မာတိကာကြည့်ရန်

(ခ)

အင်မတန်မှ ထူးခြားဆန်းကြယ်တဲ့ ညတစ်ညပါ။ ပုံမှန်ဆိုရင် တေမိလို စကားတစ်ခွန်းမှ ဟလေ့မရှိတဲ့ ချိုမာက အခုတော့ စကားလုံးတွေ တစ်လုံးပြီးတစ်လုံး ဒလဟော ထွက်ကျလာလိုက်တာ စက်သေနတ်နဲ့ ပစ်ထုတ်နေတဲ့အတိုင်းပဲ။

အဖွားအိုက ကျွန်တော့်ကို ပြောပြတယ်။

အဲဒီနေ့ညက သူ အိမ်သာထဲကနေ အခန်းပြန်ရောက်တော့ ခြေလက်မျက်နှာတောင် မဆေးကြောနိုင်တော့ဘဲ ခုတင်ပေါ် တစ်ချိုးတည်း တက်အိပ်ပစ်လိုက်တယ်။ ချိုမာလည်းပဲ အခန်းပြန်ရောက်တာနဲ့ ခုတင်ပေါ် တက်လှဲချတယ်။ ညဦးပိုင်းမှာတော့ သူတို့နှစ်ယောက်က ကိုယ်စီ ခုတင်ပေါ် လှဲနေကြရင်း နှုတ်ဆိတ်နေခဲ့ကြတယ်။ အခန်းထဲမှာကတော့ ခုတင်ပေါ်က ကိုယ်ခန္ဓာနှစ်ခုရဲ့ ဘယ်လူးညာလှိမ့်တဲ့ အသံတွေသာ စိုးမိုးနေတယ်။ သန်းခေါင်ကျော်သွားတော့ သူ မူးမူးဝေဝေနဲ့ အိပ်ပျော်သွားတယ်။ အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေတဲ့ အတောအတွင်းမှာပဲ ခုတင်ပေါ်ကနေ ထသွားတဲ့ ချိုမာရဲ့ အသံကို သူ အိပ်ချင်မူးတူး ကြားလိုက်ရတယ်။ အခန်းထဲမှာ တစ်ခဏလောက် ဟိုလျှောက်ဒီလျှောက် လုပ်နေပြီးတော့ ဘာတွေ အလုပ်ရှုပ်နေမှန်းလည်း သူ မသိဘူး။

တကယ်တော့ သူက အသံဖမ်းစက်ကို ကလိနေတာ။

သူလျှိုတစ်ယောက် (သေနတ်ပြောင်းဝက သားကောင်) အနေနဲ့ ချိုမာက အစောကြီးကတည်းက သတိထားမိခဲ့တယ်။ ရန်သူက သူတို့ရဲ့ အခန်းထဲမှာ အသံဖမ်းစက်တော့ တပ်ထားမှာပဲ။ ဘယ်အခန်းမဆိုပေါ့။ ညနေရောက်တော့ ဟိဟာရက သူ့ကို ဝန်ခံတယ်။ ဗိုလ်လေးထွန်းမြင့်ကိုလည်း တိတ်တဆိတ် သံသယဝင်နေတဲ့အကြောင်းပေါ့။ ဆိုတော့ အစည်းအဝေးခန်းထဲမှာလည်း အသံဖမ်းစက် တပ်ထားတယ်လို့ သူ့ကို ပြောပြလိုက်သလိုပဲ။ အဲဒီအခိုက်အတန့်မှာ သူက တကယ်တော့ မြသန္တာကို ပြောပြချင်တဲ့ စကားတွေ ထောင်ပုံရာပုံ ရှိနေခဲ့တယ်။ ဒါပေမယ့် အမှောင်ထဲမှာ ကြွက်ချောင်းချောင်းနေတဲ့ အသံဖမ်းစက်ကို သတိရသွားတော့ သူ့အဖို့ မျိုသိပ်ထားရုံမှတစ်ပါး တခြားနည်းလမ်း မရှိတော့ဘူး။ သန်းခေါင်ကျော်သွားတော့ အားလုံးက သူတို့ကို အိပ်ပျော်သွားကြပြီလို့ ယူဆသွားကြတဲ့အတွက်ကြောင့် သူက အသံဖမ်းစက်ရဲ့ ဓာတ်ကြိုးကို ဆွဲနှုတ်ပစ်လိုက်လည်း တော်တန်ရုံ သင်္ကာမကင်း ဖြစ်ကြမှာ မဟုတ်တော့ဘူး။ အဲဒါ ချိုမာရဲ့ အစွမ်းသတ္တိတစ်ခုပဲ။ ဘယ်လို အခြေအနေမျိုးမှာမဆို ခေါင်းကို အေးအေးထားပြီး စဉ်းစားဆုံးဖြတ်နိုင်တယ်။ ဘာအလုပ်ပဲ လုပ်လုပ်၊ သွေးအေးအေးနဲ့ မယုတ်မလွန် တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နိုင်တယ်။

