မာတိကာကြည့်ရန်

(ဂ)

နောက်တစ်ရက်ကတော့ ချိုမာအတွက် အမိုက်မှောင်ဆုံး နေ့တစ်နေ့ပဲ။

အရင်ဆုံး မြသန္တာက သူ့ကို ကတိပေးထားပြီးသား။ မနက်စာစားဖို့ ထမင်းစားဆောင်ကို သွားတဲ့အချိန်မှာ ဖယောင်းလုံးသုံးလုံးကို နဂိုနေရာမှာ ပြန်ထားပေးမယ်ပေါ့။ မြသန္တာရဲ့ ကတိစကားကို ရထားပြီးသားမို့ ဖြစ်မယ် ထင်တယ်။ ချိုမာက စိတ်ချလက်ချ နေလိုက်မိတယ်။ ပြီးတော့ အရင်နေ့တွေမှာ ကောင်းကောင်း မအိပ်ခဲ့ရတာကြောင့်လည်း ပါဦးမှာပေါ့။ မနက် မိုးလင်းခါနီးမှာမှ သူ အိပ်ပျော်သွားတယ်။ မြသန္တာလည်း တစ်ညလုံး မအိပ်ရသေးတာကြောင့် မူးနောက်နောက် ဖြစ်နေတာနဲ့ ချိုမာလိုပဲ တစ်ချိုးတည်း အိပ်ပျော်သွားတယ်။ ဗိုလ်လေးထွန်းမြင့် အပေါ်ထပ် တက်လာပြီး သူတို့ကို မနက်စာစားဖို့ တံခါးလာခေါက်တော့မှ နှစ်ယောက်စလုံး အိပ်ရာက နိုးကြတော့တယ်။ ကမန်းကတန်း အိပ်ရာကထ၊ ကမန်းကတန်း အောက်ထပ် ပြေးဆင်းသွားတော့ ဖယောင်းလုံး သုံးလုံးကို ယူသွားဖို့ မြသန္တာ မေ့သွားတယ်။ စိတ်ဆိုးလိုက်တာ မပြောပါနဲ့တော့။ အကြောင်းသိသွားတော့ ချိုမာက မြသန္တာကို ကူလီကူမာ လုပ်တယ်လို့ မထင်ဘဲ နေမှာ မဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ ချိုမာက သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေတယ်။ အရေးရယ် အကြောင်းရယ်မှ အမှားလုပ်မိရတယ်လို့။ သူ့ကို သတိမပေးလိုက်ရ ကောင်းလားပေါ့။ ဘယ်တတ်နိုင်မလဲ။ ကံတရားပေါ့။ လူ့ဘဝဆိုတာမျိုးက ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရတာမျိုးမှ မဟုတ်တာပဲ။

နံနက်စာ စားပြီးတော့ အပြန်လမ်းမှာ ချိုမာက မြသန္တာကို အကြောင်းပြချက် တစ်ခုခုနဲ့ အပြင်ပြန်ထွက်ပြီး ဖယောင်းလုံးတွေကို ပြန်ထားပေးဖို့ တောင်းဆိုတယ်။ မြသန္တာကလည်း သဘောတူတယ်။ ဒါပေမယ့် အနောက်တိုက်ကို ပြန်ရောက်တော့ ရောက်လျှင်ရောက်ချင်းမှာပဲ ဦးဟန်ထွန်းက သူတို့အားလုံးကို အစည်းအဝေးခန်းမထဲ ဝင်ဖို့ ဆော်ဩနေတော့တယ်။ အပေါ်ထပ်ကိုတောင် တက်ခွင့် မရမှတော့ ဘယ့်နှယ်လုပ်ပြီး အပြင်ထွက်နိုင်ပါဦးတော့မလဲ။

အရှေ့မှာ တင်ပြခဲ့သလိုပါပဲ။ ဒီအစည်းအဝေးက ဗိုလ်ကြီးအောင်သူရဲ့ သွေးနဲ့ရေးတဲ့ သေတမ်းစာကို အားလုံးကို ဖတ်ခိုင်းတဲ့ အစည်းအဝေးပဲ။ အကုန်လုံး ပြူးတူးပျာတာကို ဖြစ်လို့။ တပ်ကြပ်ကြီးမျိုးဇော်က ပထမဆုံး လေလာရာ ရွက်ဖွင့်တဲ့သူလို့ ဆိုရလိမ့်မယ်။ ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာကြောင့် မျက်နှာကြီး ရဲတက်သွားပြီး မျက်ရည်တွေ တတောက်တောက်ကျလို့ နှာရည်ရှုံ့လိုက် မျက်ရည်သုတ်လိုက် လုပ်နေတော့တယ်။ ငိုယိုညည်းတွားနေတဲ့၊ ရင်ဘက်စည်တီးနေတဲ့ သူ့အမူအရာကို မြင်ရတော့ ဗိုလ်လေးထွန်းမြင့်က အင်မတန် ဝမ်းမြောက်နေတယ်။ ဆိုလိုတာက ဗိုလ်လေးကလည်း ချိုမာကို မြွေပွေးပါလို့ တရားသေ ကိုင်စွဲသတ်မှတ်ထားပြီးနေပြီ။ မြသန္တာကိုတော့ ထည့်ပြောနေဖို့ မလိုတော့ဘူး။ ချိုမာ မြွေပွေး ဖြစ်ပါတယ် ဆိုတာကို တခြားလူ အားလုံးထက် သူက အသိဆုံးပဲ။ တစ်ခုပဲ ရှိတယ်။ သူ့ဒုက္ခနဲ့သူမို့ ချိုမာကို လက်ညှိုးမထိုးရဲဘူး။ ဒါပေမယ့် အခုချိန်မှာ ဗိုလ်ကြီးအောင်သူက သေတမ်းစာရေးပြီး ချိုမာကို မြွေပွေးအဖြစ် ပေါ်ပေါ်ထင်ထင် ပြစ်တင်စွပ်စွဲထားတာ ဆိုတော့ မြသန္တာက ကိုယ်နဲ့မဆိုင်သလို ပွဲကြည့်ပရိသတ်အလား လက်ပိုက်ကြည့်နေလို့ ရသွားတယ်။ စိတ်ထဲကတောင် ကျိတ်ပြီး ဝမ်းသာနေမိသေးတယ်။

ခန်းမထဲက လူတွေအားလုံးထဲမှာ ဦးဟန်ထွန်း တစ်ယောက်တည်းကသာ ချိုမာဘက်မှာ ရှိနေတယ်လို့ ဆိုရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ဟိဟာရရဲ့ လံကြုပ်ဇာတ်လမ်းပါလို့ သူတစ်ယောက်တည်းကပဲ သိနေခဲ့တာကိုး။ ချိုမာတစ်ယောက် အဖြစ်မှန်ကို ရိပ်စားမိသွားပါစေလို့ သူ မျှော်လင့်နေမိတယ်။ ဒါမှ ဗိုလ်ကြီးအောင်သူကို မြွေပွေးအဖြစ် ကြိုးကွင်းပြန်စွပ်နိုင်မှာ မဟုတ်လား။ ဒါမှလည်း သူ့အတွက် နောက်ကြောင်းရှင်းမှာလေ။ သူက ချိုမာရဲ့ အပြုအမူကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်။ တန်ပြန်တိုက်စစ် ဆင်နိုင်ပါစေလို့လည်း စိတ်ထဲက တိတ်တခိုး တောင့်တနေမိတယ်။

ချိုမာက သူ့ပင်ကိုဟန်အတိုင်း တစ်လျှောက်လုံး နှုတ်ဆိတ်နေတယ်။ တွေးဆနေတယ်။ တည်ငြိမ်နေတယ်။ ထောက်ကွက်ဟာကွက် မရှိအောင် ကြိုးစားနေတယ်။ ဒါပေမယ့် သူ့ရင်ထဲမှာ ဖိအားတွေက အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်လောက်အောင် ပြင်းထန်လွန်းနေတယ်။ သူ့ကိုယ်သူ ပြိုလဲကျသွားတော့မလားရယ်လို့ ဒီရက်ပေါင်းများစွာ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူ ခံစားနေရတယ်။ ဟိဟာရက ဗိုလ်ကြီးအောင်သူရဲ့ သေတမ်းစာကို ပွဲထုတ်ပြီး သူ့အပေါ် သင်္ကာမကင်း ဖြစ်နေတဲ့အကြောင်းကို အများရှေ့မှာ လူသိရှင်ကြား ချပြလာလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။ ဒါက ဟိဟာရရဲ့ လုပ်ဇာတ်တစ်ခုပဲလား၊ ဒါမှမဟုတ် သူပဲ အမှားတစ်ခုခုကို ကျူးလွန်းမိသွားခဲ့တာလား၊ ဒါမှမဟုတ် မြသန္တာက သူ့ကို သစ္စာဖောက်သွားပြီလား ဆိုတာကို သူ မသိဘူး ဖြစ်နေတယ်။ လေးဘက်လေးတန်မှာ ရန်သူတွေ ဝိုင်းခံထားရသလို သူ ရုတ်တရက် ခံစားလာရတယ်။ အဲဒီအကျပ်အတည်းထဲကနေ သူ ဘယ်လို ရုန်းထွက်ရပါ့မလဲရယ်လို့လည်း သူ စဉ်းစားရကျပ်နေတယ်။ သူ့ခမျာ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ နှုတ်ဆိတ်ငြိမ်သက်နေမိတယ်။ အပြင်ပန်းအရတော့ စိတ်ရှင်းတဲ့ လူတစ်ယောက်လို တည်ငြိမ်နေတာပါပဲ။ တကယ်တမ်းကျတော့ ရင်ထဲမှာ ဗလောင်ဆူလို့။ မီးကွင်းထဲက ပုရွက်ဆိတ်လို ပျာယာခတ်လို့။ ဘာလုပ်ရမှန်း မသိမယ့်အတူတူ မထူးပါဘူး ဆိုပြီး ခေါင်းဘီးကို ဆွဲထုတ်လို့ သူ့ဆံပင်တွေကို ခပ်တည်တည်နဲ့ ဖြီးသင်နေလိုက်တော့တယ်။ အဲဒီမှာ ဗိုလ်လေးထွန်းမြင့် ပေါက်ကွဲတော့တာပဲ။

ဗိုလ်လေးက မာန်မဲတဲ့ လေသံနဲ့ ပြောတယ်။ “ဒေါ်ချိုမာ၊ ခင်ဗျား စကားပြောဦးလေဗျာ။ လူသေကတောင် ပါးစပ်ဟပြီး စကားပြောနေပြီ။ ခင်ဗျားမှာ ပြောစရာ ဘာမှ မရှိတော့ဘူးလား”

ချိုမာက အခုမှ လှုပ်နှိုးခံလိုက်ရတဲ့လူလို ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကို အသည်းအသန် စဉ်းစားနေတယ်။ နောက်ဆုံးတော့ သူက ဗျူဟာပြောင်းလို့ မဖြစ်ဘူး၊ ဒီအတိုင်း ဆက်မျောသွားရမှာပဲလို့ ဆုံးဖြတ်လိုက်ပြီးတော့ ခေါင်းကို မော့လိုက်တယ်။ “မာစတာကို နင့်ဟာနင် သွားမေးကြည့်လိုက်” လို့ ဗိုလ်လေးကို အော်ပြောပစ်လိုက်တယ်။ စကားဆုံးတာနဲ့ အစည်းအဝေးခန်းမထဲကနေ ခပ်တည်တည်နဲ့ ထထွက်သွားပြီး အပေါက်ဝကို ရောက်တော့ နောက်ပြန်လှည့်ပြီး ဦးဟန်ထွန်းကို စကားဆိုတယ်။ “ဗိုလ်ကြီးအောင်သူက သွေးနဲ့ရေးပြီး ပြောတယ်။ တပ်ကြပ်ကြီးမျိုးဇော်က မျက်ရည်နဲ့ ပြောတယ်။ ပြောနေကြတာက အားလုံး အကြောင်းတစ်ခုတည်း။ ကျွန်မ ချိုမာကို မြွေပွေးပါတဲ့။ ရှင် ဖမ်းပေတော့”

“ဘယ်သူ့ကို ဖမ်းရမှာလဲ” ဦးဟန်ထွန်းက သိသိကြီးနဲ့ ပြန်မေးတယ်။ သူက ချိုမာရဲ့ အပြုအမူကို အင်မတန်မှ သဘောခွေ့နေတာကိုး။

“ကျွန်မကို ဖမ်းပေါ့”

“နင် ဝန်ခံတာလား”

“ကျွန်မ ဝန်မခံတော့ရော ဘာတတ်နိုင်မှာမို့လဲ။ သေသူရော ရှင်သူရော အကုန်လုံးက ကျွန်မကို မြွေပွေးလို့ ယူဆနေကြတာလေ။ ကျွန်မက ဘာပြောလို့ ရဦးမှာတဲ့လဲ။ ယမမင်းနဲ့ တွေ့မှပဲ ပြောခွင့်ရတော့မယ်” ပြောပြီး လှည့်ထွက်သွားတယ်။

ဦးဟန်ထွန်းက သူ့ကို လှမ်းတားပြီး သူ့အနားကို ထသွားတယ်။ သူ့ကို သွားဆွဲခေါ်လာတော့မယ့် အတိုင်းပဲ။ ဒါပေမယ့် အနားရောက်သွားတော့ သူ့အရှေ့မှာ ရပ်ပြီး ပြုံးတုံ့ မပြုံးတုံ့နဲ့ စကားဆိုတယ်။ “ဒီမှာပဲ ပြောကြရအောင်လားဗျာ။ ခင်ဗျားက ယမမင်းဆီရောက်မှ ပြောရင် ကျုပ်တို့က ခင်ဗျား ဘာပြောမလဲဆိုတာကို ဘယ်သိနိုင်ပါတော့မလဲ”

ချိုမာက ပြောတယ်။ “ကျွန်မ ပြောချင်တဲ့စကားတွေကို မနေ့ကတည်းက မာစတာကို ပြောခဲ့ပြီးပြီ။ အခု ကျွန်မ ဘာမှ ထပ်မပြောချင်တော့ဘူး။ ပြောစရာလည်း ဘာမှ မကျန်တော့ဘူး။ တကယ်လို့ မဖြစ်မနေ ပြောရမယ်ဆိုရင် ကျွန်မ မြသန္တာကိုပဲ မေးခွန်းတစ်ခု မေးလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ တစ်ယောက်တည်းကပဲ ဖြူသလား၊ မဲသလား မပြောဘဲ နေနေတာ မဟုတ်လား”

မြသန္တာက မေးတယ်။ “နင်က ဘာမေးချင်တာလဲ”

ချိုမာက ပြောတယ်။ “နင်ကရော ငါ့ကို မြွေပွေးလို့ပဲ ယူဆထားတာလား”

ကောင်းလိုက်တဲ့ တန်ပြန်တိုက်ကွက်ပါလား မချိုမာရယ်။

မြသန္တာက တိတ်တခိုး ချီးကျူးနေမိသလို ရွံလည်း ရွံမုန်းနေမိတယ်။ ချီးကျူးရတဲ့ အကြောင်းက သူ့ရဲ့ သရုပ်ဆောင်ပညာက သိပ်ကို ဆရာကျလွန်းနေလို့။ အခုလို ခံစစ်အနေမှာ ရှိနေတာတောင်မှ မျက်နှာတစ်ချက်မပျက်ဘဲ ဟန်ကိုယ့်ဖို့ နေသွားနိုင်တာ၊ ပြီးတော့ လစ်ပြီဆိုတာနဲ့ ခံစစ်ကနေ တိုက်စစ်ဖြစ်အောင် ပြောင်းယူနိုင်တာတွေက လက်ဖျားခါလောက်တယ်။ ရွံမုန်းရတဲ့ အကြောင်းကတော့ သူ ဘာလုပ်ရမှန်း မဝေခွဲတတ်တော့လို့ပဲ။ အရှိကို အရှိအတိုင်း ဘွင်းဘွင်းပဲ ချပြလိုက်ရမလား။ ဒါမှမဟုတ် မသိကျိုးကျွံပြုပြီး ရူးချင်ယောင် ဆောင်နေရမှာလား။ သူ့ကို ဘယ်လိုနည်းနဲ့မှ ထိပါးလို့ မရဘူးဆိုတာကို သူ့စိတ်ထဲမှာ ကောင်းကောင်းကြီး နားလည်သဘောပေါက်နေပေမယ့်လို့ တော်လှန်ပုန်ကန်ချင်တဲ့ စိတ်ဆန္ဒကတော့ သူ့ရင်ထဲမှာ အချိန်တိုင်း မုန်တိုင်းထန်နေခဲ့တယ်။ စိတ်လိုက်မာန်ပါနဲ့ ဖြစ်ချင်ရာဖြစ်၊ ပြီးပြီးရောဆိုပြီး ဖွင့်အန်ချလိုက်မိမှာကိုတော့ သူ အမှန်တကယ်ပဲ စိုးရိမ်မိတယ်။ ပြောမလား၊ မပြောဘူးလား။ ဖြစ်နိုင်ရင် မြေကြီးထဲ လျှိုးဝင်သွားပြီး ဒီဘေးကျပ်နံကျပ် ဒုက္ခတောထဲကနေ ပြေးထွက်သွားချင်မိတယ်။

ဘယ်လိုလုပ်ပြီး ပြေးထွက်နိုင်ပါ့မလဲ။ ချိုမာက သူ့ကို ပေါက်ထွက်လုမတတ် စိုက်ကြည့်နေတယ်။ ရှိသမျှအကုန် အောထားရတဲ့ လောင်းကစားသမား တစ်ယောက်လိုပေါ့။

မြသန္တာရဲ့ မျက်လုံးအစုံက ချိုမာရဲ့ အကြည့်တွေကို ရဲရဲကြီး ရင်ဆိုင်လိုက်ပြီး အားမနာတမ်း ပြောချလိုက်တယ်။ “တကယ်လို့ ငါကပါ နင့်ကို မြွေပွေးပါလို့ ပြောလိုက်မယ် ဆိုရင်ရော”

ချိုမာရဲ့စကားက အနှောင့်အသွား မလွတ်ဘူး။ “နင်က ငါ့အကြောင်းကို ကောင်းကောင်းကြီး သိထားတာ ဆိုတော့ နင် အဲဒီလို ပြောမှာ မဟုတ်ပါဘူး”

မြသန္တာက စိတ်ထဲကနေ ကျိန်ဆဲနေမိတယ်။ နင့်အကြောင်း ကောင်းကောင်းကြီး သိထားလို့ကိုပဲ အဲဒီလို ပြောလိုက်သင့်တာ။

ဒါပေမယ့် … သူက ချိုမာကို စားတော့ ဝါးတော့မတတ် စိုက်ကြည့်ပြီး ခြိမ်းခြောက်ပြောဆိုလိုက်တယ်။ “ငါ ပြောမယ် ဆိုရင်ရော”

ချိုမာက မတုံ့မဆိုင်း ပြန်ပြောတယ်။ “အဲဒါဆိုရင်တော့ ဒီနေရာက ငရဲပြည်ပဲ။ ပြောခဲ့သမျှ စကားအားလုံးက လူစကား မဟုတ်ဘူး။ သရဲတစ္ဆေတွေရဲ့ စကားတွေပဲ ဖြစ်ရမယ်”

မြသန္တာက ရုတ်တရက်ကြီး အရူးတစ်ယောက်လို တဟားဟား ထရယ်ချလိုက်တယ်။ အရယ်မရပ်သေးဘဲ ဗလုံးဗထွေးနဲ့ အခုလို ပြောလိုက်တယ်။ “ဟုတ်တယ်။ ရှင်တို့အားလုံး ပြောနေကြတာတွေက သရဲစကားတွေ၊ တစ္ဆေစကားတွေ။ ဒီနေရာက မကောင်းဆိုးဝါးတွေ ကျက်စားတဲ့ ငရဲပြည် … ငရဲပြည်”

ရယ်လို့ အားရသွားတော့ မျက်နှာပိုးသတ်ပြီး ဦးဟန်ထွန်းဘက်လှည့်လို့ ပြောလိုက်ပြန်တယ်။ “အမှန်အတိုင်း ဝန်ခံရရင် မချိုမာက မြွေပွေး ဆိုတာကို ကျွန်မ မယုံဘူး။ ဒီလို ပြောရင်လည်း ရတယ်။ ဗိုလ်ကြီးအောင်သူက နိပွန်းတပ်မတော်အပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ သူ့အသက်နဲ့ အလဲအထပ် လုပ်ရဲလိမ့်မယ်လို့ ကျွန်မ မယုံဘူး”

နားထောင်ပြီးသွားတော့ ချိုမာရဲ့ ရင်ထဲက အကြီးမားဆုံးသော ကျောက်ခဲစိုင်ကြီးတစ်ခု အောက်ကို လျှောကျသွားတယ်။

တကယ်တော့ ချိုမာ အကြောက်ဆုံးက မြသန္တာ သစ္စာဖောက်သွားမှာကိုပဲ။ မြသန္တာသာ စိတ်မပြောင်းဘူး (ကတိတည်မယ်) ဆိုရင် သူ့ကို အခုချက်ချင်းပဲ ဖမ်းဆီးချုပ်နှောင်သွားပါစေ သူ မမှုဘူး။ လျှို့ဝှက်သတင်းက အပြင်ရောက်သွားဖို့ မျှော်လင့်ချက် ရှိသေးတယ် မဟုတ်လား။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *