နောက်တစ်နေ့မှာ ကျွန်တော်ရဲ့ နီရဲနေတဲ့ မျက်ဆန်နဲ့ ညိုမဲနေတဲ့ မျက်ကွင်းကို အဖွားအိုက သတိထားမိသွားတော့ ဘာဖြစ်တာလဲလို့ ကျွန်တော့်ကို မေးလာတယ်။ ကျွန်တော်လည်း အမှန်အတိုင်း ဝန်ခံလိုက်ရတော့တာပေါ့။ အဖွားအိုက ကလေးတစ်ယောက်လို တခစ်ခစ် ရယ်မောရင်း ပြောတယ်။ “မင်းက ဘာများ အိပ်မရနိုင်စရာ အကြောင်းရှိလို့လဲ။ တကယ်တမ်း အိပ်မရနိုင်တဲ့သူက မချိုမာ ဖြစ်ရမှာ”
အဲဒီကနေပဲ စကားက လိုရင်းကို တန်းရောက်သွားတယ်။
မှန်းဆကြည့်နိုင်ပါတယ်။ ချိုမာတစ်ယောက် နေ့စဉ်ရက်ဆက် အိပ်ကောင်းခြင်း အိပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် အိပ်နိုင်ပါ့မလဲ။ သူလျှိုတစ်ယောက်အနေနဲ့ သူက တခြား ဘယ်သူတွေထက်မဆို အခြေအနေ မဟန်ဘူး ဆိုတာကို စောပြီး ရိပ်စားမိနေခဲ့တယ်။ ပြောရရင် အစကတည်းက သူ ရိပ်စားမိနေခဲ့တာပဲ။ အဲဒီနေ့ညမှာ ဗိုလ်မှူးမောင်ကိုက သူ့ဆီ ဖုန်းဆက်ပြီး ညနေ ရန်ကုန်က ရောက်လာတဲ့ သံကြိုးစာအကြောင်းကို တခြား ဘယ်သူတွေကို ပြောပြခဲ့သေးသလဲလို့ မေးလာခဲ့တယ်။ အဲဒီကတည်းက ပြဿနာ ဖြစ်ပြီဆိုတာကို သူ ချက်ချင်း သဘောပေါက်လိုက်တယ်။ သူ ထုတ်ပေးခဲ့တဲ့ လျှို့ဝှက်သတင်းကို ကြားဖြတ်လုယူခံလိုက်ရပြီ။ လွန်ခဲ့တဲ့ နာရီအနည်းငယ်ကမှ သူ အဲဒီသတင်းကို အမှိုက်ထဲမှာ ပစ်ထားခဲ့တာ။ နောက် နာရီအနည်းငယ်ကြာတော့ ဗိုလ်မှူးမောင်ကိုက အဲဒီသတင်းအကြောင်းကို မဆီမဆိုင် ကောက်ကာငင်ကာ မေးလာတာဆိုတော့ သူ အဲဒီလို မတွေးမိဘဲ ဘယ်နေပါတော့မလဲ။ အဲဒီအတွက် ဘာ ထူးခြားတဲ့ စွမ်းရည်မျိုးမှ မလိုအပ်ပါဘူး။ သာမန်လူတစ်ယောက်တောင် စဉ်းစားတတ်တယ်။ ဒါကြောင့်လည်း သူက ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရင်ဦးဆုံး ဗိုလ်ကြီးအောင်သူကို အရှုပ်ထုပ်ထဲ ဆွဲထည့်လိုက်တာပေါ့။ အမယ်အိုရဲ့ စကားနဲ့ ပြောရရင် အဲဒါ သူ့ရဲ့ ပြောင်မြောက်တဲ့ ဗျူဟာပဲ။
ဗိုလ်ကြီးအောင်သူရဲ့ ကံဇာတာကိုက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီလို ဘဝမျိုးနဲ့ မဖြစ်မနေ ကြုံကို ကြုံရမှာပဲ။ မြသန္တာက နောက်ပိုင်းမှ သိလာခဲ့တယ်။ ချိုမာက တခြားလူတွေရဲ့ လက်ရေးလက်သားတွေကို အစောကြီးကတည်းက လေ့ကျင့်နေခဲ့တယ်။ အထူးပြုပြီး လေ့ကျင့်နေတာကတော့ ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးပဲ။ နောက်တစ်ယောက်က ဗိုလ်လေးထွန်းမြင့်။ သူက ပန်းချီကို ကျွမ်းကျင်အဆင့်လောက်နီးနီး တတ်မြောက်ထားတာ ဆိုတော့ လက်ရေးတစ်ခုချင်းရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေကို ထိုးထွင်းပြီး သိနိုင်တဲ့ အစွမ်းမျိုး သူ့မှာ ရှိနေတယ်။ အဲဒီအထဲမှာမှ ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးကို သူက အပင်ပန်းခံပြီးတော့ကို ၏သည်မရွေး ချွတ်စွပ်တူအောင် လေ့ကျင့်ထားခဲ့တာ။ ပုံမှန်အားဖြင့် သူက ဗိုလ်ကြီးအောင်သူရဲ့ လက်ရေးနဲ့ သတင်းရေးပြီး အပြင်ကို ခိုးထုတ်နေခဲ့တယ်။ ရည်ရွယ်ချက်ကတော့ မြေအောက်သူပုန်ဖမ်းတဲ့ အဲဒီ သူရဲကောင်းကြီးကို ယဇ်ပလ္လင်ပေါ် ဆွဲတင်နိုင်ဖို့ပဲ။ ရူးကြောင်မူးကြောင်နဲ့ သူလျှိုအဖြစ် အစွပ်စွဲခံရပြီး အသေဆိုးနဲ့ သေရအောင် ကြံစည်ထားခဲ့တာ။
ဒါတွေက ကြိုတင်ကြံစည်ထားချက်တွေပဲ။ ဒီတစ်ကြိမ်ကတော့ ကံမကောင်း အကြောင်းမလှဘူးလို့ပဲ ဆိုရတော့မလား မသိဘူး။ ချိုမာအဖို့ ဘာမှ ပြင်ဆင်ချိန် မရလိုက်ရှာဘူး။ သူ နဂို စဉ်းစားထားတာက ဒီလို။ အကောင်းဆုံး အနေအထားကတော့ သူ ခွင့်နဲ့ ခရီးထွက်နေတဲ့ အချိန်မျိုးမှာ ရွေးပြီး သတင်းတုတစ်ခုနဲ့ ဗိုလ်ကြီးအောင်သူရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်လိုက်ဖို့ပဲ။ အဲဒီလိုဆိုရင် ကလာပ်စည်းအတွက်လည်း ဘာအနှောင့်အယှက်မှ ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး။ သူ့ကိုလည်းပဲ သံသယဝင်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုအနေအထားကတော့ အတော်ကြီးကို ဆိုးရွားလွန်းတယ်။ ကနဦးအချက်က ဒီသတင်းက အစစ်အမှန် ဖြစ်နေတယ်။ နောက်ပြီး အင်မတန်မှ အရေးကြီးတဲ့ သတင်း။ ဖိုးစီနဲ့ သူ့ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ထိပါးလာတယ်။ နောက်တစ်ချက်ကတော့ သူကိုယ်တိုင်ပါ အဲဒီစက်ကွင်းထဲ ခြေချော်လက်ချော် ပါသွားနိုင်တယ် ဆိုတာပဲ။
ဗိုလ်ကြီးအောင်သူကို ယဇ်ကောင်အဖြစ် ယဇ်ပလ္လင်ပေါ် တင်ထားလိုက်ရင် ရန်သူရဲ့ သံသယစိတ်က သူ့ဆီ ဘယ်တော့မှ မြားဦးလှည့်လာမှာ မဟုတ်တော့ဘူးလို့ သူ နဂိုက ယူဆထားခဲ့တယ်။ ဆိုလိုတာကတော့ ရန်သူ့စက်ကွင်းထဲ ခြေချော်လက်ချော် ကျွံဝင်သွားရင်လည်း သူ မကြောက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ကြီးအောင်သူက သူ့အစား ဒုက္ခခံပြီး သူ့ကို ဒိုင်းသဖွယ် ကာကွယ်ပေးထားလိမ့်မယ်လို့ သူ သိထား (ကြိုသိထား) တာကြောင့်ပဲ။ သူ အဓိကစိုးရိမ်နေတာက တခြား မဟုတ်ဘူး။ ဒီနေရာမှာ ခြေချုပ်မိနေတဲ့အတွက်ကြောင့် လျှို့ဝှက်သတင်းကို ဘယ်လိုမှ အပြင်ထုတ်ဖို့ နည်းလမ်းရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ဟိုတစ်နေ့ညနေက လိပ်ကြီး သူ့ကို လာရှာတာ မြင်လိုက်ရတော့ သူ့အဖို့ မှိုရတဲ့မျက်နှာမျိုး ဖြစ်ခဲ့ရတယ်။ ဒီတစ်ခါတော့ သတင်းကို အပြင်ထုတ်နိုင်ဖို့ အခွင့်အရေး ရပြီရယ်လို့ သူ ယူဆခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့ညနေမှာပဲ အခြေအနေတွေက ဗြောင်းဆန်သွားခဲ့တယ် ဆိုတာကို သူ လုံးဝ တွေးထင် မထားခဲ့မိဘူး။
(အသံသွင်းမှတ်တမ်း)
ပထမဆုံးအချက်ကတော့ ဟိဟာရက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေလိမ့်မယ်လို့ သူ လုံးဝ ထင်မှတ်မထားခဲ့ဘူး။ နောက်ပိုင်း သူ ငါ့ကို ပြောပြခဲ့တဲ့ စကားအရဆိုရင် ဗိုလ်ကြီးအောင်သူက တကယ် သေသွားခဲ့တာလား၊ ဒါမှမဟုတ် သေချင်ဟန် ဆောင်နေတာလား ဆိုတာကို သူ အဲဒီတုန်းက ဂဃနဏ သိထားတာ မဟုတ်ဘူး။ တကယ် သေသွားခဲ့တာ ဖြစ်ဖို့များတယ်လို့ သူ့ဆင်ခြင်ဉာဏ်နဲ့ပဲ သုံးသပ်ကြည့်ခဲ့ရတယ်။ တကယ်လို့သာ ဗိုလ်ကြီးအောင်သူက မသေသေးဘူးဆိုရင် သူ (ဗိုလ်ကြီးအောင်သူ) က ဘယ်လိုနည်းနဲ့ ဟိဟာရကို အရ စည်းရုံးခဲ့သလဲ။ မြားဦးကို သူ့ (ချိုမာ) ဘက် လှည့်လာအောင် ဘယ်လို လုပ်နိုင်ခဲ့သလဲ ဆိုတာကို မချိုမာက စဉ်းစားလို့ မရခဲ့ဘူး။ ဆိုလိုတာက မချိုမာက အဲဒီကိစ္စမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ခဲ့တယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ ဟိဟာရက သူ့ကို ကျားပိန်တွယ် တွယ်နေတော့တာပေါ့။
နောက်တစ်ချက်ကတော့ ငါက သူ့ကိစ္စထဲမှာ ရုတ်တရက်ကြီး ဝင်ရှုပ်လာလိမ့်မယ်လို့ သူက ပိုပြီးလို့တောင် ထင်မှတ် မထားခဲ့ဘူး။ သူ့အတွက် ငါက သူ့ဇာတ်လမ်းထဲမှာ ဗီလိန်တစ်ယောက်ပေါ့။ သူ အလစ်မှာ လုံးဝ အငိုက်မိသွားခဲ့တယ်။ ငါ လျှာရှည်မိလို့ ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို သူ ရိပ်မိသွားတာကြောင့် ငါ့ကို ယာယီ ထိန်းချုပ်နိုင်လိုက်တယ် (သူ့ကို မတိုင်ဖို့ သဘောတူလိုက်ရတယ်) ဆိုပေမယ့် သူ့လုပ်ရပ်က ငါ့စိတ်ကို အကြီးအကျယ် ဒဏ်ရာရသွားစေတာတော့ အမှန်ပဲ။ ငါက ကူလီကူမာလုပ်ပြီး လစ်တာနဲ့ သူ့နောက်ကျောကို ဓားနဲ့ ထိုးမှာ သူ မစိုးရိမ်ဘဲ နေမှာ မဟုတ်ဘူး။ ငါတို့ ဒီလောက်တောင် နှစ်လချီပြီး ခင်မင်လာခဲ့ကြတာ ငါ ဘယ်လို လူစားလဲ ဆိုတာကို သူ ကောင်းကောင်းကြီး နားလည်ထားပြီးသား။ ခေါင်းမာတယ်။ သေးသေးတင် မခံဘူး။ ဘာပဲလုပ်လုပ် ကိုယ်ကချည်းပဲ အသာစီး ရချင်တယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ဒါကြောင့် မင်း မှန်းဆကြည့်နိုင်လောက်ပါတယ်။ အဲဒီအချိန်တုန်းက သူ ငါ့ကို ဘယ်လောက်များတောင် နှိပ်ကွပ်ထားချင်မလဲ ဆိုတာ။ ငါ့ကို လုံးဝ နှုတ်ဆိတ်သွားအောင်တောင် လုပ်ချင်နေမလား မပြောတတ်ဘူး။
အမှန်အတိုင်း ပြောရရင် အဲဒီအချိန်တုန်းက အနေအထားနဲ့ စိတ်ခံစားချက်အရ ငါ သူ့ကို ဖော်ကောင်လုပ်ဖို့ လုံးဝ စိတ်ကူး မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ ငါ့ကို ပြန်ပြီး လက်စားချေလာနိုင်တယ်လေ။ ဒါပေမယ့် သူ့ကို ခွင့်လွှတ်ပေးဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး။ သူ့ကို ကူပေးဖို့ဆိုတာ သာပြီးလို့တောင် မဖြစ်နိုင်သေးတယ်။ ငါက သူ့ကို ကိုယ့်အပြစ်ကိုယ် ဝန်ခံလိုက်စေချင်တယ်။ အဲဒီလိုလုပ်ရင် သူ့အတွက်ရော ငါ့အတွက်ပါ ကောင်းသွားနိုင်တယ်။ ဒါပေမယ့် သူက ငါ့ကို ပြောတယ်။ သတင်းကို အပြင်မထုတ်နိုင်မချင်း သူက ဝန်ခံဖို့ လုံးဝ စိတ်ကူးမရှိဘူးတဲ့။ သူက ငါနဲ့တောင် ဈေးလာညှိနေသေးတယ်။ ဘာတဲ့ … တကယ်လို့သာ ငါက သူ့အစား သတင်းထုတ်ပေးနိုင်ခဲ့ရင် သူ အဖမ်းခံလိုက်ပါမယ်တဲ့။ ရယ်စရာ မကောင်းဘူးလား။ စိတ်ကူးယဉ်မနေနဲ့လို့ ငါ သူ့ကို ပြောပစ်လိုက်တယ်။ သူက ပြောတယ်။ အဲဒီသတင်းကိုသာ အပြင် မထုတ်နိုင်ခဲ့ရင် သူ အသက်ရှင်နေလည်း ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ သေလိုက်တာကမှ ကောင်းဦးမယ်တဲ့လေ။ ဒါဆိုလည်း သွားသေလိုက်၊ ကြိုးဆွဲချ သေမလား၊ အဆိပ်သောက် သေမလား၊ ဓားမျိုပြီးပဲ သေမလား၊ သေချင်သလိုသာသေ၊ ငါ့အပူ တစ်ပြားသားမှ မပါဘူးလို့ ငါ ပြောပစ်လိုက်တယ်။ အချုပ်ပြောရရင်တော့ ငါ့ဘက်က လုံးဝ ပြတ်ပြတ်ပဲ။ ဖြစ်နိုင်ရင် သူနဲ့ စကားတစ်ခွန်းတောင် ထပ်မပြောချင်တော့ဘူး။ သူ့ကို မတိုင်ဘူး ဆိုတာတောင် ငါ့အဖို့ ဂိတ်ဆုံးနေပြီ။ သူ့ကို ထပ်ကူဖို့ ဆိုတာကတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့ဘူးလို့ ငါ ယူဆထားတယ်။
ဒါပေမယ့် ငါ တကယ်ကို သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ သူက ငါ့ကို စပါးကြီးမြွေလို တစ်ရစ်ချင်း တစ်ရစ်ချင်း မျိုသွားတာ ဆိုတော့ နောက်ဆုံးမှာ ငါ လက်မြှောက်အရှုံးပေးလိုက်ရတယ်။