Show contents

(က)

အချိန်တန်လို့ လာခဲ့ပြန်ပြီ။

ကျွန်တော်တို့ရဲ့ စကားဝိုင်းက မကြာခင် အဆုံးသတ်နိုင်တော့မှာမို့ အဖွားအိုက အဲဒီအတွက် ဝမ်းမြောက်ပျော်ရွှင်နေသလိုပဲ။ ကျွန်တော့်ကို တွေ့တာနဲ့ သူက ပြုံးစစနဲ့ စကားဆိုတော့တယ်။

“ဘာမှ သိပ်မကျန်တော့ဘူး။ ဒီနေ့တော့ လက်စသတ်နိုင်လောက်တယ်”

တကယ်လည်း သိပ်မကျန်တော့ဘူး။ အချိန်က နောက်ဆုံးတစ်ညကို ရောက်နေပြီ။ ဟိဟာရအတွက်ပဲ ဖြစ်ဖြစ်၊ ချိုမာအတွက်ပဲ ဖြစ်ဖြစ်၊ ဒါက နောက်ဆုံးအချီပဲ။ ဒီနောက်ဆုံးအချီမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အခြေအနေ အကြမ်းဖျင်းကတော့ အဖွားအို ပြောတာနဲ့ ကျွန်တော် ရေးထားခဲ့တာတွေနဲ့ သိပ်ပြီး ကွာခြားမှု မရှိလှဘူး။ အချက်သေးသေးလေး နှစ်ချက်ပဲ ကွဲပြားခြားနားမှု ရှိတယ်။ ပထမအချက်က အဲဒီနေ့ညမှာ ဗိုလ်ကြီးအောင်သူက အစည်းအဝေးခန်းမထဲကို ရောက်မလာခဲ့ဘူး။ ဒုတိယအချက်ကတော့ ကွန်မြူနစ်ရဲဘော်လို့ ဟန်ဆောင်ထားကြတဲ့ လူတွေက အနောက်တိုက်ကိုတင် ဝင်စီးကြတာ မဟုတ်ဘူး။ အရှေ့တိုက်ကိုပါ ဝင်စီးခဲ့ကြတယ်။ ပြီးတော့ ကားဂိုဒေါင်တစ်လုံးကိုတောင် မီးရှို့ပစ်ခဲ့ကြသေးတယ်။ ဆိုလိုတာက ခြံကို ဝင်ရောက်စီးနင်းတဲ့ လုပ်ဇာတ်ရဲ့ အတိုင်းအတာနဲ့ ဟန်ရေးပြမှုက ကျွန်တော် ရေးထားခဲ့တာထက် အများကြီး ပိုကြီးကျယ်ခဲ့တယ်။

အဖွားအိုက ကျွန်တော့်ကို အပြစ်တင်တယ်။ “မင်းက ဗိုလ်ကြီးအောင်သူကို အစည်းအဝေး တက်ခိုင်းတာ အတော်ကို အဓိပ္ပာယ်မဲ့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟိဟာရက အများရှေ့မှာ သူ့ကို သေသွားပါပြီလို့ ကြေညာမောင်းခတ်ထားတာ မဟုတ်လား။ ဘယ်နှယ့်လုပ်ပြီး သူ့ကို ပြန်အသက်သွင်းနိုင်ပါ့မလဲ”

ကျွန်တော်က သတိထားပြီး စောဒက တက်ကြည့်လိုက်တယ်။ “အဲဒီအချိန်တုန်းက ဟိဟာရက ဗိုလ်ကြီးအောင်သူကို မြွေပွေး မဟုတ်ပါဘူးလို့ စာရင်းထဲကနေ ယတိပြတ် မပယ်ထုတ်ရသေးဘူး မဟုတ်လား။ ဒီတော့ သူလည်းပဲ ကွန်မြူနစ်ရဲဘော်အတုတွေရဲ့ စမ်းသပ်ချက်ကို ခံရသင့်တာပေါ့”

အဖွားအိုက ပြုံးပြီး ကျွန်တော်ကို ပြန်မေးတယ်။ “အခုကော သူက အစမ်းသပ် မခံရဘူးလို့ မင်းကို ဘယ်သူ ပြောလဲ။ ငါ ပြောခဲ့ပြီးပြီပဲ။ အရှေ့နောက် နှစ်တိုက်စလုံးကို တစ်ပြိုင်နက်တည်း ဝင်စီးပါတယ်လို့”