အသံဖမ်းစက်ကို ဖြတ်တောက်ပြီးတဲ့နောက်မှာ ချိုမာက မြသန္တာကို နှိုးလိုက်ပြီးတော့ သူ့ကို ခရားရေလွှတ် တတွတ်တွတ် ပြောတော့တာပဲ။ မိသားစုနောက်ခံသမိုင်းကနေစပြီး သူ့ဘဝနောက်ကြောင်းအထိ၊ ကျောင်းနေတဲ့ အချိန်ကစပြီး တော်လှန်ရေးထဲ ဝင်ရောက်ခဲ့ပုံ၊ တို့ဗမာအစည်းအရုံးကို ဝင်တာကစပြီး ကွန်မြူနစ်ပါတီရဲ့ လျှို့ဝှက်ကေဒါတစ်ယောက် ဖြစ်လာခဲ့ပုံ၊ ငယ်မူငယ်သွေး ကြွစဉ်အခါက အချစ်နဲ့ ယစ်မူးခဲ့ချိန်ကစပြီး စစ်သွေးစစ်မာန် ကြွတဲ့ တော်လှန်ရေးရဲ့ သမီးပျိုတစ်ယောက် ဖြစ်လာခဲ့ပုံ၊ မိခင်တစ်ယောက်အဖြစ်ကနေ မုဆိုးမတစ်ယောက် ဖြစ်လာခဲ့ပုံ၊ နာမည်ခံ လင်မယား ဖြစ်လာခဲ့ပုံ … ငယ်ရာကနေ ကြီး၊ အတိတ်ကနေ ပစ္စုပ္ပန်၊ ပြောခဲ့တာတွေမှ မနည်းမနောပဲ။

အတိုချုံး ပြောရရင် ချိုမာက သာယာဝတီခရိုင်ထဲက ရွာသူကြီးတစ်ယောက်ရဲ့ အငယ်ဆုံး သမီးပါ။ အသက် ၁၆ နှစ်အရွယ်မှာ သူ့အစ်ကို (ဘကျော်) နဲ့အတူ ရန်ကုန်မြို့တက်ပြီး ပညာဆက်သင်ကြတယ်။ အစ်ကိုက ဆယ်တန်းအောင်ပြီးသားမို့ ကောလိပ်မှာ ကျောင်းဆက်တက်တယ်။ သူကတော့ ဆယ်တန်းလည်း မအောင်သေးတာက တစ်ကြောင်း၊ ပညာဆက်သင်ဖို့ စိတ်မဝင်စားတော့တာက တစ်ကြောင်းမို့ သူနာပြုသင်တန်းကျောင်းမှာ သင်တန်းဝင်တက်ခဲ့တယ်။ သူ ကျောင်းတက်နေတဲ့ အတောအတွင်းမှာပဲ ဆရာစံရဲ့ တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ အဲဒီအရေးတော်ပုံကြီးမှာ ဆရာစံရဲ့ ဂဠုန်တပ်နဲ့ အင်္ဂလိပ်တပ်တွေရဲ့ ပစ်ခတ်မှုတွေ အကြားမှာ သူ့အဖေက မြေစာပင်အဖြစ်နဲ့ အင်္ဂလိပ်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ အဲဒါကြောင့်ပဲ သူတို့ မောင်နှမနှစ်ယောက်က အင်္ဂလိပ်နယ်ချဲ့တွေကို အမုန်းကြီး မုန်းပြီး တို့ဗမာအစည်းအရုံးထဲကို ဝင်လိုက်ကြတယ်။ လုံးဝ ထင်မှတ်မထားမိတာ တစ်ခုက နှစ်အနည်းငယ်ကြာတော့ အစ်ကိုက ကွန်မြူနစ်စနစ်ကို သက်ဝင်ယုံကြည်သွားပြီး ကွန်မြူနစ်ပါတီ (အဲဒီတုန်းက ပါတီရယ်လို့ တရားဝင် ဖွဲ့စည်းခွင့် မရသေးဘူး) ရဲ့ အမာခံရဲဘော်တစ်ဦး ဖြစ်လာတယ်။ အဲဒီမှာပဲ သူ့ခင်ပွန်းနဲ့ သူ့အစ်ကိုတို့ သိကျွမ်းခင်မင်ပြီး ရဲဘော်ရဲဘက်တွေ ဖြစ်သွားကြတယ်။

