလေ။
ငါက သူ့ကို အဲဒီအကြောင်းတွေ တိုးတိုးတိတ်တိတ် ပြောပြပြီးတဲ့နောက်မှာ သူက ငါ့ကို တမင် အော်ကြီးဟစ်ကျယ် အော်ပြောတယ်။ သူ အိမ်သာသွားချင်တယ်တဲ့။ သူက အသံဖမ်းစက်ကို ကြောက်လို့ ဆိုတာ ငါ သိပါတယ်။ ငါ သူ့ကို တွဲပြီး အိမ်သာကို လိုက်ပို့ပေးလိုက်တယ်။ တကယ်တော့ အဲဒီအချိန်မှာ ရန်သူက ခိုးနားမထောင်တော့ဘူး။ နောက်ဆုံးတစ်ည ရောက်နေပြီဆိုတော့ ဟိဟာရလည်း အတော်ကို ပေါက်ကွဲနေပြီ။ ငါတို့နဲ့ ကစားချင်စိတ်လည်း မရှိတော့ဘူး။ ငါတို့ကို အပြင်မထွက်ရင် ပြီးရော ဆိုပြီးတော့ အခန်းထဲမှာ ပိတ်လှောင်ထားဖို့ပဲ စိတ်ကူးတော့တယ်။
***
အိမ်သာထဲရောက်တော့ ချိုမာက သူ့ရဲ့ အကြံအစည် အကုန်လုံးကို မြသန္တာကို ဖွင့်ချပြတယ်။ အဲဒီအခါကျတော့မှ သူ့ရဲ့ စိုးရိမ်ပူပန်မှုက အပိုတွေပါလားလို့ မြသန္တာ သိလာခဲ့ရတယ်။
တကယ်တော့ ချိုမာက ရှင်းရှင်းလင်းလင်း သိထားပြီးသား။ ဘယ်လိုပဲဖြစ်ဖြစ် ရန်သူက သူ့ရဲ့ရုပ်အလောင်းနဲ့ ပန်းချီကားကို အပြင်ထုတ်သွားခွင့် ပြုမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ဒီတစ်ရက်အတွင်း ထုတ်သွားခွင့် ပြုမှာ မဟုတ်ဘူး။ သူက မြသန္တာကို ပြောတယ်။ “တကယ်လို့သာ အဲဒီလိုပုံမျိုးနဲ့ သတင်းကို ခိုးထုတ်ဖို့ ရည်ရွယ်ထားရင် ပန်းချီကားထဲက လျှို့ဝှက်ချက်ကို နင့်ကို ဘာကြောင့် ပြောပြနေဖို့ လိုပါဦးမလဲ”
အဖွားအိုက ပြောတယ်။ “တကယ်ပါ။ မချိုမာက နဂိုကတည်းက အဲဒီလို တွေးမထားဘူး။ သူ့အတွေးကို သူ့ကိုယ်စောင့်နတ်တောင် ခန့်မှန်းနိုင်လိမ့်မယ် မထင်ဘူး”
သူက မြသန္တာကို ပြောပြတယ်။ ဒီနေ့ညမှာ သူ အဆိပ်သောက်ပြီး သတ်သေမယ်။ သတ်မသေခင်မှာ သူက ဟိဟာရနဲ့ ဗိုလ်မှူးမောင်ကိုအတွက် သေတမ်းစာတစ်စောင်စီ ရေးပေးခဲ့မယ်။ စာထဲမှာ ဘယ်လို ရေးထားမလဲဆိုတော့ တစ်ဖက်သတ်ဆန်တဲ့ ဟိဟာရရဲ့ သံသယစိတ်ကြောင့် သူ့ကို ဒီဘဝ၊ ဒီအခြေရောက်အောင် တွန်းပို့ခဲ့တာဖြစ်ကြောင်း၊ သူ့ကိုယ်သူ အပြစ်ကင်းစင်ကြောင်း သက်သေပြတဲ့အနေနဲ့ သူ့အသက်ကို စတေးခဲ့ပါကြောင်း စသဖြင့်ပေါ့။ သဘောကတော့ သူက ကွန်မြူနစ်သူလျှို မဟုတ်ပါဘူးလို့ အယုံသွင်းလိုက်တာပါပဲ။
“ဟိဟာရက ယုံကြည်လိမ့်မယ်လို့ နင် ထင်လား” ချိုမာက မေးတယ်။
“မလွယ်ဘူး” မြသန္တာက ဖြေတယ်။
“ဟုတ်တယ်။ သူက အဲဒီလောက်နဲ့ ငါ့အပေါ်ထားတဲ့ သံသယစိတ်ကို အကြွင်းမဲ့ ပယ်ဖျောက်ပစ်မှာတော့ မဟုတ်ဘူး။ သူက ငါ့ကိုယ်ကို ရှာလိမ့်မယ်။ ငါ့ရဲ့ ကြွင်းကျန်ပစ္စည်း မှန်သမျှကို သူ ရှာလိမ့်မယ်။ အထူးသဖြင့်တော့ အဲဒီပန်းချီကားပဲ။ သူ အဲဒါကို သင်္ကာမကင်း ဖြစ်နေမှာ သေချာတယ်။ ဖင်ပြန်ခေါင်းပြန် လေ့လာလိမ့်မယ်”
“ဒါပေမယ့် သူ ဘယ်လိုမှ အဖြေရှာနိုင်မှာ မဟုတ်ဘူး”
“ဘယ်သူက အဖြေရှာနိုင်လိမ့်မယ်လို့ နင် ထင်လဲ”
“ငါတော့ မမြင်ဘူး”
“နင်ပဲလေ”
“ငါ …”
“ဟုတ်တယ်။ ငါ နင့်ကို ပြောပြပြီးပြီ မဟုတ်ဘူးလား”
“နင် စိတ်ချပါ။ ငါ သူ့ကို ပြောပြမှာ မဟုတ်ဘူး”
“ဟင့်အင်း၊ နင် သူ့ကို ပြောပြရမယ်”
“ဘာဖြစ်လို့လဲ”
“အဲဒီလိုလုပ်မှသာ၊ နင် ငါ့ကို သစ္စာဖောက်ပြလိုက်မှ၊ တကယ့်မြွေပွေးအစစ်ကို ဖော်ထုတ်ပေးလိုက်မှ သူက နင့်ကို ခြွင်းချက်မရှိ ယုံကြည်သွားမှာပေါ့။ အဲဒီနောက်မှ နင် အပြင်ထွက်နိုင်အောင် ကြိုးစားရမယ် …”
ပြတင်းရဲ့ အပြင်ဘက်မှာ ဇီးကွက်တစ်ကောင်က တအူအူးနဲ့ အော်ညည်းနေတယ်။ ကျယ်ပြန့်နက်ရှိုင်းတဲ့ အမှောင်ထုကြီးကတောင် ကြမ္မာဆိုးရဲ့ အရိပ်မဲကြီးကို ဘယ်လိုမှ ဖုံးဖိမထားနိုင်ဘူး။ ပြတင်းရဲ့ အတွင်းဘက်မှာတော့ ချိုမာက အားကြိုးမာန်တက်နဲ့၊ ဒါပေမယ့် အသံကို တိုးတိုးသာသာနဲ့ သူသေပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းချင်းတတွေကို တစ်ခုမကျန် သုံးသပ်ပြနေတယ်။ မြသန္တာက စိတ်နှစ်ပြီး နားထောင်နေတယ်။ တွေးဆတယ်။ သူ့ကိုယ်ပေါ်မှာတော့ ကြက်သီးတွေ တဖြန်းဖြန်းထလို့။ ဝိညာဉ်တစ်ကောင်နဲ့ စကားလက်ဆုံ ကျနေတဲ့အလားပဲ။