ကျွန်တော် တွေးကြည့်တယ်။ ဟုတ်ပေသားပဲ။ တကယ်လို့သာ တိုက်နှစ်တိုက်ကို တစ်ပြိုင်နက် ဝင်စီးရင် ဗိုလ်ကြီးအောင်သူက အစည်းအဝေးခန်းမထဲ မရောက်ခဲ့ဘူး ဆိုရင်တောင် အစမ်းသပ်ခံ ဘဝကနေ လွတ်စရာအကြောင်း မရှိဘူး။ အဖွားအိုရဲ့ စကားက ပိုပြီး ကြောင်းကျိုးညီညွတ်မှု ရှိတယ်လို့ ကျွန်တော် ဝန်မခံချင်လို့လည်း မရဘူး။ ဒါပေမယ့် အဖွားအိုရဲ့ အယူအဆအရ ပြောရရင် ဒါတွေအားလုံးက အဓိက အရေးပါလှတာ မဟုတ်ဘူး။ အရေးပါတာက နောက်မှာ။ ချိုမာနဲ့ ဟိဟာရတို့ နှစ်ယောက်အကြားမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုကို ကျွန်တော် ပီပြင်အောင် မရေးနိုင်ခဲ့ဘူးတဲ့။ ချိုမာရဲ့ စိတ်ဝိညာဉ်ကို အမိအရ မဖမ်းဆုပ်နိုင်ခဲ့ဘူးတဲ့။ အဖွားအိုက လေးလေးနက်နက် ထောက်ပြခဲ့တယ်။ အဲဒီနေ့ညမှာ ချိုမာက ဘာကြောင့် အဲဒီလောက် ပြတ်သားတိကျနေရသလဲ (ဟိဟာရကို လည်ပင်း ညှစ်သတ်ချင်နေရသလဲ) ဆိုတော့ အဲဒီအချိန်မှာ သူက သေဖို့အတွက်တောင် စိတ်ပိုင်းဖြတ်ထားပြီးနေပြီ။

အဖွားအိုက ပြောတယ်။ “တခြားလူတွေကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ငါက သူ့လုပ်ပုံကို ကြည့်လိုက်ရုံနဲ့ သူ ဘာလုပ်ချင်နေသလဲ ဆိုတာကို ချက်ချင်း သတိထားမိလိုက်တယ်။ သူက သေချင်နေတာ။ သူ့အသက်ကို စတေးပြီး သူ့ကိုယ်သူ မြွေပွေး မဟုတ်ကြောင်း သက်သေပြဖို့ ကြိုးစားနေတာ။ နောက်တော့ မင်း ရေးထားတဲ့အတိုင်းပဲ။ ရန်သူက သူ့ရဲ့ ရုပ်အလောင်းနဲ့ ကျန်ရှိပစ္စည်းတွေကို သူ့မိသားစုဆီ ပြန်အပ်ပေးလိမ့်မယ်လို့ သူက မျှော်လင့်နေတာ။ စောနက ပန်းချီကားလည်း ပါတာပေါ့။ အဲဒီတုန်းကတော့ ငါ ပန်းချီကားကို မမြင်ရသေးဘူး။ ဒါပေမယ့် ငါ ယုံတယ်။ လျှို့ဝှက်သတင်းက အဲဒီကားထဲမှာ ဝှက်ထားတာပဲ ဖြစ်ရမယ်။ ငါ စိတ်ပူတာက တကယ်လို့သာ ရန်သူက ပန်းချီကားထဲမှာပါတဲ့ လျှို့ဝှက်ချက်ကို တွေ့သွားခဲ့ရင် ဘယ်လို လုပ်မလဲ။ ဆိုတော့ သူက အသားလွတ် သေသွားရသလို ဖြစ်မနေဘူးလား”

ကျွန်တော်က မေးတယ်။ “အဖွားက အဲဒီပန်းချီကားကို ဘယ်အချိန်ကျမှ တွေ့မြင်လိုက်ရတာလဲ”

အဖွားအိုက ပြောတယ်။ “ဟိဟာရက သူ့ကို ထိုးကြိတ်တယ်လေ။ ငါတို့ သူ့ကို အပေါ်ထပ် ထမ်းခေါ်သွားပြီးတဲ့နောက်ပေါ့ …”

Rate this chapter

0 / 5 · 0 ratings

Leave a comment

Your email address will not be published. Required fields are marked *