ချိုမာ အိမ်ထောင်ကျပြီး တတိယမြောက်ကလေးကို ဝမ်းမှာ လွယ်ထားရတဲ့ အချိန်မှာ ချောက်ရေနံမြေသပိတ်ကြီး ပေါ်ပေါက်လာခဲ့တယ်။ ၁၉၃၇ ခုနစ် ဒီဇင်ဘာလထဲမှာပေါ့။ သပိတ်ကြီး မပေါ်ပေါက်မီ ကနဦး အစပိုင်းကတည်းက ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းရဲ့ လျှို့ဝှက်တာဝန်ပေးချက်အရ ရေနံမြေအလုပ်သမားတွေကို အကူအညီပေးဖို့အတွက် ချောက်မြို့ဇာတိဖြစ်တဲ့ သူ့ခင်ပွန်းကို သပိတ်စခန်းဆီ လျှို့ဝှက်စေလွှတ်ခဲ့တယ်။ ဒီလိုနဲ့ ခင်ပွန်းဖြစ်သူရော၊ ဗိုက်တစ်လုံးနဲ့ ချိုမာပါ ချောက်မြို့ကို ရောက်ရှိသွားကြရော။ အဲဒီမှာ သခင်ဖိုးလှကြီးကို တိတ်တဆိတ် အကူအညီပေးရင်း တစ်ခုသောညမှာ ဘီအိုစီကုမ္ပဏီက ငှားရမ်းထားတဲ့ လူမိုက်တစ်စုက ချိုမာတို့တည်းနေတဲ့ အိမ်ပေါ်တက်လို့ ဓားပြတိုက်ချင်ယောင် ဆောင်ပြီး ချိုမာရဲ့ ခင်ပွန်းကို လုပ်ကြံသတ်ဖြတ်ကြတယ်။ (တကယ်တော့ အဲဒီနေ့ညက သခင်ဖိုးလှကြီးကိုပါ တစ်ပါတည်း လုပ်ကြံကြဖို့ပဲ။ ဒါပေမယ့် သူကတော့ သေကံမရောက်လို့ အိမ်မှာ မရှိတာနဲ့ လက်မတင်လေး လွတ်မြောက်သွားခဲ့တယ်။) မူလ ရည်ရွယ်ချက်က ခင်ပွန်းဖြစ်သူကိုပဲ ဖြောင်ပစ်လိုက်ဖို့ ဖြစ်ပေမယ့် ချိုမာက ကာဆီးကာဆီး လုပ်နေခဲ့တာကြောင့် သူ့ဗိုက်ထဲက ကလေးငယ်ပါ သေရွာကို အဆစ်ပါသွားခဲ့ရတယ်။

အဲဒီအကြောင်းကို ပြောတော့ ချိုမာတစ်ယောက် ရင်ထဲက လှိုက်တက်လာတဲ့ အပူလုံးကြီးကို ဘယ်လိုမှ မျိုသိပ်နိုင်စွမ်း မရှိတော့ဘူး။ သူ့မျက်လုံးတွေကိုလည်း ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ ရှိုက်ကာရှိုက်ကာနဲ့ တဟင့်ဟင့် ငိုချပစ်လိုက်တယ်။ ပူနွေးနေတဲ့ မျက်ရည်တွေက မြသန္တာရဲ့ ကိုယ်ပေါ်ကို အသံတိတ် ကျရောက်လာကြတယ်။ အဲဒီ မျက်ရည်တွေပေါ့။ မြသန္တာရဲ့ ရင်ထဲက အမုန်းတရားတွေကို တတိတိ တိုက်စားသွားကြတာ အဲဒီ မျက်ရည်တွေပဲပေါ့။ သို့ပေမယ့် သူက အမှောင်ထုရဲ့ အကာအကွယ်နဲ့ သူ့ရင်ထဲမှာ လှုပ်ခတ်လူးလွန့်လာတဲ့၊ ညွတ်နူးပျောင်းညက်လာတဲ့ ခံစားချက်တွေကို ကြိုးစားအားယူပြီး နှိပ်ကွပ်နေခဲ့တယ်။ မသိကျိုးကျွံ ပြုနေခဲ့တယ်။ တုဏှိဘာဝေ လုပ်နေခဲ့တယ်။

အခန်းတွင်းလေထုရဲ့ လေးလံထိုင်းမှိုင်းမှုက လူကို အသက်ရှုကျပ်စေတယ်။

အတော်လေးကြာတော့ ချိုမာက သောကကို အားယူဖိနှိပ်ပြီး မျက်ရည်တွေကို လက်ခုံနဲ့ သုတ်ချပစ်လိုက်တယ်။ သူ ဆက်ပြောတာက “မြ၊ အမှန်အတိုင်း ပြောရရင် ငါ နင့်ကို ဒီအကြောင်းတွေ ပြောပြနေတာက နင့်ရဲ့ ကရုဏာသက်မှုကို ငါ လိုချင်နေလို့ မဟုတ်ဘူး။ ငါ့ကို နားလည်ပေးစေချင်ရုံ သက်သက်ပါပဲ။ ငါ့ရဲ့ အသက်က အခုဆို နင့်လက်ထဲမှာ ရောက်နေပြီ။ မှောက်ချင်မှောက် လှန်ချင်လှန် အကုန်လုံး နင့် သဘောချည်းပဲ။ နင်ကသာ ဟိဟာရကို တစ်ခွန်းဟလိုက်ရင် ဂျင်လို မွတ်အောင် လည်ပါတယ်ပဲ ပြောပြော၊ အသက်တစ်ချောင်း အပိုပါတယ် ဆိုရင်တောင် ငါ ကားမက်ခ်စ်နဲ့ တွေ့ရတော့မှာ။ ငါတို့က ညီအစ်မလို ပေါင်းသင်းခဲ့ကြတာ ဆိုတော့ ငါ မသေခင်မှာ ငါ့အကြောင်းတွေ နင့်ကို သိသွားစေချင်တယ်”

မြသန္တာက ပြောတယ်။ “အပိုတွေ လာပြောမနေပါနဲ့။ ငါ ပြောပြီးပြီပဲ။ ငါ နင့်ကို မတိုင်ပါဘူး”

အဲဒါက ညကြီးမှောင်မှောင်ထဲမှာ သူ ပထမဆုံး ပြောခဲ့တဲ့ စကားပဲ။

ချိုမာက လက်ကို ဆန့်ထုတ်ပြီး သူ့ရဲ့ လက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတယ်။ “ကျေးဇူးပဲ မြရယ်။ နင် ငါ့ကို ခွင့်လွှတ်ပေးနိုင်တယ် ဆိုတော့ ငါတို့ရဲ့ ခင်မင်မှုက အရင်အတိုင်း ရှိနေတုန်းပဲလို့ ယူဆရတော့မှာပဲ”

မြသန္တာက သူ့လက်ကို ပုတ်ချပစ်လိုက်တယ်။ “တော်စမ်းပါ။ ငါ နင်နဲ့ ဘာခင်မင်မှုမှ မရှိတော့ဘူး။ အပေးအယူသဘောပဲ ကျန်တော့တယ်”

အပေးအယူ သဘောလို့ ဆိုလာတော့ ချိုမာက မြသန္တာအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်လို့ ကမ်းလှမ်းလာတယ်။ သူ့ကို ကူပြီး လျှို့ဝှက်သတင်းကို အပြင် ထုတ်ပေးမယ် ဆိုရင်ပေါ့။ ချိုမာက ပြောတယ်။ “ငါတို့နှစ်ယောက်ရဲ့ အကြားမှာ သူငယ်ချင်းသံယောဇဉ်တွေ မရှိကြတော့ဘူး ဆိုရင်လည်း အနည်းဆုံးတော့ တော်လှန်ရေးသံယောဇဉ်တွေ ရှိကြသေးတာပဲ မဟုတ်လား။ ငါတို့ရဲ့ တော်လှန်ရေးရဲဘော်တွေကို ဟိဟာရက ဖမ်းဆီးသတ်ဖြတ်မှာ နင်လည်း လက်ပိုက်ကြည့်နေနိုင်မယ် မထင်ဘူး”

မြသန္တာက ဟွန့်ကနဲ နှာမှုတ်လိုက်ပြီး မဲ့ကာရွဲ့ကာ စကားဆိုတယ်။ “ကံကောင်းလို့ ဒုတိယမြောက် ဗိုလ်ကြီးအောင်သူ ဖြစ်ဖို့ လက်မတင်လေး လွတ်သွားခဲ့တာ။ နင်မို့လို့ အရှက်မရှိဘဲ တော်လှန်ရေးသံယောဇဉ်လို့ ပါးစပ်က ပြောထွက်တယ်။ နင့်ရဲ့ တော်လှန်ရေးသံယောဇဉ်ဆိုတာ ဘာလဲ။ ငါ့ကိုပါ ပြုတ်ပြုတ်ပြုန်းသွားအောင် တော်လှန်မယ့် သဘောလား”

ချိုမာက မျက်လွှာချလိုက်ပြီး ပြောတယ်။ “ဒီ့မတိုင်ခင်က နင့်ကို ငါ့ရဲ့ ရဲဘော်လို့မှ သိမထားခဲ့တာ”

မြသန္တာရဲ့ လေသံက နည်းနည်းလေးမှ မလျှော့သေးဘူး။ “ဘယ်သူက နင့်ရဲဘော်လဲ။ အဲဒီမှာ လဲသေလိုက်လေ”

ချိုမာက ဘာတွေပဲ ပြောလာပြောလာ၊ မြသန္တာက ပြောလာသမျှ စကားတွေကို ကြက်ခေါင်းဆိတ်မခံဘဲ တစ်ခွန်းမကျန် ပြန်ပက်လွှတ်နေတယ်။ မတတ်နိုင်တဲ့အဆုံးမှာ ချိုမာက အကျပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက ပြောတယ်။ “တကယ်လို့သာ အဲဒီသတင်းကို ခိုးမထုတ်နိုင်ရင် နင် ငါ့ကို မတိုင်လည်း ဘာမှ ထူးခြားမလာတော့ဘူး။ ငါ အသက်ရှင်နေတာက ငါ့ရဲ့ ရဲဘော်တွေ အသတ်ခံရတာကို စောင့်ကြည့်နေဖို့လို့များ နင် ထင်နေတာလား။ အဲဒီအစား သေသွားရတာကမှ မြတ်ဦးမယ်”

မြသန္တာက ပြောတယ်။ “အဲဒါ နင့်ကိစ္စလေ။ နင့်ဟာနင် သေသေ ရှင်ရှင်၊ ငါ့အပူ တစ်ပြားသားမှ မပါဘူး”

ချိုမာက ပြောတယ်။ “နင်က အဲဒီလောက်တောင် အကြင်နာ ကင်းမဲ့နေမှတော့ ငါ့ကိုလည်း အဆိုးမဆိုနဲ့တော့။ သေမယ့်သေတော့ ငါတစ်ယောက်တည်းတော့ မသေနိုင်ဘူး”

ဘာအဓိပ္ပာယ်လဲ။

ချိုမာက အောက်ဖဲကို လှန်ပြလိုက်ပြီ။ မြသန္တာက သူ့ကို ကူပြီး သတင်းကို ခိုးထုတ်ပေးရမယ်။ အဲဒီလိုမှ မဟုတ်ရင် မြသန္တာတို့ သားအဖနှစ်ယောက်ရဲ့ မဟာလျှို့ဝှက်ချက်ကို သူက ဟိဟာရကို ချပြလိုက်မယ်ပေါ့။ သဘောက အိမ်သာသဘောတူညီချက် (သူ့ကို တိုင်လည်း မတိုင်ဘူး၊ ကူလည်း မကူဘူး) ကို ချိုမာက ပြောင်ပြောင်တင်းတင်း ပယ်ချလိုက်ပြီးတော့ လောင်းကြေးကို ဆွဲတင်ပစ်လိုက်တယ်။ သေရင်မြေကြီး၊ ရှင်ရင်ရွှေထီးဆိုပြီး အောလိုက်တဲ့ သဘောပဲ။

မြသန္တာတစ်ယောက် ဒေါသထွက်လွန်းလို့ အသားတွေတောင် တဆတ်ဆတ် တုန်နေတယ်။ “နင် အရှက်ကို မရှိဘူး”

ချိုမာကတော့ ဘာမှမဖြစ်သလို တည်ငြိမ်အေးဆေးနေတယ်။ “ငါ အရှက်မရှိတာ မဟုတ်ဘူး။ နင်က အကြင်နာတရား ကင်းမဲ့နေတာ။ ငါ့ကို အခန့်သင့် ကူညီပေးဖို့ ဆိုတာလေးတောင် နင်က လုပ်မပေးချင်ဘူး။ ငါ့ရဲ့ မျက်စိအောက်မှာ ရဲဘော်တွေ အသတ်ခံရအောင် နင် လုပ်နေတယ်။ အဲဒါ သေသွားရတာထက် ပိုဆိုးတယ်။ အဲဒီလို လုပ်မယ့်အစား ငါ့ကို တိုင်သာတိုင်လိုက်ပါတော့။ သူရဲကောင်းတစ်ယောက်လို ပေါ်ပေါ်ထင်ထင်ပဲ အသေခံလိုက်တော့မယ်”

တဒင်္ဂတော့ မြသန္တာ ဆွံ့အသွားတယ်။

ချိုမာက သူ ပြောမယ့် စကားတွေကို သန်းခေါင်မတိုင်ခင်ကတည်းက ခေါင်းထဲမှာ စာကြမ်း ထုတ်ထားခဲ့ပြီးသား။ အခုချိန်မှာတော့ အထစ်အငေါ့ မရှိဘဲ နှုတ်တိုက် သွန်ချပစ်လိုက်တယ်။ “တကယ်တော့ ငါ့အကြောင်း တိုင်မပြောဘူး ဆိုတာက ငါ့ကို ကူညီလိုက်တာပဲ။ နင် ငါ့ကို ကူညီဖို့ ဆန္ဒရှိနေမှတော့ ပို့မယ့်ပို့ ကူးတို့အထိ ရောက်အောင် ပို့ပေးမှပေါ့။ ငါ့ကို ကူပြီး သတင်းကိုပါ ခိုးထုတ်ပေးရင် ပိုမကောင်းဘူးလား။ တစ်ဝက်တစ်ပျက်ကြီးနဲ့ ဆန့်တငံ့ငံ့ လုပ်ထားတာမျိုးကို ငါက ဘယ့်နှယ် ကျေးဇူးတင်ရပါ့မလဲ။ စောစောက ငါ ပြောခဲ့ပြီးပြီ။ ငါ့ကို မတိုင်ရုံပဲ ဆိုရင်တော့ ငါ့အဖြစ်က ပိုဆိုးသွားရုံပဲ ရှိတော့တယ်။ ဒီတော့ ဘယ့်နှယ်လုပ်ပြီး နင့်ကို ကျေးဇူးတင်နိုင်ပါတော့မလဲ။ ငါ နင့်ကို မုန်းတယ်။ ဘာမှ အပန်းမကြီးတဲ့ ကိစ္စလေးကိုတောင် ငါ့ကို မကူညီချင်ဘူး။ အဲဒီလိုဆိုမှတော့ ငါတို့ သူသေကိုယ်သေ လုပ်ကြတာပေါ့” ပြောပြီး ချိုမာက ခွေးခြေခုံပေါ် ရပ်ပြီး အသံဖမ်းစက်ရဲ့ ဓာတ်ကြိုးကို ပြန်ဆက်ဖို့ လုပ်နေတယ်။

မြသန္တာက နားမလည်နိုင်အောင် ဖြစ်ပြီး မေးခွန်းထုတ်လိုက်တယ်။ “နင် ဘာလုပ်မလို့လဲ”

ချိုမာက အေးစက်တဲ့ လေသံနဲ့ ပြောတယ်။ “ဘာလုပ်မယ် ထင်လဲ။ ဒါ အသံဖမ်းစက်လေ။ စောစောက ငါ ဓာတ်ကြိုးကို ဆွဲနှုတ်ထားတာ။ အခုတော့ အဲဒီလို လုပ်ထားဖို့ မလိုအပ်တော့ဘူး။ မဟုတ်လည်း ငါတို့တွေက သေရတော့မှာပဲ မဟုတ်လား။ ဘာမှ စိုးကြောက်နေစရာ မရှိတော့ပါဘူး။ သူတို့ နားထောင်ချင်သပဆိုလည်း နားထောင်ကြပါစေပေါ့”

သေနတ်ပြောင်းဝက နားထင်တည့်တည့်ကို ချိန်ထားပြီ။

မြသန္တာက ချိုမာကို အောက်ဆွဲချပြီး တအိအိ ငိုချပစ်လိုက်တယ်။

(အသံသွင်းမှတ်တမ်း)

အင်း၊ ဟုတ်တယ်။ ငါ လက်မြှောက်လိုက်ပြီ။ ငါ မတတ်နိုင်တော့ဘူး။ အလျှော့ပေးလိုက်ဖို့ပဲ ကျန်တော့တယ်။ သူက ငါ့ကို အညှာကိုင်ထားတာ မဟုတ်လား။ သူ့မှာ သက်သေသက္ကာယ ဘာမှ ခိုင်ခိုင်မာမာ မရှိဘူး ဆိုပေမယ့် သူသေကိုယ်သေ ဇွတ်လုပ်မှာကိုတော့ ငါ ကြောက်တယ်။ အဲဒီလို ကိစ္စမျိုးက ပါးစပ်ဖျားနားတောင် အရောက်ခံလို့ ဖြစ်တာ မဟုတ်ဘူး။ ပါးစပ်ဖျားကို ရောက်သွားပြီ ဆိုတာနဲ့ ပြဿနာက တက်လာတော့မှာ။ တခြားလူတွေက မင်းကို မျက်လုံးပေါင်းများစွာနဲ့ စောင့်ကြည့်နေကြလိမ့်မယ်။ တွေးဆနေကြလိမ့်မယ်။ သုံးသပ်နေကြလိမ့်မယ်။ အကဲစမ်းနေကြလိမ့်မယ်။ အတိတ်က အကြောင်းတွေကို ဖုံးနိုင်ဖိနိုင်တယ်ပဲ ထားဦး။ နောက်နောင်ကျတော့ရော။ ငါတို့ ဘယ်လိုလုပ်ပြီး စိတ်အေးသက်သာ အလုပ်လုပ်နိုင်ပါတော့မလဲ။ ငါသာ ကိုယ့်လိပ်ပြာကိုယ် လုံမယ်ဆိုရင် သူ လျှောက်ပြောမှာကို ငါ ဘာမှုစရာ လိုပါဦးတော့မလဲ။ ခက်တာက ငါ မလုံဘူးလေ။ မကြောက်လို့ ဖြစ်မလား။ ကြောက်တယ်။ ပက်ပက်စက်စက်ကို ကြောက်တယ်။ ဒါကြောင့် အဲဒီလို လူဝါးဝတဲ့ တောင်းဆိုမှုမျိုးကို ငါ မျက်စိမှိတ် သည်းခံပြီး နွားဖားကြိုး အထိုးခံလိုက်ဖို့ပဲ ရှိတော့တာပေါ့။

နောက်တော့ ငါ သိလာတယ်။ တကယ်တော့ မချိုမာ ငါ့ကို လုပ်ခိုင်းမယ် ဆိုတဲ့ အလုပ်မျိုးက ဘာမှ ခက်ခဲပွေလီတဲ့ အလုပ်မျိုး မဟုတ်ဘူး။ ဖယောင်းလုံးတွေကို နဂိုမူလ နေရာတွေမှာပဲ ပြန်ထားပေးဖို့ပါ။ သူက ပြောတယ်။ မနက်ဖြန်ကျရင် သူ့ရဲဘော် (လိပ်ကြီး) က ဒီကိုလာပြီး သူ့ကို လာဆက်သွယ်လိမ့်မယ်တဲ့။ ငါ့အနေနဲ့ ဖယောင်းလုံးတွေကို သူ့နဂိုနေရာအတိုင်း ပြန်ထားပေးလိုက်ရင်ကိုပဲ သတင်းကို ခိုးထုတ်လို့ ရသွားလိမ့်မယ်။ ငါ တွေးကြည့်တယ်။ ဒီလောက် လွယ်ကူတဲ့ကိစ္စကို သူကိုယ်တိုင် သွားလုပ်ရင်တောင် ရနေတဲ့ဥစ္စာ။ ဘာဖြစ်လို့ ငါ့ကို အရှက်မရှိ အတင်းအကျပ် အကူအညီ တောင်းနေရသေးတာလဲ။ သူ့ဖြေရှင်းချက်က ဒီလို။ ဟိဟာရက သူ့ကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတာမို့ သူ လုပ်ရင် မလုံခြုံနိုင်ဘူး။

ဟွန့် … အဲဒီဖြေရှင်းချက်က စေ့စေ့တွေးကြည့်ရင် အဓိပ္ပာယ် မရှိလှဘူး။ သူ ငါ့ကို အဲဒီလို အကျပ်ကိုင်နေတာ၊ ဖိအားပေးနေတာတွေရဲ့ အဓိက ရည်ရွယ်ချက်က တစ်ဆင့်တက်ပြီး ငါ့ကို သွေးတိုးစမ်းချင်လို့၊ ငါ့ကို ကြိုးကိုင်ချင်လို့တောင် ဖြစ်နိုင်လိမ့်မယ်လို့ ငါ နောက်ပိုင်းမှ သဘောပေါက်လာတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက ငါနဲ့ ငါ့အဖေကို အင်္ဂလိပ်သူလျှိုတွေပါလို့ သူ တိတိပပ သိထားသေးတာ မဟုတ်ဘူး။ သူက ငါ ပြောခဲ့တဲ့ စကားတွေထဲကနေ အစဆွဲထုတ်ပြီး အဲဒီလို ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ သံသယဝင်နေခဲ့တာ။

ဘယ်လိုလုပ်ပြီး အတည်ပြုနိုင်မလဲ။ ဒီလိုလေ။ သူက တမင်သက်သက် ပေးထားတဲ့ကတိကို ဖျက်ပြီး ငါ့ကို အကျပ်ကိုင်တယ်။ ဖိအားပေးတယ်။ ဒေါသထွက်အောင် စိတ်ကို ဆွပေးတယ်။ မင်းပဲ စဉ်းစားကြည့်။ တကယ်လို့သာ ငါနဲ့ ဒယ်ဒီက အင်္ဂလိပ်လူတွေ ဟုတ်မနေခဲ့ဘူးဆိုရင် သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက်တွေကို ငါက ဂရုစိုက်နေမှာတဲ့လား။ ပါးကို ဖြန်းကနဲ မြည်အောင် ရိုက်ပစ်လိုက်ဖို့ပဲ ရှိတော့တယ်လေ။ အခုတော့ ကောင်းရော။ ငါက ခွေကနဲ ပျော့ကျသွားတော့ သူ အရာအားလုံးကို သဘောပေါက် နားလည်သွားတော့တာပေါ့။ နောက်တော့ သူက ငါ့ကို အင်မတန်မှ လွယ်ကူတဲ့ အလုပ်တစ်ခုကို တမင် လုပ်ခိုင်းပြန်တယ်။ ငါသာ လုပ်ပေးလိုက်ရင် သူ့ရဲ့ အလိုတူအလိုပါ ဖြစ်သွားပြီပေါ့။ သူက ငါ့ကို အဲဒီလို ကြိုးကွင်းစွပ်လိုက်တာပဲ။

အင်း … အဲဒီချိုမာဆိုတဲ့ မိန်းမက နတ်သမီးလေး တစ်ပါးပဲ။ စုန်းကဝေကြီး ဆိုရင်လည်း ဟုတ်နေရော။ သူက အားလုံးကို အနုစိတ် ကြိုတင်အကွက်ချထားပြီးသား။ ပြီးမှ ငါ့ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကျုံးသွင်းသွားတာ။ ငါ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။

***

ချင်း (ဂျင်း) ဆိုတာမျိုးက ရင့်လေ စပ်လေပဲ မဟုတ်လား။ အဲဒီတုန်းက မြသန္တာရဲ့ အသက်က နှစ်ဆယ်စွန်းစပဲ ရှိသေးတယ်။ ပြီးတော့ အရည်အချင်းအရပဲ ကြည့်ကြည့်၊ အတွေ့အကြုံအရပဲ ကြည့်ကြည့်၊ အတော်ကို ညံ့တယ်လို့ ပြောရတော့မှာပဲ။

ချိုမာက မွှတ်နေအောင် လည်တာမှ ဂျင်ကတောင် အရှုံးပေးရတော့ ဘဝင်လေဟပ်နေတဲ့ ဟိဟာရတောင် သူ့ကို ဘာမှ မတတ်နိုင်ခဲ့ဘူး။ မကြာသေးခင်ကမှ လောကဇာတ်ခုံပေါ် ရောက်လာတဲ့ မြသန္တာဆိုတာကတော့ ဝေလာဝေးပေါ့။ မြေအောက်လှုပ်ရှားမှု လုပ်တယ် ဆိုတဲ့ နေရာမှာ သတ္တိဗျတ္တိနဲ့ ပါးနပ်ချက်ချာမှု ဆိုတာတွေက အချိန်ကာလနဲ့ အတွေ့အကြုံတွေရဲ့ အထုအထောင်း အရိုက်အနှက်မှာ ထုသားပေသား ကျသွားမှ ထွက်ပေါ်လာတဲ့ အကျိုးရလဒ်တွေ မဟုတ်လား။ အနာများ သမားဖြစ် ဆိုတဲ့ စကားပုံလိုပေါ့။

ဤအခန်းကို အမှတ်ပေးရန်

0 / 5 · အမှတ်ပေးသူ 0 ဦး

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *